ပထမတောင်
Vol. 80 Ch. 1228
တားမြစ်ဇုန်ပေါ်မှ ကောင်းကင်သည် တုန်ယင်သွားသည်။ ရွှီချင်း၏ အရှေ့တွင် ပျံသန်းထွက်သွားသော လှံသည် နဂါးတစ်ကောင်ပမာ အောက်မေ့ရပြီး ကမ္ဘာဖျက်ဆီးမည့် အနက်ရောင်အလင်းကို ထုတ်လွှတ်နေသည်။
၎င်းက မြေပြင်ပေါ်တွင် မီးတောက်ပင်လယ်တစ်ခုကို လှုံ့ဆော်လိုက်ပြီး ကောင်းကင်အထိ ပျံ့နှံ့သွားစေသည်။
၎င်း၏ အလျင်သည် အလွန်မြန်ဆန်လေရာ ကောင်းကင်ကို ဆုတ်ဖြဲပစ်မည့် ဥက္ကာပျံတစ်ခုပမာ အောက်မေ့ရသည်။
တောင်ထိပ်ပေါ်မှ ဝိညာဉ်ချည်မျှင်များလည်း ထွက်ပေါ်လာကြသည်။ ဤအခိုက်အတန့်မှာ ယင်းတို့က ပျံ့နှံ့ထွက်လာကြပြီး မီးတောက်ပင်လယ်နှင့်ဆင်တူသော လှံကို အားဖြည့်ပေးလိုက်ကြသည်။ ထိုအခါ လှံသည် အလွန်အမင်း ထက်ရှသွားသည်။
၎င်းက ရှောင်တိမ်းရန် သို့မဟုတ် ခုခံကာကွယ်ရန် မလွယ်ကူပေ။
မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ကျင့်ကြံသူ၏ အမူအရာသည် လုံးဝ ပျက်ယွင်းသွားသည်။
“ ဒီအရှိန်အဝါ… အဲ့ဒါက တားမြစ်လက်နက်ပဲ ”
မျိုးနွယ်စု၏ အင်အားကြောင့် သူတို့သည် ဝမ်ကူးကုန်းမြေ၏ သမိုင်းကြောင်းကို တခြားလူများထက် ပိုပြီးနားလည်ကြသည်။ သို့ဖြစ်၍ မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူသည် ထိုလှံကို ချက်ချင်း မှတ်မိသွားသည်။
ထိုသို့နားလည်သွားမှုကြောင့် သူ၏ နှလုံးသည် ပရမ်းပတာ လှုပ်ခါသွားပြီး သူ၏ အသိစိတ်သည် ဝုန်းခနဲ မြည်ဟိန်းသွားသည်။
သို့သော်လည်း ယခု သူ့မှာ အများကြီး စဉ်းစားနေရန် အချိန်မရှိပေ။ သေခြင်းရှင်ခြင်းကပ်ဘေး၏ သတိပေးမှုသည် သူ၏ တစ်ကိုယ်လုံးကို တုန်ယင်သွားစေသည်။
သူက လှံကို ရှောင်တိမ်းချင်သော်လည်း ထိုသို့မလုပ်နိုင်ပေ။ အကယ်၍ သူသာ အမြစ်ဖြတ်သုတ်သင်ခြင်းစိတ်ဆန္ဒဖြင့် ပျံသန်းလာနေသော လှံကို နောက်တစ်လှမ်းဆုတ်၍ ရှောင်ရှားမည်ဆိုလျှင် သူ၏ အသိစိတ်သည် ထိုအရှိန်အဝါဖြင့် ဖိနှိပ်ခံရလိမ့်မည်။
ထိုအရှိန်အဝါဖြင့် ဖိနှိပ်ခံရမည်ဆိုလျှင် သူက သေချာပေါက် သေဆုံးလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် ထိုလှံကို ဤလောကကြီးနှင့် ကောင်းကင်ဘုံတာအိုက ပိတ်ပင်တားမြစ်ထားသောကြောင့် ဖြစ်သည်။ ၎င်းက ဝမ်ကူးကုန်းမြေ၏ ရှေးအကျဆုံး တားမြစ်လက်နက်များထဲမှ တစ်ခုဖြစ်ပြီး အင်ပါယာအဆင့် ကျင့်ကြံခြင်းအတတ်ပညာထဲမှာ ချိပ်ပိတ်ခံထားရသော တည်ရှိမှုတစ်ခု ဖြစ်သည်။
