တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်ကို ဖိနှိမ်ခြင်း
Vol. 95 Ch. 1419
နတ်ဘုရားစွမ်းအား မီးတောက်များသည် ဆင်းသက်လာပြီး ဆူဇီမိုကို လွှမ်းခြုံကာ အလျှံညီးညီး တောက်လောင်လာ၏။
တစ်ခဏအတွင်းမှာပင်… ဆူဇီမို၏ ဆံပင်နှင့် အဝတ်အစားများက ပြာအဖြစ် လောင်ကျွမ်းသွားပြီ ဖြစ်၏။
ထိုသည်ကို ကြည့်ပြီး ကိုယ်တော်များက စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။
အထီးကျန်သိုင်းသခင်က မည်သို့ပင် သန်မာသည် ဖြစ်ပါစေ.. သူသည် တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်၏ နတ်ဘုရားစွမ်းအားများ၏ စွမ်းအားနှင့် ရင်ဆိုင်ရမှာ မခုခံနိုင်ပေ။
သူသည် အခြေခံအကျဆုံး နတ်ဘုရားစွမ်းအားကိုသာ နားလည်ဆင်ခြင်ထားနိုင်လျှင်တောင် အဲဒါက အထီးကျန်သိုင်းသခင်ကို ဖိနှိမ်ဖို့ လုံလောက်လေသည်။
မီးတောက်များကြားမှာ ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး သူ၏မျက်လုံးများက မည်သည့် နာကျင်မှု သို့မဟုတ် မည်သည့် ကြောက်ရွံ့မှုကိုမှ မပြသပေ။
နတ်ဘုရားစွမ်းအား မီးတောက်သည် အလွန်တရာ စွမ်းအားကြီးမားပြီး နာကျင်သည့် ခံစားချက်များကို ဖြစ်ပေါ်စေသော်လည်း အဲဒါက သိပ်ပြီး အရာမရောက်သည့်အလားပင်။
ဝေါ…
ဆူဇီမို၏ သွေးချီကို ၎င်း၏ အကန့်အသတ်ထိ လှည့်ပတ်လိုက်ပြီး ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက ဆူနာမီကဲ့သို့ တလိပ်လိပ် ထိုးတက်လာစေ၏။
စွမ်းအားကြီးမားသော သွေးချီဖြင့် ထိတွေ့ရိုက်ခတ်မှုမှာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် တောက်လောင်နေသော နတ်ဘုရားစွမ်းအား မီးတောက်များသည် သိသိသာသာ အားပျော့သွားလေသည်။ သို့သော်လည်း အဲဒါက ငြိမ်းသေမည့် လက္ခဏာမရှိဘဲ ဆက်လက်လောင်ကျွမ်းနေဆဲ ဖြစ်၏။
“ဟမ်”
အကြီးအကဲ ဟွေ့ရှင်းက အေးစက်စွာ ပြောဆိုလိုက်၏။
“အထီးကျန်သိုင်းသခင်… ဒီမီးတောက်က ငါ့ရဲ့ နတ်ဘုရားစွမ်းအားရဲ့ နားလည်ဆင်ခြင်နိုင်မှု တစ်စွန်းတစ်စနဲ့ ပေါင်းစည်းသွားခဲ့ပြီ… မင်းက ဆူနာမီသွေးအဆင့်ကို ကျင့်ကြံထားတယ်ဆိုရင်တောင် မင်းက အဲဒါကို ခုခံနိုင်မှာ မဟုတ်တော့ဘူး”
“ဟုတ်ပါ့မလား”
