← Chapters

သေသည်ဖြစ်စေ.. ရှင်သည်ဖြစ်စေ

Vol. 95 Ch. 1422

သေသည်ဖြစ်စေ.. ရှင်သည်ဖြစ်စေ

Vol. 95 Ch. 1422

“ကမ္ဘာဦးမျိုးနွယ် ၆ စုက ငါ့ကို တော်တော်အထင်ကြီးနေကြတာပဲ”

ဆူဇီမိုက မည်သည့် ကြောက်ရွံ့မှုမှ မရှိဘဲ ရယ်မောလိုက်၏။

“ဒကာ အထီးကျန်သိုင်းသခင်.. နောက်ထပ်တစ်ခု ကျုပ်ပြောပါရစေ.. ခင်ဗျားက ခင်ဗျားရဲ့ ပြိုင်ဘက်တွေကို အထင်သေးလို့ မရဘူး… သတ်ဖြတ်ခြင်း တံဆိပ်ပြားက ထွက်ပေါ်လာတာနဲ့ ညှိနှိုင်းဆွေးနွေးလို့ မရတော့ဘူး”

အကြီးအကဲ ဟွေ့ရှင်းက တည်ကြည်လေးနက်စွာဖြင့် ပြောဆိုလိုက်၏။

“ကမ္ဘာဦးမျိုးနွယ်က ခင်ဗျားကို ကိုင်တွယ်ဖို့အတွက် ထိပ်တန်းအဆင့် ပညာရှင်တွေကို စေလွှတ်ကြလိမ့်မယ်.. သူတို့ရဲ့ တိုက်ခိုက်ရည်ခွန်အားက ကောင်းကင်နဲ့မြေကြီးတောင်ကြား တိုက်ပွဲတုန်းက ကမ္ဘာဦးမျိုးနွယ်တွေထက် ပိုပြီးတော့ သာလွန်တယ်.. အဲဒီပညာရှင်တွေက မအောင်မြင်ကြဘူးဆိုရင် ကမ္ဘာဦးမျိုးနွယ်က ခင်ဗျားကို​ သတ်ဖို့အတွက် နောက်ထပ် ပိုပြီးသန်မာတဲ့ လူတွေကို ထပ်လွှတ်လိမ့်မယ်”

“ခင်ဗျားတစ်ယောက်တည်းကို မပြောနဲ့.. ဆန်းကြယ်တောင်ထွတ်နဲ့ အသွန်းတစ်ရာဂိုဏ်းကတောင် သူတို့ကို ခုခံနိုင်မှာ မဟုတ်ဘူး”

“ရှေးဟောင်းခေတ်တုန်းက.. လူသားမျိုးနွယ်က ဧကရာဇ်တွေတောင် သတ်ဖြတ်ခြင်း တံဆိပ်ပြားကို ခံနိုင်ရည် မရှိဘဲ ကမ္ဘာဦးမျိုးနွယ်တွေရဲ့ လက်ထဲမှာ သေဆုံးခဲ့ကြရတယ်”

“ကျုပ်သိပြီ.. သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း”

ဆူဇီမိုက ခေါင်းညိတ်၍ လှည့်ထွက်လိုက်၏။

သူသည် မင်းကျန်အကြောင်း မေးပြီးသွားပြီ ဖြစ်သည့်အတွက် ဒီပင်္ကရာကျောင်းတော်မှ ကိုယ်တော်များနှင့် ဆက်လက် ငြိတွယ်နေစရာ မလိုတော့ပေ။

ဒါ့အပြင် ယခု သူသည် ကမ္ဘာဦးမျိုးနွယ် ၆စု၏ အမဲလိုက်ခြင်း ခံနေရပြီး ဒီပင်္ကရာကျောင်းတော်သည် သူ့ကို ရှောင်လွှဲချင်နေကြ၏။ သူက အာရုံစူးစိုက်မှုကို ရရှိဖို့အတွက် ဤနေရာမှာ ဆက်လက်၍ ကြန့်ကြာမနေသင့်တော့ပေ။

ဒီပင်္ကရာကျောင်းတော်မှ ကိုယ်တော်များသည် ဆူဇီမို ထွက်ခွာသွားသည်ကို တွေ့မြင်သောအခါ စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။

