အကုန်လုံး သတ်
Vol. 95 Ch. 1414
သိုင်းတာအို၏ အခြေခံအုတ်မြစ်သည် ခန္ဓာကိုယ်ပင် ဖြစ်လေသည်။
သိုင်းတာအိုကို စွဲစွဲမြဲမြဲ ကျင့်ကြံသူများသည် စိတ်ဝိညာဉ်ရင်းမြစ်ကို မလိုအပ်ဘဲ ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်ချီကိုလည်း အာရုံခံနိုင်လိမ့်မည် မဟုတ်ပေ။ သူတို့သည် သူတို့၏ ခန္ဓာကိုယ်များကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး သူတို့၏ ပါရမီအလားအလာကို အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေခြင်း ဖြစ်၏။
သိုင်းတာအို ပင်မခန္ဓာ၏ ခန္ဓာကိုယ်သည် သုတ္တန်တစ်ရာကျော်ဖြင့် အားဖြည့်ထားသည့် သိုင်းတာအိုမီးဖိုဖြစ်ပြီး ထိုအထဲတွင် ဓမ္မပညာရပ်ပေါင်းစုံကို ထည့်သွင်းပေါင်းစည်းထား၏။ သိုင်းစိတ်ဝိညာဉ်မီးဖြင့် အတောမသတ်နိုင်ဘဲ အဆက်မပြတ် သန့်စင်ထားခဲ့လေသည်။
ဤခန္ဓာကိုယ်၏ ခွန်အားသည် အရင်တုန်းက သူ၏ အစစ်အမှန် နဂါးခန္ဓာကိုယ်ပင်လျှင် မယှဉ်နိုင်သည့် တစ်စုံတစ်ရာဖြစ်လေသည်။
လူတစ်ယောက်သည် ရွှေအမြုတေအဆင့်မှာပင် နဂါးဆင်တစ်ကောင်၏ စွမ်းအားကို ပိုင်ဆိုင်နိုင်သည်မှာ အရမ်းကို တုန်လှုပ်စရာကောင်းလေသည်။
ဤရှေးဟောင်း ဧရာမ မြင်းခွာကဏန်း၏ အမြီးဆူးချွန်သည် ထက်ရှသော်လည်း သူတို့သည် သိုင်းတာအို ပင်မခန္ဓာ၏ အသားကို မထိုးဖောက်နိုင်ပေ။
“ဟမ်”
ရှေးဟောင်း ဧရာမ မြင်းခွာကဏန်းသည် ရင်တစ်ချက်ထိတ်သွားပြီး သူ၏မျက်လုံးက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်လာ၏။
အဲဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ…။
မဟာသားရဲတစ်ပါးအနေနှင့် သူ၏ အစွယ်များနှင့် လက်သည်းများသည် စွမ်းအားကြီးပုဂ္ဂိုလ် ဓမ္မလက်နက်များနှင့်ပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်လေသည်။ သို့သော်လည်း သူတို့သည် ယခုအခါ ဤဓမ္မဝိသေသ တာအိုအရှင်၏ အသားကို မထိုးဖောက်နိုင် ဖြစ်နေ၏။
နောက်ဆုံးမှာတော့.. ရှေးဟောင်း ဧရာမ မြင်းခွာကဏန်းသည် ကြောက်ရွံ့မှုကို ခံစားလာရ၏။ ထိုအခိုက်အတန့်တွင် သိုင်းတာအို ပင်မခန္ဓာက မျက်မှောင်ကြုတ်လိုက်၏။
ရှေးဟောင်း ဧရာမ မြင်းခွာကဏန်း၏ အမြီးဆူးချွန်က သူ၏အသားကို မထိုးဖောက်နိုင်သော်လည်း အဲဒါက သူ့ကို နာကျင်စေလေသည်။
