အော်သံတစ်ချက်ပဲ
Vol. 95 Ch. 1417
“အို”
ဆူဇီမိုသည် တည်ငြိမ်သော အမူအရာနှင့်ပင် သာမန်ကာလျှံကာ ပြန်ဖြေလိုက်၏။
သူ၏လက်ရှိ ဂုဏ်သတင်းအရ သူသည် ထိပ်သီးဂိုဏ်းကြီးများမှ ဂိုဏ်းချုပ်များနှင့်ပင် ဦးညွှတ်ခြင်းမရှိဘဲ တန်းတူရည်တူ ပြောဆိုဆက်ဆံနိုင်လေသည်။
“အထီးကျန်သိုင်းသခင်... ဗုဒ္ဓက စေတနာ မေတ္တာထားတယ်... ခင်ဗျားအခုနေ နောက်ဆုတ်မယ်ဆိုရင် ဒီပင်္ကရာကျောင်းတော်က ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စအတွက်အားလုံးကို ခဝါချလိုက်မယ်... ခင်ဗျားက ရှေ့ဆက်ပြီး အတင့်ရဲနေမယ်ဆိုရင်တော့ ခင်ဗျားကိုရန်သူတစ်ယောက်အဖြစ် ဖိနှိမ်ရမဲ့အတွက် ကျုပ်တို့ကို အပြစ်မတင်နဲ့”
ကျောင်းထိုင်ဘုန်းကြီးဟွေ့ရှန်သည် တင်းမာခက်ထန်သော အမူအရာရှိပြီး သူ၏လေသံက ခိုင်မာနေလေသည်။
“ဆရာ... ဘာလို့သူနဲ့ အငြင်းအခုံလုပ်နေတာလဲ”
အသက်ငယ်ငယ်ကိုယ်တော်တစ်ပါးက တောက်လောင်ပြင်းပြသော အကြည့်နှင့် စွမ်းအားကြီးမားသော အော်ရာနှင့်အတူ ရှေ့သို့ထွက်လာ၏။ သူသည် ဓမ္မဝိသေသအဆင့်မှာသာ ရှိသေးသော်လည်း သူသည် ဆူဇီမို၏ ရှေ့မှာ မည်သည့်ကြောက်ရွံ့မှုကိုမှ မပြသပေ။
“ကျုပ်ရဲ့ အရင်တာအိုဘွဲ့က ခုန်းရူ... ကျုပ်က အခုတော့ ဒီပင်္ကရာ ကျောင်းတော်ရဲ့ မည်ကာမတ္တတပည့်ဖြစ်နေပြီ... ခင်ဗျားက ကျုပ်ကို တာအိုအရှင်ဒီပင်္ကရာလို့ ခေါ်လို့ရတယ်”
ခုန်းရူသည် ဖြည်းဖြည်းချင်း လျှောက်လှမ်းလာပြီး ဆူဇီမိုကို စိတ်အားထက်သန်စွာ ကြည့်လိုက်၏။
“အထီးကျန်သိုင်းသခင်က တာအိုတစ်ခုတည်ထောင်ပြီး သက်ရှိအားလုံးကို သိုင်းပညာသင်ကြားပေးခဲ့တာ ကျုပ်ကြားသိထားပါပြီ... ခင်ဗျားရဲ့ တိုက်ခိုက်ရည်ခွန်အားက ကောင်းကင်ဘုံကိုဖီဆန်ပြီး ခင်ဗျားက သမိုင်းတစ်လျှောက် နံပါတ်တစ်ပြန်ဝင်စားမွန်းစတားဖြစ်ပြီး အဆင့်တူခြင်းမှာ ပြိုင်ဘက်ကင်းတယ်လို့ ပြောကြတယ်”
“ကျုပ်ကလည်း ကျုပ်ရဲ့ ကျင့်ကြံမှုဒီအဆင့်ထိ တစ်ခါမှမရှုံးနိမ့်ခဲ့ဖူးသလို ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်တွေကိုတောင် ဖိနှိမ်ခဲ့ဖူးတယ်... ဒကာအထီးကျန်သိုင်းသခင် ဒီနေ့ ခင်ဗျားဘာတတ်နိုင်လဲ ကျုပ်ကိုပြပေးစမ်းပါ”