ထိုသို့ရှေးဟောင်းတားမြစ်လက်နက်နှင့် ရင်ဆိုင်ရသည့်အခါ သူက ကြောက်ရွံ့နေမည်ဆိုလျှင် အဖျက်အဆီးခံရမည့် ရာခိုင်နှုန်းက ပိုပြီးများလိမ့်မည်။
ထို့ကြောင့် မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူသည် ချက်ချင်း မျက်လုံးနီရဲသွားသည်။ သူက ဟိန်းသံတစ်သံကို ထုတ်ဖော်လိုက်ပြီး သွေးတစ်ပွက်ကို အန်ထုတ်လိုက်ကာ တားမြစ်အတတ်ပညာကို အသုံးပြုလိုက်သည်။
သွေးသည် သူ့အရှေ့တွင် သွေးမြူခိုးအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားကာ သူ့ကို ကာကွယ်ပေးလိုက်သည်။ တစ်ချိန်တည်းမှာ သွေးမြူခိုးသည် တအိအိ လှုပ်ရှားထကြွလာပြီး မြူခိုးထဲမှာ အရေအတွက်များပြားသော အသင်္ချေမျက်နှာများက ထွက်ပေါ်လာကြသည်။ ထိုမျက်နှာများသည် အနည်းဆုံး ထောင်ဂဏန်းခန့် ရှိသည်။ ၎င်းတို့က တိုးညင်းသော ဟိန်းသံများကို တစ်ပြိုင်နက် ထုတ်လွှတ်လိုက်ကြပြီး ကိုယ့်ဘာသာ လောင်ကျွမ်းပစ်လိုက်ကြသည်။
သို့သော်လည်း ယင်းက မလုံလောက်သေးကြောင်း ထင်ရှားပေသည်။
သို့ဖြစ်၍ ဤကဲ့သို့ အရေးကြီးအခိုက်အတန့်မှာ မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူ၏ ရုပ်ခန္ဓာစွမ်းအားက အပြည့်အဝ ပေါ်လျှိုးထွက်လာသည်။ သူ၏ လက်နှစ်ဖက်သည် အလွန်အမင်း ထူထဲလာပြီး ယင်းတို့ကို မြှောက်လိုက်ကာ အရှေ့သို့ တွန်းထုတ်လိုက်သည်။
ထိုအခါ ရွှေရောင်အလင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာပြီး သူ့ကို ခုခံကာကွယ်ပေးရန် ဒုတိယအကာအကွယ်အလွှာကို ဖွဲ့စည်းလိုက်သည်။
ထို့ပြင် အဖြူရောင်အလင်းသည် သူ၏ နဖူးထဲမှ မြန်ဆန်စွာ ပျံသန်းထွက်လာပြီး အသက်နတ်ဘုရားရုပ်တုတစ်ခုသို့ အသွင်ပြောင်းလဲသွားကာ သူ့အနောက်တွင် ရပ်လိုက်သည်။
ထိုရုပ်တုသည် လူသားပုံသဏ္ဍာန်ရှိသော်လည်း ၎င်း၏ တစ်ကိုယ်လုံးကို ငှက်မွှေးများဖြင့် အပြည့်ဖုံးလွှမ်းထားသည်။ ၎င်းက မွန်မြတ်သန့်စင်သော စိတ်ခံစားမှုကို ပေးသည်။ ဤအခိုက်အတန့်မှာ ရုပ်တုသည် ၎င်း၏ လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူကို ပွေ့ဖက်လိုက်သည်။
ထိုအချက်အားလုံးကို ဖော်ပြရန် အချိန်ကြာသော်လည်း အမှန်မှာ ယင်းက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ နောက်အခိုက်အတန့်မှာ အနက်ရောင်လှံသည် ဗလာနတ္ထိကို ဖြိုခွင်းသွားပြီး မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူ၏ အရှေ့သို့ ရောက်ရှိသွားသည်။