သိုင်းတာအို ပင်မခန္ဓာ၏ အမူအရာက အေးစက် ခက်ထန်လာ၏။ သူ၏ လက်ဆီသို့ ခွန်အားကို ပို့လွှတ်ပြီး ပေပေါင်းများစွာ ရှည်လျားသော ရှေးဟောင်း ဧရာမ မြင်းခွာကဏန်း၏ ကြီးမားသည့် ခန္ဓာကိုယ်ကြီးကို ပင်လယ်ရေအနက်ပိုင်းထဲကနေ ဆောင့်ဆွဲယူလိုက်လေသည်။
ရှေးဟောင်း ဧရာမ မြင်းခွာကဏန်းသည် မြစ်များ၊ ပင်လယ်များကို မှောက်လှန်နိုင်သည့် စွမ်းအားရှိသော်လည်း ယခုအခါ သိုင်းတာအို ပင်မခန္ဓာ၏ လက်ဖဝါးထဲတွင် သူ၏ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ဘဲ လေထဲသို့ လွင့်ပျံတက်လာ၏။
သိုင်းတာအို ပင်မခန္ဓာက အပေါ်သို့ ခုန်တက်ပြီး ရှေးဟောင်း ဧရာမ မြင်းခွာကဏန်း၏ ကျောကို ပစ်ထိုးချလိုက်၏။
ဖျောက်… ဖျောက်… ဖျောက်…
ရှေးဟောင်း ဧရာမ မြင်းခွာကဏန်း၏ ကျောပေါ်တွင် အက်ကွဲကြောင်းများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး လျင်မြန်စွာ ပြန့်ကားလာ၏။
ရှေးဟောင်း ဧရာမ မြင်းခွာကဏန်းသည် သတ်ဖြတ်ခြင်း လှုပ်ရှားကွက်များစွာကို မပိုင်ဆိုင်ပေ။ သူ၏ အထူးအားသာချက်က ခံစစ်အား ဖြစ်လေသည်။ ဧရာမ မြင်းခွာကဏန်းမျိုးနွယ်သည် မွေးဖွားလာစဉ်ကတည်းက လက်နက်များဖြင့် မထိုးဖောက်နိုင်သည့် အလွန်တရာ မာကြောသည့် အုတ်ခွံတစ်ခုကို ပိုင်ဆိုင်ကြ၏။ သူတို့ထက် ပိုမိုသန်မာသည့် သားရဲတောကောင်များပင်လျှင် သူတို့၏ ခံစစ်ကို မချိုးဖျက်နိုင်ကြပေ။
သို့သော်လည်း ထိုအခိုက်အတန့်တွင် သိုင်းတာအို ပင်မခန္ဓာ၏ ထိုးချက်က ရှေးဟောင်း ဧရာမ မြင်းခွာကဏန်း၏ ကျောခွံကို ကြေမွသွားစေ၏။
မာကြောသော အုတ်ခွံ၏ ကာကွယ်မှု မရှိသောအခါ ကြောက်စရာကောင်းသော စွမ်းအားများက ရှေးဟောင်း ဧရာမ မြင်းခွာကဏန်း၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်းပင် ထိုးဖောက်ဝင်ရောက်လာ၏။ လေထဲတွင် အသွေးအသားများက ချောက်ချားစရာ ပုံစံဖြင့် ပြန့်ကျဲသွားလေသည်။
ဝှစ်…
ရှေးဟောင်း ဧရာမ မြင်းခွာကဏန်း၏ အမြုတေစိတ်ဝိညာဉ်က အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး အဝေးသို့ ထွက်ပြေးလိုက်၏။
သိုင်းတာအို ပင်မခန္ဓာက သူ၏လက်ကို ဆန့်ထုတ်ပြီး လေဟာနယ်ကို ဖမ်းဆွဲလိုက်၏။
