← Chapters

အာသောက သစ်သား

Vol. 95 Ch. 1420

အာသောက သစ်သား

Vol. 95 Ch. 1420

“အဟမ်း”

ထိုစဉ်မှာပင်.. မလှမ်းမကမ်း ဖုန်လုံးများကြားမှ ညင်သာသော ချောင်းဟန့်သံတစ်သံ ထွက်ပေါ်လာ၏။

ပုံရိပ်တစ်ခုသည် ကြေမွနေသော မြေတွင်းချိုင့်ထဲကနေ ဖြည်းဖြည်းချင်း ဖက်တက်လာ၏။

သူက ဖုန်များဖြင့် ပေလူးနေပြီး ဆိုးဆိုးဝါးဝါးပုံပေါက်နေ၏။ သူက စောစောကတင် ဆူဇီမို ဖိနှိမ်ခဲ့သော တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးပညာရှင် အကြီးအကဲ ဟွေ့ရှင်း ဖြစ်လေသည်။

“ဟွေ့ရှန်.. အဲဒီအဆောင်ကို ပြန်သိမ်းထားလိုက်… ဒီကိစ္စနဲ့ ပတ်သက်ပြီး မျိုးနွယ်စုခေါင်းဆောင်ကို အသိပေးစရာ မလိုဘူး”

အကြီးအကဲ ဟွေ့ရှင်းက ခေါင်းခါပြလိုက်၏။

ကျောင်းထိုင်ဘုန်းကြီး ဟွေ့ရှန်သည် ခဏမျှ တွေဝေတုံ့ဆိုင်းပြီးနောက်.. သူ၏အဆောင်ကို သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်၏။ သို့သော်လည်း သူသည် အဲဒါကို အချိန်မရွေး ထုတ်ယူနိုင်သည့်အလား အဆင်သင့်ပြင်ထားလေသည်။

အကြီးအကဲ ဟွေ့ရှင်းက ဆူဇီမိုကို ကြည့်လိုက်၏။

“အထီးကျန်သိုင်းသခင်.. ခင်ဗျားက သက်ရှိအားလုံးအတွက် တာအိုတစ်ခု တည်ထောင်ပေးခဲ့တာကို ထောက်ထားပြီး ကျုပ်က ခင်ဗျားကို သတ်ဖို့အတွက် မျိုးနွယ်စုခေါင်းဆောင်ကို အသိမပေးလိုတော့ဘူး.. ဒါပေမဲ့ ခင်ဗျားက တာမင်းကျောင်းတော်နဲ့ ဖန်ဟွားကျောင်းတော်က အမွေအနှစ်ကို ဆက်ခံရရှိထားတယ်ဆိုတာ သတိရဦး.. အဲတော့ ခင်ဗျားကိုလည်း ဗုဒ္ဓကျောင်းတော်တွေရဲ့ တပည့်တစ်ပိုင်းအဖြစ် သတ်မှတ်လို့ ရတယ်”

“အဲဒါကြောင့်လည်း ကျုပ်က ကျုပ်ရဲ့ ခွန်အားကို အပြည့်အဝ ထုတ်မသုံးဘဲ ထိန်ချန်ထားခဲ့တာပေါ့”

ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။

“မဟုတ်ရင်.. စောစောက ကျုပ်တိုက်ခိုက်တဲ့ အချိန်မှာ ခင်ဗျား အပါအဝင် တခြားဘယ်သူကများ အသက်ရှင်နိုင်ဦးမယ် ထင်လို့လဲ”

ဆူဇီမိုသည် သတ်ဖြတ်ရာမှာ အမြဲတမ်း ပြတ်သားမှု ရှိလေသည်။

သို့သော်လည်း ဤတစ်ခေါက်မှာတော့… သူ့ကို တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်ကပါ တိုက်ခိုက်လာခဲ့တာတောင် သူက သူ၏ သတ်ဖြတ်လိုစိတ်ကို ချုပ်တည်းထားခဲ့၏။

စောစောက တိုက်ပွဲသည် ပြင်းထန်သည်ဟု ထင်ရသော်လည်း ဒီပင်္ကရာကျောင်းတော်မှ မည်သည့်ကိုယ်တော်မှ သေဆုံးမသွားခဲ့ပေ။

