← Chapters

အထီးကျန်သိုင်းသခင် အလည်အပတ်ရောက်ရှိလာခြင်း

Vol. 95 Ch. 1415

အထီးကျန်သိုင်းသခင် အလည်အပတ်ရောက်ရှိလာခြင်း

Vol. 95 Ch. 1415

သိုင်းတာအိုပင်မခန္ဓာသည် ရှေ့သို့ဆက်လက်တက်လှမ်းလိုက်၏။

မြောက်ပိုင်းပင်လယ်အနက်ပိုင်းထဲရှိ အအေးဓာတ်သည် ပို၍ပင်သိပ်သည်းပြင်းထန်လာပြီး ယင်လေက အရိုးထိတိုင် သိပ်သည်းချမ်းစိမ့်လာခဲ့၏။ သိုင်းတာအိုပင်မခန္ဓာပင်လျှင် သူ၏မျိုးဆက်သွေးကို အစွမ်းကုန်လှည့်ပတ်ပြီး အအေးဓာတ်ကို ခုခံလိုက်ရ၏။

သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ဝိညာဥ်အသိစိတ်ဖြန့်ကြက်နိုင်မှု အတိုင်းအတာအတွင်း မည်သည့်သက်ရှိကိုမှ အာရုံမခံမိတော့ပေ။

သူသည် မြောက်ပိုင်ပင်လယ်၏ အနက်ပိုင်းထဲသို့ ရောက်ရှိလာခဲ့လေပြီ။

ထိုစဥ်မှာပင် သိုင်းတာအိုပင်မခန္ဓာသည် အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်ရှုပြီး ရင်တစ်ချက် ထိတ်သွား၏။

ရှေ့တည့်တည့်တွင် အဖြူရောင်ရေခဲမြစ်များ ဆက်လက်၍ မရှိတော့ပေ။ ထိုအစား အလွန်တရာအေးစက်နေသော အော်ရာနှင့်အတူ နက်မှောင်နေသော သမုဒ္ဒရာတစ်စင်းပေါ်ထွက်လာ၏။

မြောက်ပိုင်းပင်လယ်၏ အပြင်ဘက်အစပ်မှာတော့ တစ်နှစ်ပတ်လုံး ရေများခဲနေ၏။

ဤနေရာက မြောက်ပိုင်းပင်လယ်၏ အနက်ပိုင်းထဲသို့ ရောက်ရှိနေခဲ့လေပြီ။ သို့သော်လည်း အဲ့ဒီမှာ အေးခဲမည့် မည်သည့်လက္ခဏာမှ မရှိဘဲ ပတ်ဝန်းကျင်၏ အအေးဓာတ်ကို ခုခံပေးနိုင်သည့် သမုဒ္ဒရာတစ်စင်းရှိနေ၏။

သူသည် ရှေ့သို့ဆက်တိုးသွားပြီးနောက် ရေခဲမြစ်၏အစပ်မှာ မတ်တတ်ရပ်၍ နက်ရှိုင်းသော သမုဒ္ဒရာထဲသို့ ငေးကြည့်လိုက်သောအခါ ဤနေရာမှာရှိသော အအေးဓာတ်က ပို၍ပင်သိပ်သည်းပြင်းထန်သည်ကို တုန်လှုပ်ဖွယ်ရာ တွေ့ရှိလိုက်ရ၏။

ထိုသမုဒ္ဒရာသည် ကြောက်စရာကောင်းသော အအေးဓာတ်နှင့်အတူ အခြေမဲ့၍ အကန့်အသတ်မဲ့နေ၏။ အချိန်မရွေးပေါက်ကွဲပြီး ကြီးမားပြင်းထန်သည့် လှိုင်းလုံးများကို ဖန်တီးနိုင်သည့် သမုဒ္ဒရာထဲတွင် အလွန်တရာကြောက်စရာကောင်းသော သတ္တဝါတစ်မျိုးပုန်းလျှိုးနေသည့်အလားပင်။

ဤနေရာသည် ဒဏ္ဍာရီလာ ခွန်မျိုးနွယ်၏ တားမြစ်နယ်မြေ ပေမင်ဖြစ်သည်ကို သိုင်းတာအိုပင်မခန္ဓာက သိရှိလိုက်၏။