အကြီးအကဲ ဟွေ့ရှင်းကသာလျှင် စိုးရိမ်ပူပန်သော အမူအရာဖြင့် မျက်မှောင် အနည်းငယ်ကြုတ်ပြီး ထပ်မံ၍ အော်ပြောလိုက်၏။

“ဒကာ အထီးကျန်သိုင်းသခင်.. ခင်ဗျား ဘယ်ကိုသွားမှာလဲ”

“တောင်ပိုင်း တူနှစ်ကိုယ်ဂိုဏ်း”

ဆူဇီမိုက မှင်သေသေဖြင့် ပြန်ဖြေလိုက်၏။

“အား..”

ကိုယ်တော်များက တုန်လှုပ်စွာဖြင့် အံ့အားတသင့် ရေရွတ်လိုက်ကြ၏။

အထီးကျန်သိုင်းသခင်သည် တကယ့်ကို ရဲတင်းလွန်းလေသည်။ သူသည် ကမ္ဘာဦးမျိုးနွယ်များ၏ သတ်ဖြတ်ခြင်း တံဆိပ်ပြားကနေ ပုန်းရှောင်နေရမည့်အစား… သူက အရင်စ၍ ထိုသူများကို သွားရောက် ရှာဖွေချင်နေ၏။

အကြီးအကဲ ဟွေ့ရှင်းက ခဏမျှ တွေဝေတုံ့ဆိုင်းပြီးနောက် ဖျောင်းဖျလိုက်လေသည်။

“ဒကာ အထီးကျန်သိုင်းသခင်.. အခုလို ပြောရတဲ့အတွက် ကျုပ်ကို ခွင့်လွှတ်ပါ.. အခုချိန်မှာ တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းက ကြယ်ခြောက်စင်း တောင်ကုန်းရဲ့ ကီလိုမီတာ ငါးဆယ်တစ်ဝိုက်ကို သွေးနွယ်ပင်မျိုးနွယ်က သိမ်းပိုက်ထားတယ်”

“ကြယ်ခြောက်စင်း တောင်ကုန်းမှာ သွေးနွယ်ပင်မျိုးနွယ်က မျိုးနွယ်ဝင်ပေါင်း တစ်သောင်းကျော်လောက် ရှိနေလိမ့်မယ်.. သွေးနွယ်ပင်မျိုးနွယ်ရဲ့ သခင်လေးကပါ ကိုယ်တိုင်စောင့်ကြပ်နေတဲ့အတွက် ထိပ်သီးဂိုဏ်းကြီးတွေနဲ့ အဖွဲ့အစည်းကြီးတွေတောင် သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”

အကြီးအကဲ ဟွေ့ရှင်း ပြောသည့်အရာမှာ တကယ်ပင် အမှန်ဖြစ်လေသည်။

တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းရှိ သွေးနွယ်ပင်မျိုးနွယ်၏ လက်ရှိခွန်အားအရ လူသားမျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ပေါ်ထွက်မလာသရွေ့ သို့မဟုတ် တောင်ပိုင်းဒေသ၏ ထိပ်သီးဂိုဏ်းကြီးများ မပူးပေါင်းသရွေ့… ဆူဇီမို တစ်ယောက်တည်းက အားနည်းလွန်းလေသည်။

“နောက်ပြီး.. မင်းကျန်က သေသွားလောက်ပြီ… ဒကာ အထီးကျန်သိုင်းသခင်.. လက်စားချေဖို့အတွက် အလောတကြီးမနိုင်ပါနဲ့”

ကျောင်းထိုင်ဘုန်းကြီး ဟွေ့ရှန်ကလည်း ဖျောင်းဖျလိုက်၏။

“မင်းကျန် သေပြီဆိုတာ ခင်ဗျားတို့က ဘယ်လိုသိလဲ”