ဆူဇီမိုကို ရန်စပြောဆိုခဲ့သော ကိုယ်တော်ခုံးရူပင်လျှင် ဆူဇီမို၏ အော်သံကြောင့် သတိလစ်သွားခဲ့ခြင်းဖြစ်ပြီး မည်သည့်ဒဏ်ရာမှ ရရှိမသွားခဲ့ပေ။

ကိုယ်တော်များက တိတ်တဆိတ်ဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

အတိတ်ကာလက အထီးကျန်သိုင်းသခင်၏ စိတ်နေစရိုက်အရ.. သူ့အနေဖြင့် သူ၏ အမျက်ဒေါသကို ဤမျှအတိုင်းအတာထိ ချုပ်တည်းထားနိုင်သည်မှာ အတော်ပင် ရှားရှားပါးပါး ဖြစ်နေပြီဟု ဆိုနိုင်လေသည်။

ကောင်းကင်နှင့်မြေကြီးတောင်ကြား တိုက်ပွဲမှာတုန်းက အထီးကျန်သိုင်းသခင်နှင့် ရင်ဆိုင်ပြီး သေဆုံးခဲ့ရသော ဓမ္မဝိသေသ တာအိုအရှင်များနှင့် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ ဘယ်လောက်တောင် များခဲ့သလဲ…။

ကျောင်းထိုင်ဘုန်းကြီး ဟွေ့ရှန်က မနေနိုင်ဘဲ ပြောလိုက်၏။

“အဲ့လိုဆိုရင်တောင် ခင်ဗျားက ကျုပ်တို့ ကျောင်းတော်ထဲကို အတင်းဝင်ရောက်လာတာကို နားလည်လက်ခံမပေးနိုင်ဘူး”

“ဟင်းဟင်း”

ဆူဇီမိုက ပြုံး၍ ခေါင်းခါပြလိုက်၏။

“ကျုပ်က ဒီကိုရောက်လာတဲ့ အချိန်မှာ ဘယ်စည်းကိုမှ ဖြတ်မကျော်ခဲ့ဘူး.. ကျုပ်က ဒီပင်္ကရာကျောင်းတော်ရဲ့ အပြင်ဘက်မှာ ခြောက်နာရီလုံးလုံး စောင့်နေခဲ့တယ်.. ဒါပေမဲ့ ခင်ဗျားတို့ဘက်က ဘာတုံ့ပြန်မှုမှ ရှိမလာခဲ့ဘူး”

ကိုယ်တော်များက တိတ်ဆိတ်ငြိမ်သက်သွားကြ၏။

“ကျုပ်က တောင်ကုန်းပေါ်ကို တက်ပြီး ခင်ဗျားတို့ဆီက အကျိုးအကြောင်း ဖြေရှင်းချက်ကို ကြားချင်ခဲ့ရုံပဲ.. ဒါပေမဲ့ ခင်ဗျားတို့တွေက ကျုပ်ကို တားဆီးပြီး ကျုပ်ကို အတွေ့မခံဘဲနဲ့ တိုက်ခိုက်တောင်မှ တိုက်ခိုက်ခဲ့သေးတယ်”

ဆူဇီမိုက လှောင်ပြောင်သရော်လိုသော အမူအရာဖြင့် ပြောလိုက်၏။

“ကောင်းတာပေါ့.. ခင်ဗျားတို့တွေက ကျုပ်ကို တိုက်ခိုက်ခဲ့ပြီး မနိုင်တော့မှ ခင်ဗျားတို့ရဲ့ ကျိုးကြောင်းဆီလျော်မှုထဲ ပုံသွင်းချင်နေတာလား”

“ခင်ဗျား..”

