သွေးနဲ့ပေးဆပ်ခိုင်းမယ်
Vol. 95 Ch. 1425
“ဟမ့်...”
ဆူဇီမိုက လှမ်းမျှော်ကြည့်ရှုလိုက်၏။
ထိုအသံက အရမ်းကိုတိုးညင်းလေသည်။ သူ၏သန်မာသောအကြားအာရုံကြောင့်သာ မဟုတ်လျှင် သူကအဲ့ဒါကို သတိထားမိချင်မှ သတိထားမိပေလိမ့်မည်။
သူ၏အကြည့်သည် လူအုပ်ကြားထဲရှိ အမျိုးသမီးကျင့်ကြံသူတစ်ယောက်အပေါ် ရောက်ရှိသွား၏။
အမျိုးသမီးကျင့်ကြံသူ၏ ဆံပင်များက ဖိုသီဖတ်သီဖြစ်နေပြီး သူမက ဘောလုံးတစ်လုံးကဲ့သို့ ကွေးညွှတ်ကာ လူအုပ်ကြားထဲမှာ ပုန်းကွယ်နေ၏။ သို့သော်လည်း တခြားသူများနှင့်ယှဥ်လျှင် သူမ၏မျက်လုံးထဲမှာ အသက်ဓာတ်နှင့် အားမာန်တစ်စွန်းတစ်စကို တွေမြင်နိုင်လေသည်။
“မင်းက...”
ဆူဇီမို၏အကြည့်က အေးခဲရပ်တန့်သွား၏။ သူသည် တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား အတည်ပြုမေးမြန်းလိုက်၏။
“ထန်ရှစ်ယွင်လား”
အမျိုးသမီးကျင့်ကြံသူက ထိုနာမည်ကိုကြားသောအခါ ထပ်တလဲလဲ ခေါင်းညိတ်ပြလိုက်၏။
သူမသည် သူမ၏မျက်နှာပေါ်ရှိ ရွှံ့များဖုန်များကို သုတ်ဖယ်ပြီး သူမ၏ မျက်နှာသွင်ပြင်ကို ထွက်ပေါ်လာစေ၏။ သူမသည် ညစ်ပေနေဆဲ ဖြစ်သော်လည်း သူမ ဘယ်သူဘယ်ဝါဆိုတာကို မှတ်မိနိုင်လေသည်။
“တကယ်ပဲ... မင်းကိုး”
ဆူဇီမိုက အံ့အားသင့်သွား၏။
သူသည် တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ မိတ်ဆွေဟောင်းတစ်ယောက်နှင့် အမှန်တကယ်ပင် လာဆုံနေရ၏။
ထန်ရှစ်ယွင်က မတ်တတ်ထရပ်ပြီး ဆူဇီမိုဆီ လျှောက်လှမ်းလာချင်၏။ သို့သော်လည်း သူမက ကြောက်ရွံ့မှုဖြင့် တွေဝေတုံ့ဆိုင်းနေ၏။
“လာခဲ့ပါ... ငါမင်းကို ဘာမှမလုပ်ပါဘူး”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
ထိုစကားကိုကြားသောအခါ ထန်ရှစ်ယွင်က သူမ၏သတ္တိကိုစုစည်းပြီး လူအုပ်ကြားထဲကနေ လျှောက်လှမ်းထွက်လာခဲ့၏။
အတိတ်ကာလတုန်းက တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်း၏ နံပါတ်တစ်မိန်းမလှလေးသည် ယခင်ကကဲ့သို့ ကြော့ရှင်းတင့်တယ်ခြင်း မရှိတော့ပေ။
သူတို့နှစ်ယောက်သည် ရှေးဟောင်းတိုက်ပွဲမြေမှာ ပထမဆုံးအကြိမ် တွေ့ဆုံစဥ်က သူတို့နှစ်ယောက်စလုံးသည် ရွှေအမြုတေအဆင့်မှာ ရှိခဲ့ကြ၏။