“ရှောင်း​ယောင်... ဒီနေရာက မင်းရဲ့အိမ်ပဲ”

သိုင်းတာအိုပင်မခန္ဓာသည် ရှောင်းယောင်ကို သူ၏သိုလှောင်အိတ်ထဲကနေ ထုတ်ယူပြီး ညင်သာစွာပြောလိုက်၏။

ရှောင်းယောင်သည် သိုင်းတာအိုပင်မခန္ဓာကို သူ၏စိတ်ထဲမှာ ကြောက်ရွံ့နေသော်လည်း သူသည် လိမ္မာပါးနပ်သည့်အတွက် သိုင်းတာအိုပင်မခန္ဓာသည် သူ၏ဆရာပင် ဖြစ်သည်ဆိုတာကို သိရှိထားခဲ့ပြီဖြစ်၏။ ထိုအခိုက်အတန့်တွင် သူကအရမ်းကို ဝန်လေးတွန့်ဆုတ်နေပြီး ထွက်သွားချင်စိတ်မရှိပေ။

“သွားတော့”

သိုင်းတာအိုပင်မခန္ဓာက သူ၏လက်ကို ဝေ့ယမ်းလိုက်၏။

“ကောင်းကောင်းကျင့်ကြံ... တစ်နေ့မှာ ငါမင်းကိုပြန်လာရှာမယ်... အဲ့ဒီအချိန်ကျရင် မင်းကငါ့ကိုဆရာအဖြစ် အသိအမှတ်ပြုနေသေးဖို့ ငါမျှော်လင့်တယ်”

ခွန်ဖန်းဥက မလှုပ်မယှက် ရှိနေဆဲဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာက ညင်သာစွာ ပြုံး၍ ရှေ့သို့အသာအယာတွန်းပို့လိုက်၏။

ဗွမ်း...

ရေစက်များက အဘက်ဘက်သို့ စင်ထွက်သွား၏။

ခွန်ဖန်းဥသည် နက်ရှိုင်းသော သမုဒ္ဒရာအတွင်းသို့ ပြုတ်ကျသွားပြီး တစ်ခဏအတွင်း ပျောက်ကွယ်သွား၏။

ခွန်ဖန်းဥက ပေမင်သို့ ပြန်လည်ရောက်ရှိသွားလေပြီ။

သိုင်းတာအိုပင်မခန္ဓာက ဆက်လက်၍ကြန့်ကြာမနေဘဲ လှည့်ထွက်လိုက်၏။

အမှားအယွင်းတစ်စုံတစ်ရာမရှိဘူးဆိုလျှင် ခွန်ဖန်းဥသည် ဤနေရာမှာ ကြီးမားသည့် လှိုင်းဂယက်တစ်ခုကို ဖြစ်ပေါ်စေပြီး ခွန်မျိုးနွယ်သည် သူ့ကို အစွမ်းကုန်ရှိသမျှ သေချာပေါက် ပြုစုပျိုးထောင်ပေးမည်ဖြစ်ကြောင်း သူကောင်းကောင်းသိထားလေသည်။

ထိုအချိန်ကျလျှင် တဗူးခွန်ဖန်းနှင့်အတူ ခွန်မျိုးနွယ်သည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ အခြေအနေကိုပြောင်းလဲပေးနိုင်သည့် စွမ်းအားကြီးမားသည့် အင်အားတစ်ရပ်ဖြစ်လာနိုင်လေသည်။

ထိုသို့ပြုလုပ်ပြီးနောက် သိုင်းတာအိုပင်မခန္ဓာသည် ဆက်လက်ကျင့်ကြံဖို့အတွက် ပင်ယန်းမြို့ဆီသို့ ထွက်ခွာလာ၏။

အချိန်က တဖြည်းဖြည်းကုန်ဆုံးသွား၏။

ဆူဇီမိုတွင် အစစ်အမှန်ခန္ဓာ သုံးခုရှိသော်လည်း ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ကျင့်ကြံရေးလောကတစ်ခုလုံးကို သက်ရောက်စေမည့် ကြီးမားသည့်တိုက်ပွဲတစ်ခု ဖြစ်ပွားလာမည်ဆိုလျှင် အစစ်အမှန်ခန္ဓာ သုံးခု၏ခွန်အားက မလုံလောက်သေးပေ။