ဆူဇီမို၏ အသံက တစ်မူထူးခြားစွာ တည်ငြိမ်နေဆဲဖြစ်၏။
သို့သော်လည်း သူ၏အော်ရာက အဆက်မပြတ် မြင့်တက်လာ၏။
မီးတောက်များက တဖျပ်ဖျပ်ဖြစ်လာ၏။
ရုတ်တရက်ဆိုသလို…
အကြီးအကဲ ဟွေ့ရှင်း၏ အမူအရာက ပြောင်းလဲသွား၏။
သူ၏ ရှေ့မှောက်တွင် ဆူဇီမို၏ ပုံရိပ်က တဖျပ်ဖျပ် မီးတောက်များကြားမှာ ပျောက်ကွယ်သွားပြီဖြစ်ပြီး ထိုနေရာတွင် လူ့အရပ်တစ်ဝက် ပတ်လည်လောက်ရှိသော ကြာပန်းတစ်ပန်းက အစားထိုး ဝင်ရောက်လာ၏။
ထိုကြာပန်းသည် တစ်ခုလုံး အစိမ်းရောင်ဖြစ်ပြီး ကြာရွက်များသည် စိမ်းစိုကြည်လင်၍ မီးတောက်ကြားမှာ ညင်သာစွာ ယိမ်းနွဲ့နေ၏။
နတ်ဘုရားစွမ်းအား မီးတောက်ပင်လျှင် အစိမ်းရောင် ကြာပန်းကို လောင်ကျွမ်းစေနိုင်ခြင်း မရှိပေ။
“ဟမ့်”
“ဒါက”
အခြားသော ကိုယ်တော်များသည် ထိုသည်ကို မြင်သောအခါ သူတို့အားလုံးက မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် တုန်လှုပ်သွားကြ၏။
“မျိုးဆက်သွေးနယ်မြေလား”
အကြီးအကဲ ဟွေ့ရှင်းသည် တစ်စုံတစ်ရာကို ဝိုးတဝါး နားလည်သွားသည့်အလား.. သုန်မှုန်သော အမူအရာတစ်ခု ရှိလာ၏။
ထို့နောက် ချက်ချင်းပင်.. အစိမ်းရောင် ကြာပန်းသည် လောကကနေ ထွက်ခွာသွားသည့်အလား ကောင်းကင်ထက်သို့ ပျံတက်သွားလေသည်။ လေထဲမှာ လှည့်ပတ်ပြီးနောက်.. ကြာပွင့်ချပ်များသည် တဖျပ်ဖျပ် တလက်လက် အရောင်အဝါနှင့်အတူ ဖူးပွင့်လာကြ၏။
ပွင့်ချပ် ၇ လွှာနှင့် အစိမ်းရောင်ကြာစေ့ ၆၃စေ့ ဖြစ်လေသည်။
အဲဒါသည် ပြီးပြည့်စုံသော အဆင့် ၇ ဖန်တီးခြင်း ကြာပဒုမ္မာဖြစ်ပြီး ဖန်တီးခြင်း ကြာခုံသက်သက်ထက် အဆင့်တစ်ဆင့် ပိုမိုသန်မာလေသည်။
အစက ဆူဇီမို၏ ဦးခေါင်းပေါ်မှာ ရစ်ဝဲနေသော ရွှေသပိတ်သည် ဖန်တီးခြင်းကြာပဒုမ္မာကြောင့် လွင့်စင်ထွက်သွားပြီး မှေးမှိန်သော အရောင်ဖြင့် မလှမ်းမကမ်းသို့ ကျဆင်းသွား၏။
ဖန်တီးခြင်းကြာပဒုမ္မာက ညင်သာစွာ ယိမ်းနွဲ့သွား၏။
ကောင်းကင်နှင့်မြေကြီးက ထကြွလာသည်ဟု ထင်ရလေသည်။
ဖန်တီးခြင်းကြာပဒုမ္မာကို လွှမ်းခြုံထားသော နတ်ဘုရားစွမ်းအား မီးတောက်သည် သိပ်မကြာခင် အလင်းရောင်ခြည်များ၏ ဖိနှိမ်ခြင်းကို ခံလိုက်ရပြီး တဖြည်းဖြည်း ငြိမ်းသေသွား၏။
နတ်ဘုရားစွမ်းအား မီးတောက်က မရှိတော့လေပြီ။