ကျောင်းထိုင်ဘုန်းကြီး ဟွေ့ရှန်သည် ဆူဇီမို၏ စကားကို ကြားရပြီးနောက်.. ပြောစရာစကားမဲ့သွားပြီး ရှက်ရွံ့မှုဖြင့် သူ၏မျက်နှာက နီမြန်းသွား၏။

“ကျုပ်မှာ မေးခွန်းတစ်ခုပဲ ရှိတယ်.. မင်းကျန် ဘယ်မှာလဲ”

ဆူဇီမို၏ အကြည့်က တောက်လောင်လာပြီး ကိုယ်တော်ဟွေ့ရှန်နှင့် အခြားသူများ၏ မျက်နှာပေါ်သို့ ဆင်းသက်သွားလေသည်။ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“တာအိုအမွေအနှစ်ကုန်းမြေမှာတုန်းက မင်းကျန်က မည်ကာမတ္တတပည့် ဖြစ်နေခဲ့သေးတယ်.. သူ့ရဲ့ ဘွဲ့ကို ဘယ်အချိန်က ရုတ်သိမ်းလိုက်တာလဲ”

ခဏမျှ ရပ်တန့်ပြီးနောက်.. ဆူဇီမိုက အတန်​ကြာ တွေဝေတုံ့ဆိုင်းနေပြီးမှ အံကိုကြိတ်ကာ မေးလိုက်၏။

“မင်းကျန်က အသက်ရှင်နေသေးလား.. ဒါမှမဟုတ် သေသွားပြီလား”

ကိုယ်တော်များက တိတ်ဆိတ်ငြိမ်သက်သွားကြ၏။

ကိုယ်တော် ဟွေ့ရှန်က အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောလိုက်၏။

“ဒကာ အထီးကျန်သိုင်းသခင်.. ဘုန်းကြီးတွေက မလိမ်တတ်ဘူး.. မင်းကျန်က ကျောင်းတော်ထဲမှာ မရှိတော့ဘူး.. ထွက်ခွာသွားပြီဆိုတာ အမှန်ပဲ”

“သူ ဘယ်ကို သွားခဲ့တာလဲ”

ဆူဇီမိုက တစ်ဖန်ထပ်၍ မေးလိုက်၏။

ကျောင်းထိုင်ဘုန်းကြီး ဟွေ့ရှန်က တွေဝေတုံ့ဆိုင်းနေ၏။

ဆူဇီမိုက ရင်ထဲမှာ နင့်သွားပြီး တစ်စုံတစ်ရာ လွဲမှားနေသည်ကို ခံစားမိသွားကာ သူက အော်မေးလိုက်လေသည်။

“မင်းကျန် သေပြီလား.. အသက်ရှင်နေသေးလား.. ကျုပ်ကို အဖြေတစ်ခု ပေးစမ်းပါ”

“အာ..”

ဘေးကနေ အကြီးအကဲ ဟွေ့ရှင်းက သက်ပြင်းချလိုက်၏။

“မင်းကျန်က သေသွားလောက်ပြီ ထင်တယ်..”

သူသည် ဤကိစ္စကို ကြိုတင်ပြင်ဆင်ထားသော်လည်း ဆူဇီမိုသည် အကြီးအကဲ ဟွေ့ရှင်း၏ စကားကို ကြားရသောအခါ ဝမ်းနည်းပူဆွေးမှုကို မထိန်းချုပ်နိုင်ခဲ့ပေ။

သူ၏စိတ်ထဲတွင်.. နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ ကြည်လင်သန့်စင်သော နှလုံးသားနှင့် ရိုးသားဖြောင့်မတ်သော ဦးပဉ္ဇင်းလေးတစ်ပါးကို ပြန်လည်မြင်ယောင်လာ၏။

သူ၏နားထဲသို့ အသံတစ်သံက ဝင်ရောက်လာပုံရ၏။

“မင်းရှင်.. အခုကစပြီး ငါက မင်းရဲ့ စီနီယာအစ်ကိုပဲ”

တာအိုအမွေအနှစ်ကုန်းမြေမှာတုန်းက.. ထိုကိုယ်တော်လေးသည် အစိမ်းရောင် မီးအိမ်ကို ကိုင်ဆွဲပြီး သူနှင့်အတူ တိုက်ခိုက်ဖို့အတွက် တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ ရောက်ရှိလာခဲ့၏။