မိုးကြိုးသွားပမာ အရှိန်အဟုန်နှင့်အတူ လှံသည် မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူ၏ အရှေ့မှ သွေးမြူခိုးကို ထိမှန်သွားသည်။
ထိုနှစ်ခုတွေ့ဆုံသွားသည့်အခိုက် မြူခိုးသည် ဝုန်းခနဲ မြည်ဟိန်းသွားပြီး အပြင်းအထန် လှုပ်ယမ်းလာသည်။ ယင်းက လှံကို ခုခံချင်သော်လည်း ထိုသို့မလုပ်ဆောင်နိုင်ခဲ့ပေ။ မြူခိုးထဲမှ အသင်္ချေမျက်နှာများက အပြင်းအထန် လောင်ကျွမ်းနေသည့်တိုင် အချည်းနှီးသာ ဖြစ်၏။
မျက်စိတစ်မှိတ်အတွင်းမှာ ၎င်းတို့က ဝမ်းနည်းဖွယ်ကောင်းသော အော်ဟစ်ညည်းညူသံများကို ထုတ်ဖော်လိုက်ပြီး လှံ၏ ထိုးဖောက်မှုအောက်မှာ ပြာဖြစ်သွားကြသည်။
တစ်ချိန်တည်းမှာ သွေးမြူခိုးသည် လုံးဝလွင့်ပြယ်သွားသည်။ ယင်းက ရိုက်ချက်တစ်ခုကိုပင် မတောင့်ခံနိုင်ခဲ့ပေ။
မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူသည် တန်ပြန်ဆိုးကျိုးကို ချက်ချင်း ခံစားရလိုက်သည်။ သူ၏ မျက်နှာသည် ဖြူဖျော့သွားပြီး သွေးသည် သူ၏ ပါးစပ်ထဲမှ ဒလဟော စီးကျလာသည်။ သို့သော်လည်း ယင်းက သူ့အတွက် အစသာရှိသေး၏။
နောက်အခိုက်အတန့်မှာ အနက်ရောင်လှံသည် မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူ၏ ပထမအကာအကွယ်ဖြစ်သော ရွှေရောင်အကာအကွယ်အလွှာကို အကြင်နာမဲ့စွာ ထိုးဖောက်သွားသည်။
ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ပဲ့တင်ထပ်လာသည်။
ရွှေရောင်အကာအကွယ်သည် အက်ကွဲထွက်သွားပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ထွက်ပေါ်လာကြသည်။ ယင်းက လုံးဝမကွဲထွက်သွားခင် အသက်တစ်ခါရှူချိန်မျှသာ တောင့်ခံပေးနိုင်ခဲ့သည်။
မီးလျှံလကျင့်ကြံသူ၏ မျက်နှာသည် ဖြူဖျော့သွားသည်။ သူက သွေးတစ်ပွက်ကို မထိန်းချုပ်နိုင်ဘဲ ထပ်မံအန်လိုက်ရသည်။ အနက်ရောင်လှံသည် မရပ်တန့်နိုင်သော ဖိအားနှင့်အတူ အရှေ့သို့ ဆက်လက် ရွေ့လျားသွားသည်။ တဝီဝီဟူသော လေခွင်းသံများကြားမှာ ၎င်းက မီးလျှံလကျင့်ကြံသူ၏ အသက်နတ်ဘုရားရုပ်တုကို ဆက်လက် ထိုးဖောက်သွားသည်။
ထိုအခိုက်အတန့်မှာ လှံသည် ပြင်းထန်သော စွမ်းအားနှင့် ကြီးမားသော ဂုဏ်ကျက်သရေကို ထုတ်လွှတ်လိုက်သည်။
အနက်ရောင်မီးတောက်နှင့် အနီရောင်ဝိညာဉ်ချည်မျှင်များ၏ အားဖြည့်ပေးမှုကြောင့် တားမြစ်လှံသည် ဖျက်ဆီး၍မရနိုင်သော လက်နက်တစ်ခုဖြစ်လာသည်။ ဤသည်မှာ ၎င်းက ပြိုင်ဘက်ကင်းသော တည်ရှိမှုတစ်ခုဖြစ်လာခြင်း မဟုတ်သော်လည်း ၎င်းကို ဤမီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူက မတားဆီးနိုင်သည်မှာ ထင်ရှားပေသည်။