ကိုယ်တော်များက တုန်လှုပ်သွားကြ၏။
တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်ကတောင် အထီးကျန်သိုင်းသခင်ကို မဖိနှိမ်နိုင်ဘူးလား…။
ကောင်းကင်နှင့်မြေကြီးတောင်ကြား တိုက်ပွဲမှာ အထီးကျန်သိုင်းသခင်သည် တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်၏ စွမ်းအားနှင့် ရင်ဆိုင်ရာမှာ.. ကူကယ်ရာမဲ့လုနီးပါး ဖြစ်ခဲ့လေသည်။ နှစ်အနည်းငယ်တွင် သူက ဤအဆင့်ထိ ဘယ်လိုတောင် ကြီးထွားလာနိုင်ရတာလဲ။
ဆူဇီမို၏ ပုံရိပ်က တစ်ဖန်ပြန်လည်ပေါ်ထွက်လာ၏။
အစကတော့.. သူ၏ ဆံပင်နှင့် အမွေးအမှင်များသည် ပြာအဖြစ် လောင်ကျွမ်းသွားခဲ့ပြီဖြစ်၏။ သို့သော်လည်း ပေါင်းစည်းခန္ဓာအဆင့်သို့ ကျင့်ကြံပြီးနောက်.. သူ၏ ဓမ္မစွမ်းအားများသည် အကန့်အသတ်မဲ့ပြီး သူ၏ အနက်ရောင် ဆံပင်များကို တစ်ဖန်ပြန်လည်ပေါက်စေလိုက်၏။
ဆူဇီမိုက သူ၏ သိုလှောင်အိတ်ကို ပုတ်ပြီး အစိမ်းရောင် ဝတ်ရုံတစ်ထည်ကို ထုတ်ယူကာ ဝတ်ဆင်လိုက်လေသည်။
“မင်းရဲ့ ပါချည်ပါချဲ့ နည်းလမ်းတွေနဲ့ ငါ့ကို သင်ခန်းစာပေးနိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား”
ဆူဇီမိုသည် လှောင်ရယ်၍ သူ၏ လက်ချောင်းများကို ဓားအဖြစ် ပူးကပ်ပြီး အကြီးအကဲ ဟွေ့ရှင်း ရှိရာဘက်သို့ ညင်သာစွာ ခုတ်ပိုင်းချလိုက်၏။
ရွှစ်.. ရွှစ်… ရွှစ်…
ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ တစ်ထောင်ကျော်ကျော်က ချက်ချင်းပင် ရုန်းကန်ထွက်ပေါ်လာ၏။
ပြိုးပြိုးပြက်ပြက် အဖြူရောင် အလင်းတန်းများက ဖြန့်ကြက်ထွက်ပေါ်လာပြီး ဓားချီများသည် မရှောင်တိမ်းနိုင်သော ပိုက်ကွန်တစ်ခုအဖြစ် ယက်လုပ်၍ အကြီးအကဲ ဟွေ့ရှင်းအပေါ်ကို လွှမ်းခြုံကျဆင်းလာ၏။
ကောင်းကင်သတ်ဖြတ်ခြင်းဓားချီများ၏ ထက်ရှမှုက အရမ်းကို သိပ်သည်းပြင်းထန်လေသည်။
အကြီးအကဲ ဟွေ့ရှင်းပင်လျှင် မဆင်မခြင် မပြုမူရဲပေ။
သူသည် သူ့လက်ထဲရှိ မိစ္ဆာနှိမ်နင်းတောင်ဝှေးကို ဝှေ့ယမ်းပြီး သူ၏ ဓမ္မစွမ်းအားများကို လှည့်ပတ်ကာ ဝင်ရောက်လာသော ကောင်းကင်သတ်ဖြတ်ခြင်းဓားချီများကို ချေဖျက်ဖို့အတွက် သူ၏ အစွမ်းထက်ဆုံး ဓမ္မပညာရပ်များကို ထုတ်ဖော်လိုက်ရ၏။
ချွမ်း.. ချွမ်း.. ချွမ်း..