“ဟားဟားဟားဟား”
ဆူဇီမိုသည် ဒေါသထွက်ရမည့်အစား ရယ်မောလိုက်၏။
“ဒီပင်္ကရာကျောင်းတော်က ဒီနေ့ငါ့ကို တကယ်ပဲ မျက်စိပွင့်နားပွင့်ဖြစ်စေတာပဲ”
ဆူဇီမိုက ပြောလိုက်၏။
“ငါ့ကျင့်ကြံမှုရဲ့ ဒီအဆင့်ထိ ငါက သန်မာတဲ့ရန်သူပေါင်းများစွာကို နင်းဖြတ်လာခဲ့တယ်... ငါ့ထက်ကျင့်ကြံမှုအဆင့်နိမ့်တဲ့သူတွေထဲမှာ ငါ့ကိုစိန်ခေါ်ရဲတဲ့သူတွေက မရှိသလောက်ပဲ... မင်းကတော့ သူတို့ထဲက တစ်ယောက်ပေါ့”
“ခုန်းရူ... နောက်ဆုတ်နေစမ်း”
ကိုယ်တော်ဟွေ့ရှန်က မျက်မှောင်ကြုတ်၍ ညင်သာစွာ အော်ငေါက်လိုက်၏။
သူသည် ဆူဇီမိုနှင့် အရင်က မတွေ့ခဲ့ဖူးသော်လည်း အထီးကျန်သိုင်းသခင်နှင့် ပတ်သက်သည့် ကောလာဟလများကို ဤနှစ်များမှာ နားမဆံ့အောင်ကြားခဲ့ရပြီးလေပြီ။
အထီးကျန်သိုင်းသခင်သည် သူ၏လက်ရှိအဆင့်အတန်းသို့ ရောက်ရှိလာခဲ့သည်မှာ သေချာပေါက် အကြောင်းအခွင့်တိုက်ဆိုင်မှုသက်သက် မဟုတ်ပေ။
ခုန်းရူသည် လက်ရှိမျိုးဆက်တွင် ဒီပင်္ကရာကျောင်းတော်၏ ရှားရှားပါးပါး ပြိုင်စံရှားနှင့် ပြန်ဝင်စားမွန်းစတားတစ်ယောက်ဖြစ်၏။
သို့သော်လည်း သူသည် အဆင့်ကြီးတစ်ဆင့်ကိုဖြတ်ကျော်၍ အထီးကျန်သိုင်းသခင်ကို စိန်ခေါ်ချင်သည်ဆိုလျှင် သူ၏အစွမ်းအစက နိမ့်ကျနေဆဲ ဖြစ်၏။
“ဆရာ... ဘာမှမပူပါနဲ့ ကျုပ်က ဒကာအထီးကျန်သိုင်းသခင်နဲ့ လက်ရည်စမ်းရုံပါပဲ”
ခုန်းရူသည် အလျှော့မပေးလိုပဲ သူ၏မျက်လုံးများက တိုက်ပွဲဝင်လိုစိတ် တဖွားဖွားနှင့်အတူ တောက်လောင်ပြင်းပြနေ၏။ သူက မလှမ်းမကမ်းတွင်ရှိသော ဆူဇီမိုကို စိုက်ကြည့်ပြီး ရန်စပြောဆိုလိုက်လေသည်။
“ဘာလဲ... တာအိုရောင်းရင်းအထီးကျန်သိုင်းသခင် ခင်ဗျားက ခင်ဗျားရဲ့ဂုဏ်သတင်း နင်းခြေဖျက်ဆီးခံရမှာစိုးလို့ ကျုပ်နဲ့မတိုက်ခိုက်ရဲတာလား”
“ဟားဟားဟားဟား”
ဆူဇီမိုက ဟားတိုက်ရယ်မောလိုက်၏။
“ကောင်းတယ်ကွာ... ကောင်းတယ် ကောင်းတယ်”
ဆူဇီမိုက ထပ်တလဲလဲ ချီးကျူး၍ ခုန်းရူရှိရာသို့ လျှောက်လှမ်းသွားပြီး ခေါင်းညိတ်ပြလိုက်၏။
“မင်းမှာ အဲ့လိုသတ္တိရှိတာ တကယ့်ကို ရှားရှားပါးပါးပဲ... ကံဆိုးစွာနဲ့ပဲ...”