သို့ဖြစ်၍ နားကွဲလုမတတ် ကျယ်လောင်သော အသံသည် တားမြစ်ဇုန်တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။ မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူ၏ အသက်နတ်ဘုရားရုပ်တုသည် ရွှံ့ရုပ်တုပမာ အက်ကွဲသွားသည်။
ပထမဆုံး ၎င်း၏ လက်နှစ်ဖက်က အက်ကွဲသွားသည်။ ထို့နောက် ၎င်း၏ ခန္ဓာကိုယ်နှင့် ဦးခေါင်းက အက်ကွဲသွားသည်။ ရုပ်တုက မရေမတွက်နိုင်သော အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားပြီး အဝေးသို့ လွင့်စင်သွားသည့်အခါ အထဲမှ မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူက ထွက်ပေါ်လာသည်။
သူ၏ အမူအရာမှာ ချောက်ချားမှုဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း သူက မတုံ့ပြန်နိုင်ခင်မှာ အနက်ရောင်လှံသည် သူ၏ ရင်ဘက်အရှေ့သို့ ရောက်ရှိလာသည်။
၎င်းက ထိုးဖောက်သွားသည်။
၎င်းက သူ၏ အရေပြား၊ အသွေးအသားနှင့် နောက်ကျောကို ထိုးဖောက်သွားသည်။
သို့သော်လည်း လှံက မထွက်သွားခဲ့ပေ။
လှံ၏ အကြွင်းအကျန်စွမ်းအင်အောက်မှာ မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် လှံ၏ မူလဦးတည်ရာဆီသို့ လိုက်ပါသွားသည်။
မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် အစောနက မည်မျှမြင့်မြတ်ထည်ဝါခဲ့ပါစေ ဤအခိုက်အတန့်မှာ သူက ပျက်စီးနေသော အရုပ်တစ်ခုထက် မပိုပေ။ သူ၏ ခန္ဓာကိုယ်သည် ဆုတ်ဖြဲခံနေရသည်။
နောက်အခိုက်အတန့်မှာ ကောင်းကင်သည် တုန်ယင်သွားသည်။ အနက်ရောင်လှံသည် ထိုကျင့်ကြံသူကို ချုပ်နှောင်လျက် သူ့ကို ကောင်းကင်ပေါ်မှာ ထိုးစိုက်လိုက်သည်။
ဤသည်မှာ မယုံကြည်နိုင်စရာကောင်းလှသည်။ ကောင်းကင်သည် ဟင်းလင်းပြင်တစ်ခုဖြစ်ပြီး ရုပ်ဝတ္ထုပစ္စည်းတစ်ခု မဟုတ်ပေ။ ထို့ကြောင့် ကောင်းကင်ပေါ်တွင် မည်သည့်အရာမှ မထိုးစိုက်ထားနိုင်ပေ။ သို့သော်လည်း ယခု ထိုအဖြစ်အပျက်က အမှန်တကယ် ဖြစ်ပေါ်လာခဲ့သည်။
ကောင်းကင်သည် ထိုလှံ၏ အရှေ့တွင် ဒြပ်ထည်ရှိလာဟန် ရသည်။
မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူသည် ကောင်းကင်ပေါ်တွင် ထိုအတိုင်း တန်းလန်းထိုးစိုက်ခံထားရသည်။ သွေးသည် သူ၏ ဒဏ်ရာများမှ စီးကျလာပြီး မြေပြင်ပေါ်သို့ တတောက်တောက် ကျဆင်းသွားသည်။
