← Chapters

အသက်ကိုးခါရှူ တိုက်ခိုက်ရေးမန္တန်

Vol. 80 Ch. 1227

အသက်ကိုးခါရှူ တိုက်ခိုက်ရေးမန္တန်

Vol. 80 Ch. 1227

ရွီချင်းသည် အေးတိအေးစက် ကြည့်လိုက်သည်။ ဤသည်မှာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ ကျင့်ကြံသူတစ်ယောက်ကို ပထမဆုံးအကြိမ် သူမြင်ဖူးခြင်း ဖြစ်သည်။ ခေါင်းဆောင်၏ ဆိုလိုရင်းကို သူနားလည်သည်။

ယခု ရောက်ရှိလာသော ထိုလူသည် မီးလျှံလ၏ လက်အောက်ခံမျိုးနွယ်စုတစ်ခုမှ မဟုတ်ပေ။ ယင်းအစား မီးလျှံလ၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်သည်။

အစောနက ခေါင်းဆောင်သည် ဤတားမြစ်ဇုန်ကို တစ်စုံတစ်ယောက်က အမှတ်အသားပြုလုပ်ထားကြောင်း ပြောခဲ့သည်။ ကြည့်ရသည်မှာ ထိုအမှတ်အသားကို ဤလူက ပြုလုပ်ထားခဲ့ခြင်း ဖြစ်နိုင်သည်။

ရွှီချင်းသည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ ကျင့်ကြံသူတစ်ယောက်ကို တစ်ခါမှ မမြင်ဖူးသော်လည်း မူကွဲအင်မော်တယ်ကျောင်းတော်၏ စာအုပ်များမှတဆင့် ထိုမျိုးနွယ်စုအကြောင်း တချို့တလေကို သူနားလည်ထားသည်။

သို့ဖြစ်၍ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဝင်များက သူတို့၏ လက်အောက်ခံမျိုးနွယ်စုများထက် အရေအတွက်အလွန်နည်းပါးကြောင်း သူသိသည်။ ထို့ကြောင့် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ထဲမှ မည်သည့်ကျင့်ကြံသူမဆို မီးလျှံလ၏ ပိုင်နက်အတွင်းမှာ လွန်စွာ အဆင့်အတန်းမြင့်မားကြသည်။

ဥပမာ မင်းသားကြီးဆီမှာ မီးလျှံလ၏ သွေးမျိုးဆက်တစ်ဝက်သာရှိသော်လည်း သူက လက်အောက်ခံမျိုးနွယ်စုအများအပြား၏ ကြောက်ရွံ့ရိုသေခြင်းခံရသည်။

အမှန်မှာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ ကျင့်ကြံသူများသည် တခြားမျိုးနွယ်စုများ၏ ပိုင်နက်ထဲမှာပင် မျက်နှာသာပေးခြင်းခံရသည်။

မည်သူမှ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဝင်များကို မဆင်မခြင် ရန်မစဝံ့ကြချေ။ ထို့ကြောင့် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ ကျင့်ကြံသူများသည် မောက်မာထောင်လွှားကြပြီး မည်သည့်နေရာကို သွားပါစေ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိကြသည်။

သူတို့မျိုးနွယ်၏ အင်အားသည် သူတို့၏ ယုံကြည်မှုဇစ်မြစ်ဖြစ်သည်။

အထူးသဖြင့် သူတို့၏ ပိုင်နက်အတွင်းမှာ ပိုပြီးအကြောက်အရွံ့မဲ့ကြသည်။

ကောင်းကင်ပေါ်မှ သက်တံ့တိမ်တိုက်သည် ရွှီချင်းနှင့် ခေါင်းဆောင်၏ အပေါ်မှာ ထွက်ပေါ်လာသည်။ ၎င်း၏ ဘေးပတ်ဝန်းကျင်မှ ဥက္ကာပျံများသည်တော့ မြေပြင်ပေါ်သို့ ဆင်းသက်သွားကြသည်။

တားမြစ်ဇုန်နှင့် ၎င်း၏ ဘေးပတ်ဝန်းကျင်သည် တုန်ယင်သွားသည်။ ကြောက်စရာကောင်းသော ဖိအားသည် ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး စကားလုံးနှစ်လုံးသို့ ပြောင်းလဲသွားသည်။