သူက ဆက်မပြောပဲ ရုတ်တရက် သူ၏ခြေလှမ်းကို ရပ်တန့်လိုက်၏။
ခုန်းရူသည် ဆူဇီမိုလျှောက်လှမ်းလာသည်ကို တွေ့မြင်သောအခါ သူက သတိကြီးကြီးထား၍ အာရုံစူးစိုက်ထားလေသည်။ သူသည် သိုလှောင်အိတ်ထဲကနေ ဧရာမတောင်ဝှေးတစ်ချောင်းကို ထုတ်ယူပြီး ညင်သာစွာ ဝေ့ယမ်းလိုက်၏။ အဲ့ဒါက အလွန်တရာလေးလံသည့်ပုံပေါ်လေသည်။
သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ဆယ်ပေပင် မကွာဝေးတော့ပေ။
ရုတ်တရက် ဆူဇီမိုက အော်ဟစ်လိုက်၏။
“သတ်...”
ဝုန်း...
အဲ့ဒီမှာ ကျယ်လောင်သောမြည်သံက ပေါက်ကွဲထွက်ပေါ်လာ၏။
ထိုအသံသည် ခုန်းရူ၏ နားထဲမှာ မိုးကြိုးပစ်ချလိုက်သလို ကျယ်လောင်စွာ ပေါက်ကွဲမြည်ဟည်းသွားလေသည်။
ခုန်းရူ၏မျက်လုံးများက ချက်ချင်းပင် ပြူးကျယ်နီရဲလာ၏။ သူ၏စိတ်က ဗလာကျင်းသွားပြီး မိုးကြိုးပစ်ချခံရသည့်အလား နေရာမှာပင် ကြောင်အ,မှင်တက်နေ၏။ အဲ့ဒါသည် အသံပိုင်းတိုက်ခိုက်မှုတစ်ရပ်.. မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းဖြစ်၏။
ယခု ဆူဇီမိုသည် ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်လာပြီး သူ၏ခန္ဓာကိုယ်သည် အဆင့်-၇ ဖန်တီးခြင်းကြာပဒုမ္မာအဖြစ်သို့ အသွင်ပြောင်းလဲသွားကာ သူ၏အသံပိုင်းတိုက်ခိုက်မှု၏ စွမ်းအားသည် ဆပွားများစွာတိုးလာခဲ့လေပြီ။
ဓမ္မဝိသေသအဆင့်မှာသာရှိသေးသော ခုန်းရူကိုမပြောနှင့် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ပင်လျှင် အဲ့ဒါကို ခံနိုင်ချင်မှ ခံနိုင်ပေလိမ့်မည်။
“ကံဆိုးစွာနဲ့ပဲ... မင်းရဲ့တိုက်ခိုက်ရည်က နိမ့်ကျနေသေးတယ်”
ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။
ထိုအခါမှသာလျှင် သူက စောစောက ရပ်ထားခဲ့သည့်စကားကို ဆက်ပြောလိုက်ခြင်းဖြစ်၏။
ဘုန်း...