သူသည် မဟာယာနအဆင့်သို့ တတ်နိုင်သမျှ မြန်မြန်တက်လှမ်းပြီး ဘိုးဘေးအဆင့် ပညာရှင်တစ်ယောက်ဖြစ်အောင် ကြိုးစားရပေဦးမည်။

တစ်ချိန်တည်းမှာပင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ရှေးတော်ဝင်မိသားစု သုံးစု၏ နယ်မြေကနေ ထွက်ခွာလာခဲ့ပြီဖြစ်ပြီး သမိုင်းကြောင်းရှည်လျားသော ဘုရားကျောင်းတစ်ခုအနီးသို့ ရောက်ရှိလာ၏။

ဗုဒ္ဓကျောင်းတော် ၆ ကျောင်းထဲမှတစ်ကျောင်းဖြစ်သော ဒီပင်္ကရာကျောင်းတော်...

ဆူဇီမိုသည် တာအိုအမွေအနှစ်ကုန်းမြေမှာ မင်းကျန်နှင့် နောက်ဆုံးအကြိမ်တွေ့ခဲ့ရခြင်းဖြစ်၏။

ကောင်းကင်နှင့်မြေကြီး တောင်ကြားတိုက်ပွဲမှာတုန်းက ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများသည် စုဝေးလာကြသော်လည်း မင်းကျန်က ပေါ်ထွက်မလာခဲ့ပေ။

အဲ့ဒါက သာမန်ဟုသာ သတ်မှတ်နိုင်သေး၏။

သို့သော်လည်း မျိုးနွယ်စုခေါင်းဆောင် ယွမ်ပေ ကွယ်လွန်ခဲ့စဥ်ကပင် မင်းကျန်က ပေါ်ထွက်မလာခဲ့သည်မှာ ထူးဆန်းလေသည်။

မင်းကျန်နှင့် မျိုးနွယ်စုခေါင်းဆောင်ယွမ်ပေ၏ ပတ်သက်ဆက်နွယ်မှုအရ သူသည် ဤကိစ္စကိုကြားကြားချင်း မြောက်ပိုင်းဒေသသို့ သေချာပေါက် ပြန်လာပေလိမ့်မည်။

သို့သော်လည်း မင်းကျန်က တစ်ချိန်လုံး ပေါ်ထွက်မလာခဲ့ပေ။

ဒါ့အပြင်... ဆူဇီမိုသည် မင်းကျန်ထံမှ မည်သည့်သတင်းကိုမှ လက်ခံမရရှိပေ။ ဒီပင်္ကရာကျောင်းတော်သို့ သူပို့လွှတ်ခဲ့သော စိတ်ဝိညာဥ်ကြိုးကြာများထံမှပင် မည်သည့်တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။

ဤတစ်ကြိမ်မှာတော့ ဆူဇီမိုသည် တောင်ပိုင်းဒေသသို့ တိုက်တိုက်ဆိုင်ဆိုင် ရောက်ရှိလာခဲ့၏။ သူသည် ဒီပင်္ကရာကျောင်းတော်သို့ တစ်ချက်သွားရောက်ကြည့်ရှုရပေမည်။ ဒီပင်္ကရာကျောင်းတော်သည် ရှည်လျားသော သမိုင်းကြောင်းရှိပြီး ကျောင်းတော်အတွင်းမှာရှိသည့် အဆောက်အအုံတစ်ခုချင်းစီသည် အချိန်ကာလ၏ တိုက်စားမှုအရိပ်လက္ခဏာများဖြင့် ရှေးကျသော အငွေ့အသက်တစ်ခုကို ထုတ်ဖော်ပေးနေ၏။

ဆူဇီမိုက လေထဲကနေ ဆင်းသက်လိုက်၏။

ပုံမှန်အားဖြင့် လူတစ်ယောက်သည် သူအလည်အပတ်ရောက်ရှိလာခြင်းကို အကြောင်းကြားဖို့အတွက် ဝင်ပေါက်ဝကို ဖြတ်ကျော်ရပေမည်။