ခပ်လှမ်းလှမ်းရှိ လေဟာနယ်သည် တွန့်လိမ်သွားပြီး ရှေးဟောင်း ဧရာမ မြင်းခွာကဏန်း၏ အမြုတေစိတ်ဝိညာဉ်သည် လေဟာနယ် တွန့်လိမ်မှုကြောင့် ချက်ချင်းပင် စုတ်ပြဲသွားပြီး နေရာမှာတင် သေဆုံးသွား၏။
ရုတ်တရက်.. သိုင်းတာအို ပင်မခန္ဓာ၏ သိုလှောင်အိတ်က လှုပ်ရှားသွား၏။
လျှို့ဝှက်ဆန်းကြယ်သော အော်ရာနှင့် တစ်စုံတစ်ရာသည် အပြင်ဘက်သို့ ခုန်ထွက်လာ၏။ ၎င်းသည် လုံးဝိုင်းသော ပုံသဏ္ဌာန်ရှိပြီး သူ၏ ခန္ဓာကိုယ်က ထူးဆန်းသော အင်းကွက်များဖြင့် ပြည့်နှက်ကာ စွမ်းအားကြီးမားသော ဝါးမျိုစွမ်းအားတစ်ခုကို ဖြာထုတ်ပေးနေ၏။
ထိုလုံးဝိုင်းသော ပစ္စည်းက ခွန်ဖန်းဥ ဖြစ်လေသည်။
အပြင်ဘက်ရှိ အသားနံ့ကို ခံစားမိသွားပြီး ခွန်ဖန်းဥသည် ဆက်လက်၍ မချုပ်တည်းနိုင်တော့ပေ။ သိုင်းတာအို ပင်မခန္ဓာ သူ့ကို ထုတ်ပေးမည်ကို စောင့်မနေနိုင်တော့ဘဲ ခွန်ဖန်းဥသည် သူ့သဘောနှင့်သူ သိုလှောင်အိတ်ထဲကနေ ခုန်ထွက်လာပြီး မြောက်ပိုင်းပင်လယ် မဟာသားရဲနှစ်ပါး၏ အသွေးအသား အဆီအနှစ်ကို အလွန်တရာ စိတ်လှုပ်ရှားစွာဖြင့် ပလုတ်ပလောင်း ဝါးမျိုနေ၏။
ရှေးဟောင်းကျားဝေလနှင့် ရှေးဟောင်း ဧရာမ မြင်းခွာကဏန်းကဲ့သို့ ကြီးမားသော သားရဲတောကောင်များတွင် ပါဝင်သော သွေးချီသည် အရမ်းကို တုန်လှုပ်စရာကောင်းလေသည်။
ထိုမြောက်ပိုင်းပင်လယ် မဟာသားရဲနှစ်ပါး၏ သွေးချီသည် ပေမင်မြို့၌ သေဆုံးသွားခဲ့သော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် အယောက်၃၀ကျော်ထက်ပင် ပိုမိုသိပ်သည်း များပြားနေ၏။
မြောက်ပိုင်းပင်လယ်ကသာလျှင် ခွန်ဖန်းဥကို ပြုစုပျိုးထောင်နိုင်မည့် နေရာတစ်ခု ဖြစ်ပေလိမ့်မည်။
သိုင်းတာအို ပင်မခန္ဓာသည် ခွန်ဖန်းဥကို လျစ်လျူရှုထား၏။ ရှေးဟောင်း ဧရာမ မြင်းခွာကဏန်းကို သတ်ဖြတ်ပြီးနောက် သိုင်းတာအို ပင်မခန္ဓာ၏ အကြည့်က ရွေ့လျားသွားပြီး ပင်လယ်ရေပြင်အလွှာများကို ထိုးဖောက်သွားသည့်အလား ပင်လယ်ရေအနက်ပိုင်းထဲသို့ ရူးသွပ်စွာ ထွက်ပြေးနေသည့် ရှေးဟောင်းနှင်းခဲငါးမန်းပေါ်သို့ ဆင်းသက်သွား၏။
ရွှစ်…
သိုင်းတာအို ပင်မခန္ဓာက ပင်လယ်ရေ အနက်ပိုင်းထဲသို့ ခုန်ဝင်လိုက်၏။
ဘန်း… ဘုန်း… ဘုန်း….
