← Chapters

ရွှမ်ထျန်းစစ်သူကြီး

Vol. 80 Ch. 1229

ရွှမ်ထျန်းစစ်သူကြီး

Vol. 80 Ch. 1229

ဤအခိုက်အတန့်မှာ မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူ၏ ကိုယ်ပွားက သေဆုံးသွားသည့်အခါ မီးလျှံလ၏ ခြောက်ခုမြောက် ဒေသကြီးထဲ၌ ရွှီချင်းနှင့် ခေါင်းဆောင်ရှိနေသော နေရာနှင့် ဒေသကြီးသုံးခုကွာဝေးသော နေရာတွင် ကြမ်းတမ်းသော တိုက်ပွဲတစ်ခုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

တိုက်ခိုက်နေကြသူများမှာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ ကျင့်ကြံသူနှစ်ဦး ဖြစ်သည်။

သူတို့၏ ခန္ဓာကိုယ်သည် ပေပေါင်းဒါဇင်ခန် ရှည်လျားကြပြီး ရွှေရောင်ဆံပင်နှင့် ရွှေရောင်မျက်လုံးကို ကိုယ်စီပိုင်ဆိုင်ထားကြသည်။ သူတို့က မြင့်မြတ်သန့်စင်သော အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။ သူတို့၏ ဦးခေါင်းပေါ်တွင် တားမြစ်တောင်သုံးလုံးက လွင့်မျောနေပြီး အလွန်သိပ်သည်းသော ဒြပ်နှောများကို ထုတ်လွှတ်နေကြသည်။

လေက ကြမ်းတမ်းစွာ တိုက်ခတ်နေပြီး မိုးခြိမ်းသံက ကျယ်လောင်စွာ ပဲ့တင်ထပ်နေသည်။ ပေါက်ကွဲသံများသာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့နေကြခြင်းမဟုတ်ဘဲ အသေးစား ဥပဒေသများသည်လည်း အပြန်အလှန် အားပြိုင်နေကြသည်။ ဘေးပတ်ဝန်းကျင်တွင် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ လက်အောက်ခံမျိုးနွယ်စုများမှ ကျင့်ကြံသူအများအပြားက သူတို့နှစ်ယောက်၏ တိုက်ပွဲကို ကြည့်ရှုနေကြသည်။

ဤအခိုက်အတန့်မှာ အော်ညည်းသံနှင့်အတူ မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်သည် ပြိုကွဲသွားပြီး အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။ သွေးသည် ရေပန်းသဖွယ် အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားသည်။ ထိုလူ၏ ရန်သူသည် ဦးခေါင်းပြတ်ကို မမြှောက်လိုက်ပြီး သူ့အရှေ့မှာ ချထားလိုက်သည်။

“ ဒီတားမြစ်တောင်က ငါအမှတ်အသားချန်ထားတဲ့ဟာဆိုတာ မင်းသိတယ်… ဒါတောင် မင်းက တားမြစ်တောင်ကို လာလုယက်ရဲတယ်လား ”

တစ်ဖက်လူက တည်ငြိမ်စွာ ပြောသည်။

“ ယွင်ဖန်ဇီ… ဒီကိုယ်ပွားကို ငါမင်းကို ပေးလိုက်မယ်… ဒါပေမဲ့ နတ်ဘုရားတောင်တန်းဆီသွားတဲ့ မင်းရဲ့ ခရီးစဉ်မှာ ငါ့ရဲ့ မူလခန္ဓာကိုယ်က မင်းကို လာရှာလိမ့်မယ်… အဲ့ဒီအချိန်ကျရင် မင်းရဲ့ တားမြစ်တောင်အားလုံးကို ဆက်ပြီး ထိန်းသိမ်းထားနိုင်မယ်လို့ ငါမျှော်လင့်တယ် ”

ခေါင်းပြတ်သည် တစ်ဖက်လူကို သတ်ဖြတ်ချင်သော စိတ်ဆန္ဒနှင့်အတူ စိုက်ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။