ကောင်းကင်သတ်ဖြတ်ခြင်းဓားချီသည် မိစ္ဆာနှိမ်နင်းတောင်ဝှေးနှင့် ထိတွေ့ရိုက်ခတ်ပြီး မီးပွားများနှင့်အတူ သတ္တုချင်း ထိခတ်သံများကို ထွက်ပေါ်လာစေ၏။
ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ တစ်ခုချင်းစီက အထင်သေး၍ မရနိုင်ပေ။
ဒါ့အပြင်.. ကောင်းကင်သတ်ဖြတ်ခြင်းဓားချီသည် တစ်မူထူးခြားအောင် ပေါ့ပါးပြီး နေရာအနှံ့ သက်ရောက်စေနိုင်၏။ အကြီးအကဲ ဟွေ့ရှင်းသည် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ တစ်ထောင်ကျော်ကျော်ကို ခုခံပြီးနောက်.. ချွေးများဖြင့် စိုရွှဲနေခဲ့ပြီ ဖြစ်၏။
“ကံကောင်းထောက်မလို့ပဲ… ဟူး…”
အကြီးအကဲ ဟွေ့ရှင်းက စိတ်ထဲကနေ ညည်းတွားရေရွတ်လိုက်၏။
“ဓားချီ တစ်ထောင်ကျော်ကျော်ပဲ ထွက်ပေါ်လာတာ ကံကောင်းတယ်… အထီးကျန်သိုင်းသခင်ရဲ့ နားလည်ဆင်ခြင်နိုင်မှုက ဒီထက်ပိုနက်ရှိုင်းပြီး နောက်ထပ် ဓားချီတွေက ထွက်ရှိလာမယ်ဆိုရင် ငါ အဲဒါကို ခုခံနိုင်ချင်မှ ခုခံနိုင်တော့မယ်”
သူက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
မကြာသေးခင်ကမှ.. ဒေါင်ဖန်နှင့် ရှီမန်ရှေးတော်ဝင်မိသားစုမှ တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးများသည် ဆူဇီမို၏ ကောင်းကင်သတ်ဖြတ်ခြင်းဓားချီအောက်မှာ သေဆုံးသွားခဲ့ရသည်ကို သူက လုံးဝ မသိရှိပေ။
ထိုအချိန်တုန်းက ဆူဇီမိုသည် ဓားချီတစ်သောင်းကို ချက်ချင်းပင် ထုတ်ဖော်ပြီး တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးနှစ်ယောက်ကို သတ်ဖြတ်ခဲ့၏။
ဆူဇီမိုသည် ဓားချီတစ်ထောင်ကိုသာ ထုတ်ဖော်ခဲ့ခြင်းမှာ သူ၏ နားလည်နိုင်စွမ်းက မနက်ရှိုင်းသေးသောကြောင့် မဟုတ်ပေ။
သူ့မှာ ဆင်ခြင်တုံတရား ရှိနေသေးပြီး အကြီးအကဲ ဟွေ့ရှင်း၏ အသက်ကို မထိခိုက်စေချင်သောကြောင့်သာ သူက ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ တစ်သောင်းကို မထုတ်ဖော်ခဲ့ခြင်း ဖြစ်၏။
ရွှစ်…
ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ တစ်ထောင်ကို ထုတ်ဖော်ပြီးနောက်… ဆူဇီမို၏ ပုံရိပ်က လှစ်ခနဲ လှုပ်ရှားသွားပြီး အကြီးအကဲ ဟွေ့ရှင်း၏ ရှေ့မှာ ပေါ်ထွက်လာ၏။ သူသည် ဖန်တီးခြင်းကြာခုံကို ကိုင်မြှောက်ပြီး အကြီးအကဲ ဟွေ့ရှင်း၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်၏။
ချွမ်း..