သို့သော် ယခုအခါ အတိတ်ကာလက အရာရာတိုင်းသည် အကြီးအကဲ ဟွေ့ရှင်းထံမှ စကားတစ်ခွန်း ထွက်ပေါ်လာပြီးနောက် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။

“ကျုပ်ကို ပြောစမ်းပါ.. ဘာတွေ ဖြစ်ခဲ့တာလဲ”

ဆူဇီမိုက အတန်ကြာအောင် တိတ်တဆိတ် မတ်တတ်ရပ်နေပြီးမှ သူ၏စိတ်ကို တည်ငြိမ်စေလိုက်၏။ သူက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး ဖြည်းဖြည်းချင်း မေးလိုက်လေသည်။

“အဲဒါက လွန်ခဲ့တဲ့ ဆယ်နှစ်က စခဲ့တာပဲ”

အကြီးအကဲ ဟွေ့ရှင်းက ပြန်ပြောင်းပြောဆိုလိုက်၏။

“လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က တောင်ပိုင်း တူနှစ်ကိုယ်ဂိုဏ်းက ကျင့်ကြံသူတွေက သူတို့ရဲ့ ဂိုဏ်းအနီးနားဝန်းကျင်မှာ အဆုံးစွန်ရတနာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြတယ်”

“တောင်ပိုင်း တူနှစ်ကိုယ်ဂိုဏ်းလား”

ဆူဇီမို၏ အမူအရာက ပြောင်းလဲသွား၏။

တောင်ပိုင်း တူနှစ်ကိုယ်ဂိုဏ်းသည် အဆင့်မြင့်ဂိုဏ်း ၁၀၈ ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်၏။

သူသည် ဥပစာ ရှေးဟောင်းတိုက်ပွဲမြေကို စတင်ဝင်ရောက်ခဲ့စဉ်က တောင်ပိုင်း တူနှစ်ကိုယ်ဂိုဏ်းမှ ကျင့်ကြံသူများနှင့် တွေ့ကြုံခဲ့ဖူးပြီး သူတို့ထဲမှ ထန်ရှစ်ယွင်ဟု အမည်ရသော အမျိုးသမီးကျင့်ကြံသူ တစ်ယောက်ကို ဝိုးတဝါး မှတ်မိသေးလေသည်။

ခဏမျှ စဉ်းစားပြီးနောက်.. အကြီးအကဲ ဟွေ့ရှင်းက ဆက်ပြောလိုက်၏။

“အဲဒီ အဆုံးစွန်ရတနာက ကြီးမားတဲ့ အာသောက သစ်သားပိုင်းတစ်ပိုင်းပဲ”

“ဟမ်”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

အာသောက သစ်သား…

ဗုဒ္ဓကျောင်းတော်များမှာ အထွတ်အမြတ်သစ်ပင် သုံးပင် ရှိသည်ဟု ကိုယ်တော်ယွမ်ပေက ပြောပြခဲ့ဖူးလေသည်။ သူတို့က အာသောက၊ ဗောဓိနှင့် အင်ကြင်းပင်တို့ ဖြစ်၏။

အထွတ်အမြတ်သစ်ပင် သုံးပင်သည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ မရှိဘဲ သူတို့ကို သန့်စင်သော မဟာကုန်းမြေမှာသာ တွေ့မြင်ရနိုင်သည်ဟု ဗုဒ္ဓကျောင်းတော်များ၏ ရှေးဟောင်းကျမ်းစာများမှာ မှတ်တမ်းတင် ဖော်ပြထားလေသည်။

ယခု သူသည် အဲဒါကို ပြန်တွေးကြည့်သောအခါ ဗုဒ္ဓကျောင်းတော်များ၏ သန့်စင်သော မဟာမြေဆိုသည်မှာ အထက်ဘုံကို ရည်ညွှန်းသော စကားလုံးတစ်ခု ဖြစ်နိုင်လေသည်။