ဆူဇီမိုက သူ၏ ခြေလှမ်းကို ရပ်တန့်ပြီး မေးလိုက်၏။

“အဲဒါက.. ဆယ်နှစ်တောင် ကြာသွားခဲ့ပြီလေ.. မင်းကျန်က သွေးနွယ်ပင်မျိုးနွယ်ရဲ့ လက်ထဲကို ကျဆင်းပြီးတဲ့နောက်.. အဲ့လောက်အကြာကြီးနေမှတော့ သေသွားလောက်ပြီပေါ့.. သူက ဘယ်လိုလုပ်ပြီး အသက်ရှင်နိုင်ပါဦးမလဲ”

ကျောင်းထိုင်ဘုန်းကြီး ဟွေ့ရှန်က ခါးသက်စွာ ရယ်မောလိုက်၏။

“မင်းကျန်က ကျုပ်ရဲ့ သူငယ်ချင်းပဲ.. နောက်ပြီး ကျုပ်ရဲ့ စီနီယာအစ်ကိုဆိုလည်း ဟုတ်တယ်.. သူက တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှာ ရှိနေတယ်ဆိုမှတော့ သူသေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ကျုပ်က သွားကြည့်ရမှာပေါ့”

ဆူဇီမို၏ မျက်နှာက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်လာပြီး ခက်ထန်ကြမ်းကြုတ်စွာဖြင့် ပြောဆိုလိုက်၏။

“မင်းကျန် သေသွားခဲ့မယ်ဆိုရင် တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှာရှိတဲ့ သွေးနွယ်ပင်မျိုးနွယ်ဝင်တွေက သူနဲ့အတူ သေရလိမ့်မယ်”

ထိုသို့ပြောပြီး သူသည် နောက်ပြန်လှည့်ခြင်း မရှိဘဲ ဒီပင်္ကရာကျောင်းတော်ကနေ ထွက်ခွာသွား၏။

“ဒကာ အထီးကျန်သိုင်းသခင်…”

အကြီးအကဲဟွေ့ရှင်းသည် ဆူဇီမို၏ နောက်ကျောကို ကြည့်ပြီး တစ်ဖန်ထပ်၍ သတိပေးလိုက်၏။

“ကြယ်ခြောက်စင်းတောင်ကုန်းကို သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက် စောင့်ကြပ်နေတာ ဖြစ်ဖို့များတယ်.. ခင်ဗျား သတိထားရလိမ့်မယ်”

ဆူဇီမို၏ လှုပ်ရှားမှု နည်းစနစ်သည် အရမ်းကို မြန်ဆန်ပြီး တစ်ခဏအတွင်းမှာပင် ကိုယ်တော်များ၏ မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

“အကြီးအကဲ.. သူ့ကို ဘာလို့ အဲ့လောက်ထိ သတိပေးနေရတာလဲ”

ပေါင်းစည်းခန္ဓာ ကိုယ်တော်တစ်ပါးက ပြောလိုက်၏။

“အထီးကျန်သိုင်းသခင်က ခေါင်းမာပြီးတော့ အတ္တကြီးလွန်းတယ်… သူ့ရဲ့ စိတ်နေစရိုက်က ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်ဘဲ အကောင်းအဆိုးကိုလည်း မခွဲခြားနိုင်ဘူး.. သူက မရမက သေချင်နေတယ်ဆိုမှတော့ ဘာတတ်နိုင်မှာလဲ… ကျုပ်တို့က သူ့ကို အခြေအနေ အကျိုးအကြောင်း ရှင်းပြပြီးတော့ ကျုပ်တို့ တတ်နိုင်တာ အကောင်းဆုံးကို လုပ်ပေးပြီးပြီပဲ… သူ့ကို ဘာလို့ ထပ်ပြီးဖျောင်းဖျနေရဦးမှာလဲ”

“အဲဒါ အမှန်ပဲ.. ခင်ဗျားက သူ့ကို စေတနာနဲ့ ဖျောင်းဖျရင်တောင် သူက အဲဒါကို အသိအမှတ်ပြုချင်မှ ပြုမှာ”

နောက်ထပ် ကိုယ်တော်တစ်ပါးက ထပ်ပြောလိုက်၏။

အကြီးအကဲ ဟွေ့ရှင်းက မျက်မှောင်ကြုတ်၍ လှည့်ကြည့်လိုက်၏။

သူက စောစောက စကားပြောလိုက်သော ကိုယ်တော်နှစ်ပါးကို ကြည့်ပြီး တည်ကြည်လေးနက်သော အသံဖြင့် ပြောလိုက်၏။

