သတ်ဖြတ်ခြင်းတံဆိပ်ပြား
Vol. 95 Ch. 1421
ဆူဇီမိုသည် ဒီပင်္ကရာကျောင်းတော်က ဤကဲ့သို့ ရွေးချယ်မှုပြုလုပ်ခဲ့သည်ကို အံ့အားသင့်သွားခြင်း မရှိပေ။
ဂိုဏ်းများဖြစ်စေ ၊ အဖွဲ့အစည်းများဖြစ်စေ ၊ ကျင့်ကြံသူများ ကိုယ်တိုင်ဖြစ်စေ ရက်စက်ကြမ်းကြုတ်လှသော ကျင့်ကြံရေးလောကတွင် သူတော်ကောင်းဆန်ဆန် မရှင်သန်နိုင်ကြပေ။ အင်မော်တယ်ဂိုဏ်းများသည် အထက်လမ်းဂိုဏ်းများဖြစ်ပြီး နတ်ဆိုးများနှင့် မိစ္ဆာများကိုသတ်ဖြတ်ခြင်းသည် သူတို့၏ သမိုင်းပေးတာဝန်အဖြစ်ခံယူထားသော်လည်း တကယ်တမ်းကြောက်စရာကောင်းသည့် နတ်ဆိုးသို့မဟုတ် မိစ္ဆာတစ်ကောင်ပေါ်ထွက်လာမည်ဆိုလျှင် သူတို့က ဝင်ပါချင်မှ ဝင်ပါပေတော့မည်။
ဆန့်ကျင်ဘက်အနေဖြင့် အင်မော်တယ်ဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းတချို့သည် အကျိုးအမြတ်တစ်စုံတစ်ရာအတွက် ပူးပေါင်းတာပင် ဖြစ်နိုင်သေးလေသည်။
ဗုဒ္ဓကျောင်းတော်များအတွက်လည်း ထို့အတူပင်။
ဗုဒ္ဓသည် မေတ္တာတရားကြီးမားပြီး သတ္တဝါများအားလုံးကို ကယ်ချွတ်ပေးခဲ့၏။ သို့သော်လည်း ဗုဒ္ဓဝါဒကို ကျင့်ကြံထားသော လူဘယ်လောက်များများကများ သက်ရှိအားလုံးအပေါ် တူညီစွာ ဆက်ဆံနိုင်ပါမည်နည်း။
ဒီပင်္ကရာကျောင်းတော်တင်မဟုတ်ပဲ တောင်ပိုင်းဒေသ၏ အခြားသော ထိပ်သီးဂိုဏ်းကြီးများကလည်း ဤကိစ္စမှာ ဝင်မပါဖို့ လက်ရှောင်ခဲ့ကြလေသည်။
မင်းကျန်သည် ဤကဲ့သို့ဆုံးဖြတ်ချက်ချသွားခြင်းနှင့် ပတ်သက်၍လည်း ဆူဇီမိုက အံအားသင့်သွားခြင်း မရှိပေ။ အကြောင်းမှာ သူသည် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ မင်းကျန်နှင့်အတူ နှစ်နှစ်ဆယ်တိတိ အတူနေထိုင်လာခဲ့ပြီး ထိုသူ့အကြောင်းကို ကောင်းကောင်းသိထားသောကြောင့်ဖြစ်၏။
မင်းကျန်သည် ကြည်လင်သန့်စင်သော နှလုံးသားရှိပြီး ဗုဒ္ဓဝါဒအပေါ်မှာ စိတ်ရောကိုယ်ပါနှစ်မြှုပ်ထားလေသည်။
ရက်စက်ကြမ်းကြုတ်သော ဤပတ်ဝန်းကျင်မှာပင်လျှင် သူ၏စိတ်နေစရိုက်က ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။ တစ်ခါတုန်းက ကမ္ဘာ့ကွန်ချာဗုဒ္ဓသည် ငရဲက ဗလာမကျင်းသေးသရွေ့ ဗုဒ္ဓအဖြစ်ကိုမခံယူဘူးဟု သစ္စာဆိုခဲ့လေသည်။