သို့သော် ယခုအခါ ဆူဇီမိုသည် ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်လာခဲ့ပြီဖြစ်ပြီး တန်ခိုးရှင်စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာခဲ့၏။
သို့သော် ထန်ရှစ်ယွင်ကတော့ နိုးထဝိညာဥ်အဆင့်မှာသာ ရှိနေလေသည်။
သူတို့နှစ်ယောက်ကြားကွာဟချက်က အရမ်းကိုကြီးမားသွားခဲ့လေသည်။
ယခင် ရှေးဟောင်းတိုက်ပွဲမြေမှာတုန်းက ပြိုင်စံရှားများ သိန်းနှင့်ချီပြီး ရှိခဲ့လေသည်။ သူတို့ထဲမှ ဘယ်လောက်များများက ဆူဇီမိုကို အမှန်တကယ် အမီလိုက်နိုင်ပါ့မလဲ။
“လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက ဒီပင်္ကရာကျောင်းတော်က ရောက်လာတဲ့ ကိုယ်တော်တစ်ပါးကို မင်းတွေ့မိသေးလား”
ဆူဇီမိုက ထန်ရှစ်ယွင်ကိုကြည့်ပြီး လေးနက်သောအသံဖြင့် မေးလိုက်၏။
ထန်ရှစ်ယွင်က ခဏမျှပြန်လည်စဥ်းစားပြီးနောက် ပြန်မေးလိုက်လေသည်။
“အစိမ်းရောင်မီးအိမ်ကို ကိုင်ဆွဲထားတဲ့ ကိုယ်တော်လေးကို ပြောတာလား”
“ဟုတ်တယ်... အဲ့ဒါသူပဲ”
ဆူဇီမို၏မျက်လုံးက ဝင်းလက်သွား၏။
“သူ... ဘယ်မှာလဲ.. သူအသက်ရှင်နေသေးလား”
တာအိုအမွေအနှစ်ကုန်းမြေမှာတုန်းက မင်းကျန်သည် ပေါ်ထွက်လာခဲ့ပြီး သူနှင့်အတူ ယှဥ်တွဲကာ တိုက်ခိုက်ခဲ့၏။ သူ၏ ကိုယ်ပိုင်ဓမ္မလက်နက်က အစိမ်းရောင်မီးအိမ်ဖြစ်လေသည်။
“လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက အဲ့ဒီကိုယ်တော်ရဲ့ကျေးဇူးကြောင့် တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းသား လေးငါးရာလောက်က ထွက်ပြေးလွတ်မြောက်ခဲ့တယ်”
ထန်ရှစ်ယွင်က ညင်သာစွာ သက်ပြင်းချလိုက်၏။
“ဒါပေမဲ့လို့.. အဲ့ဒီကိုယ်တော်လေးရဲ့ ကျင့်ကြံမှုအဆင့်က သိပ်ပြီးမမြင့်မားသေးတဲ့အတွက် သူက သွေးနွယ်ပင်မျိုးနွယ်ရဲ့ သခင်လေးကို မနိုင်ခဲ့ဘူး... သူက ဖိနှိမ်ခံခဲ့ရတယ်.. ဒီလောက်နှစ်တွေကြာမှတော့ သူက သေသွားလောက်ပြီထင်တယ်”
ဆူဇီမိုက အေးစက်စက်အမူအရာနှင့်အတူ သူ၏လက်သီးနှစ်ဖက်ကို တင်းကျပ်စွာဆုပ်လိုက်၏။
“တာအိုရောင်းရင်း... မဟုတ်သေးဘူး... စီနီယာဆူ.. ရှင်က ဒီနေရာကို ကျွန်မတို့ကိုကယ်ဖို့အတွက် ရောက်လာတာလား”
သူတို့နှစ်ယောက်ကြား ကွာဟချက်က ကြီးမားလွန်းပြီး တာအိုရောင်းရင်းအဖြစ် ဆက်လက်၍ခေါ်ဆိုဖို့မဖြစ်တော့သည်ကို ထန်ရှစ်ယွင်က နားလည်လိုက်၏။
သူမက အခေါ်အဝေါ်ကိုအလောတကြီးပြောင်းလဲပြီး မသက်မသာဖြင့် မေးလိုက်၏။