သူက လေထဲကနေ ဖြတ်သန်းသွားလာမည်ဆိုလျှင် ပထမတစ်ချက် ထိုနေရာအပေါ်် မလေးမစားပြုမူရာကျပြီး ဒုတိယတစ်ချက် နားလည်မှုလွဲစရာကိစ္စများကို အလွယ်တကူဖြစ်ပေါ်စေနိုင်၏။

ဒီပင်္ကရာကျောင်းတော်၏ ဝင်ပေါက်ဝတစ်ဖက်တစ်ချက်စီတွင် ဦးပဉ္ဇင်းငယ်တစ်ပါးစီက စောင့်ကြပ်နေကြ၏။

ဦးပဉ္ဇင်းလေးနှစ်ပါးသည် အသက်မကြီးသေးသော်လည်း သူတို့နှစ်ယောက်လုံးက ရွှေအမြုတေအဆင့်မှာရှိကြ၏။

“ဒကာ... ရပ်ပါဦး”

ဦးပဉ္ဇင်းငယ်တစ်ပါးက သူ၏သေးငယ်သောလက်ကို ဆန့်တန်းပြီး ဆူဇီမိုကို အဝေးကနေတားဆီးလိုက်၏။

“ဒကာ... ခင်ဗျားက ဒီပင်္ကရာကျောင်းတော်ကို ဘာ့ကြောင့်ရောက်လာတာလဲ ကျုပ်မေးပါရစေ”

“ကျုပ်က အထီးကျန်သိုင်းသခင်ပဲ... မိတ်ဆွေဟောင်းတစ်ယောက်ကိုရှာဖို့အတွက် ဒီပင်္ကရာကျောင်းတော်ကို ရောက်လာရတာပဲ... တာအိုရောင်းရင်းတို့ ကျေးဇူးပြုပြီး သူ့ကိုအကြောင်းကြားပေးပါဦး”

ဆူဇီမိုချဉ်းကပ်လာသောအခါ သူသည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ ဟန်ပန်မျိုးမရှိဘဲ ရွှေအမြုတေအဆင့် ဦးပဉ္ဇင်းလေးများကို အခက်တွေ့အောင်လည်း လုပ်မနေပေ။

ထိုအစားသူက လက်သီးနှစ်ဖက်ကိုယှက်ပြီး သူ၏ရည်ရွယ်ချက်ကို ရှင်းပြလိုက်၏။

“အထီးကျန်သိုင်းသခင်လား”

ဦးပဉ္ဇင်းနှစ်ပါးသည် သူတို့၏ခေါင်းကို အနည်းငယ်စောင်းငဲ့၍ စဥ်းစားတွေးတောကာ မျက်မှောင်ကြုတ်လိုက်ကြ၏။

“အဲ့ဒီနာမည်က ရင်းနှီးနေသလိုပဲ”

ဦးပဉ္ဇင်းလေးတစ်ပါးက တီးတိုးရေရွတ်လိုက်၏။

ရုတ်တရက်ဆိုသလို...

တခြားသောဦးပဉ္ဇင်းလေးတစ်ပါးက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး သူ၏အမူအရာက ရုတ်ချည်းပြောင်းလဲသွားကာ အံ့အားတသင့်ရေရွတ်လိုက်၏။

“ခင်..ခင်ဗျားက တာအိုအရှင် အထီးကျန်သိုင်းသခင်လား”

“မ..မဟုတ်သေးဘူး... ခင်ဗျားက စွမ်းအားကြီးပုဂ္ဂိုလ်အထီးကျန်သိုင်းသခင်လား”

ကိုယ်တော်လေး၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး သူ၏နှုတ်ခမ်းက တုန်ယင်နေ၏။

အခြားသောဦးပဉ္ဇင်းလေးသည်လည်း ဆူဇီမိုကို မျက်လုံးပြူးမျက်ဆံပြူးဖြင့် ကြည့်ကာ အလိုလိုပြောလိုက်၏။

“ဒဏ္ဍာရီအရဆို အထီးကျန်သိုင်းသခင်က အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်တယ်... အနက်ရောင်ဆံပင်နဲ့ ကြော့ရှင်းတဲ့သွင်ပြင်ရှိတယ်... အဲ့ဒါက မှားစရာမရှိလောက်ဘူးထင်တယ်”