“သူက အထီးကျန်သိုင်းသခင်ဆိုတာ မမေ့လိုက်နဲ့.. အထီးကျန်သိုင်းသခင်က သိုင်းတာအိုကို တည်ထောင်ပြီး အများလူထုအတွက် ကောင်းချီးမင်္ဂလာ ဆောင်ကြဉ်းပေးခဲ့တယ်”

“အဲဒီ အကျိုးဆောင်မှုက သမိုင်းတစ်လျှောက် တည်တံ့နိုင်ပြီးတော့ လောကအပေါ် အများကြီး အကျိုးသက်ရောက်နိုင်ခဲ့တယ်.. ရှေးဟောင်းခေတ်က ဧကရာဇ်တွေတောင် အဲဒါကို ယှဉ်နိုင်မှာ မဟုတ်ဘူး”

“ငါတို့က သူ့ကို ကူညီမပေးနိုင်တာနဲ့တင်.. စိတ်ထဲမှာ မလုံမလဲ ခံစားနေရပြီ.. မင်းတို့တွေက ဘယ်လိုစိတ်နဲ့များ ဒီလိုစကားမျိုးကို ပြောနိုင်ရတာလဲ”

အကြီးအကဲ ဟွေ့ရှင်းသည် စည်းကမ်းထိန်းသိမ်းရေးကို တာဝန်ယူထားပြီး အမြဲတမ်း တင်းမာခက်ထန်မှု ရှိလေသည်။ သူက စောစောက အထီးကျန်သိုင်းသခင်၏ ဖိနှိမ်ခြင်း ခံခဲ့ရသော်လည်း သူသည် ဒီပင်္ကရာကျောင်းတော်မှာ ကြောက်စရာကောင်းသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေဆဲပင်။

ကိုယ်တော်နှစ်ပါးသည် သူတို့၏ ခေါင်းများကို ငုံ့ပြီး တစ်စုံတစ်ရာ ဆက်လက်ပြောဆိုရဲခြင်း မရှိတော့ပေ။

“မင်းတို့နှစ်ယောက်.. မင်းတို့ရဲ့ အမှားကို သံဝေဂရ ဆင်ခြင်ဖို့အတွက် နံရံလွတ်တစ်ခုရှေ့မှာ မတ်တတ်ရပ်ပြီး နှလုံးသားသုတ္တန်ကို အကြိမ်ရေတစ်သောင်း ကူးရေးရမယ်”

အကြီးအကဲ ဟွေ့ရှင်းက လေးနက်သော အသံဖြင့် ပြောလိုက်၏။

“တစ်ကြိမ်တောင်မှ လျော့လို့ မရဘူး”

“ဟုတ်ကဲ့”

ကိုယ်တော်နှစ်ပါးက ငြင်းဆန်ရဲခြင်း မရှိဘဲ သူတို့၏ အမှားများကို အသိအမှတ်ပြုကာ ထွက်ခွာသွားကြလေသည်။

“အာ..”

အကြီးအကဲ ဟွေ့ရှင်းက ဆူဇီမို ထွက်သွားရာဘက်ကို ကြည့်ပြီး သက်ပြင်းချလိုက်၏။

“ဗုဒ္ဓက သူ့ကို ကောင်းချီးပေးပါစေလို့ ဆုတောင်းရတာပဲ”

ဒီပင်္ကရာကျောင်းတော်ကနေ ထွက်ခွာလာပြီးနောက်.. ဆူဇီမိုသည် မြေပုံတစ်ချပ်ကို ထုတ်ယူပြီး သူ သွားရမည့်ဘက်ကို အတည်ပြုကာ တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းဆီသို့ ဦးတည်လိုက်၏။

ဤအစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ကမ္ဘာဦးမျိုးနွယ် ၆စု၏ သတ်ဖြတ်ခြင်းတံဆိပ်ပြားနှင့် ရင်ဆိုင်ရာမှာ တကယ်ပင် အသက်အန္တရာယ်ရှိလာလေသည်။