သိုင်းတာအို ပင်မခန္ဓာအတွက် ကျယ်ပြန့်သော လမ်းကြောင်းတစ်ခု ဖွင့်လှစ်ပေးလိုက်သည့်အလား ပင်လယ်ရေများက ဘေးဘက်သို့ ထိုးခွဲသွား၏။
သိုင်းတာအို ပင်မခန္ဓာ ခြေချရာ နေရာတွင် မည်သည့် ပင်လယ်ရေမှ ရှိမနေပေ။
သူသည် ပင်လယ်ရေ အနက်ပိုင်းထဲသို့ ရောက်ရှိလာသော်လည်း သူ၏ ဘေးပတ်လည် ပေတစ်ရာအတွင်း ကြီးမားသည့် လေဟာနယ်တစ်ခု ဖြစ်ပေါ်နေပြီး ပင်လယ်ရေများက အထဲသို့ ဝင်ရောက်မလာနိုင်ပေ။
လူသားနှင့် သားရဲကြား အကွာအဝေးက လျင်မြန်စွာ ကျဉ်းမြောင်းလာခဲ့၏။
သိုင်းတာအို ပင်မခန္ဓာ၏ သိုင်းတာအိုမီးဖိုသည် သုတ္တန်တစ်ရာကျော်ကို အရည်ဖျော်ထားပြီး စွမ်းအားကြီးမားသော လှုပ်ရှားမှု နည်းစနစ်များဖြင့် ပေါင်းစည်းထားခဲ့ပြီဖြစ်၏။ သူ၏ အမြန်နှုန်းက အလွန်တရာ ကြောက်စရာကောင်းပြီး ရှေးဟောင်း နှင်းခဲငါးမန်းက လုံးဝ ထွက်မပြေးနိုင်တော့ပေ။
“တာအိုရောင်းရင်း.. ကျုပ်က ဒီနေရာ ဒီဒေသမှာ အတော်အတန် နာမည်ရှိပါတယ်”
သေဘေးနှင့် ရင်ဆိုင်ရသောအခါ ရှေးဟောင်း နှင်းခဲငါးမန်းသည် သူ၏ ဂုဏ်သိက္ခာကို မငဲ့ကွက်နိုင်တော့ဘဲ အရင်ဦးစွာ စ၍ အသနားခံ တောင်းပန်လိုက်၏။
“ခင်ဗျား ကျုပ်ကို အသက်ရှင်ခွင့်ပေးမယ်ဆိုရင် ကျုပ်ဘဝကို ပုံအပ်ပြီး ခင်ဗျားရဲ့ အမိန့်ကို သေချာပေါက် နာခံပါ့မယ်”
“ငါ မင်းကို အဲဒီ အခွင့်အရေး ပေးခဲ့ပြီးပြီ… ဒါပေမဲ့ မင်းက လက်မခံခဲ့ဘူး”
သိုင်းတာအို ပင်မခန္ဓာက အလေးအနက် မထားဟန်ဖြင့် ပြန်ဖြေလိုက်၏။
“တာအိုရောင်းရင်း.. ခင်ဗျား တကယ်ပဲ အဲ့လောက်ထိ ရက်စက်တော့မလို့လား”
ရှေးဟောင်း ဧရာမ နှင်းခဲငါးမန်းက အံကို တင်းတင်းကြိတ်ပြီး တကျွိကျွိမြည်လိုက်၏။ သူက သိုင်းတာအို ပင်မခန္ဓာကို နောက်ကျောပေးထားပြီး သူ၏မျက်လုံးထဲမှာ မုန်းတီးမှုနှင့် မကျေမချမ်းမှုတို့က ဝင်ရောက်ပြည့်နှက်လာ၏။
သိုင်းတာအို ပင်မခန္ဓာသည် စကားဆက်မပြောတော့ဘဲ သူ၏ လှုပ်ရှားမှုက ပို၍ပင် မြန်ဆန်လာ၏။
“လူသား.. ငါ မင်းနဲ့ တိုက်ခိုက်မယ်ကွ”
သူက ထွက်မပြေးနိုင်တော့ဘူး ဆိုတာကို သိလိုက်ပြီး ရှေးဟောင်း နှင်းခဲငါးမန်းသည် ရုတ်တရက် လှည့်၍ ဟိန်းဟောက်လိုက်၏။ သူ၏ နှာရောင်က တောက်ပသွားပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို စုစည်းကာ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်၏။
ကြီးမားသော အေးစက်စက် အလင်းတန်းတစ်ခုသည် ဧရာမ ဓားသွားတစ်ခုကဲ့သို့ လှိုင်းလုံးများကို ဖြတ်ကျော်ပြီး သိုင်းတာအို ပင်မခန္ဓာ ရှိရာသို့ ခုတ်ပိုင်းကျဆင်းလာ၏။