“ခင်..ခင်ဗျား... ဒကာ.. မဟုတ်သေးဘူး... စီနီယာ ဒီနေရာမှာ ခဏလောက်စောင့်ပါဦး ခင်ဗျားရောက်လာတဲ့အကြောင်း ကျုပ်သွားပြီး အကြောင်းကြားလိုက်ဦးမယ်”

ဦးပဉ္ဇင်းလေးတစ်ပါးသည် ဗလုံးဗထွေးပြောဆို၍ လှည့်ထွက်ပြေးသွား၏။

အခြားသော ဦးပဉ္ဇင်းငယ်ကလည်း လိပ်ပြာလွင့်မတက် ကြောက်လန့်နေပြီး တောင်ကုန်းပေါ်သို့ပြေးတက်ကာ ဆက်လက်၍ ကျန်မနေခဲ့ပေ။

ဆူဇီမိုက သူ၏ခေါင်းကို ညင်သာစွာခါယမ်း၍ ရယ်မောလိုက်၏။

ကိုယ်တော်လေးနှစ်ပါးသည် ဤမျှအထိကြောက်လန့်နေသည်မှာ သိပ်တော့မထူးဆန်းပေ။

ရှီမန်အိမ်တော်မှာတုန်းက ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ပင်လျှင် ဆူဇီမိုနာမည်မှာ မှင်တက်သွားခဲ့ပြီး သူ့ကို တိုက်ခိုက်ရဲခြင်း မရှိခဲ့ပေ။

ဆူဇီမိုက အလောတကြီးရှိမနေပေ။ သူက တောင်ကုန်း၏ဝင်ပေါက်ဝမှာ မတ်တတ်ရပ်ပြီး သူ၏မျက်လုံးနှစ်ဖက်ကို မှိတ်ကာ တိတ်တဆိတ်အနားယူနေ၏။

အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွား၏။

သိပ်မကြာခင် တစ်နာရီကုန်ဆုံးသွား၏။

ဦးပဉ္ဇင်းလေးနှစ်ပါးသည် လေထဲမှာပျောက်ကွယ်သွားသည့်အလား ပြန်လည်ရောက်ရှိမလာခဲ့ပေ။

ဆူဇီမို၏အမူအရာက ပြောင်းလဲသွားခြင်းမရှိပဲ သူ၏မျက်လုံးနှစ်ဖက်ကို မှိတ်ထားဆဲ ဖြစ်၏။

တစ်ခဏအတွင်းမှာပင် နှစ်နာရီကုန်ဆုံးသွား၏။

ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။

ကြားထဲမှာ အမှားအယွင်းတစ်စုံတစ်ရာရှိနေခဲ့လျှင်တောင် နှစ်နာရီဆိုသောအချိန်သည် သတင်းတစ်ခုကို အကြောင်းကြားပေးဖို့အတွက် လုံလောက်တာထက်ပိုလေသည်။

ဆူဇီမိုသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး အရမ်းကာရော ပြုမူခြင်းမရှိဘဲ ဆက်လက်၍စောင့်ဆိုင်းနေ၏။

လေးနာရီ...

ခြောက်နာရီ..။

အနောက်ဘက်မှာ နေမင်းက တဖြည်းဖြည်းဝင်လာခဲ့ပြီဖြစ်၏။

ဆူဇီမိုသည် သူ၏မျက်လုံးနှစ်ဖက်ကို နောက်ဆုံးမှာဖွင့်လိုက်၏။

အမူအရာကင်းမဲ့စွာနှင့်ပင် သူကဖြည်းဖြည်းချင်း ပြောလိုက်၏။

“ကျုပ် အထီးကျန်သိုင်းသခင်... မိတ်ဆွေဟောင်းတစ်ယောက်နဲ့ တွေ့ဆုံဖို့အတွက် ဒီပင်္ကရာကျောင်းတော်ကို ရောက်လာခဲ့တယ်... သူက ဒီပင်္ကရာကျောင်းတော်ရဲ့ မည်ကာမတ္တတပည့်ပဲ”

သူ၏အသံက မတိုးလွန်းမကျယ်လွန်းသော်လည်း ထိုအသံသည် ဒီပင်္ကရာကျောင်းတော်၏ တထောင့်တစ်နေရာမကျန် ပျံ့နှံ့သွား၏။