သူ၏ အသားအရေသည် ဖြူဖျော့နေပြီး သူ၏ အမူအရာတွင် ခါးသီးမှုဖြင့် ပြည့်နှက်နေသည်။ သူက မျက်လုံးဖွင့်ရန်ပင် ခွန်အားမရှိချေ။ သို့သော်လည်း သူက ကျားကုတ်ကျားခဲ မျက်လုံးဖွင့်လိုက်ပြီး မြေပြင်ပေါ်မှ ရွှီချင်းကို ကြည့်လိုက်သည်။
ဤသည်မှာ သူဘယ်တော့မှ မေ့ပစ်နိုင်မှာမဟုတ်သည့် ပုံရိပ်ဖြစ်သည်။
စောစောက သူတွေးထင်ခဲ့သည်မှာ ထိုလူသားကျင့်ကြံသူနှစ်ယောက်ထဲတွင် သူ့ကို စတင်တိုက်ခိုက်ခဲ့သည့် ဖက်တီးက အသန်မာဆုံးနှင့် လျှို့ဝှက်ဆန်းကြယ်ဆုံးလူ ဖြစ်ရမည်ဟု ထင်မှတ်ခဲ့သည်။
မည်သို့ဖြစ်ပါစေ မီးလျှံလ၏ အသက်ကိုးခါရှူ တိုက်ခိုက်ရေးမန္တန်ကို တခြားမျိုးနွယ်စုမှ လူတစ်ယောက်က အသုံးပြုနိုင်ခြင်းသည် သာမန်ကိစ္စရပ်တစ်ခု မဟုတ်ပေ။
သို့သော်လည်း ယခု သူက ထိုသို့မတွေးတော့ပေ။
အသန်မာဆုံးလူသည် လှံကို ပစ်လွှတ်လိုက်သောလူ ဖြစ်သည်။
“ တားမြစ်လက်နက်… ”
မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်သည် တီးတိုးရေရွတ်လိုက်သည်။ အဆုံးမှာတော့ သူက ရွှီချင်းကို အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။
ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ထွက်ပေါ်လာကြသည်။ ယင်းတို့အားလုံးက သူ၏ ရင်ဘက်ဒဏ်ရာမှ ပျံ့နှံ့လာကြခြင်း ဖြစ်သည်။ အက်ကွဲကြောင်းများက သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီးနောက် စတင်အက်ကွဲသွားသည်။
နောက်ဆုံးမှာတော့ သူ၏ ခန္ဓာကိုယ်က ရာပေါင်းများစွာသော အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။
ဤသည်မှာ သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က ဖျက်ဆီးခံလိုက်ရသည့်အလားပင်။
ဤသည်ကိုမြင်သောအခါ ရွှီချင်းက အံ့အားသင့်သော အသံကို ထုတ်ဖော်လိုက်ပြီး ကောင်းကင်ပေါ်မှ သူ၏ လှံကို ပြန်ဆွဲနုတ်လိုက်သည်။
ထိုအခိုက်အတန့်မှာ ကောင်းကင်ပေါ်မှ ပြုတ်ကျလာသော အသွေးအသားများထဲတွင် ထူးဆန်းသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
ယင်းတို့က တည်နေရာပြောင်းရွှေ့ခြင်းအားလှိုင်းများကို ထုတ်လွှတ်လာကြသည်။
ယင်းတို့က တည်နေရာပြောင်းရွှေ့နေခြင်း ဖြစ်သည်။
“ မင်းက ဒီလိုထွက်ပြေးချင်တာလား… အဲ့ဒါက မီးလျှံလရဲ့ မန္တန်အသစ်လား… ငါလည်း အဲ့ဒါကို သင်ချင်တယ် ”