“အင်း... ဟုတ်တယ်”
ဆူဇီမိုက ခေါင်းညိတ်ပြပြီး ဆေးလုံးအချို့ကို ထုတ်ယူကာ သိုလှောင်အိတ်တစ်အိတ်ထဲကိုထည့်ပြီး ထန်ရှစ်ယွင်ကို ကမ်းပေးလိုက်၏။
“အဲ့ဒီဆေးလုံးတွေကို မျှဝေပေးပြီး ဒီနေရာကနေ တတ်နိုင်သမျှမြန်မြန်ထွက်သွားတော့”
ထန်ရှစ်ယွင်၏လက်သည် သိုလှောင်အိတ်ကို လက်ခံယူရင်း တုန်ယင်နေကာ သူမ၏မျက်နှာပေါ်သို့ မျက်ရည်များက ချက်ချင်းစီးကျလာ၏။
သို့သော်လည်း အခြားသော ကျင့်ကြံသူများသည် မည်သည့်ဝမ်းသာပျော်ရွှင်မှုမှ မရှိပဲ သူတို့ရှေ့မှမြင်ကွင်းကို ထုံထိုင်းစွာဖြင့် ငေးကြည့်နေကြဆဲ ဖြစ်၏။
“ဒီလူတွေက..”
ထိုကျင့်ကြံသူများ၏ အမူအရာကိုကြည့်ရင်း ဆူဇီမိုက ဝမ်းနည်းမှုတစ်ခုကို ခံစားလိုက်ရ၏။
ထန်ရှစ်ယွင်က ခါးသီးစွာပြုံးလိုက်၏။
“လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက သွေးနွယ်ပင်မျိုးနွယ်က ဒီနေရာကိုတိုက်ခိုက်ခဲ့ပြီး ကျွန်မတို့ရဲ့ဂိုဏ်းချုပ်ကလည်း တိုက်ပွဲထဲမှာ ကျဆုံးသွားခဲ့တယ်... စွမ်းအားကြီးပုဂ္ဂိုလ်သုံးယောက်နဲ့ တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်ကလည်း သေဆုံးသွားခဲ့တယ်”
“ဒါပေမဲ့လို့ ကျွန်မတို့က သွေးနွယ်ပင်စစ်တပ်ကို မခုခံနိုင်ခဲ့ဘူး... တစ်ရက်မကြာခင်မှာပဲ တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းတစ်ခုလုံးက သွေးနွယ်ပင်မျိုးနွယ်ရဲ့လက်အောက်ကို ကျရောက်ခဲ့ရတယ်”
“ကိုယ်တော်လေးကြောင့် ထွက်ပြေးလွတ်မြောက်သွားတဲ့ လူလေးငါးရာလောက်ကလွဲရင် သိန်းနဲ့ချီတဲ့ တခြားကျင့်ကြံသူတွေက သွေးနွယ်ပင်မျိုးနွယ်ဝင်တွေအလိုရှိတိုင်း စားသောက်နိုင်ဖို့ တိရိစ္ဆာန်တွေလို ထိန်းသိမ်းခံထားရတယ်”
“ဒီနှစ်တွေထဲမှာ သွေးနွယ်ပင်မျိုးနွယ်က ကျွန်မတို့ကို ဒီနေရာမှာအကျဥ်းချထားပြီး ကျွန်မတို့ရဲ့ ဓမ္မစွမ်းအားတွေကို ချိတ်ပိတ်ထားခဲ့တယ်... ကျွန်မတို့က ကိုယ့်ကိုကိုယ်သတ်သေဖို့တောင် အခွင့်အရေး မရဘူး”
ထိုနေရာအရောက်တွင် ဆူဇီမို၏ မျက်ဝန်းထဲကနေ သတ်ဖြတ်လိုစိတ်က လျှံတက်လာ၏။
ထန်ရှစ်ယွင်က ညည်းတွားရေရွတ်လိုက်၏။