“ လူသားမျိုးနွယ်လား ”

ထိုစကားထွက်ပေါ်လာသည်နှင့်ချက်ချင်း လောက၏ အရောင်သည် ပြောင်းလဲသွားသည်။ ဤသည်မှာ ထိုစကားထဲတွင် အစစ်အမှန်ကို ပြောင်းလဲပစ်နိုင်သော စွမ်းအားတစ်ခု ပါရှိဟန် ရသည်။ ဥပဒေသစွမ်းအားများက ပေါ်လျှိုးထွက်လာပြီး ရွှီချင်းနှင့် ခေါင်းဆောင်ကို လွှမ်းခြုံသွားကာ သူတို့၏ လုပ်ရပ်များကို လွှမ်းမိုးခြယ်လှယ်ရန် ကြိုးစားလိုက်သည်။

ဆုတ်ဖြဲခံနေရသော အသံများသည် သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်ထဲမှ ခပ်ရေးရေး ထွက်ပေါ်လာသည်။

အပြာရောင်အလင်းသည် ခေါင်းဆောင်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက အနည်းငယ် စိတ်လှုပ်ရှားနေသည်။

ရွှီချင်းသည် မထူးမခြားနား အမူအရာဖြင့် ရှိနေဆဲပင်။ သူက တစ်ဖက်လူကို သေလူတစ်ယောက်ပမာ ကြည့်နေခြင်း ဖြစ်သည်။

တားမြစ်ဇုန်ကို ဝါးမျိုနေသော အရိပ်လေးသည်တော့ တစ်ခဏသာ ရပ်တန့်သွားသည်။ ထို့နောက် ၎င်းက ဆက်လက် ဝါးမျိုသည်။

လူသားနှစ်ယောက်က သူ၏ ရောက်ရှိလာမှုကို မည်သို့မှ မတုံ့ပြန်ကြောင်း မြင်သွားသောအခါ စိတ်မရှည်သော အရိပ်အယောင်သည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ ကျင့်ကြံသူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သူက ဤနေရာကို ယခင်က မရောက်ဖူးပေ။ တားမြစ်ဇုန်ထဲမှ တားမြစ်တောင်ကို ယူဆောင်ရန်အတွက် ယခုမှသာ သူရောက်ရှိလာခြင်း ဖြစ်သည်။

မဟာအမဲလိုက်ပွဲတော်၏ ပြိုင်ပွဲဝင်သူတစ်ယောက်အနေဖြင့် သူက တားမြစ်တောင်ကို လိုအပ်သည်။ တားမြစ်တောင်က ပိုများလေ ပိုကောင်းလေ ဖြစ်သည်။ ယှဉ်ပြိုင်ပွဲက အလွန်ပြင်းထန်သောကြောင့် သူက ဤအနီးနားမှ လက်အောက်ခံမျိုးနွယ်စုများကို သူ၏ အမှတ်အသားအား တားမြစ်ဇုန်အများကြီးထဲမှာ ချန်ထားရန် အမိန့်ပေးခဲ့သည်။

ထိုသို့အမှတ်အသား ချန်ထားခြင်းသည် ဤဧရိယာကို သူ့ပိုင်နက်အဖြစ် သတ်မှတ်ထားကြောင်း အဓိပ္ပာယ်ရသည်။ သူ၏ ပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်လာသော မည်သူမဆို သူ၏ အမဲလိုက်ခြင်းခံရလိမ့်မည်။

တားမြစ်ဇုန်များဆီသို့ သူ၏ ခရီးစဉ်တွင် အောင်မြင်မှုများရှိသလို ကျရှုံးမှုများလည်း ရှိသည်။ ယင်းက သူ့ကို စိတ်ဆတ်စေသည်။ ယခု လူသားနှစ်ယောက်က သူ၏ ပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်လာဝံ့ကြောင်း သူမြင်သွားသောအခါ သူ၏ စိတ်မရှည်မှုက ပေါက်ကွဲထွက်လာသည်။ အထင်သေးရှုံ့ချမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ရွှီချင်းနှင့် အားညိုဆီသို့ လက်သီးဖြင့် ထိုးလိုက်သည်။