ယွင်ဖန်ဇီအမည်ရသော ကျင့်ကြံသူ၏ အမူအရာသည် တည်ငြိမ်သည်။ သူက လက်ဝှေ့ယမ်းလိုက်ပြီး ခေါင်းပြတ်ကို လေထဲမှ တားမြစ်တောင်ပေါ်သို့ ပစ်လွှတ်လိုက်သည်။

တောင်သည် တုန်လှုပ်လာပြီး ပြင်းထန်သော ဖိအားကို ထုတ်လွှတ်လိုက်သည်။ ထိုဖိအားအောက်မှာ ခေါင်းပြတ်သည် မြန်မြန်ဆန်ဆန် ယိုယွင်းပျက်စီးသွားပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။ သို့သော်လည်း ၎င်းက မလွင့်ပြယ်သွားပေ။ ယင်းအစား တည်နေရာပြောင်းရွှေ့ခြင်းအားလှိုင်းများကို ထုတ်လွှတ်လိုက်ပြီး မြေပြင်ပေါ်မှ တခြားခန္ဓာကိုယ်အစိတ်အပိုင်းများကို တည်နေရာပြောင်းရွှေ့ပေးလိုက်သည်။

ယွင်ဖန်ဇီသည် ယင်းကို ဂရုမစိုက်ပေ။ သူက ညာလက်ကို မြှောက်လိုက်ပြီး ဖမ်းဆုပ်လိုက်သည်။ စောစောကရန်သူ ပိုင်ဆိုင်ထားခဲ့သော အဝေးမှ တားမြစ်တောင်သုံးလုံးသည် သူ့ဆီသို့ ပျံသန်းလာကြပြီး သူ့ကို ဝိုင်းရံလိုက်ကြသည်။ တားမြစ်တောင်ခြောက်လုံးထံမှ ထုတ်လွှတ်နေသော ဒြပ်နှောများသည် အလွန်အားကောင်းပြီး မြူခိုးအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။

ဘေးပတ်ဝန်းကျင်မှ ကြည့်ရှုနေသူများသည် ခေါင်းငုံ့လိုက်ကြသည်။ လက်အောက်ခံမျိုးနွယ်စုများအနေဖြင့် မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူများကြားမှ တိုက်ပွဲမှာ ဝင်ပါရန် အရည်အချင်းမပြည့်မီကြချေ။

အထူးသဖြင့် မဟာအမဲလိုက်ပွဲတော်အတွင်းမှာ ဖြစ်သည်။

မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ အဖွဲ့ဝင်အားလုံးသည် ကောင်းကင်အရွေးချယ်ခံများဖြစ်ကြပြီး မည်သူမဆို ရှိန်လောက်ဖွယ်ကောင်းသော စွမ်းရည်များကို ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် သူတို့ဆီမှာ လက်အောက်ခံမျိုးနွယ်စုအများအပြား ရှိနေကြခြင်း ဖြစ်သည်။ အကြိမ်ကြိမ် ဦးညွတ်ပြီးနောက်မှာ အညံ့ခံလိုသော စိတ်ဆန္ဒသည် လက်အောက်ခံမျိုးနွယ်စုများ၏ နှလုံးသားထဲမှာ ထာဝရ အမြစ်တွယ်လာသည်။

လေထဲမှ ယွင်ဖန်ဇီသည် သူ့အောက်မှ မြေပြင်ကို ကြည့်လိုက်သည်။

သူက ထိုလက်အောက်ခံမျိုးနွယ်စုများကို စိတ်မဝင်စားပေ။ သူက သူတို့ကို တစ်ချက်ကြည့်ပြီးနောက် နေရာမှ ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ ရွေ့လျားနေသော သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ရပ်တန့်သွားသည်။ သူက ဆတ်ခနဲ ခေါင်းလှည့်လိုက်ပြီး အဝေးသို့ ကြည့်လိုက်သည်။