မင်းကျန်သည်လည်း ထိုကဲ့သို့ တူညီသောသစ္စာကို ကျိန်ဆို၍ တာအိုအမွေအနှစ်ကုန်းမြေမှာ အသိအမှတ်ပြုမှုကို လက်ခံရရှိပြီး ကမ္ဘာ့ကွန်ချာဗုဒ္ဓ၏ အမွေအနှစ်ကို ဆက်ခံရရှိနိုင်ခဲ့ခြင်းဖြစ်၏။
တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းသည် သွေးနွယ်ပင်မျိုးနွယ်၏ တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး ထိုနေရာမှာရှိခဲ့သည့် အန္တရာယ်များက ငရဲဘုံနှင့် မခြားနားခဲ့ပေ။
ဆူဇီမိုသည် အကြီးအကဲဟွေ့ရှင်း ၊ ကျောင်းထိုင်ဘုန်းကြီးဟွေ့ရှန်နှင့် အခြားကိုယ်တော်များကိုကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။
“မင်းကျန်က ကျင့်ကြံမှုအဆင့်မှာတော့ ခင်ဗျားတို့ထက် နိမ့်ကျလိမ့်မယ်... ဒါပေမဲ့ သူ့ရဲ့ စိတ်သဘောထားကြီးမြတ်မှုကိုတော့ ခင်ဗျားတို့တွေထဲ ဘယ်သူကမှ ယှဥ်နိုင်မှာမဟုတ်ဘူး”
ကိုယ်တော်များသည် သက်ပြင်းချ၍ ငြင်းဆန်ခြင်းမရှိဘဲ ခေါင်းငုံ့သွားကြ၏။
သက်ပြင်းရှည်တစ်ချက်ချပြီးနောက် ဆူဇီမိုက ထပ်မေးလိုက်၏။
“အဲ့ဒီနောက် ဘာဖြစ်ခဲ့တာလဲ”
“မင်းကျန်က အဲ့ဒီကိုမရမက သွားချင်နေခဲ့တယ်... အဲ့ဒါကြောင့် ငါက သူ့ကို အန္တရာယ်ကိုမခံယူဖို့နဲ့ အမှားအယွင်းတစ်စုံတစ်ရာရှိရင် တတ်နိုင်သမျှအမြန်ဆုံး ပြန်လာခဲ့ဖို့သာ မှာလိုက်နိုင်တယ် ဒါပေမဲ့...”
ကျောင်းထိုင်ဘုန်းကြီးဟွေ့ရှန်သည် ခဏမျှတွေဝေသွားပြီးနောက် သူ၏မျက်လုံးက မှေးမှိန်သွားကာ သက်ပြင်းချလိုက်၏။
“ဒါပေမဲ့... မင်းကျန်က တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းကို ဝင်ရောက်သွားပြီးတဲ့နောက် ဘယ်တော့မှ ပြန်ထွက်မလာခဲ့တော့ဘူး”
ဆူဇီမို၏အမူအရာက အေးစက်လာပြီး ကျယ်လောင်စွာမေးခွန်းထုတ်လိုက်၏။
“မင်းကျန်က မည်ကာမတ္တတပည့်ပဲ... ဒါတောင် တောင်ပိုင်းဒေသမှာ သူတစ်ခုခုဖြစ်သွားတာတောင်မှ ဒီပင်္ကရာကျောင်းတော်က လက်ရှောင်ဖို့ရွေးချယ်ခဲ့တယ်ပေါ့”
“ကျုပ်.... အာ.....”
ကျောင်းထိုင်ဘုန်းကြီးဟွေ့ရှန်က တစ်စုံတစ်ရာကပြောချင်သော်လည်း နောက်ဆုံးမှာတော့ သက်ပြင်းရှည်တစ်ချက်ချလိုက်၏။
“ကျုပ်တို့က ဘယ်လိုဝင်ပါရမှာလဲ... အဲ့ဒီမင်းကျန်က ကျုပ်တို့ရဲ့ အကြံကိုမှ...”