ထိုလက်သီးချက်သည် သာမန်ဖြစ်ဟန်ရသော်လည်း ကြောက်စရာကောင်းသော အရှိန်အဟုန်ကို သယ်ဆောင်ထားသည်။

ကောင်းကင်သည် လှုပ်ရှားထကြွသွားပြီး မြေပြင်သည် တုန်ယင်သွားသည်။ ဧရာမရွှေရောင်လက်သီးပုံရိပ်သည် ကောင်းကင်နှင့် မြေပြင်ကြားမှာ ထွက်ပေါ်လာသည်။ လက်သီးသည် ပေရာပေါင်းများစွာ ကျယ်ပြောလေရာ ကောင်းကင်ဘုံလက်သီးနှင့် ဆင်တူသည်။

ယင်းက မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေပြီး တားမြစ်ဇုန်ကို တုန်လှုပ်သွားစေသည်။ ယင်းက ကျဆင်းလာတော့မည့်အချိန် ခေါင်းဆောင်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ အဖုအပိမ့်ခန္ဓာကိုယ်နှင့်အတူ အရှေ့သို့ ပြေးထွက်သွားသည်။

“ ကောင်းတယ်… ခြင်ကိုက်ခံပြီးနောက် ငါ့ခန္ဓာကိုယ်က ဘယ်လောက်သန်မာသွားလဲဆိုတာ မင်းကို အသုံးပြုပြီး စမ်းသပ်ကြည့်မယ် ”

ချက်ချင်းဆိုသလို ခေါင်းဆောင်၏ ခန္ဓာကိုယ်သည် ကြမ်းကြုတ်သော လေပြင်းကို သယ်ဆောင်လျက် ရွှေရောင်လက်သီးပုံရိပ်နှင့် ထိပ်တိုက်တွေ့ဆုံသွားလေသည်။

ကျယ်လောင်သော မြည်သံသည် မိုးခြိမ်းသံပမာ ပဲ့တင်ထပ်လာသည်။

နောက်အခိုက်အတန့်မှာ ခေါင်းဆောင်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အနောက်သို့ အကြိမ်ရေအနည်းငယ် ပြန်ကန်သွားသည်။ ကောင်းကင်ပေါ်မှ လက်သီးပုံရိပ်သည်တော့ အက်ကွဲရာများ ထွက်ပေါ်လာပြီး အပိုင်းပိုင်းအစစ ပြိုကွဲထွက်သွားသည်။

“ ဒီလောက်ပဲလား ”

ခေါင်းဆောင်သည် ခေါင်းမော့လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။

ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်သည်။ ခေါင်းဆောင်၏ ခန္ဓာကိုယ်က အများကြီး ပိုသန်မာသွားရုံသာမက သူ၏ ကျင့်ကြံခြင်းအခြေခံသည်လည်း ဤအချိန်တိုလေးအတွင်းမှာ ဗလာနတ္ထိအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

‘ နောက်ထပ်ချိပ်တံဆိပ်ကို ဖြေလျော့ခဲ့တာလား ’

‘ ပြီးတော့ စီနီယာအကိုကြီးက ဒီမီးလျှံလကျင့်ကြံသူကို ဒေါသထွက်လာအောင် တမင်စနေတဲ့ပုံပဲ ’

ရွှီချင်းက တွေးတောနေစဉ် ခေါင်းဆောင်က ကောင်းကင်ပေါ်သို့ အော်ပြောလိုက်သည်။

“ ထပ်လာစမ်း ”

မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ ကျင့်ကြံသူ၏ အကြည့်သည် ခေါင်းဆောင်ပေါ်သို့ ချက်ချင်း ကျရောက်သွားသည်။ သူ၏ မျက်လုံးထဲတွင် လှိုင်းဂယက်တချို့ ထွက်ပေါ်လာပြီး သူက အနည်းငယ် ပိုပြီးအလေးအနက်ထားလာသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

သူက လေကို ရှူသွင်းလိုက်သည့်အခါ မုန်တိုင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ နောက်အခိုက်အတန့်မှာ ဤနေရာမှာရှိသော ဒြပ်နှောများ၊ ဝိညာဉ်စွမ်းအင်နှင့် အသေးစားဥပဒေသအားလုံးသည် သူ၏ ပါးစပ်ထဲသို့ ဒလဟော ဝင်ရောက်သွားကြသည်။