သူ၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ တခြားတားမြစ်ဇုန်များဆီသို့ သူစေလွှတ်ထားသော ကိုယ်ပွားတစ်ခုက ရုတ်တရက် ပျောက်ကွယ်သွားကြောင်း သူအာရုံခံမိသွားသည်။

ယေဘုယျအားဖြင့်ဆိုရသော် မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူတစ်ယောက်၏ ကိုယ်ပွားက သေဆုံးသွားလျှင် ၎င်း၏ မူလခန္ဓာကိုယ်ဆီသို့ တည်နေရာပြောင်းရွှေ့သွားလိမ့်မည်။ ဤသည်မှာ အစောနက သူသတ်လိုက်သော ကိုယ်ပွားနှင့် အတူတူပင်။ သူ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများသည် နောက်ဆုံးမှာ တည်နေရာပြောင်းရွှေ့သွားလိမ့်မည်။

ဤသည်မှာ မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူများကြားမှ အချင်းချင်း နားလည်ထားမှုဖြစ်သည်။ ယေဘုယျအားဖြင့်ဆိုရသော် တစ်စုံတစ်ယောက်မှာ သေခြင်းရှင်ခြင်းရန်ငြိုးမရှိလျှင် တစ်ဖက်လူ၏ မူလဇစ်မြစ်ကို မဖျက်ဆီးသင့်ပေ။ သို့ဖြစ်၍ သူတို့အများစုသည် ကိုယ့်ကိုယ်ကို ချုပ်ထိန်းထားကြပြီး တတိယမြောက်ပြိုင်ပွဲဖြစ်သော နတ်ဘုရားနယ်မြေထဲမှ အမဲလိုက်ပွဲတော် မစတင်ခင်အထိ အစွမ်းကုန် ထုတ်သုံးကြလိမ့်မည် မဟုတ်ချေ။

သို့ဖြစ်၍ ပထမပြိုင်ပွဲမှာ ကိုယ်ပွားတစ်ခု၏ မူလဇစ်မြစ်က ပျောက်ကွယ်သွားခြင်းသည် အလွန်ရှားပါးသည်။

“ ဘယ်သူလဲ ”

ယွင်ဖန်ဇီ၏ အကြည့်သည် လေးနက်လာသည်။ သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် သူ့ကိုယ်ပွားသေဆုံးသွားခဲ့သော တည်နေရာဆီသို့ ဦးတည်သွားသည်။

တစ်ချိန်တည်းမှာ သူဦးတည်သွားနေသော ဦးတည်ရာဘက်၌ ဤနေရာနှင့် ဒေသကြီးတချို့ဝေးကွာသော နေရာတွင် ရွှီချင်းနှင့် ခေါင်းဆောင်သည် အရှေ့သို့ ခရီးဆက်နေကြသည်။

လမ်းတစ်လျှောက်တွင် ခေါင်းဆောင်၏ အမူအရာသည် မနာလိုမှုဖြင့် ပြည့်နှက်နေသည်။ ရံဖန်ရံခါ သူက ရွှီချင်းကို စူးစိုက်ကြည့်လိုက်သည်။ သို့သော်လည်း သူက မည်သည့်စကားမှ မပြောပေ။

ပထမတွင် ရွှီချင်းက အေးဆေးတည်ငြိမ်သည်။ သို့သော်လည်း ခဏခဏ ထိုသို့စိုက်ကြည့်ခံနေရသောအခါ သူက အနည်းငယ် အကူအညီမဲ့သွားသည်။ ထို့ကြောင့် သူက သိုလှောင်အိတ်ထဲမှ လိမ္မော်သီးတစ်လုံးကို ထုတ်ယူလိုက်ပြီး ခေါင်းဆောင်ဆီသို့ ပစ်ပေးလိုက်သည်။