ဘေးကနေ ကိုယ်တော်တစ်ပါးက တီးတိုးရေရွတ်လိုက်၏။
“မင်းဘာစကားပြောတာလဲ”
ဆူဇီမိုက ထိုသူကို အေးစက်စွာစိုက်ကြည့်ပြီး ငေါက်ငမ်းလိုက်၏။
ထိုကိုယ်တော်သည် အလွန်တရာကြောက်လန့်သွားပြီး ပြောလက်စသူ၏စကားများကို ပြန်မျိုချကာ ဆူဇီမို၏အကြည့်နှင့် ဆုံရဲခြင်းမရှိပဲ တိတ်ဆိတ်ငြိမ်သက်သွား၏။
အကြီးအကဲဟွေ့ရှင်းက ညင်သာစွာ သက်ပြင်းချလိုက်၏။
“ဒကာအထီးကျန်သိုင်းသခင်... ကျုပ်တို့ပြောတဲ့ အကြောင်းအရာတွေကို ခင်ဗျားလက်ခံနိုင်ချင်မှ လက်ခံနိုင်မယ်ဆိုတာ ကျုပ်သိပါတယ်... ဒါပေမဲ့ ကျုပ်တို့မှာ တကယ်ပဲ တခြားရွေးချယ်စရာမရှိခဲ့ဘူး”
“သွေးနွယ်ပင်မျိုးနွယ်ရဲ့ သခင်လေးက ဒီတစ်ခေါက်မှာ စစ်တပ်တစ်တပ်ကိုဦးဆောင်ပြီး တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှာ ထင်တိုင်းကြဲ သတ်ဖြတ်ခဲ့တယ်လို့ ကျုပ်တို့ကြားသိရတယ်... သူတို့က လူပေါင်းထောင်နဲ့ချီပြီး ရောက်လာခဲ့ကြတယ်... သွေးနွယ်ပင်မျိုးနွယ်က သခင်လေးအနေနဲ့ ထန်လင်းကျီက လက်ရှိမျိုးဆက်မှာ အသန်မာဆုံးပြန်ဝင်စားမွန်းစတားပဲ... သူက ပေါင်းစည်းခန္ဓာအဆင့်မှာရှိနေသေးတယ်ဆိုပေမဲ့ ကျုပ်က သူ့ကိုယှဥ်နိုင်မှာ မဟုတ်ဘူး”
“ဟင်းဟင်း”
ဆူဇီမိုက လှောင်ရယ်လိုက်လေသည်။
“ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းအနေနဲ့ ဒီပင်္ကရာကျောင်းတော်မှာ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တွေရှိမှာပဲ... ဟုတ်တယ်မလား တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတွေက အဲ့ဒါကို မလုပ်နိုင်ဘူးဆိုရင် တံခါးပိတ်ကျင့်ကြံနေတဲ့ မျိုးနွယ်စုခေါင်းဆောင်တွေကို ဆင့်ခေါ်လိုက်ပေါ့... ခင်ဗျားတို့တွေက စောစောကတောင် ကျုပ်ကိုသတ်ဖို့အတွက် မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကို ဆင့်ခေါ်ချင်ခဲ့တယ်မလား”
“ဘာလို့လဲ... ခင်ဗျားတို့က ကျုပ်ကိုတော့ သတ်ရဲတဲ့သတ္တိရှိတယ်... တခြားပြင်ပမျိုးနွယ်က ရန်သူတွေကိုတော့ သတ်ဖြတ်ရဲတဲ့ သတ္တိမရှိကြဘူးလား”
“မဟုတ်ပါဘူး”
အကြီးအကဲဟွေ့ရှင်းက ခေါင်းခါပြလိုက်၏။
“ကျုပ်တို့က မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကို ဆင့်ခေါ်လိုက်မယ်ဆိုရင် ကျုပ်တို့က တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းက သွေးနွယ်ပင်မျိုးနွယ်ဝင်တွေကို ဖိနှိမ်နိုင်လိမ့်မယ် ဒါပေမဲ့... အဲ့ဒီအချိန်ကျရင် သွေးနွယ်ပင်မျိုးနွယ်က မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် သေချာပေါက် ပေါ်ထွက်လာပြီး ဒီပင်္ကရာကျောင်းတော်အတွက် ကပ်ဆိုးတစ်ခုဖြစ်လာလိမ့်မယ်”