“ပြီးခဲ့တဲ့ဆယ်နှစ်အတွင်း သွေးနွယ်ပင်မျိုးနွယ်က နေ့စဥ်နဲ့အမျှ တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းသားတစ်ရာကျော်ကို စားသုံးခဲ့ကြတယ်... ကျွန်မတို့က ဘယ်လိုပဲတောင်းပန်တောင်းပန်.. ဘယ်လိုပဲရုန်းကန်ရုန်းကန် ဘာမှပြောင်းလဲမသွားဘူး... ကျွန်မတို့ရဲ့ဂိုဏ်းသားအဖော်တွေ တစ်စတစ်စ လျော့နည်းလာတာကို ဒီတိုင်းပဲကြည့်နေရတယ်”
“ကျွန်မတို့ဂိုဏ်းသားတွေ အစကတော့ သိန်းနဲ့ချီပြီးရှိခဲ့တယ်.. အခုတော့ ကျွန်မတို့မှာ ဒီလောက်ပဲ ကျန်တော့တယ်”
ထန်ရှစ်ယွင်သည် ဆက်လက်၍ မချုပ်တည်းနိုင်တော့ပဲ သူမ၏စိတ်က ပြိုလဲသွားပြီး မျက်ရည်များက စီးကျလာ၏။
ထိုကျင့်ကြံသူများသည် နေ့စဥ်နေ့တိုင်း သူတို့၏မျက်လုံးများပွင့်လာသည့်အချိန်မှာ သူတို့သည် ထိုနေ့မှာ အသက်ရှင်နိုင်မလား... သို့မဟုတ် အစာအဖြစ် စားသောက်ခြင်းခံရမလား မသိရှိကြပေ။
“အစကတော့ ကျွန်မတို့မှာ မျှော်လင့်ချက်ပါးပါးလေး ရှိနေကြသေးတယ်”
ထန်ရှစ်ယွင်၏ မျက်နှာက မျက်ရည်များဖြင့် စိုရွှဲလာပြီး ခါးသီးစွာပြုံးလိုက်၏။
“ဘာပဲပြောပြော... ကျွန်မတို့ရဲ့ ဂိုဏ်းသားလေးငါးရာက ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်... သူတို့က တခြားအဆင့်မြင့်ဂိုဏ်း ဒါမှမဟုတ် ထိပ်သီးဂိုဏ်းကြီးတွေကနေ အကူအညီသွားတောင်းလိမ့်မယ်လို့ ကျွန်မတို့မျှော်လင့်ခဲ့ကြတယ်... ကျွန်မတို့လူသားမျိုးနွယ်က ပညာရှင်တချို့ ရောက်လာပြီး ကျွန်မတို့ကို လာပြီးကယ်တင်မလားပေါ့”
“ဒါပေမဲ့လို့... ကျွန်မတို့က တစ်နှစ်စောင့်ခဲ့တယ်... နှစ်နှစ်စောင့်ခဲ့တယ်... ငါးနှစ်စောင့်ခဲ့တယ်... အဲ့ဒီနောက် ဘယ်သူကမှ ရောက်မလာခဲ့ဘူး”
“နောက်ဆုံးမှာတော့... ကျွန်မတို့က လက်လျှော့လိုက်ကြပြီ”
ဆူဇီမိုက တိတ်ဆိတ်ငြိမ်သက်နေဆဲဖြစ်၏။
သူဆုပ်ထားသော လက်သီးနှစ်ဖက်သည် တင်းကျပ်လွန်းသောကြောင့် လက်ဆစ်များက ဖြူဖွေးလာလေသည်။
တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းသားများက အကူအညီတောင်းဆိုမည်ဆိုလျှင်တောင် ဘယ်ဂိုဏ်း ဘယ်အဖွဲ့အစည်းကများ လာရောက်ကူညီပါမည်နည်း။
သူတို့နှင့် ပတ်သက်ဆက်နွယ်မှုမရှိသော ထိုကျင့်ကြံသူများအတွက် ဘယ်သူကများ သွေးနွယ်ပင်မျိုးနွယ်လို အင်အားကြီးရန်သူကို သွားရောက်ရန်စပါမည်နည်း။
လူသားများသည် တည်ငြိမ်အေးချမ်းသောဘဝမှာ နေလာခဲ့ကြသည်မှာ အတော်ကြာသွားခဲ့လေပြီ။