“ စီနီယာအကိုကြီး… မင်း လိမ္မော်သီးမစားချင်ဘူးလား ”

ခေါင်းဆောင်သည် သူ၏ မသိစိတ်မှ ချက်ချင်း လက်မြှောက်လိုက်ပြီး လိမ္မော်သီးကို ဖမ်းယူလိုက်သည်။ သို့သော်လည်း ရွှီချင်း၏ စကားကိုကြားသောအခါ သူက သူ၏ နှလုံးသားထဲမှ မနာလိုမှုကို ဆက်ပြီး မဖိနှိပ်နိုင်တော့ပေ။ ထို့ကြောင့် သူက တည်ကြည်ဖြောင့်မတ်စွာ ပြောသည်။

“ ချင်းလေး… ယောင်္ကျားဆိုတာ ကိုယ့်အားကိုယ်ကိုးရတယ်… မင်းက မိန်းမတစ်ယောက်ကို မှီခိုမယ်ဆိုရင် ယောင်္ကျားလို့ ဆိုနိုင်ပါဦးမလား… ရုပ်ချောတာက မင်းကို ထမင်းမကျွေးဘူးနော် ”

ဤသည်ကို ရွှီချင်းကြားသောအခါ သူက အမှန်ပြင်ပေးလိုက်သည်။

“ စီနီယာအကိုကြီး… သူက မိန်းမမဟုတ်ပါဘူး… သူက နတ်ဘုရားတစ်ပါးပါ ”

ခေါင်းဆောင်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အထင်သေးရှုံ့ချစွာ ပြောသည်။

“ သူက နတ်ဘုရားတစ်ပါးဖြစ်တော့ရော ဘာအရေးလဲ… ငါလည်း အရင်က နတ်ဘုရားတစ်ပါးနဲ့ အတူနေဖူးတာပဲ… သူတို့အားလုံးက အတူတူပါပဲ ”

ခေါင်းဆောင်၏ ကြမ်းတမ်းသော စကားကို ကြားသောအခါ ရွှီချင်းက နှုတ်ဆိတ်သွားသည်။

သို့မှသာ ခေါင်းဆောင်က အနည်းငယ် စိတ်သက်သာသွားသည်။ လမ်းတစ်လျှောက်တွင် သူက နားဝင်ဆိုးသော စကားများကို ရံဖန်ရံခါ ပြောသည်။

ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ စီးဆင်းသွားပြီး လဝက်ကုန်ဆုံးသွားသည်။

မီးလျှံလရွှမ်ကောင်းကင်၏ အတွင်းပိုင်းဒေသကြီးသည် ရွှီချင်းနှင့် ခေါင်းဆောင်၏ မျက်စိရှေ့မှာ ထွက်ပေါ်လာသည်။

သူတို့က ဤနေရာသို့ အလွန်မြန်ဆန်စွာ ရောက်ရှိလာခြင်းမှာ ဒေသကြီးအဆင့် တည်နေရာပြောင်းရွှေ့ခြင်းကြောင့် ဖြစ်သည်။ ထိုသို့တည်နေရာပြောင်းရွှေ့ခြင်းကို သာမန်ကျင့်ကြံသူများက အသုံးမပြုနိုင်ကြပေ။ ထိုသို့အသုံးပြုနိုင်ရန် ထူးခြားသော သရုပ်အဆင့်အတန်းကို လိုအပ်သည်။ ဥပမာ မဟာအမဲလိုက်ပွဲတော်တွင် ပါဝင်ရန် အရည်အချင်းပြည့်မီသည်ဟူသော သရုပ်ဖြစ်သည်။

အစက ခေါင်းဆောင်၏ အစီအစဉ်အရဆိုလျှင် သူတို့သည် အတွင်းပိုင်းဒေသကြီးဆီသို့ရောက်ရန် အချိန်အတော်ကြာမြင့်လိမ့်မည်။ သို့သော်လည်း ရွှီချင်းက အဆင့်မြင့်နတ်ဘုရားမီးလျှံကြယ်၏ တုံကင်ကို ထုတ်ပြခဲ့သည်။