ရှေးဟောင်းခေတ်တုန်းက အာသောက ပန်းတစ်ပွင့်သည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးဆီသို့ ကျဆင်းလာခဲ့ပြီး အဲဒါကို ဖာဟွားကျောင်းတော်၏ တည်ထောင်သူ သခင်က ရရှိခဲ့လေသည်။ အဲဒါကို ဗုဒ္ဓကျောင်းတော်များ၏ အဆုံးစွန်ရတနာတစ်ခုအဖြစ် သတ်မှတ်ပြီး ဤနေ့အထိ လက်ဆင့်ကမ်းခဲ့ကြလေသည်။ နောက်ဆုံးမှာတော့ ထိုရတနာသည် ဆူဇီမို၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာခဲ့ပြီး သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့၏။

သူ၏ အမည်အတိုင်းပင်.. အာသောက သစ်သားသည် အာသောက သစ်ပင်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လေသည်။

အာသောကပန်းသည် အာသောက သစ်ပင်၏ ပန်းတစ်ပွင့်မျှသာ ဖြစ်ပြီး အလွန်တရာ များပြားသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားများကို ပိုင်ဆိုင်ထားခဲ့လေသည်။

ကြီးမားသည့် အာသောက သစ်သားပိုင်းတစ်ပိုင်းက ဘယ်လောက်တောင် အံ့မခန်း ထူးခြားမလဲ စဉ်းစားကြည့်နိုင်လေသည်။

ထိုကဲ့သို့သော အရာမျိုးကို ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များပင်လျှင် လိုချင်တပ်မက်ကြပေလိမ့်မည်။

အကြီးအကဲ ဟွေ့ရှင်းက ဆက်ပြောလိုက်၏။

“ဘာလို့လဲတော့ မသိဘူး.. အာသောက သစ်သားပိုင်း တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှာ ပေါ်ထွက်လာတဲ့ သတင်းက ပျံ့နှံ့သွားခဲ့ပြီးတော့ သူတို့ဂိုဏ်းကို ပျက်စီးစေမယ့် ကပ်ဘေးတစ်ခု ဆင်းသက်လာစေခဲ့တယ်”

“ဘာလို့လဲ.. ဘယ်ဂိုဏ်း၊ ဘယ်အဖွဲ့အစည်း ဒါမှမဟုတ် ဘယ်ပညာရှင်က အာသောက သစ်သားကို လုယူသွားခဲ့တာလဲ”

ဆူဇီမိုက သူ၏မျက်လုံးကို မှေးကျဉ်းပြီး မေးလိုက်၏။

“မဟုတ်ဘူး”

အကြီးအကဲ ဟွေ့ရှင်းက ခေါင်းခါပြလိုက်၏။

“အဲဒါကို လုယူသွားတာက ကျင့်ကြံရေးလောကရဲ့ အဖွဲ့အစည်းတစ်ခု မဟုတ်ဘူး.. အဲဒါက ကမ္ဘာဦးမျိုးနွယ် ၉စုထဲက တစ်စုဖြစ်တဲ့ သွေးနွယ်ပင်မျိုးနွယ်ပဲ”

ဆူဇီမို၏ မျက်လုံးက သတ်ဖြတ်လိုစိတ်ဖြင့် တောက်ပလာ၏။

အကြီးအကဲ ဟွေ့ရှင်းက ပြောလေသည်။

“သွေးနွယ်ပင်မျိုးနွယ်ရဲ့ အစစ်အမှန်ပုံစံက ကမ္ဘာဦး သွေးနွယ်ပင်တစ်မျိုးပဲ.. သူတို့က သွေးဆာရက်စက်တယ်ဆိုပေမဲ့ သူတို့က သစ်ပင်အမျိုးအစားတစ်ခုပဲ.. သူတို့အတွက်တော့ အာသောက သစ်သားက ပကတိ မဟာအားတိုးဆေးတစ်ခု ဖြစ်ပြီး သူတို့ကို သေလောက်အောင် ဆွဲဆောင်နိုင်တယ်”

“အဲဒီသတင်း ပျံ့နှံ့သွားပြီး မကြာခင်မှာပဲ သွေးနွယ်ပင် စစ်တပ်က တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းကို တိုက်ခိုက်လာကြတယ်”