ခုန်းရူသည် သူ၏မျက်လုံးနှစ်ဖက်ကို မှိတ်၍ တောင့်တင်းစွာဖြင့် လဲကျသွား၏။ သူသည် အသက်ရှုနေသေးသော်လည်း တုန်လှုပ်မှုဖြင့် သတိလစ်သွားခဲ့ပြီဖြစ်၏။ ကိုယ်တော်များက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။ ဒီပင်္ကရာကျောင်းတော်၏ မည်ကာမတ္တတပည့်သည် အထီးကျန်သိုင်းသခင်ထံမှ အောက်ငေါက်သံတစ်ချက်ဖြင့် သတိလစ်သွားခဲ့လေပြီ။
ထိုတိုက်ခိုက်ဖလှယ်မှုက အလွန်တရာရုတ်တရက်ဆန်ပြီး တိုတောင်းလွန်းလေသည်။
အသံပိုင်းတိုက်ခိုက်မှုများက လျှပ်တပြက် ကျရောက်လာနိုင်၏။
ကျောင်းထိုင်ဘုန်းကြီးဟွေ့ရှန်နှင့် အခြားကိုယ်တော်များသည် ဝင်ရောက်ကူညီချင်သည်ဆိုလျှင်တောင် အဲ့ဒါက နောက်ကျလွန်းသွားလေပြီ။
ဒါ့အပြင် ကိုယ်တော်ဟွေ့ရှန်နှင့် အခြားကိုယ်တော်များသည် ဆူဇီမိုနှင့် ခပ်လှမ်းလှမ်းမှာရှိနေကြ၏။ ဒါတောင်... မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်း၏ ထိတွေ့ရိုက်ခတ်မှုဖြင့် သူတို့၏နားထဲမှာ တဝီဝီမြည်နေပြီး သူတို့၏သွားများ ကျိန်းစပ်နေ၏။
“ဓမ္မဝိသေသကိုယ်တော်တွေ နောက်ဆုတ်ကြ... ပေါင်းစည်းခန္ဓာကိုယ်တော်တွေက ငါနဲ့အတူပူးပေါင်းကြ”
ကျောင်းထိုင်ဘုန်းကြီးဟွေ့ရှန်သည် အော်ဟစ်ပြောဆိုလိုက်ပြီး ချက်ချင်းပင်တုံ့ပြန်လိုက်၏။ သူသည် သူ၏စိန်ဇင်တောင်ဝှေးကို ဝေ့ယမ်းပြီး ဆူဇီမိုထံသို့ ပြေးဝင်သွား၏။
(ဇင်-ဗုဒ္ဓဝါဒ၏ အမည်ကွဲတစ်ခု။)
ပေါင်းစည်းခန္ဓာကိုယ်တော်ဆယ်ယောက်ကျော်က သူတို့၏ မူပိုင်ဓမ္မလက်နက်များကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ဖော်ပြီး ဆူဇီမိုကို တိုက်ခိုက်လိုက်ကြ၏။
“အထီးကျန်သိုင်းသခင်... မင်းက ဒီပင်္ကရာကျောင်းတော်ထဲကို အတင်းဝင်ရောက်ပြီး ငါတို့ရဲ့ ဝင်္ကပါနဲ့ ငါတို့ရဲ့ကျောင်းတော်တံခါးကို ဖျက်ဆီးခဲ့တယ်... မင်းက ငါတိုရဲ့ မည်ကာမတ္တတပည့်ကိုတောင် ဒဏ်ရာရစေခဲ့သေးတယ်... ငါတို့အတူပူးပေါင်းပြီး မင်းကိုဖိနှိမ်တဲ့အတွက် အပြစ်မတင်နဲ့တော့”
သူ၏အသံက လေးနက်နေ၏။
“မင်းတို့တွေက ငါ့ကိုဖိနှိမ်ဖို့ လုံလောက်အောင်သန်မာနေပြီလို့ ထင်နေကြတာလား”
ဆူဇီမိုက အေးစက်စွာဖြင့် သရော်လိုက်၏။
ဘုန်း...
ဖျတ်ခနဲဆို သူသည် အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး မျက်တစ်မှိတ်မှာပင် ကိုယ်တော်ဟွေ့ရှန်ရှေ့သို့ ရောက်ရှိလာပြီး သူ၏လက်သီးဖြင့် ပစ်ထိုးချလိုက်၏။
ကိုယ်တော်ဟွေ့ရှန်သည် စိန်ဇင်တောင်ဝှေးကို လွှဲယမ်းပြီး ဆူဇီမို၏ လက်သီးဆီသို့ ပစ်ရိုက်ချလိုက်၏။
ဆူဇီမိုက ရှောင်တိမ်းခြင်း မရှိပေ။ တကယ်ဆို... သူ၏ မူလလမ်းကြောင်းကိုပင် သွေဖယ်ခြင်းမရှိပေ။
“မင်းကတော့ ဒုက္ခရောက်ချင်နေပြီပဲ”
ကျောင်းထိုင်ဘုန်းကြီးဟွေ့ရှန်က နှာတစ်ချက်မှုတ်၍ သူ၏လှုပ်ရှားမှုကို ရပ်တန့်ခြင်းမရှိပေ။ သူ၏ စိန်ဇင်တောင်ဝှေးကို စိန်ဥက္ကာခဲနေ ပုံသွင်းထားခြင်းဖြစ်ပြီး ဖျက်ဆီး၍ မရနိုင်ပေ။ အဲ့ဒါသည် မူလစွမ်းအားကြီးပုဂ္ဂိုလ်ဓမ္မလက်နက်တစ်ခုဖြစ်ပြီး အသွေးအသား ခန္ဓာကိုယ်တစ်ခု ခုခံနိုင်သော တစ်စုံတစ်ရာမဟုတ်ပေ။
ဘန်း...