ထို့ကြောင့် ခေါင်းဆောင်က လမ်းတစ်လျှောက်တွင် မျက်နှာသုန်မှုန်နေခြင်း ဖြစ်သည်။

ယခု မီးလျှံလရွှမ်ကောင်းကင်၏ အတွင်းပိုင်းဒေသကြီးကို မြင်သွားသောအခါ ခန္ဓာကိုယ်က အနည်းငယ် ဖူးရောင်နေသေးသော ခေါင်းဆောင်သည် အတိတ်ကို လွမ်းဆွေးသတိရသွားသည့်အလား သက်ပြင်းချလိုက်လေသည်။

သူက သိုလှောင်အိတ်ထဲမှ မက်မွန်သီးတစ်လုံးကို ထုတ်လိုက်ပြီး အကြမ်းပတမ်း ကိုက်စားလိုက်သည်။ သူက စကားပြောတော့မည့်အချိန် ဆတ်ခနဲ ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်လေရာ သူ၏ အမူအရာသည် ရုတ်ချည်း ပြောင်းလဲသွားသည်။

ရွှီချင်းသည်လည်း ခေါင်းမော့လိုက်သည်။ မီးလျှံလရွှမ်ကောင်းကင်၏ အတွင်းပိုင်းဒေသကြီးမှ ကောင်းကင်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်ဖြင့် နီရဲလာနေသည်။

အနီရောင်အလင်း ထွက်ပေါ်လာပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားကြသည်။ ဤသည်မှာ အနီရောင်အလင်း၏ အဆုံးသတ်တွင် ဧရာမသတ္တဝါတစ်ကောင်က ကောင်းကင်ပေါ်မှာ ရွေ့လျားနေသည့်အလားပင်။

အချိန်အတော်ကြာပြီးနောက် ထိုဧရာမသတ္တဝါက ရွှီချင်းနှင့် ခေါင်းဆောင်၏ မျက်လုံးထဲမှာ ဖြည်းညင်းစွာ ပုံရိပ်ပြန်လာသည်။

ဤသည်မှာ မျိုးနွယ်ခြားတစ်ယောက်၏ ဦးခေါင်းဖြစ်သည်။

၎င်း၏ အရေပြားသည် အညိုရောင်ဖြစ်ပြီး ၎င်း၏ ဦးခေါင်းပေါ်တွင် ရှည်လျားသော ဦးချိုနှစ်ခုရှိသည်။ ၎င်း၏ မျက်နှာသည် ဘဲဥပုံသဏ္ဍာန်ရှိပြီး ၎င်း၏ နှာခေါင်းကို သံကွင်းတစ်ခုဖြင့် ချည်နှောင်ထားသည်။

၎င်းမှာ စုစုပေါင်း မျက်လုံးခုနစ်လုံးရှိပြီး မျက်လုံးအားလုံးသည် မီးခိုးဖြူရောင် ဖြစ်သည်။ ထို့ပြင် တင်ပျဉ်ခွေလျက် တရားထိုင်နေကြသော ကျင့်ကြံသူများ၏ ပုံရိပ်များကိုလည်း မြင်နိုင်ပေသည်။

သူတို့အားလုံးသည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့၏ အရှိန်အဝါသည် အလွန်အံ့ဖွယ်ကောင်းသည်။

ထိုဦးခေါင်းသည် မြို့တစ်မြို့ပမာ ကြီးမားသည်။ ၎င်းက အလွန်ဝေးကွာနေသော်လည်း မည်သူမဆို ၎င်းကို ရှင်းလင်းစွာ မြင်နိုင်ကြသည်။ ဘေးပတ်ဝန်းကျင်မှ အနီရောင်အလင်းကို ထိုဦးခေါင်းက ထုတ်လွှတ်နေခြင်းသာ ဖြစ်သည်။