ဝုန်းခနဲ မြည်သံများကြားတွင် ဝဲကတော့တစ်ခုဖြစ်ပေါ်လာသည်။

အသက်ပြင်းပြင်းရှူသွင်းပြီးနောက် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် နှစ်ဆပိုပြီး ကြီးမားသွားသည်။ သူက ညာလက်ကို လက်သီးအသွင် ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး အောက်ဘက်သို့ ထပ်မံထိုးချလိုက်သည်။

ဗုန်းဟူသော မြည်ဟိန်းသံနှင့်အတူ ဟင်းလင်းပြင်သည် ပေါက်ကွဲထွက်သွားပြီး ယခင်လက်သီးပုံရိပ်ထက် အဆပေါင်းများစွာ ပိုပြီးကြီးမားသော ရွှေရောင်တောင်ကြီးသည် လေထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် ရွှေရောင်တောင်ကြီးသည် ခေါင်းဆောင်ပေါ်သို့ ဖိချလာသည်။

ခေါင်းဆောင်၏ မျက်လုံးထဲမှာ အထင်သေးရှုံ့ချသော အရိပ်အယောင် ထွက်ပေါ်လာသည်။ သူက အရှေ့သို့ တစ်ဟုန်ထိုး ပြေးထွက်သွားပြီး သူ၏ ခန္ဓာကိုယ်ဖြင့် ရွှေရောင်တောင်ကြီးကို ထပ်မံဝင်ဆောင့်လိုက်သည်။

ခေါင်းဆောင်က အောက်သို့ ပြုတ်ကျသွားစဉ် ရွှေရောင်တောင်ကြီး၏ ပုံရိပ်သည် ပြိုကွဲပျက်စီးသွားသည်။

ဤတစ်ကြိမ်တွင် လေထဲရှိ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ ကျင့်ကြံသူသည် တည်ကြည်လေးနက်သွားသည်။ သူက ခေါင်းဆောင်ကို စိုက်ကြည့်လိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။

“ အားနည်းလိုက်တာ… အရမ်းအားနည်းတာပဲ ”

ခေါင်းဆောင်သည် မြေပြင်ပေါ်တွင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

သူ၏ ရယ်မောသံက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ ကျင့်ကြံသူ၏ နားထဲသို့ ဝင်ရောက်သွားသည့်အခါ သူ၏ မျက်လုံးထဲတွင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ထွက်ပေါ်လာသည်။ သူက ပါးစပ်ဟလိုက်ပြီး နောက်တစ်ကြိမ် လေရှူသွင်းလိုက်သည်။ ဤတစ်ကြိမ်တွင် သက်ရောက်မှုအတိုင်းအတာသည် ယခင်ကထက် ပိုပြီးကြီးမားသွားသည်။ ကီလိုမီတာ(၅၀၀)အတွင်းမှာရှိသော ဒြပ်နှောများနှင့် ဝိညာဉ်ချီသည် တစ်ဟုန်းထိုး စုဝေးလာပြီး သူ့အရှေ့မှာ ဝဲကတော့တစ်ခုပမာ ဖွဲ့စည်းသွားသည်။

သူက ထိုဝဲကတော့ကို သူ၏ ပါးစပ်ထဲသို့ ရှူသွင်းရန် ပြင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ခေါင်းဆောင်သည် ရုတ်တရက် မြေပြင်ကို ဖနောင့်ပေါက်လိုက်ပြီး ပြန်ကန်လာမည့် အရှိန်အဟုန်ကို ငှားယူလိုက်ကာ သူ၏ အလျင်ကို တစ်ဟုန်ထိုး တိုးမြှင့်သွားစေသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူက ကီလိုမီတာ(၅၀၀)အတွင်းမှ ဒြပ်နှောများနှင့် ဝိညာဉ်ချီများဖြင့် ဖွဲ့စည်းထားသော ဝဲကတော့ထဲမှာ ထွက်ပေါ်လာသည်။