သို့သော်လည်း သူ့မှာ အစစ်အမှန်ခန္ဓာ သုံးခုရှိလေသည်။

ယခုအချိန်တွင် အစစ်အမှန် နဂါးခန္ဓာသည် ဘိုးဘေးနဂါးကုန်းမြေမှာ ရှိနေ၏။ ကမ္ဘာဦးမျိုးနွယ် ၆စုသည် အတူပူးပေါင်း၍ နဂါးအရိုးတောင်ကြားကို မတိုက်ခိုက်သရွေ့… နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် အန္တရာယ် တစ်စုံတစ်ရာ ရှိလာလိမ့်မည် မဟုတ်ပေ။

သိုင်းတာအို အစစ်အမှန်ခန္ဓာကတော့ သူသည် သုံးလောကကနေ လွတ်ကင်းပြီး အဓိက ဒြပ်စင်ငါးမျိုးမှာလည်း မပါဝင်ပေ။ သူ၏ တည်ရှိမှုကို သိနိုင်သည့်သူ များစွာ မရှိပေ။

ဒါ့အပြင်.. သူ၏ သိုင်းတာအို အစစ်အမှန်ခန္ဓာသည် ပင်ယန်းမြို့မှာ နေထိုင်ပြီး တိတ်တဆိတ် ကျင့်ကြံနေ၏။ ကမ္ဘာဦးမျိုးနွယ် ၆စုက သူ့ကို ရှာဖွေနိုင်ဖို့ ခဲယဉ်းလေသည်။

သို့သော်လည်း.. အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကတော့ ကွဲပြားခြားနားလေသည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ သွားလာမည်ဆိုလျှင် သူသည် အမျိုးမျိုးသော သဲလွန်စများကို ချန်ထားရစ်ခဲ့မည်ဖြစ်ပြီး သူ၏ တည်နေရာက ပေါက်ကြားသွားဖို့ လွယ်ကူလေသည်။

ထိုအချိန်ကျလျှင် ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်များက သူ့ကို သေချာပေါက် အမဲလိုက်လာပေလိမ့်မည်။

သူ၏ ပြိုင်ဘက်များက ပေါင်းစည်းခန္ဓာအဆင့်သာ ဖြစ်သည်ဆိုလျှင် အဲဒါက အဆင်ပြေလေသည်။ သို့သော်လည်း သူတို့သည် ကမ္ဘာဦးမျိုးနွယ်မှ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများ ဖြစ်မည်ဆိုလျှင် ကိစ္စများက ကိုင်တွယ်ရ ခက်ခဲလာပေလိမ့်မည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်ကာစဖြစ်ပြီး လူသားတစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများကို ဖိနှိမ်နိုင်လေသည်။ သို့သော်လည်း ကမ္ဘာဦးမျိုးနွယ်မှ တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်နှင့် တိုက်ခိုက်ရမည်ဆိုလျှင် ရလဒ်ကို ကြိုတင်ခန့်မှန်းနိုင်တော့မည် မဟုတ်ပေ။

သွေးနွယ်ပင်မျိုးနွယ်၏ ထန်လင်းကျီသည် ကိုင်တွယ်ရ ခက်ခဲမည့်ပုံ ရှိလေသည်။

တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်း၏ ကြယ်ခြောက်စင်းတောင်ကုန်းမှာ သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး အမှန်တကယ် ရှိနေမည်ဆိုလျှင် ဤခရီးစဉ်က သူ့အတွက် အတော်လေး အန္တရာယ်များနေပေလိမ့်မည်။

တကယ်တော့ မည်သို့ပင်ဆိုစေ.. ဆူဇီမိုက တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းကို သွားရောက်စစ်ဆေးကြည့်ရပေမည်။

သူ၏ ထင်မြင်ချက်အရ.. သွေးနွယ်ပင်မျိုးနွယ်သည် တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းကို ဖျက်ဆီးပြီး ကြယ်ခြောက်စင်း တောင်ကုန်းကို သိမ်းပိုက်ထားသည့် အကြောင်းရင်းမှာ အာသောက သစ်သား မွေးဖွားပေါ်ထွက်လာခြင်းကြောင့်သာလျှင် မဟုတ်လောက်ပေ။