သူတို့သည် ရှေးဟောင်းခေတ်တုန်းကလို စိတ်အားမာန်တက်ကြွမှုနှင့် ထက်ရှမှုတို့ မရှိကြတော့ပေ။ ကမ္ဘာဦးမျိုးနွယ်များနှင့် ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့ကြသော မယိမ်းမယိုင်သည့် မာကြောခက်ထန်မှုမျိုးကို မည်သူကမှ မပိုင်ဆိုင်ကြတော့ပေ။
လူသားမျိုးနွယ်၏ ရှေးဟောင်းခေတ်မှ ပညာရှင်များသည် အဆင့်နိမ့်ကျင့်ကြံသူများ ဖြစ်စေ၊ စွမ်းအားကြီးပုဂ္ဂိုလ်များဖြစ်စေ ၊ မျိုးနွယ်စုခေါင်းဆောင်များဖြစ်စေ သူတို့အားလုံးသည် ဖြောင့်မတ်မှန်ကန်ပြီး တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမခဲ့ကြ၏။ သူတို့သည် ယနေ့ဤမြင်ကွင်းကို တွေ့မြင်မည်ဆိုလျှင် သူတို့သည် မကျေမချမ်းဖြင့် မျက်ရည်များစီးကျပြီး သူတို့၏ နှလုံးသားအနက်ပိုင်းထဲကနေ သွေးများယိုစီးကျလာနိုင်၏။
ယခုအချိန်တွင် ကျင့်ကြံသူအများစုသည် ကမ္ဘာဦးခေတ်က လူသားများတွေ့ကြုံခံစားခဲ့ရသည်များကို မေ့လျော့သွားကြလေပြီ။
ရှေးဟောင်းခေတ်တုန်းက မျိုးနွယ်စုခေါင်းဆောင်များနှင့် ဧကရာဇ်များသည် သေဆုံးခဲ့ကြပြီး မရေမတွက်နိုင်သော လူသားပညာရှင်များသည် လူသားမျိုးနွယ်၏ တည်ငြိမ်အေးချမ်းမှု ရရှိစေဖို့အတွက် သူတို့၏အစွမ်းကုန်ရှိသမျှနှင့် အသက်ပေးတိုက်ခိုက်ခဲ့ကြသည်ကို ယခုသူတို့က မေ့လျော့သွားကြလေပြီ။
ဒီပင်္ကရာကျောင်းတော်ကဲ့သို့ ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်း.. ဗုဒ္ဓကျောင်းတော် ၆ ကျောင်းထဲမှ တစ်ကျောင်းပင်လျှင် သူတို့၏ ကောင်းကျိုးချမ်းသာကိုသာ စိုးရိမ်ပူပန်နေတော့သည်။ တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ ကျင့်ကြံသူများကို ကယ်တင်ဖို့အတွက် ဘယ်သူကများ ရှေ့သို့ထွက်လာပါမည်နည်း။
“ငါနဲနဲ နောက်ကျသွားတယ်”
ဆူဇီမိုက တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ လူတိုင်းကိုကြည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
“ဒါပေမဲ့ မပူပါနဲ့... ငါဒီနေ့ ဒီကိုရောက်လာပြီဆိုမှတော့ ဘယ်သူကမှ မင်းတို့ကို ထိခိုက်အောင် မလုပ်စေရတော့ဘူး”
သူတို့၏ မျက်ဝန်းထဲမှ မျှော်လင့်ချက်ပါးပါးရှိလာသော လူတချို့ကလွဲလျှင် တခြားကျန်လူများသည် သုန်မှုန်၍ ထုံထိုင်းနေကြဆဲ ဖြစ်၏။