အမြုတေစိတ်ဝိညာဉ်များအကြား တိုက်ခိုက်မှုသည် ဓမ္မနည်းစနစ်များအကြား တိုက်ပွဲတစ်ပွဲ သို့မဟုတ် အနီးကပ်တိုက်ခိုက်ခြင်းနှင့် မတူညီပေ။
ဧရာမ ရှေးဟောင်း နှင်းခဲငါးမန်း၏ ထင်မြင်ချက်အရ ဤဓမ္မဝိသေသ တာအိုအရှင်၏ ခန္ဓာကိုယ်သည် ဘယ်လောက်ပင် သန်မာသည် ဖြစ်ပါစေ.. သူ၏ အမြုတေစိတ်ဝိညာဉ်၏ ခွန်အားသည် သူ၏ ကျင့်ကြံမှုအဆင့်ကြောင့် အကန့်အသတ် ရှိပေလိမ့်မည်။
သူက ဤလူသားကို ချက်ချင်းသတ်ဖြတ်နိုင်မည် ဆိုလျှင် အကောင်းဆုံးဖြစ်၏။
ထိုသို့ မဟုတ်လျှင်တောင် အမြုတေစိတ်ဝိညာဉ်များအကြား တိုက်ခိုက်မှုသည် နှစ်ဦးနှစ်ဖက် ပျက်စီးထိခိုက်မှုကို ဖြစ်ပေါ်စေနိုင်၏။ ဤလူသားကလည်း သက်သာချောင်ချိလိမ့်မည် မဟုတ်ပေ။
“အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်လား”
သိုင်းတာအို ပင်မခန္ဓာက တည်ငြိမ်သော အမူအရာတစ်ခု ရှိပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်လိုက်၏။ ခရမ်းရောင် မီးတောက်တစ်ခုသည် သူ၏နှာရောင်ကနေ လွင့်မျောထွက်ပေါ်လာပြီး တုန်လှုပ်ချောက်ချားစရာကောင်းသော အော်ရာတစ်ခုဖြင့် ပြည့်နှက်နေ၏။
ထိုမီးတောက်သည် လေပြင်းတစ်ချက် တိုက်ခတ်ရုံဖြင့် ငြိမ်းသေသွားတော့မည့်အလား အလွန်တရာ အားနည်းသည့်ပုံပေါ်နေ၏။
သို့သော်လည်း ရှေးဟောင်း နှင်းခဲငါးမန်း၏ ဧရာမ ဓားသွားသည် ၎င်းနှင့် ထိတွေ့ရိုက်ခတ်သောအခါ ခရမ်းရောင်မီးတောက်သည် အနည်းငယ်မျှသာ ယိမ်းနွဲ့သွားပြီး ဆက်လက်လောင်ကျွမ်းနေ၏။
ရှေးဟောင်း နှင်းခဲငါးမန်း၏ ဧရာမ ဓားသွားကတော့ တစ်ခဏအတွင်းမာပင် ဘာမှမကျန်အောင် အရည်ပျော်ကျသွား၏။
ရှေးဟောင်း နှင်းခဲငါးမန်း၏ သူငယ်အိမ်နှစ်ဖက်က တုန်လှုပ်ချောက်ချားသွားသော အမူအရာဖြင့် တင်းကျပ်သွား၏။
ခရမ်းရောင်မီးတောက်သည် ရှေ့သို့ ဆက်လက်၍ လွင့်မျောမလာဘဲ မလှမ်းမကမ်းတွင် ရပ်တန့်ကာ တဖြည်းဖြည်း ငြိမ်းသေသွား၏။
ရှေးဟောင်း နှင်းခဲငါးမန်းက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
ရုတ်တရက်ဆိုသလို…
သူ၏ အမူအရာက ပြောင်းလဲသွားရ၏။ သူ၏ အသိစိတ်ထဲတွင် သူ၏ အမြုတေစိတ်ဝိညာဉ်ထံမှ စူးရှသော နာကျင်မှုတစ်ခု ဖြစ်ပေါ်လာ၏။ သူ၏ အမြုတေစိတ်ဝိညာဉ်သည် မီးတောက်အချို့ဖြင့် မီးမြှိုက်ခံနေရသည့်အလား မခံမရပ်နိုင်အောင် ဖြစ်လာ၏။
“အား.. အား… အား…”