ထိုမြင်ကွင်းကို ခေါင်းဆောင်မြင်သောအခါ သူ၏ မျက်လုံးသည် ချက်ချင်း ဝင်းလက်သွားသည်။ သူက ရုတ်တရက် ပါးစပ်ကျယ်ကျယ်ဟလိုက်ပြီး စတင်ဝေဝါးနေသော အသွေးအသားများကို အကြမ်းပတမ်း စုပ်ယူလိုက်သည်။
မြေပြင်ပေါ်မှ အရိပ်လေးသည်လည်း မြန်ဆန်စွာ လှုပ်ရှားလိုက်သည်။ ဤသည်မှာ ၎င်းက ဤအခွင့်အရေးကို အချိန်အတော်ကြာ စောင့်ဆိုင်းနေသည့်အလားပင်။
အရိပ်လေးနှင့် ခေါင်းဆောင်သည် သူတို့၏ နည်းလမ်းအသီးသီးကို ကိုယ်စီအသုံးပြုလိုက်ကြသည်။
ကောင်းကင်ပေါ်မှ အနက်ရောင်လှံသည်လည်း တစ်ချိန်တည်းမှာ ပျံသန်းထွက်လာသည်။ ရွှီချင်း၏ အကျင့်စရိုက်အရ သူသတ်ဖြတ်ချင်သော လူသည် လွတ်မြောက်သွားရိုးထုံးစံ မရှိပေ။
မတူညီသော စွမ်းအင်သုံးမျိုး၏ တိုက်ခိုက်မှုအောက်မှာ ထိုအသွေးအသားများသည် တည်နေရာပြောင်းရွှေ့ရန် ဖြစ်နိုင်ခြေမရှိသလောက် အလွန်နည်းပါးသွားသည်။
ချက်ချင်းဆိုသလို တည်နေရာပြောင်းရွှေ့နေသော အသွေးအသား(၄၀)ရာခိုင်နှုန်းသည် ခေါင်းဆောင်၏ ပြင်းထန်သော စုပ်ယူမှုအောက်မှာ သူ၏ ပါးစပ်ထဲသို့ တန်းမတ်စွာ ဝင်ရောက်သွားကြသည်။
အရိပ်လေး၏ တိုက်ခိုက်မှုသည် ပိုပြီးထူးခြားဆန်းကြယ်သည်။ ၎င်းထံမှ ရေရွတ်သံများပင် ထွက်ပေါ်လာသည်။
“ ဒြပ်စင်သုံးခု ပျိုးထောင်တယ်… ချီစက်ဝန်းကိုးကြိမ် လှည့်ပတ်တယ်… ဒြပ်စင်ငါးမျိုးက အသွင်ပြောင်းလဲတယ်… ကိုယ်အင်္ဂါတွေ ဖြစ်ပေါ်လာပြီး ကြယ်ခုနစ်လုံးက ဝင်ထွက်ပေါက်တွေကို ဖန်တီးတယ်… သက်ရှိအားလုံးရဲ့ ဝိညာဉ်တွေက ထိပ်ဆုံးကို မြှောက်တတ်တယ်… ငါ့ဦးခေါင်းထက်ရဲ့ သုံးပေအကွာမှာ ရှိတယ်… အမှောင်ချောက်နက်… ကြယ်အလင်းသုံးပေရဲ့ တောက်ပမှုအောက်မှာ လင်းထိန်နေတယ် ”
ထိုအသံသည် နိမ့်တစ်လှည့် မြင့်တစ်လှည့်၊ မြန်တစ်လှည့် နှေးတစ်လှည့် အစဉ်အမြဲ ပြောင်းလဲသွားနေသည်။ ယင်းတို့က ပေါင်းစုသွားသောအခါ ထူးဆန်းသော ခံစားမှုတစ်ခုကို ဖန်တီးလိုက်သည်။
အရိပ်လေး၏ ရေရွတ်သံအောက်မှာ အသွေးအသား(၂၀)ရာခိုင်နှုန်းသည် ချက်ချင်းလောင်ကျွမ်းသွားပြီး မီးတောက်များအဖြစ် ပြောင်းလဲသွားသည်။ ထိုမီးတောက်များသည် တည်နေရာပြောင်းရွှေ့နေခြင်းမှ ပြေးထွက်လာပြီး အရိပ်လေး၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားကြသည်။
ကျန်သည့်အသွေးအသားများသည်တော့ ရွှီချင်း၏ အနက်ရောင်လှံဖြင့် သက်ရောက်ခံလိုက်ရသည်။ ထို့ပြင် အနက်ရောင်မီးတောက်များနှင့် ဝိညာဉ်ချည်မျှင်များ၏ ပေါင်းစပ်တိုက်ခိုက်မှုက အသွေးအသားအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