“တာအိုရောင်းရင်းတို့... သူကအထီးကျန်သိုင်းသခင်ပဲ... တာအိုအရှင် အထီးကျန်သိုင်းသခင်က လောကကိုကိုင်လှုပ်ပြီး သိုင်းတာအိုကို တည်ထောင်ခဲ့တယ်”
ဤနေရာမှာ ပိတ်မိနေပြီးနောက် ထန်ရှစ်ယွင်သည် ဆူဇီမို၏ လွန်ခဲ့သည့်ဆယ်နှစ်က အကြောင်းများကိုသာ သိရှိထားလေသည်။
ဆူဇီမိုက ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေပြီကို သူမက မသိရှိနိုင်ပေ။
“အသင်္ချေနယ်မြေမြို့တော်မှာတုန်းက သူက ယက္ခမျိုးနွယ်နဲ့ နတ်ဘုရားမျိုးနွယ်ကို ဖိနှိမ်ပြီး လူသားပြိုင်စံရှားတွေကို ကယ်တင်ပေးခဲ့တယ်... အခု တာအိုအရှင်အထီးကျန်သိုင်းသခင်က ဒီကိုရောက်နေပြီဆိုတော့ ကျွန်မတို့မှာ အသက်ရှင်လျက်ထွက်ပြေးလွတ်မြောက်ဖို့အတွက် အခွင့်အရေးတစ်ခုရှိလာပြီ”
ထန်ရှစ်ယွင်သည် တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ လူတိုင်းကိုကြည့်ပြီး သိုလှောင်အိတ်ထဲမှ ဆေးလုံးများကို ထုတ်ယူကာ သူတို့ကို ကမ်းပေးလိုက်၏။
လူအများစုက မှင်သေသေဖြင့် ကြည့်နေကြဆဲ ဖြစ်၏။
“ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်က ဘာလုပ်ပေးနိုင်မှာလဲ... တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်တောင် အသတ်ခံရတာပဲမလား... အကုန်လုံးက သေကုန်ကြပြီ ဟားဟားဟားဟား”
ကျင့်ကြံသူတစ်ယောက်သည် ရူးသွပ်ဖောက်ပြန်သွားသောအမူအရာနှင့် ကျယ်လောင်စွာရယ်မောလိုက်၏။
ဆူဇီမိုက ပူဆွေးဝမ်းနည်းသော အမူအရာတစ်ခုရှိလာခဲ့၏။
ဤလူများသည် အသက်ရှင်နေသေးသော်လည်း သူတိုသည် သေလူများနှင့် မကွာခြားတော့ပေ။
“တာအိုအရှင်အထီးကျန်သိုင်းသခင်... ကျေးဇူးပြုပြီး ကျုပ်ကိုသတ်ပြီး ကျုပ်ကိုမြန်မြန်ဆန်ဆန် အဆုံးသတ်ခွင့်ပေးပါ... အဲ့ဒါက ကျုပ်အတွက် အကြီးမားဆုံး စိတ်သက်သာရာရမှုဖြစ်လိမ့်မယ်”
ကျင့်ကြံသူတစ်ယောက်က ဆူဇီမိုကိုဦးချ၍ တောင်းပန်လိုက်၏။
“တာအိုအရှင်အထီးကျန်သိုင်းသခင်... ကျေးဇူးပြုပြီး ကျုပ်တို့ကို သေခွင့်ပေးပါ”
ကျင့်ကြံသူများစွာက ဒူးထောက်လိုက်ကြ၏။
ထိုသည်ကိုမြင်သောအခါ ဆူဇီမို၏မျက်လုံးများက နီရဲလာပြီး သူ၏ရင်ထဲရှိ အမျက်ဒေါသနှင့် ပူဆွေးဝမ်းနည်းမှုများက တလိပ်လိပ်တက်လာခဲ့၏။ နောက်ဆုံးမှာတော့ သူသည် ခေါင်းကိုမော့ပြီး အော်ဟစ်လိုက်လေသည်။
“သွေးနွယ်ပင်မျိုးနွယ်... ငါက မင်းတို့တွေကို သွေးနဲ့ပြန်ပြီး ပေးဆပ်ခိုင်းမယ်”