“ဒကာအထီးကျန်သိုင်းသခင်... ကျေးဇူးပြုပြီး ပြန်ပါတော့”

ထိုစဥ်မှာပင် ဒီပင်္ကရာကျောင်းတော်ဆီမှ အသံတစ်သံက ထွက်ပေါ်လာ၏။

“ဒီပင်္ကရာကျောင်းတော်ရဲ့ မည်ကာမတ္တတပည့်က ခုန်းရူပဲ သူက ခင်ဗျားနဲ့မိတ်ဆွေဟောင်းတစ်ယောက် ဖြစ်ဖို့နေနေသာ ခင်ဗျားကိုတောင် မသိပါဘူးတဲ့ ဒကာအထီးကျန်သိုင်းသခင်”

“ဟမ့်.. “

ဆူဇီမိုက မျက်ခုံးပင့်လိုက်၏။

မင်းကျန်သည် ဒီပင်္ကရာကျောင်းတော်၏ မည်ကာမတ္တတပည့်ဖြစ်ခဲ့သည်ကို သူက ရှင်းလင်းစွာမှတ်မိနေ၏။

ဒီပင်္ကရာကျောင်းတော်ရဲ့ မည်ကာမတ္တတပည့်က ပြောင်းလဲသွားနိုင်တာလား။

ဆူဇီမိုက အနည်းငယ်စိတ်မရှည်နိုင်ဖြစ်လာ၏။

အေးစက်စက်အမူအရာနှင့်အတူ သူက ကြေညာလိုက်၏။

“ကျုပ်တွေ့ချင်တဲ့မိတ်ဆွေဟောင်းက မင်းကျန်ပဲ”

ခဏနေပြီးနောက်...

ဒီပင်္ကရာကျောင်းတော်ဘက်မှာ အသံက တစ်ဖန်ထွက်ပေါ်လာခဲ့၏။

“မင်းကျန်က ကျောင်းတော်ကနေထွက်ခွာသွားခဲ့ပြီ... ခင်ဗျား မင်းကျန်ကို တွေ့ချင်တယ်ဆိုရင် အပြင်ဘက်မှာ ကိုယ့်ဘာသာကိုယ် ရှာဖွေပါ”.

“ကျောင်းတော်ကနေ ထွက်သွားတယ် ဟုတ်လား”

ဆူဇီမိုက စိတ်ထဲကနေ လှောင်ရယ်လိုက်၏။

ဒီပင်္ကရာကျောင်းတော်သည် ဤကိစ္စကို အစကတည်းက ပြောဆိုခဲ့မည်ဆိုလျှင် သူက အဲ့ဒါကို ယုံကြည်မိကောင်း ယုံကြည်မိပေလိမ့်မည်။

သို့သော် ယခုအခါ ဒီပင်္ကရာကျောင်းတော်သည် သိုသိုဝှက်ဝှက်ပြုမူနေပြီး သူ့ကိုကျောင်းတော်ထဲသို့ပင် အဝင်မခံခဲ့ပေ။

ဆူဇီမိုက အဲ့ဒါကို ယုံကြည်လိမ့်မည် မဟုတ်ပေ။

ဒီလိုဆိုမှတော့... ကျုပ်က ဒီနေ့ကျောင်းတော်ကို အလည်လာရာမှာ ကျုပ်ရဲ့မိတ်ဆွေဟောင်းနဲ့ တွေ့ခွင့်မတောင်းတော့ဘူး... အဲ့ဒီအစားကျုပ်က ထွန်းပေါက်တဲ့ကိုယ်တော်တွေအားလုံးကို စုဝေးစေပြီး သူတို့နဲ့အတူ တာအိုနဲ့ ဗုဒ္ဓဝါဒအကြောင်း ဆွေးနွေးချင်တယ်”

ဆူဇီမို၏အမူအရာက အေးစက်လာပြီး သူ၏လေသံကို တဖြည်းဖြည်းချင်းမြှင့်ကာ အော်ပြောလိုက်၏။

“ခင်ဗျားတို့က ကျုပ်ကိုတွေ့ခွင့်မပေးဘူးဆိုရင် အတင်းဝင်ရောက်လာတဲ့အတွက် ကျုပ်ကိုအပြစ်မတင်နဲ့တော့”

All Chapters