နောက်ဆုံးမှာတော့ မည်သည့်အသွေးအသားတစ်ခုမှ တည်နေရာမပြောင်းရွှေ့နိုင်ခဲ့ပေ။ ယင်းတို့အားလုံးက ဤလောကထဲမှ ပျောက်ကွယ်သွားကြသည်။
ဘေးပတ်ဝန်းကျင်သည် တိတ်ဆိတ်သွားသည်။ ခေါင်းဆောင်သည် တဂျွတ်ဂျွတ် ဝါးစားပြီးနောက် ရွှီချင်းကို ကြည့်လိုက်သည်။
“ ဒီလူက ကိုယ်ပွားတစ်ခုပဲ ”
အရိပ်လေးသည် ၎င်း၏ စိတ်ခံစားချက်များကို ပို့လွှတ်လိုက်ပြီး တစ်ဖက်လူ၏ အရှိန်အဝါကို သတ်မှတ်ထားသော ဧရိယာအတွင်းမှာ ၎င်းအာရုံခံမိကြောင်း ရွှီချင်းကို ပြောပြလိုက်သည်။
“ ကိစ္စမရှိပါဘူး… နောက်တစ်ကြိမ် ငါတို့ဆုံတဲ့အခါကျရင် သူ့ကို သတ်တာပေါ့ ”
ရွှီချင်းက နူးညံ့စွာ ပြောသည်။ ထို့နောက် သူက အနောက်သို့ ခေါင်းလှည့်လိုက်ပြီး သူ၏ ညာလက်ကို မြှောက်လိုက်ကာ တားမြစ်တောင်ပေါ်သို့ ထပ်မံဖိချလိုက်သည်။
တားမြစ်တောင်သည် တုန်ယင်သွားသည်။ ထိုစဉ် အရိပ်လေးသည် တားမြစ်ဇုန်တစ်ခုလုံးဆီသို့ ဖြန့်ကြက်သွားသည်။ ရွှီချင်းက တောင်ကို ရွှေ့ပြောင်းလိုက်သည့်အခါ ၎င်းက အရူးအမူး ဝါးမျိုလိုက်သည်။
တားမြစ်ဇုန်တစ်ခုလုံး တုန်ယင်လာပြီး အော်ဟစ်ညည်းတွားသံများသည် တဖြည်းဖြည်း တိုးညင်းသွားသည်။ တားမြစ်ဇုန်၏ ငြင်းဆန်သော စိတ်ဆန္ဒသည်လည်း ဖြည်းညင်းစွာ လျော့ကျသွားသည်။
အဝေးမှကြည့်လျှင် တားမြစ်ဇုန်၏ အသွင်သဏ္ဍာန်သည် တဖြည်းဖြည်း မှေးမှိန်လာပြီး ဝေဝါးလာနေကြောင်း မြင်နိုင်လိမ့်မည်။ တားမြစ်ဇုန်၏ အစွန်းများမှ ဧရိယာများသည် လုံးဝပျောက်ကွယ်သွားပြီ ဖြစ်သည်။
သို့သော်လည်း ထိုအမြန်နှုန်းသည် အနည်းငယ် နှေးကွေးနေသည်။ သို့ဖြစ်၍ ရွှီချင်းသည် စိတ်မရှည်ဖြစ်လာပြီး သူ၏ ဝိညာဉ်ချည်မျှင်များဖြင့် အရိပ်လေးကို ထောက်ပံ့ပေးလိုက်သည်။
ထိုသို့လုပ်ဆောင်နေစဉ်အတွင်း ခေါင်းဆောင်သည် တစ်ချက်သာ ကြည့်လိုက်သည်။ သူက အနည်းငယ် အံ့ဩသွားသော်လည်း ဘာမှမမေးမြန်းခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ဤအခိုက်အတန့်မှာ သူက မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူ၏ အသွေးအသားများကို ခြေဖျက်ရန် အကောင်းဆုံး ကြိုးစားနေပြီး တည်နေရာပြောင်းရွှေ့ခြင်းကို ဖျက်ဆီးပစ်ရန် နည်းလမ်းတစ်ခုကို စဉ်းစားနေသောကြောင့် ဖြစ်သည်။
လေးနာရီကြာပြီးနောက် အရိပ်လေး၏ ဝါးမျိုခြင်းသည် အဆုံးသတ်သွားသည်။
ယခု ရွှီချင်းနှင့် ခေါင်းဆောင်၏ ဘေးပတ်ပတ်လည်မှ အရာအားလုံးသည် ဟာလာဟင်းလင်း ဖြစ်သွားသည်။