ရွှီချင်းသည် ထိုဦးခေါင်းက မည်သည့်မျိုးနွယ်စုမှ ဦးခေါင်းဖြစ်ကြောင်း မသိသော်လည်း ၎င်းထံမှ ထုတ်လွှတ်နေသော ဖိအားမှတဆင့် ဝိညာဉ်စုစည်းခြင်းအဆင့်၏ စွမ်းအင်အကြွင်းအကျန်များကို အာရုံခံနိုင်သည်။

ဖြစ်နိုင်သည်မှာ ၎င်းက ဝိညာဉ်စုစည်းခြင်းအဆင့် ပညာရှင်ကျင့်ကြံသူတစ်ယောက်၏ ဦးခေါင်းဖြစ်နိုင်သည်။

အရေးကြီးဆုံးမှာ နတ်ဘုရားတချို့၏ အရှိန်အဝါများကိုလည်း ၎င်းထံမှ သူအာရုံခံမိသည်။ ၎င်းကို အာရုံခံမိသွားသည့်အခါ ရွှီချင်းသည် နှလုံးမတုန်ဘဲ မနေနိုင်ပေ။

သို့သော်လည်း ဤအခိုက်အတန့်မှာ ထိုဦးခေါင်းက ဓမ္မရတနာတစ်ခုအဖြစ် သန့်စင်ခံထားရဟန် ရသည်။ ၎င်း၏ ဆံပင်ရှည်က လေထဲမှာ ယိမ်းနွဲ့နေစဉ် ဆံပင်မရှိသော အလယ်နေရာ၌ အလွယ်ကျယ်ပြောသော ဧရိယာတစ်ခုရှိသည်။

ထိုဧရိယာထဲတွင် အဆောက်အဦးများ ရှိသည်။ လူအုပ်ကြီးသည် လှုပ်ရှားသက်ဝင်စွာ လမ်းလျှောက်သွားလာနေကြသည်။

ယင်းက ဈေးတစ်ခုနှင့် ဆင်တူသည်။

လူတချို့သည် ရံဖန်ရံခါ ပျံသန်းနေကြသည်။

ထို့ပြင် ၎င်း၏ ရောက်ရှိလာမှုကြောင့် ကြမ်းတမ်းသော လေပြင်းတိုက်ခတ်မှုသည် ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး မြေပြင်ပေါ်တွင် မုန်တိုင်းတစ်ခုကို လှုံ့ဆော်လိုက်သည်။ ရွှီချင်းနှင့် ခေါင်းဆောင်သည် တခြားရွေးချယ်စရာမရှိဘဲ အောက်သို့ ဆင်းသက်သွားကြသည်။

“ ငါတို့က ရွှမ်လဈေးနဲ့ တကယ်ကြီး လာဆုံတာပဲ ”

ခေါင်းဆောင်သည် ဦးခေါင်းကို တစ်ခဏကြာ စိုက်ကြည့်လိုက်လေရာ အတိတ်ကို လွမ်းဆွေးသတိရသော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ရွှမ်လဈေးလား ”

ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်သည်။

ရွှီချင်း၏ မေးခွန်းကို ကြားသောအခါ ခေါင်းဆောင်က မေးငေါ့လိုက်သည်။

“ ဟိုနတ်ဘုရားမက မင်းကို မပြောပြဘူးလား ”

ရွှီချင်းက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ ခရီးတစ်လျှောက်တွင် စီနီယာအကိုကြီးက နှလုံးနာကျင်နေကြောင်း သူသိသည်။ ထို့ကြောင့် သူက ခေါင်းခါလိုက်ပြီး နောင်တရသော အမူအရာကို ထုတ်ဖော်လိုက်သည်။

ရွှီချင်း၏ အမူအရာကို သတိထားမိသောအခါ ခေါင်းဆောင်သည် အနည်းငယ် စိတ်သက်သာသွားပြီး မောက်မာထောင်လွှားစွာ ပြောသည်။