သူ၏ စိတ်ထဲသို့ အတွေးတစ်ခု ဝင်ရောက်လာပြီး ကျောင်းထိုင်ဘုန်းကြီးဟွေ့ရှန်ကိုင်ဆောင်ထားသည့် စိန်ဇင်တောင်ဝှေးသည် ဆူဇီမို၏ လက်သီးဆီသို့ ပြင်းထန်စွာ ကျဆင်းလာ၏။ သူတွေးထင်ထားသည့် အရိုးကျိုးသံထွက်ပေါ်လာရမည့်အစား အဲ့ဒီမှာ ထူးဆန်းသော ခပ်ထိုင်းထိုင်းအသံတစ်သံက ထွက်ပေါ်လာခဲ့၏။
“ဟမ်... သူက ဘာမှ မဖြစ်သွားဘူးလား”
ကျောင်းထိုင်ဘုန်းကြီးဟွေ့ရှန်၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားပြီး သူ့ရှေ့ရှိအရာရာတိုင်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေ၏။
ထို့နောက်ချက်ချင်းပင် သူ၏အမူအရာက ပြောင်းလဲသွား၏။
ကြောက်စရာကောင်းသော စွမ်းအားတစ်ခုသည် ဆူနာမီလှိုင်းတစ်ခုကဲ့သို့ စိန်ဇင်တောင်ဝှေးထဲသို့ တလိပ်လိပ်တိုးဝင်လာသည်ကို သူကခံစားလိုက်ရ၏။
ဇီ... ဇီ...
ထိုစွမ်းအားနှင့် ရင်ဆိုင်ရချိန်တွင် စိန်ဇင်တောင်ဝှေးသည် ပြင်းထန်စွာ တုန်ခါလာခဲ့၏။
သူ၏ခွန်အားနှင့်ပင် ကျောင်းထိုင်ဘုန်းကြီးဟွေ့ရှန်သည် အဲ့ဒါကို မဖိနှိမ်နိုင်ပေ။
ဆူဇီမိုသည် သူ၏လက်သီးကို လက်ဖဝါးအဖြစ်ပြောင်းလဲအသုံးပြုလိုက်ပြီး သူ၏ခွန်အားသည် အလွန်တရာမာကြောခက်ထန်ရာမှ အလွန်တရာနူးညံ့သိမ်မွေ့မှုသို့ ပြောင်းလဲသွားကာ စိန်ဇင်တောင်ဝှေးကို တုန်ခါသွားစေလေသည်။
“အား....”
ကိုယ်တော်ဟွေ့ရှန်သည် စူးစူးဝါးဝါး အော်ဟစ်၍ သူ၏လက်ဖဝါးက စုတ်ပြဲသွားကာ သွေးများက ပန်းထွက်လာ၏။
သူ၏မူပိုင်ဓမ္မလက်နက်သည် ဆူဇီမို၏လက်ဗလာဖြင့် လုယူသွားခြင်းကို ခံလိုက်ရ၏။
ထိုအခိုက်အတန့်တွင် ဒီပင်္ကရာကျောင်းတော်၏ အခြားသော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် ချဉ်းကပ်လာကြပြီဖြစ်၏။
များစွာသော ဓမ္မပညာရပ်များနှင့် ဓမ္မလက်နက်များက ဆင်းသက်လာ၏။
ဆူဇီမိုသည် လှည့်ကြည့်ခြင်းမရှိဘဲ စိန်ဇင်တောင်ဝှေးကိုလုယူပြီး လက်ပြန်လွှဲယမ်းလိုက်၏။
ဝှစ်... ဝှစ်... ဝှစ်
စိန်ဇင်တောင်ဝှေးသည် ရွှေရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး လေထုကို ဆုတ်ဖြဲလိုက်၏။
ချွမ်း...