ဤနေရာတွင် လေထဲမှာ လွင့်မျောနေသော တောင်တစ်လုံးသာ ကျန်ရှိတော့သည်။
တားမြစ်ဇုန်တစ်ခုလုံးသည် ပျောက်ကွယ်သွားပြီ ဖြစ်သည်။
မြေပြင်သည် မီးခိုးရောင်ဖြစ်သည်။
ထိုမီးခိုးရောင်ကြားထဲတွင် မြစ်တစ်စင်းပမာ လူးလွန့်လှုပ်ရှားနေသော အရိပ်လေး၏ ဘောလုံးတစ်လုံးလည်း ရှိသည်။ ၎င်းက ရွှီချင်းဆီသို့ ပျံသန်းသွားသည်။ နောက်ဆုံးမှာတော့ ၎င်းက ရွှီချင်း၏ ခြေဖဝါးအောက်သို့ ပြန်ဝင်သွားပြီး လေချဉ်တတ်လိုက်သည်။ ထို့နောက် ၎င်းက လက်သည်းခွံခန့် အရွယ်အစားရှိသော အညိုရောင်မီးဘောလုံးတစ်လုံးကို အန်ထုတ်ပေးလိုက်သည်။
ထိုမီးဘောလုံးသည် ရွှီချင်း၏ အရှေ့တွင် မျောလွင့်သွားပြီး တလက်လက် တောက်ပနေသည်။ ၎င်းက ရံဖန်ရံခါ ကြီးမားသွားပြီး ရံဖန်ရံခါ ကျုံ့သွားသည်။ ဤသည်မှာ ၎င်းက မတည်မငြိမ်ဖြစ်နေဟန် ရသည်။
၎င်း၏ ထွက်ပေါ်လာမှုကြောင့် ကောင်းကင်သည် မြန်ဆန်စွာ မည်းမှောင်သွားသည်။ မိုးခြိမ်းသံများနှင့် လျှပ်စီးတန်းများသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြသည်။ ဤသည်မှာ ၎င်းတို့က အညိုရောင်မီးဘောလုံး၏ ဆွဲဆောင်ခံလိုက်ရသည့်အလားပင်။
တစ်ချိန်တည်းမှာ ပင်လယ်ကြီးပမာ ကြီးမြတ်သော ဝိညာဉ်စွမ်းအားသည် ရွှီချင်း၏ အရိပ်လေးထံမှ ပျံ့လွင့်ထွက်လာသည်။
“ သခင်… ဗိုက်ဝပြီ… ”
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး အညိုရောင်မီးဘောလုံးကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။ မီးဘောလုံး၏ ဇစ်မြစ်နှင့် ၎င်းက မည်မျှအန္တရာယ်များကြောင်း သူက ရှင်းလင်းစွာ သိထားသည်။
၎င်းကို သိမ်းဆည်းပြီးနောက် ရွှီချင်းသည် ညာလက်ကို မြှောက်လိုက်သည်။ ထိုအခါ အနီရောင်တားမြစ်တောင်သည် လေထဲသို့ မြှောက်တတ်သွားပြီး ဝုန်းခနဲမြည်သံကို ထုတ်လွှတ်လိုက်သည်။
“ ချင်းလေး… ခြင်တချို့ကျန်နေသေးလား… အဲ့ကောင်တွေကို ငါ့ဆီ နည်းနည်းလွှတ်ပေးစမ်းပါ… စောစောက နည်းနည်းနာသေးတယ်လို့ ငါခံစားမိတယ်… ကြည့်ရတာ ငါအကိုက်ခံရတာ မလုံလောက်သေးဘူးထင်တယ် ”
ခေါင်းဆောင်သည် ရွှီချင်း၏ အရိပ်လေးကို ကြည့်လိုက်သည်။
ရွှီချင်းသည် ခေါင်းလှည့်လိုက်ပြီး တစ်ကိုယ်လုံး ဖူးရောင်နေသော ခေါင်းဆောင်ကို ကြည့်လိုက်သည်။
“ စီနီယာအကိုကြီး… အမဲလိုက်ပွဲတော်ရဲ့ ပထမပြိုင်ပွဲက တောင်ကို ရွှေ့ပြောင်းခြင်းလို့ အဆင့်မြင့်နတ်ဘုရားမီးလျှံကြယ်က ငါ့ကို ပြောတယ်… ”