အာသောက သစ်သားသည် အခွင့်အလမ်းတစ်ခု သို့မဟုတ် အကြောင်းပြချက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်လေသည်။

ဒီဘက်မျိုးဆက်တွင်.. ကမ္ဘာဦးမျိုးနွယ်က အငြိမ်မနေဘဲ လှုပ်ရှားသည့် အရိပ်လက္ခဏာများ ရှိလာခဲ့၏။

အသင်္ချေနယ်မြေမြို့တော်မှာတုန်းက ယက္ခမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ် ပေါ်ထွက်လာခြင်းက အစပြုခဲ့လေသည်။

အဲဒီနောက်.. မြောက်ပိုင်းဒေသမှာ စုန်းဂူကပ်ဘေး ဖြစ်လာခဲ့၏။

အဲဒီနောက်.. အလယ်ပိုင်းတိုက်ရှိ ကောင်းကင်နှင့်မြေကြီးတောင်ကြား တိုက်ပွဲ..။

တကယ်ဆို ဖန်းလိုင်ကျွန်းမှ တိုက်ပွဲကိုပင် ထည့်တွက်နိုင်လေသည်။

ထိုအချိန်တုန်းက.. ဖန်းလိုင်ကျွန်းနှင့် ရွှေကျီးကန်းမျိုးနွယ်သည် သူ့ကို သတ်ဖြတ်ဖို့အတွက် ထောင်ချောက်တစ်ခု ခင်းကျင်းဖို့ ပူးပေါင်းခဲ့သည်ဟု ဆူဇီမိုက အလိုလိုတွေးထင်ခဲ့၏။

သို့သော်လည်း တစ်ဖန်ပြန်တွေးကြည့်တော့ အဲဒီမှာ တခြားဖြစ်နိုင်ခြေတစ်ခု ရှိလေသည်။

ဖန်းလိုင်ကျွန်းသည် ရွှေကျီးကန်းမျိုးနွယ်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားတာ ဖြစ်နိုင်လေသည်။

အကြီးအကဲ ဟွေ့ရှင်း၏ အဆိုအရ.. တချို့ထိပ်သီးဂိုဏ်းကြီးများမှာ နောက်ခံပေးထားသော ဧကရာဇ်တစ်ပါး မရှိကြပေ။

ဧကရာဇ်များ မရှိပါက.. မဟာယာနမျိုးနွယ်စုခေါင်းဆောင်များပင်လျှင် ကမ္ဘာဦးမျိုးနွယ်များကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

လွန်ခဲ့သည့် နှစ်တစ်သောင်းက မြောက်ပိုင်းဒေသရှိ ဖာဟွားနှင့် တာမင်းကျောင်းတော်၏ ရလဒ်က သိသာထင်ရှားသော ဥပမာတစ်ခု ဖြစ်လေသည်။

ဓမ္မဧကရာဇ်တစ်ပါး ရှိနေတာတောင် သူတို့သည် ဘိုးဘေးအဆင့်နဂါးတစ်ကောင်ကြောင့် ဖျက်ဆီးခံလိုက်ကြရ၏။

သူတို့အကြား ကွာဟချက်က သိသာထင်ရှားလေသည်။

ဆူဇီမို၏ ကောက်ချက်က မမှားဘူးဆိုလျှင် ကမ္ဘာဦးမျိုးနွယ်များ၏ လှုပ်ရှားမှုများသည် နောက်နောင် ပို၍ စိတ်လာဖို့ များလေသည်။

ကမ္ဘာဦးမျိုးနွယ်များသည် အပယ်ခံတည်ရှိမှုဖြင့် ဆက်လက်၍ သေချာပေါက် နေလိုကြလိမ့်မည် မဟုတ်ပေ။

ကမ္ဘာဦးမျိုးနွယ်မှ မျိုးနွယ်စုခေါင်းဆောင်များ သို့မဟုတ် ဧကရာဇ်များ ပေါ်ထွက်လာမည်ဆိုလျှင် ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ အခြေအနေက လုံးဝ ပြောင်းလဲသွားပေလိမ့်မည်။

All Chapters