ဆူဇီမိုက မှင်သေသေဖြင့် မေးလိုက်၏။

“ကျုပ်ထင်တာ မမှားဘူးဆိုရင်.. ဒီပင်္ကရာကျောင်းတော်က အဲဒါကို ကူညီမပေးခဲ့ဘူး.. ဟုတ်တယ်မလား”

အကြီးအကဲ ဟွေ့ရှင်းက ခါးသက်စွာ ရယ်မောလိုက်၏။

“ကျုပ်တို့က ဘယ်လို ကူညီပေးရမှာလဲ… သွေးနွယ်ပင်မျိုးနွယ်က အရမ်းကို ကြောက်ဖို့ကောင်းတယ်.. ကျုပ်တို့က သူတို့ကို ခုခံနိုင်မှာ မဟုတ်ဘူး”

“ဟမ့်”

ဆူဇီမိုက လှောင်ရယ်လိုက်၏။

ထိုစကားလုံးများက ဆင်ခြေများသာ ဖြစ်လေသည်။

ဤကိစ္စသည် သူတို့နှင့် ပတ်သက်မှု မရှိသောကြောင့်သာ ဒီပင်္ကရာကျောင်းတော်က လက်ရှောင်ခဲ့ခြင်း ဖြစ်လေသည်။

သို့သော်လည်း ဒီပင်္ကရာကျောင်းတော်သည် ဗုဒ္ဓကျောင်းတော် ၆ကျောင်းထဲမှ တစ်ကျောင်းနှင့် ကျင့်ကြံရေးလောကရှိ ထိပ်သီးဂိုဏ်းကြီး တစ်ဂိုဏ်းအနေဖြင့် သူတို့သည် ဤကဲ့သို့ စိတ်နေသဘောထား ရှိသည်မှာ ဝမ်းနည်းစရာကောင်းလေသည်။

ဆူဇီမိုက ထပ်မေးလိုက်၏။

“အဲဒီနောက် ဘာဖြစ်ခဲ့တာလဲ.. အဲဒါက မင်းကျန်နဲ့ ဘယ်လိုပတ်သက်တာလဲ”

ထိုစကားကို ကြားရသောအခါ ဒီပင်္ကရာကျောင်းတော်မှ ကိုယ်တော်များသည် ရှက်ရွံ့သည့်ပုံပေါက်လာကြ၏။

ခဏကြာပြီးနောက်.. အကြီးအကဲ ဟွေ့ရှင်းက ပြောလိုက်၏။

“ကျုပ်တို့က အဲဒီကိစ္စမှာ ဝင်မပါလိုခဲ့ဘူး.. ဒါပေမဲ့ မင်းကျန်က တောင်ပိုင်း တူနှစ်ကိုယ်ဂိုဏ်းကို သွားရောက်ကူညီဖို့ အတင်းအကျပ် ပြောဆိုခဲ့တယ်”

“ကျုပ်တို့က သွေးနွယ်ပင်မျိုးနွယ်နဲ့ မျက်နှာချင်းဆိုင် မတိုက်ခိုက်ချင်ဘူး ဆိုရင်တောင် ကျုပ်တို့က လူတွေကို ကယ်ဖို့အတွက် နည်းလမ်းတစ်ခုကို စဉ်းစားရမယ်လို့ သူက ပြောခဲ့တယ်.. တောင်ပိုင်း တူနှစ်ကိုယ်ဂိုဏ်းက ကျင့်ကြံသူအများစုက အပြစ်ကင်းစင်ကြတယ်.. ဗုဒ္ဓက စေတနာ မေတ္တာ ကြီးမားပြီးတော့ အများလူထုကို ကယ်ချွတ်ပေးနိုင်တယ်.. ဒါပေမဲ့ ကျုပ်တို့က အဲ့လို မလုပ်နိုင်ခဲ့ဘူး”

ထိုနေရာ အရောက်တွင်.. ဆူဇီမိုက တိတ်ဆိတ်ငြိမ်သက်သွား၏။

“အော်မီတောဖော”

ကိုယ်တော်များသည် ရှက်ရွံ့မှုဖြင့် သူတို့၏ ခေါင်းများကို ငုံ့ထားလိုက်ကြ၏။

All Chapters