ခေါင်းဆောင်၏ မျက်လုံးထဲမှာ စိတ်သက်သာရာရသော အရိပ်အယောင် ထွက်ပေါ်လာသည်။ သူက ပါးစပ်ဟလိုက်ပြီး မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူ၏ အရှေ့မှာ လေကို အကြမ်းပတမ်း ရှူသွင်းလိုက်သည်။

ချက်ချင်းဆိုသလို ထိုဝဲကတော့သည် လေလျော့သွားသော ပူဖောင်းတစ်လုံးနှယ် ဖြစ်လာသည်။ ယင်းက ချက်ချင်း ကျုံ့သွားပြီး ခေါင်းဆောင်၏ ဝါးမျိုခံလိုက်ရသည်။

သူက ယင်းကို ဝါးမျိုလိုက်သည့်အခိုက် ခေါင်းဆောင်၏ ခန္ဓာကိုယ်သည် ရုတ်တရက် ကြီးထွားလာသည်။ တစ်ချိန်တည်းမှာ သူ၏ ဆံပင်နှင့် မျက်လုံးသည် ရွှေရောင်သို့ ပြောင်းလဲသွားသည်။ သူက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဝင်တစ်ယောက်နှင့် အလွန်ဆင်တူသွားသည်။

ထိုမြင်ကွင်းသည် မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူ၏ အမူအရာကို ပျက်ယွင်းသွားစေသည်။ သူက အမြန်အနောက်ဆုတ်သွားသည်။ သူ၏ အမူအရာသည် လုံးဝတည်ကြည်လေးနက်သွားသည်။

“ မင်းက လူမဟုတ်ဘူး ”

“ မင်းပဲ လူမဟုတ်တာ… မင်းတို့တစ်မျိုးလုံး လူမဟုတ်ဘူး… ဘာလို့ တိုက်ခိုက်နေတုန်းမှာ ငါ့ကို လာဆဲနေတာလဲ ”

ခေါင်းဆောင်က စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။

“ အစောနက မင်းအသုံးပြုသွားတာက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ အသက်ကိုးခါရှူ တိုက်ခိုက်ရေးမန္တန်မဟုတ်လား… အသက်တစ်ခါရှူလိုက်တိုင်း မင်းရဲ့ စွမ်းအားက သိသိသာသာ တိုးမြှင့်သွားလိမ့်မယ်… ငါက မင်းရဲ့ ဝဲကတော့ကို ဝါးမျိုလိုက်တာနဲ့ပဲ လူမဟုတ်ရတော့ဘူးလား ”

“ ငါမင်းကို ဝေဖန်တာတော့ မဟုတ်ပါဘူး… ဘာလို့ မင်းက အသက်သုံးခါပဲ ရှူနိုင်တာလဲ… အဲ့ဒါက မလုံလောက်သေးဘူး… လာ ထပ်လုပ်မယ် ”

ခေါင်းဆောင်သည် နှုတ်ခမ်းသပ်လိုက်ပြီးနောက် စိတ်လှုပ်ရှားစွာ ပြောသည်။

ရွှီချင်းသည် တည်ငြိမ်သည်။ အစောနက သူသည် ခေါင်းဆောင်၏ ထူးဆန်းသော အပြုအမူကို သတိပြုမိခဲ့သည်။ ယခု ဤအဖြစ်အပျက်ကို သူမြင်လိုက်ရသောအခါ ခေါင်းဆောင်က မီးလျှံလ၏ မန္တန်ကို အသုံးပြုနိုင်ခြင်းနှင့်ပတ်သက်ပြီး သူက အံ့ဩသင့်ပေသည်။ သို့သော်လည်း အရာအားလုံးက ပုံမှန်ဖြစ်သည်ဟု သူခံစားမိသည်။

ရှင်းလင်းစွာပင် ခေါင်းဆောင်နှင့် အချိန်အတော်ကြာ ပူးပေါင်းဆောင်ရွက်ပြီးနောက် ခေါင်းဆောင်နှင့်ပတ်သက်သော ဆန်းကြယ်မှုများကို ရွှီချင်းက နေသားကျသွားပြီ ဖြစ်သည်။