ရှေးဟောင်း နှင်းခဲငါးမန်းသည် သွေးပျက် ချောက်ချားဖွယ်ရာ အော်ဟစ်ပြီး သူ၏ ကြီးမားသည့် ခန္ဓာကိုယ်ကို ပင်လယ်ရေ အနက်ပိုင်းထဲတွင် လူးလိမ့်ကာ ဒေါသူပုန်ထနေသော ဒီရေလှိုင်းများကို ဖြစ်ပေါ်လာစေ၏။
သို့သော်လည်း သူက ဘယ်လိုပင် ရုန်းကန်သည်ဖြစ်ပါစေ… အဲဒီကနေ ရှင်သန်မလာနိုင်တော့ပေ။ သိုင်းတာအို ပင်မခန္ဓာ၏ သိုင်းစိတ်ဝိညာဉ်မီးသည် ဘက်ပြန်ကြေးခွံနှင့် တူညီသော အကျိုးသက်ရောက်မှုကို ပိုင်ဆိုင်ထားလေသည်။
သူတို့ကို လုံးဝ ထိလို့ မရပေ။
စိတ်ဝိညာဉ်အသိစိတ်တစ်ခုသည် အဲဒါနှင့် စွန်းထင်းခြင်း ခံရပါက အထဲတွင်ရှိသော အမြုတေစိတ်ဝိညာဉ်သည် သိုင်းတာအို စိတ်ဝိညာဉ်မီးဖြင့် လောင်ကျွမ်းခံရမည် ဖြစ်၏။
အသက်ရှူချိန် အနည်းငယ်အတွင်း…
ရှေးဟောင်းနှင်းခဲငါးမန်းသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီ ဖြစ်၏။
ပေတစ်ထောင်ကျော် ရှည်လျားသော ဧရာမ ခန္ဓာကိုယ်ကြီးပေါ်တွင် မည်သည့် ဒဏ်ရာမှ ရှိမနေပေ။ သို့သော်လည်း သူ၏ အသိစိတ်ထဲတွင် သူ၏ အမြုတေစိတ်ဝိညာဉ်က ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပြီး သိုင်းစိတ်ဝိညာဉ်မီးကြောင့် ဘာမှမကျန်အောင် လောင်ကျွမ်းသွားခြင်း ဖြစ်၏။
မြောက်ပိုင်းပင်လယ်၏ မဟာသားရဲ သုံးပါးစလုံးက သေဆုံးသွားခဲ့လေပြီ။
သိုင်းတာအို ပင်မခန္ဓာသည် သူ၏ အင်္ကျီလက်စကို ဝှေ့ယမ်းပြီး ရှေးဟောင်း နှင်းခဲငါးမန်း၏ အလောင်းကို သိမ်းယူကာ လာရာလမ်းအတိုင်း ပြန်လှည့်သွား၏။
သိပ်မကြာခင်.. သူသည် ခွန်ဖန်းဥ ရှိရာ မလှမ်းမကမ်းသို့ ပြန်လည်ရောက်ရှိလာ၏။ ခွန်ဖန်းဥသည် ရှေးဟောင်းကျားဝေလနှင့် ရှေးဟောင်း ဧရာမ မြင်းခွာကဏန်း၏ အသွေးအသား အဆီအနှစ် စွမ်းအင်များကို စုပ်ယူဝါးမျိုဖို့ အကောင်းဆုံး ကြိုးစားနေဆဲဖြစ်၏။
သိုင်းတာအို ပင်မခန္ဓာသည် ခွန်ဖန်းဥ ရှေ့သို့ ရှေးဟောင်း နှင်းခဲငါးမန်း၏ အလောင်းကိုပါ ပစ်ချပေးလိုက်၏။
“အဲဒါကိုပါ စားလိုက်”
ခွန်ဖန်းဥက ဝမ်းသာပျော်ရွှင်မှုကို ဖော်ပြဖို့အတွက် ထပ်တလဲလဲ ဦးညွှတ်ပြလိုက်၏။
သိုင်းတာအို ပင်မခန္ဓာသည် ပေမင်ရှိရာအရပ်သို့ လှည့်ကြည့်ပြီး တီးတိုးရေရွတ်လိုက်၏။
“ငါ မင်းကို အစာကျွေးတာ ဒါ နောက်ဆုံးအကြိမ် ဖြစ်လိမ့်မယ်.. အခုကစပြီး မင်းနေထိုင်ရာ ကမ္ဘာကို မင်းပြန်ရောက်လာပြီပဲ.. ငါတို့ ဘယ်တော့မှ ပြန်တွေ့ရမလဲဆိုတာ မပြောတတ်သေးဘူး”
ထိုစကားကို ကြားသောအခါ အစက စိတ်လှုပ်ရှားတက်ကြွနေသော ခွန်ဖန်းဥသည် ငြိမ်သက်သွားပြီး စိတ်ပျက်အားငယ်သည့်ပုံပေါ်လာ၏။