“ ရွှမ်လဈေး… အဲ့ဒါက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ တမူထူးခြားတဲ့ ဈေးတစ်ခုပဲ… မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်က ဘယ်တော့မှ နေရာအတည်တကျမရှိဘူး… အဲ့ဒီအစား သူတို့က သူတော်စင်နတ်ဆရာသုံးပါးရဲ့ ရွေ့လျားနေတဲ့ ရွက်ဖျင်တဲနားမှာ လှည့်ပတ်နေထိုင်ကြတယ် ”

“ ရွှမ်လဈေးဆိုတာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ ပြည်ပကုန်သွယ်မှုအတွက် အဓိကပြယုဂ်ပဲ ”

“ ဒီဦးခေါင်းကျတော့… အဲ့ဒါရဲ့ ခန္ဓာကိုယ်ပေါ်က နတ်ဘုရားအရှိန်အဝါကို အကဲဖြတ်မယ်ဆိုရင် အဲ့ဒါက နတ်ဘုရားနယ်မြေကနေ ဆင်းသက်လာတာဖြစ်နိုင်တယ် ”

“ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်က မဟာအမဲလိုက်ပွဲတော်ကို ကျင်းပတဲ့အခါတိုင်း နတ်ဘုရားနယ်မြေတွေရဲ့ ဝင်ပေါက်ကို ဖွင့်လှစ်ပြီး သူတို့ရဲ့ မျိုးနွယ်ဝင်တွေကို နတ်ဘုရားနယ်မြေထဲမှာ အမဲလိုက်ခိုင်းတယ်… သူတို့က ကိုယ့်ဘာသာ သေလမ်းရှာနေတာလို့ မင်းသတ်မှတ်နိုင်တယ်… ဒါပေမဲ့ သူတို့အောင်မြင်သွားတဲ့အခါကျရင် အဲ့ဒါကို သေလမ်းရှာတယ်လို့ မပြောနိုင်တော့ဘူး… ဘာပဲပြောပြော အဲ့ဒါက နတ်ဘုရားနယ်မြေမဟုတ်လား ”

“ တစ်နေ့နေ့မှာ နေ၊ လ၊ ကြယ် အဲ့ဒီနတ်ဘုရားသုံးပါးက သူတို့ရန်မစသင့်တဲ့ တည်ရှိမှုတစ်ခုကို ရန်စမိပြီးတော့ သေတဲ့အထိ အရိုက်ခံရပါစေလို့ ငါမျှော်လင့်တယ် ”

ခေါင်းဆောင်သည် စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်ပြီး ရေရွတ်လိုက်သည်။

“ တကယ်လို့ အဲ့ဒီနေ့ ရောက်လာတဲ့အခါကျရင် ပျံတံတံမီးလျှံကြယ်ကို မရိုက်သတ်ခင် မီးလျှံလဆိုတဲ့ ဟိုမိန်းမဆိုးကို အရင်ရိုက်သတ်ပစ်တာ ပိုပြီးကောင်းတယ် ”

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။

ခေါင်းဆောင်သည် စကားပြောပြီးနောက် ပိုပြီးသက်တောင့်သက်သာ ရှိသွားသည်။

“ မင်းမှာ မဟာအမဲလိုက်ပွဲတော်ရဲ့ တုံကင်ရှိမှတော့ ငါတို့အထဲဝင်နိုင်တယ်… သွားကြစို့ ဈေးထဲမှာ ဘာပစ္စည်းကောင်းတွေရှိလဲ သွားကြည့်ရအောင် ”

ခေါင်းဆောင်သည် စကားဆုံးသည်နှင့် သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး အဝေးမှ ရွှမ်လဈေးဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။ ရွှီချင်းသည်လည်း သက်တံ့တိမ်တိုက်တစ်ခုသို့ ပြောင်းလဲလိုက်ပြီး ခေါင်းဆောင်၏ အနောက်သို့ လိုက်ပါသွားသည်။ သူတို့က အနားကပ်သွားသည်နှင့်အမျှ ရွှမ်လဈေးဆီမှ ဖိအားသည် ပိုပြီးသိပ်သည်းလာသည်။