ခေါင်းဆောင်က တစ်နေ့မှာ သူက နတ်ဘုရားတစ်ပါးဖြစ်သည်ဟု ပြောလာလျှင်ပင် ရွှီချင်းက ကြီးကြီးမားမား အံ့ဩလိမ့်မည်မဟုတ်ချေ။

သို့ဖြစ်၍ ရွှီချင်းသည် သူတို့နှစ်ယောက်ကို လျစ်လျူရှုထားလိုက်ပြီး တောင်ကို ဆက်လက် ရွှေ့လိုက်သည်။

လေထဲမှ မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူသည်တော့ သူ၏ မျက်နှာသည် အရုပ်ဆိုးသွားသည်။ သူက ခေါင်းဆောင်ကို စိုက်ကြည့်လိုက်ပြီး ရုတ်တရက် ပြောသည်။

“ ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ လူသားတစ်ယောက်ကို ပထမဆုံး ငါမြင်ဖူးတာပဲ… ကောင်းပြီ… မင်းက အသက်ကိုးခါရှူ တိုက်ခိုက်ရေးမန္တန်ကို အသုံးပြုနိုင်တယ်ဆိုမှတော့ ငါ့မီးလျှံလရဲ့ မွေးရာပါစွမ်းရည်ကိုရော သင်ယူနိုင်ဦးမလားဆိုတာ ငါကြည့်မယ် ”

မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူသည် စကားဆုံးသည်နှင့် သူ၏ နဖူးကို ထိလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ သွေးနှင့် ချီသည် ချက်ချင်း ပရမ်းပတာ လှုပ်ရှားထကြွလာပြီး သွေးမြူအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။

ကောင်းကင်တစ်ခုလုံး တုန်ယင်သွားပြီး ဝဲကတော့တစ်ခုကို ဖွဲ့စည်းသွားသည်။ ထိုဝဲကတော့ထဲတွင် အံ့မခန်းအရှိန်အဝါဖြင့် သွေးနီရောင်မိုးကြိုးများက ကူးခတ်နေကြသည်။

ဝဲကတော့၏ အလယ်တွင် ၎င်းကို ပထမဆုံးအကြိမ် မြင်လိုက်ရသူများအဖို့ အံ့ဩထိတ်လန့်သွားနိုင်မည့် မြင်ကွင်းတစ်ခု ရှိသည်။

ထိုမြင်ကွင်းထဲတွင် အမည်မသိဟင်းလင်းပြင်တစ်ခု ရှိသည်။

ထိုဟင်းလင်းပြင်ထဲတွင် အရွယ်အစား အလွန်ကြီးမားသော ခွန်ပန်တစ်ကောင် ရှိသည်။

ကောင်းကင်ဘုံတာအို၏ အရှိန်အဝါလှိုင်းများသည် ၎င်း၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်နေသည်။ ၎င်းက သာမန်ကောင်းကင်ဘုံတာအိုမဟုတ်ပေ။ ဝမ်ကူးကုန်းမြေ၏ ရှေးဟောင်းကောင်းကင်ဘုံတာအိုများထဲမှ တစ်ခုဖြစ်သည်။

မရေမတွက်နိုင်သော သံဆူးကြိုးများသည် ၎င်း၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားကြသည်။ သံဆူးကြိုးတစ်ခုစီသည် ၎င်း၏ ခန္ဓာကိုယ်ထဲသို့ နက်ရှိုင်းစွာ ထိုးစိုက်နေကြပြီး ၎င်းကို ချုပ်နှောင်ထားကြသည်။ ထို့ပြင် လေထဲမှာ အလွန်ကြီးမားသော ကြာပွတ်တစ်ချောင်းလည်းရှိပြီး ၎င်း၏ ဧရာမခန္ဓာကိုယ်ကို ဆက်တိုက် ရိုက်နှက်နေသည်။

၎င်း၏ ခန္ဓာကိုယ်ပေါ်မှာ မရေမတွက်နိုင်သော ဒဏ်ရာများရှိပြီး ယင်းတို့အားလုံးက အတော်လေး ဆိုးဝါးပြင်းထန်သည်။