အကြီးအကဲ ဟွေ့ရှင်းသည် စဉ်းစားနေဖို့ အချိန်မရဘဲ မိစ္ဆာနှိမ်နင်းတောင်ဝှေးကို အလောတကြီး ပင့်မြှောက်ကာ ခုခံလိုက်ရ၏။ သူသည် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ တစ်ထောင်ကို ခုခံထားကာစဖြစ်ပြီး သူ၏ ဓမ္မစွမ်းအားများကို အလွန်အမင်း သုံးစွဲခဲ့ရလေသည်။
ယခု သူက ခုခံဖို့အတွက် အလောတကြီးနိုင်နေပြီး သူ၏ သွေးချီကို ကောင်းကောင်းမလှည့်ပတ်နိုင်ခဲ့ပေ။ အကြီးအကဲ ဟွေ့ရှင်း၏ ခန္ဓာကိုယ်က ဆတ်ခနဲ တုန်ခါသွားပြီး သူ၏လက်က တုန်ယင်သွား၏။
“အား..”
အကြီးအကဲ ဟွေ့ရှင်းက ခပ်သဲ့သဲ့ အော်ဟစ်ပြီး နောက်သို့ အလျင်အမြန်ဆုတ်ကာ အကွာအဝေးတစ်ခု ခွာချင်လေသည်။
ကံဆိုးစွာနှင့်ပင်.. အနီးကပ်တိုက်ခိုက်ရည်မှာ ဆူဇီမို၏ ပါရမီအရည်အချင်းက ကြောက်စရာကောင်းနေခဲ့ပြီ ဖြစ်၏။ ဒီဘက်မျိုးဆက် ပညာရှင်များပင်လျှင် သူ့ကို ယှဉ်နိုင်တော့မည် မဟုတ်ပေ။
ဆူဇီမိုသည် အကြီးအကဲ ဟွေ့ရှင်းကို ထပ်မံ၍ အခွင့်အရေး မပေးတော့ပေ။ သူသည် အရိပ်တစ်ခုပမာ ထပ်ကြပ်မကွာ လိုက်ပါသွားပြီး ဖန်တီးခြင်းကြာခုံကို ကိုင်မြှောက်၍ ထိုသူကို တစ်ဖန်ဖိနှိမ်လိုက်၏။
အကြီးအကဲ ဟွေ့ရှင်းသည် ကူကယ်ရာမဲ့စွာနှင့်ပင်.. သူ၏ မိစ္ဆာနှိမ်နင်းတောင်ဝှေးကို ကိုင်မြှောက်ကာ ခုခံလိုက်ရ၏။
ချွမ်း..
အဲဒီမှာ နောက်ထပ် ကျယ်လောင်သော မြည်သံတစ်သံက ထွက်ပေါ်လာ၏။
အကြီးအကဲ ဟွေ့ရှင်း၏ လက်ဖဝါးက ကွဲထွက်သွားပြီး လတ်ဆတ်သော သွေးများက စီးကျလာ၏။ မိစ္ဆာနှိမ်နင်းတောင်ဝှေးက သူ၏လက်ထဲကနေ လွင့်စင်ထွက်သွားလေသည်။
ထိုစွမ်းအား၏ တုန်ခါမှုကနေ သူ၏သွားများ ကျွတ်ထွက်သွားပြီး သူ၏ပါးစပ်ထဲမှာ သွေးများက ပြည့်နှက်လာ၏။ သူ၏မျက်နှာက ဖိစီးနှိပ်စက်လာသော ဝေဒနာနှင့်အတူ အလွန်တရာ ပျက်ယွင်းနေ၏။
ထိုဒဏ်ရာများသည် တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်ကို မပြောနှင့်.. ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များအတွက်ပင် ဘာမှမပြောပလောက်ပေ။
ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး အခွင့်အရေးကို ချိန်ဆကာ ဖန်တီးခြင်းကြာပဒုမ္မာနှင့်အတူ နောက်တစ်ဖန် တိုက်ခိုက်လိုက်၏။
အကြီးအကဲ ဟွေ့ရှင်းသည် ခုခံဖို့အတွက် ဓမ္မပညာရပ်တစ်ခုကို အနိုင်နိုင်ထုတ်ဖော်လိုက်ရ၏။
ဘုန်း…
ဖန်တီးခြင်းကြာခုံက ဆင်းသက်လာပြီး ထိုဓမ္မပညာရပ်ကို ကြေမွပျက်စီးသွားစေ၏။