“အဲ့ဒါဆိုလည်း အဲ့ဒီအချိန်ကျရင် ဧကရာဇ်တစ်ပါးကို ဆင့်ခေါ်လိုက်ပေါ့”
ဆူဇီမိုက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဒီပင်္ကရာကျောင်တော်က ရှည်လျားတဲ့သမိုင်းကြောင်းရှိခဲ့တာပဲ... ခင်ဗျားတို့တွေမှာ ဧကရာဇ်တစ်ပါးတောင် မရှိကြဘူးလား”
အတန်ကြာတိတ်ဆိတ်ပြီးနောက် အကြီးအကဲဟွေ့ရှင်းက အသံတစ်ခုကို တိတ်တဆိတ် ပို့လွှတ်လိုက်လေသည်။
“ဒကာအထီးကျန်သိုင်းသခင်... ဧကရာဇ်တစ်ပါးဖြစ်ဖို့ဆိုတာ အရမ်းကိုခဲယဥ်းတယ်... ဒီပင်္ကရာကျောင်းတော်ရဲ့ သမိုင်းမှာ တကယ်ပဲ ဧကရာဇ်တွေရှိခဲ့ဖူးတယ်.. ဒါပေမဲ့ ဒီဘက်မျိုးဆက်မှာ ဘယ်မျိုးနွယ်စုခေါင်းဆောင်ကမှ ဧကရာဇ်အဖြစ် မတက်လှမ်းနိုင်ခဲ့ကြဘူး”
“အဲ့ဒါက ဒီပင်္ကရာကျောင်းတော်ရဲ့ လျှို့ဝှက်ချက်တစ်ခုပဲ... ဒကာအထီးကျန်သိုင်းသခင် ကျေးဇူးပြုပြီး... အဲ့ဒီအကြောင်းကို အပြင်မှာပြန်မပြောဖို့ တောင်းဆိုပါရစေ”
ဆူဇီမိုက တိတ်ဆိတ်ငြိမ်သက်သွား၏။
အကြီးအကဲဟွေ့ရှင်းသည် ဤကဲ့သို့သော လျှို့ဝှက်ချက်ကို ထုတ်ပြောလာခြင်းသည် သူက ဤကဲ့သို့သော ရွေးချယ်မှုကို မပြုလုပ်ခင် အသေအချာအလေးအနက် စဥ်းစားတွေးတောခဲ့ကြောင်း သိသာလေသည်။
အကြီးအကဲဟွေ့ရှင်းသည် နောက်ထပ်အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်လိုက်၏။
“အဲ့ဒါက ကျုပ်တို့ချည်းပဲမဟုတ်ဘူး... ကျုပ်တို့က ဒီပင်္ကရာကျောင်းတော်ရဲ့ ကံကြမ္မာကို ပခုံးထမ်းပေးထားရတာ”
“ကျုပ်တို့က... မင်းကျန်ကိုကယ်တင်ပြီး သွေးနွယ်ပင်မျိုးနွယ်က မျိုးနွယ်စုခေါင်းဆောင် ဒါမှမဟုတ် ဧကရာဇ်တစ်ပါးကို ရန်စမိမယ်ဆိုရင် ဒီပင်္ကရာကျောင်းတော်ရဲ့ အမွေအနှစ်က ပျောက်ဆုံးသွားပြီးတော့ ကျုပ်တို့က ဒီပင်္ကရာကျောင်းတော်ရဲ့ ထာဟရအပြစ်သားတွေ ဖြစ်လာလိမ့်မယ်”
ဆူဇီမိုသည် ဒီပင်္ကရာကျောင်းတော်၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ လက်မခံချင်သော်လည်း သူက အပြစ်တင်ဖို့အတွက် နောက်ထပ်အကြောင်းပြချက်ကို ရှာမရတော့ပေ။
မင်းကျန်ရယ် ၊ ဂိုဏ်းရဲ့အမွေအနှစ်ရယ် ၊ ထောင်ပေါင်းများစွာသော ကိုယ်တော်တွေရယ် ယှဥ်မည်ဆိုရင် ဒီပင်္ကရာကျောင်းတော်သည် ဂိုဏ်း၏အမွေအနှစ်နှင့် သူတို့၏ကိုယ်တော်များကို ကာကွယ်ဖို့သာ ရွေးချယ်ပေလိမ့်မည်။
သို့သော်လည်း ဤရွေးချယ်မှုက မှန်ကန်သောဆုံးဖြတ်ချက်လား သို့မဟုတ် မှားယွင်းသောဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့သလားဆိုတာကတော့ ပြောဖို့ခက်လေသည်။