ကြာပွတ်၏ ရိုက်ချက်တိုင်းမှ အလွန်ကျယ်လောင်သော မိုးခြိမ်းသံတစ်သံ ထွက်ပေါ်လာလေ့ ရှိသည်။ ရှေးဟောင်းကောင်းကင်ဘုံတာအို၏ အော်ဟစ်ညည်းညူသံသည်လည်း ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသည်။

ထိုအသံထဲမှာ အဆုံးမဲ့သော နာကျင်မှုနှင့် ဖော်မပြနိုင်သော သေချင်စိတ်တို့ ပါရှိသည်။ ယင်းက လူသားလောကထဲမှာ ပျံ့လွင့်သွားသောအခါ နိယာမများနှင့် ဥပဒေသများထက် သာလွန်သော အသံတစ်သံသို့ ပြောင်းလဲသွားပြီး ခေါင်းဆောင်နှင့် ရွှီချင်းဆီသို့ ဦးတည်သွားသည်။

အကယ်၍ တစ်စုံတစ်ယောက်က ထိုအော်သံဖြင့် သက်ရောက်ခံရမည်ဆိုလျှင် ၎င်းအတွက် စာနာနားလည်စိတ် ဖြစ်ပေါ်လာလိမ့်မည်။ သူတို့က ထိုသို့စာနာနားလည်သွားသည့်အခါ ရှေးဟောင်းကောင်းကင်ဘုံတာအိုကဲ့သို့ ပြင်းထန်သော နာကျင်မှုကို ခံစားမိပြီး သေချင်စိတ်ဖြစ်ပေါ်လာလိမ့်မည်။

ဤသည်မှာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ မွေးရာပါစွမ်းရည်ဖြစ်သည်။

အစက ထိုမျိုးနွယ်တွင် ယခုကဲ့သို့ မွေးရာပါစွမ်းရည်မရှိပေ။ အများဆုံး သူတို့က ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုကိုသာ ထုတ်သုံးနိုင်ကြသည်။ သို့သော်လည်း နှစ်ပေါင်းမြောက်များစွာ ကြာမြင့်ပြီးနောက် ထိုမျိုးနွယ်က ပိုပြီးသန်မာလာသည့်အခါ မွေးရာပါစွမ်းရည်များကို သူတို့ဘာသာ ဖန်တီးနိုင်ခဲ့ကြသည်။

ရှေးဟောင်းကောင်းကင်ဘုံတာအိုတစ်ခုကို အကျဉ်းချ၍ ကြာပွတ်ဖြင့် အကြင်နာကင်းမဲ့စွာ ရိုက်စေပြီး အော်ညည်းစေသည်။ ထိုအော်ညည်းသံသည် သူတို့မျိုးနွယ်အတွက် ကောင်းချီးမင်္ဂလာဖြစ်လာသည်။

သူတို့က မည်မျှများပြားသော ရှေးဟောင်းကောင်းကင်ဘုံတာအိုများကို အကျဉ်းချထားသလဲဟူသော မေးခွန်းနှင့်ပတ်သက်ပြီး ထိုမျိုးနွယ်၏ သူတော်စင်နတ်ဆရာများနှင့် နတ်ဘုရားများမှလွဲ၍ တခြားလူများက အတိအကျ မသိကြချေ။

ဤအခိုက်အတန့်မှာ ရှေးဟောင်းကောင်းကင်ဘုံတာအို၏ အော်ညည်းသံသည် သူတို့၏ ကျင့်ကြံခြင်းအခြေခံနှင့် အကာအကွယ်များကို လျစ်လျူရှု၍ ရွှီချင်းနှင့် ခေါင်းဆောင်ဆီသို့ ကျရောက်လာသည်။ ချက်ချင်းဆိုသလို အဆုံးမဲ့သော နာကျင်မှုနှင့် သေချင်သော စိတ်ဆန္ဒသည် သူတို့၏ စိတ်ထဲမှာ မြန်ဆန်စွာ ထွက်ပေါ်လာသည်။

သို့သော်လည်း ရွှီချင်းက တည်ငြိမ်နေဆဲပင်။ ခေါင်းဆောင်သည် သရော်လှောင်ပြောင်စွာ ရယ်မောလိုက်ပြီး ပြောသည်။

“ သားလေး ”

မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူသည် ခေါင်းဆောင်၏ စကားကို နားလည်မှုလွဲသွားသည်။ သူ၏ မျက်လုံးထဲမှ အေးစက်မှုက ပိုပြီးအားကောင်းလာစဉ် မပီသသော ဗလုံးဗထွေးစကားသံသည် ဝဲကတော့ထဲရှိ ဟင်းလင်းပြင်ထဲမှ ရုတ်တရက် မြည်ဟိန်းထွက်လာသည်။

ထိုအသံ၏ အဆင့်သည် အလွန်အံ့ဖွယ်ကောင်းသည်။ ယင်းက ခွန်ပန်၏ အော်ညည်းသံကို လွင့်ပြယ်သွားစေပြီး ကောင်းကင်ပေါ်မှ ဝဲကတော့ကို ပြိုကွဲသွားစေသည်။

မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူသည်တော့ သူ၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားပြီး သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။ သူ၏ အမူအရာမှာ ချောက်ချားမှုနှင့် မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်သွားသည်။

“ အဲ့ဒါဘာကြီးလဲ ”

သူ၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ သူက စကားပြောပြီးနောက် မြန်ဆန်စွာ အနောက်ဆုတ်သွားသည်။ သူက နောက်ထပ် မတိုက်ခိုက်ချင်တော့ပေ။ သူ၏ အမြင်တွင် ရုပ်ချော‌ချော လူသားသည် ဘာမှမဟုတ်သော်လည်း အရုပ်ဆိုးသော ဖက်တီးသည် အလွန်ကြောက်စရာကောင်းသည်။

ထို့ကြောင့် သူက လုံးဝတုံ့ဆိုင်းမနေဘဲ မြန်ဆန်စွာ အနောက်ဆုတ်သွားသည်။

ခေါင်းဆောင်က အော်ပြောလိုက်သည်။

“ ဟေ့… မသွားနဲ့ဦးလေ… ငါနဲ့ နည်းနည်းလောက် ထပ်ပြီး တိုက်ခိုက်ပေးပါဦး ”

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ စီနီယာအကိုကြီး… ကစားနေတာ တော်သင့်ပြီ ”

ရွှီချင်းသည် စကားပြောပြီး‌နောက် သူ၏ ညာလက်ကို ရုတ်တရက် မြှောက်လိုက်ပြီး လေကို ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းဆိုသလို အနက်ရောင်မီးတောက်သည် လေထဲမှာ ရုတ်ချည်း ထွက်ပေါ်လာပြီး မီးတောက်ပင်လယ်တစ်ခုသို့ ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာ ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ ရွှေကျီးကန်းတိုတမ်ဆေးမင်ကြောင်သည် စူးရှကျယ်လောင်သော အော်မြည်သံကို ထုတ်ဖော်လိုက်ပြီး အပြင်ဘက်သို့ ပျံသန်းထွက်လာသည်။ နောက်အခိုက်အတန့်မှာ ၎င်းက အနက်ရောင်လှံတစ်ချောင်းသို့ အသွင်ပြောင်းလဲသွားသည်။

လှံထွက်ပေါ်လာသည်နှင့်ချက်ချင်း မိုးခြိမ်းသံသည် ဝုန်းခနဲ မြည်ဟိန်းသွားသည်။ လှံပုံရိပ်သည် အနက်ရောင်အဖျက်အဆီးနဂါးတစ်ကောင်ပမာ ပျံသန်းထွက်လာသည်။ ၎င်းထံမှ ထုတ်လွှတ်နေသော အရှိန်အဝါသည် မြေပြင်ကို တုန်ယင်သွားစေပြီး ကျောက်တုံးများကို ပြိုကျပျက်စီးသွားစေသည်။

နောက်အခိုက်အတန့်မှာ အနက်ရောင်လှံသည် ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။

၎င်းက လှံဖြစ်သည်မှာ ထင်ရှားသော်လည်း ရွှေကျီးကန်းတစ်ကောင်နှင့် ဆင်တူသည်။ ဘေးပတ်ဝန်းကျင်မှ မီးတောက်များသည် မြေကြီးထဲမှ မြှောက်တတ်လာပြီး ထွက်ပြေးသွားသော မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူနောက်သို့ လိုက်ဖမ်းကြသည်။

All Chapters