အကြီးအကဲ ဟွေ့ရှင်း၏ ပုံရိပ်က အလျင်အမြန် လဲကျသွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ကျကာ လူပုံသဏ္ဌာန် တွင်းချိုင့်တစ်ခုကို ဖြစ်ပေါ်စေပြီး ဖုန်များကို တထောင်းထောင်းထသွားစေ၏။
ကိုယ်တော်များ အားလုံးက မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် တံတွေးကို မျိုချလိုက်ကြရ၏။
မျိုးနွယ်စုခေါင်းဆောင်များသည် ပေါ်ထွက်လာခဲပြီး တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးများက ကျင့်ကြံရေးလောကမှာ အသန်မာဆုံး တည်ရှိမှုများဟု သတ်မှတ်နိုင်လေသည်။
သို့သော် ယခုအခါ.. ခံ့ညားထည်ဝါသော တစ်ပိုင်းမျိုးနွယ်စု ပညာရှင်တစ်ယောက်သည် အထီးကျန်သိုင်းသခင်၏ လက်ချက်ဖြင့် ဆိုးဆိုးဝါးဝါး အထုအထောင်းခံနေရ၏။
ဆူဇီမို၏ ပုံရိပ်က နောက်တစ်ဖန် ဆင်းသက်လာ၏။
ကိုယ်တော်များ၏ ရင်ထဲမှ ဒိန်းခနဲ ခုန်သွားလေသည်။
ကျောင်းထိုင်ဘုန်းကြီး ဟွေ့ရှန်က အလောတကြီး အော်ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်.. ဒီပင်္ကရာကျောင်းတော်မှာ ခင်ဗျားကို ဖိနှိမ်နိုင်တဲ့သူ ဘယ်သူမှ မရှိတော့ဘူးလို့ တကယ်ပဲ ထင်နေတာလား… ကျုပ်တို့မှာ ရှည်လျားတဲ့ သမိုင်းကြောင်းရှိတယ်.. မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကို ဖိတ်ခေါ်လိုက်မယ်ဆိုရင် ခင်ဗျားက သေချာပေါက် သေရလိမ့်မယ်”
သူသည် အချိန်မရွေး ချိုးချေနိုင်သည့် အဆောင်တစ်ခုကို သူ၏လက်ထဲမှာ ဆုပ်ကိုင်ထား၏။
သူက ထိုအဆောင်ကို ချိုးချေလိုက်လျှင် မဟာယာနမျိုးနွယ်စု ခေါင်းဆောင်တစ်ယောက်က ပေါ်ထွက်လာမည်ဟု ထင်ရလေသည်။
ဆူဇီမို၏ အမူအရာက အေးစက်လာပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ကျုပ်က မင်းကျန် ဘယ်နေရာမှာရှိလဲ သိချင်ခဲ့ရုံပဲ.. ခင်ဗျားတို့တွေက ကျုပ်ကို မပြောတဲ့အပြင်.. အခုတော့ ကျုပ်ကို ဖိနှိမ်ဖို့အတွက် မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကိုပါ အသုံးချချင်နေပြီလား… ခင်ဗျားတို့ရဲ့ မလုံမလဲ ပုံစံအရဆိုရင် ခင်ဗျားတို့က မင်းကျန်ကို သေချာပေါက် ထိခိုက်အောင်လုပ်ထားတာ ဖြစ်ရမယ်”
ထိုသို့ သူပြောလိုက်သည့် အချိန်တွင်.. ကျောင်းတော်ထဲရှိ အပူချိန်က ထိုးဆင်းသွား၏။
ကိုယ်တော်များ အားလုံးသည် နောက်ခဏ၌ အထီးကျန်သိုင်းသခင်၏ အမျက်ဒေါသကို တွေ့ကြုံခံစားရတော့မည့်အလားပင်။