စိန်ဇင်တောင်ဝှေးသည် သစ်သားငါးရုပ်တစ်ခုနှင့် ထိတွေ့ရိုက်ခတ်သွားပြီး ထိုလက်နက်ကို လွင့်စင်ထွက်ကာ ကြေမွသွားစေ၏။
ပေါင်းစည်းခန္ဓာ ကိုယ်တော်တစ်ပါး၏ အမူအရာက ပြောင်းလဲသွားပြီး သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရ၏။
ထိုသစ်သားငါးသည် သူ၏မူပိုင်ဓမ္မလက်နက်ဖြစ်သော်လည်း ဆူဇီမို၏ လှုပ်ရှားကွက် တစ်ကွက်နှင့် ဖျက်ဆီးခြင်းခံလိုက်ရ၏။
စိန်ဇင်တောင်ဝှေးသည် သူ၏အရှိန်အဟုန်အတိုင်း ဆက်လက်၍ ကျဆင်းလာပြီး နောက်ထပ်ပေါင်းစည်းခန္ဓာကိုယ်တော်တစ်ပါး၏ ရင်ဘတ်ဆီသို့ ပစ်ဝင်လာ၏။
ထိုကိုယ်တော်သည် သူ၏မူပိုင်ဓမ္မလက်နက်ကို အလောတကြီးထုတ်ယူလိုက်၏။ အဲ့ဒါက ဧရာမရှေးဟောင်းခေါင်းလောင်းတစ်လုံးဖြစ်ပြီး သူ၏ရှေ့ကနေ ပိတ်ကာလိုက်၏။
ဒေါင်...
စိန်ဇင်တောင်ဝှေးသည် ရှေးဟောင်းခေါင်းလောင်းနှင့် ပြင်းထန်စွာ ထိတွေ့ရိုက်ခတ်သွား၏။
စွမ်းအားကြီးပုဂ္ဂိုလ်ကိုယ်တော်သည် ဆတ်ခနဲတုန်ခါသွားပြီး ငေးငိုင်နေသော အမူအရာနှင့် အသက်မဲ့သွားသော မျက်လုံးများနှင့်အတူ လေထဲကနေပြုတ်ကျလာ၏။
သူသည် သူ၏ကိုယ်ပိုင်လက်နက် ရှေးဟောင်းခေါင်းလောင်းနှင့် ပစ်ရိုက်ခြင်းခံရပြီး မူးဝေကာ သတိလစ်သွားလေပြီ။
ရွှစ်...
ရုတ်တရက် ဆူနာမီသံတစ်သံသည် ဆူဇီမို၏ ခန္ဓာကိုယ်ထဲကနေ တလိပ်လိပ်ထွက်ပေါ်လာ၏။
“အား...”
ဆူဇီမိုသည် ကောင်းကင်ထက်သို့ မော့၍ ဟိန်းဟောက်ပြီး သူ၏သွေးချီကို တလိပ်လိပ်တက်လာစေကာ ဘေးပတ်လည်ရှိ စွမ်းအားကြီးပုဂ္ဂိုလ်များဆီသို့ ပစ်ဝင်သွားလေသည်။
ဘန်း... ဘန်း.. ဘန်း...
ဆူဇီမိုသည် လက်ဗလာဖြင့် ဖြစ်ပြီး မည်သည့်ဓမ္မလက်နက်ကိုမှ သို့မဟုတ် မည်သည့်ဓမ္မပညာရပ်ကိုမှ အသုံးပြုခြင်းမရှိပေ။ သူသည်ဝင်ရောက်လာသော ဓမ္မပညာရပ်များနှင့် ဓမ္မလက်နက်များအားလုံးကို ချေမွဖျက်ဆီးပစ်လိုက်လေသည်။
သူသည် ပကတိခွန်အားသက်သက်ဖြင့် ဓမ္မပညာရပ်များအားလုံးကို ချေဖျက်လိုက်နိုင်လေသည်။