အနည်းဆုံးတော့ ဆူဇီမိုသည် အဲ့ဒါနှင့်ပတ်သက်၍ သဘောတူလက်ခံခြင်း မရှိပေ။
သူတို့သည် ယနေ့မှာ ပြင်ပမျိုးနွယ်များကို အလျှော့ပေးလိုက်မည်ဆိုလျှင် ထိုသူများသည် နောက်နေ့မှာ သေချာပေါက် အတင့်ရဲစွာ ထပ်မံပြုမူလာပေလိမ့်မည်။
ဆက်တိုက်နောက်ဆုတ်ပေးခြင်းက မှန်ကန်သောအဖြေတစ်ခုမဟုတ်ပေ။ သို့သော်လည်း ဒီပင်္ကရာကျောင်းတော်သည် ဤကိစ္စအတွက်အခြားသော ထိပ်သီးဂိုဏ်းကြီးများနှင့် ပူးပေါင်းချင်သည်ဆိုလျှင်တောင် ထိုသူများက တုံ့ပြန်မှုပေးချင်မှ ပေးလာပေလိမ့်မည်။
ဘယ်ဂိုဏ်း ဘယ်အဖွဲ့အစည်းကများ ကမ္ဘာဦးမျိုးနွယ် ၉ စုကို အကြောက်အရွံ့မရှိရန်စပြီး ပြဿနာအတက်ခံချင်ပါ့မလဲ။
ခဏမျှစဥ်းစားတွေးတောပြီးနောက် ဆူဇီမိုကထပ်၍ မေးလိုက်၏။
“ခင်ဗျားတို့တွေက ဘာလို့သိုသိုဝှက်ဝှက် လုပ်နေရတာလဲ... ခင်ဗျားတို့လုပ်စရာရှိတာက ကျုပ်ကိုဒီအကြောင်းပြောလိုက်ရုံပဲ မဟုတ်ဘူးလား”
“ခင်ဗျားတို့တွေက မလုံမလဲခံစားနေရတယ်ဆိုရင်တောင် ကျုပ်ကို ကျောင်းတော်ထဲအဝင်မခံပဲ တောင်ကုန်းပေါ်ကိုတောင် အတက်မခံပဲ ချက်ချင်းဆီးကြိုတိုက်ခိုက်ခဲ့တာကတော့ မဖြစ်သင့်ဘူးမလား”
ဒီပင်္ကရာကျောင်းတော်သည် ဂိုဏ်းကိုကာကွယ်ဖို့အတွက် မင်းကျန်ကို စွန့်လွှတ်ဖို့ ရွေးချယ်ခဲ့လေသည်။ ထို့ကြောင့် ဒီပင်္ကရာကျောင်းတော်၏ ကိုယ်တော်များက မလုံမလဲခံစားနေရပြီး ဆူဇီမိုနှင့် မျက်နှာချင်းမဆိုင်ရဲသည်မှာ သဘာဝကျလေသည်။
ထိုသို့ဆိုလျှင်တောင် ဒီပင်္ကရာကျောင်တော်၏ တုံ့ပြန်မှုက အနည်းငယ်လွန်ကျူးရာကျလေသည်။
“ဒါကတော့...”
ကျောင်းထိုင်ဘုန်းကြီးဟွေ့ရှန်သည် ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် ရှက်ရွံ့စွာဖြင့် ပြောလိုက်လေသည်။
“ဒကာအထီးကျန်သိုင်းသခင်... ခင်ဗျားအဲ့ဒါကို သိချင်မှသိဦးမယ်ထင်တယ်... ခင်ဗျားအသက်ရှင်နေသေးတယ်ဆိုတဲ့သတင်း ပျံ့နှံ့သွားပြီးတဲ့နောက် နတ်ဘုရားမျိုးနွယ် ၊ စုန်းမျိုးနွယ် ၊ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ် ၊ ရွှေကျီးကန်းမျိုးနွယ် ၊ သွေးနွယ်ပင်မျိုးနွယ်နဲ့ ယက္ခမျိုးနွယ်တို့က ခင်ဗျားအတွက် သတ်ဖြတ်ခြင်းတံဆိပ်ပြားတွေကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ ထုတ်ပြန်ခဲ့ကြတယ်”
“သတ်ဖြတ်ခြင်းတံဆိပ်ပြားတွေလား”
ဆူဇီမိုက သူ၏မျက်လုံးကို မှေးကျဥ်းလိုက်၏။
သူသည် ရှေးဟောင်းကျမ်းစာအုပ်တချို့မှာ ထိုတံဆိပ်ပြားများနှင့်ပတ်သက်သည့် မှတ်တမ်းအချို့ကို ဖတ်ဖူးလေသည်။
ကမ္ဘာဦးခေတ်တုန်းက သတ်ဖြတ်ခြင်းတံဆိပ်ပြားများသည် ကမ္ဘာဦးမျိုးနွယ် ၉စု၏ ခြိမ်းခြောက်နိုင်မှုအရှိဆုံး မရဏတံဆိပ်ပြားများဖြစ်ခဲ့လေသည်။
သတ်ဖြတ်ခြင်းတံဆိပ်ပြားထွက်ပေါ်လာသည်နှင့် ကမ္ဘာဦးမျိုးနွယ် ၉စုသည် တစ်ဘက်လူကို အိတ်သွန်ဖာမှောက်ထုတ်ဖော်ကာ သတ်ဖြတ်ဖို့ ကြိုးစားပေလိမ့်မည်။
သတ်ဖြတ်ခြင်းတံဆိပ်ပြားကို လက်ခံရရှိသော မည်သူမဆို သေလူတစ်ယောက်ဖြစ်သွားသည်နှင့် တူညီလေသည်။
ရှေးဟောင်းခေတ်တုန်းက လူသားမျိုးနွယ်၏ ဧကရာဇ်များသာလျှင် ကမ္ဘာဦးမျိုးနွယ်ထံမှ သတ်ဖြတ်ခြင်းတံဆိပ်ပြားများကို လက်ခံရရှိခဲ့၏။
ဧကရာဇ်အချို့သည် တကယ်ပင် ကမ္ဘာဦးမျိုးနွယ်များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။ သို့သော်လည်း ထာဝရလူသားဧကရာဇ်လို တည်ရှိမှုမျိုးကိုတော့ ကမ္ဘာဦးမျိုးနွယ်များသည် သူတို့၏ သတ်ဖြတ်ခြင်းတံဆိပ်ပြားနှင့်ပင် တစ်စုံတစ်ရာပြုလုပ်နိုင်ခြင်း မရှိပေ။
ကမ္ဘာဦးမျိုးနွယ်များ၏ သတ်ဖြတ်ခြင်းတံဆိပ်ပြားသည် ရှေးဟောင်းခေတ်ကတည်းက ပေါ်ထွက်မလာကြတော့ပေ။
ထိုတံဆိပ်ပြားများက ဒီဘက်ခေတ်မှာ ပြန်လည်ပေါ်ထွက်လာမည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။
ဒါ့အပြင် မျိုးနွယ်စု ၆စုလုံးက သတ်ဖြတ်ခြင်းတံဆိပ်ပြားများကို ထုတ်ဖော်ခဲ့ကြခြင်းဖြစ်၏။
“အဲ့ဒီတံဆိပ်ပြားထဲမှာ အထီးကျန်သိုင်းသခင်ကို လက်ခံကူညီဖို့ကြိုးစားတဲ့ဘယ်သူမဆို ကမ္ဘာဦးမျိုးနွယ်တွေရဲ့ သတ်ဖြတ်ခြင်းကို ခံရမယ်လို့ အတိအလင်းဖော်ပြထားတယ်”
ကျောင်းထိုင်ဘုန်းကြီးဟွေ့ရှန်က ပြောလိုက်၏။
“ဒကာအထီးကျန်သိုင်းသခင်... ကျေးဇူးပြုပြီး ကျုပ်တို့ကိုခွင့်လွှတ်ပါ... အဲ့ဒါက ကျုပ်တို့ ဒီပင်္ကရာကျောင်းတော်တင်မဟုတ်ဘူး... ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ဘယ်ဂိုဏ်းဘယ်အဖွဲ့အစည်းကမှ ခင်ဗျားနဲ့ ပတ်သက်ရဲမှာမဟုတ်တော့ဘူးထင်တယ်”
ဆူဇီမိုက နားလည်သဘောပေါက်သွား၏။
ဒီပင်္ကရာကျောင်းတော်သည် တောင်ကုန်းပေါ်သို့ သူတက်လာခြင်းကို မတားဆီးခဲ့ဘူးဆိုရင် ဤသတင်းပျံ့နှံ့သွားပါက ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်များသည် ဒီပင်္ကရာကျောင်းတော်သို့ ရောက်ရှိလာပေလိမ့်မည်။
သို့သော်လည်း ဒီပင်္ကရာကျောင်းတော်သည် ဆူဇီမိုနှင့် တိုက်ခိုက်ခဲ့သည့်အတွက် ကမ္ဘာဦးမျိုးနွယ် ၉စု၏ အမျက်ဒေါသကို ရှောင်လွှဲနိုင်လေသည်။
အဲ့ဒါကြောင့် ဆူဇီမိုသည် တောင်ကုန်းပေါ်သို့ တက်ရောက်ဖို့ကြိုးစားသည်နှင့် ဒီပင်္ကရာကျောင်းတော်သည် ကမ္ဘာဦးမျိုးနွယ်များ၏ သတ်ဖြတ်လိုစိတ်ကို ရှောင်လွှဲနိုင်ရန် ဆတ်ဆတ်ထိမခံ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်လေသည်။