ဈေးထဲမှ စည်ကားသက်ဝင်နေသော ပုံရိပ်များသည်လည်း ပိုပြီးရှင်းလင်းလာသည်။ အမှန်မှာ ရွှီချင်းသည် ဈေးဆိုင်များနှင့် စားသောက်ဆိုင်များကိုပင် မြင်တွေ့သွားသည်။

ယင်းက သူ့ကို တစ္ဆေလမ်းအား ပြန်အမှတ်ရစေသည်။

၎င်းမှာလည်း ဦးခေါင်းရှိပြီး ဈေးမြို့တော်တစ်ခု ဖြစ်ပေသည်။ ထိုနှစ်ခုမှာ တူညီသော အချက်အလက်တချို့ ရှိသည်။

ယင်းက တိုက်ဆိုင်မှုလော သို့မဟုတ် ထိုနောက်ကွယ်မှာ လျှို့ဝှက်ချက်များရှိနေခြင်းလော ရွှီချင်း သေချာမသိပေ။

ထို့ကြောင့် သူက အရိပ်လေးကို ကြည့်လိုက်သည်။

အတိတ်တွင် တစ္ဆေလမ်းထဲမှာ ထိုဦးခေါင်းသည် အရိပ်လေး၏ ဆွဲဆောင်ခြင်းခံခဲ့ရသည်။

အရိပ်လေးသည်တော့ အစောနက တားမြစ်ဇုန်ကို ဝါးမျိုပြီးနောက် အစာခြေဖျက်နေသည့်အလား အိပ်မောကျနေလေသည်။

ထိုသို့ဖြင့် ရွှီချင်းနှင့် ခေါင်းဆောင်သည် ရွှမ်လဈေးဆီသို့ ပိုပြီးနီးကပ်သွားကြသည်။ သူတို့က ရွှမ်လဈေးနှင့် ပေတစ်သောင်းအကွာအဝေးသို့ ရောက်ရှိသွားကြသည့်အခါ လောက၏ အရောင်ကို ပြောင်းလဲသွားစေမည့် ဟိန်းသံသည် ဦးခေါင်းထံမှ မြည်ဟိန်းထွက်လာသည်။ ထိုဟိန်းသံသည် မရေမတွက်နိုင်သော မိုးကြိုးသွားများကို ဆွဲဆောင်လိုက်ပြီး ဟင်းလင်းပြင်ကိုပင် တုန်ခါသွားစေသည်။

ထိုဟိန်းသံ ပဲ့တင်ထပ်လာသည်နှင့်ချက်ချင်း ထူးခြားဆန်းကြယ်သော သားရဲတစ်ကောင်သည် ရွှမ်လဈေးထဲမှ တစ်ဟုန်ထိုး ပြေးထွက်လာသည်။

ထိုသားရဲသည် အလွန်မကြီးမားပေ။ ပေတစ်ထောင်ခန့်မျှသာ ရှည်လျားသည်။ သို့သော်လည်း ၎င်း၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ဖိအားသည် ဦးခေါင်းနှင့် နှိုင်းယှဉ်နိုင်လုနီးပါး အလွန်သန်မာသည်။ ၎င်း၏ သာမန်အကြည့်တစ်ချက်သည်ပင် အဆင့်နိမ့်ကျင့်ကြံသူများကို ဝိညာဉ်ဖမ်းစားနိုင်ပေသည်။

ထိုသားရဲသည် ဝံပုလွေတစ်ကောင်နှင့် ဆင်တူသည်။ ၎င်းမှာ စိမ်းပုပ်ရောင် ခန္ဓာကိုယ်ရှိပြီး ကျောပေါ်တွင် လိပ်အခွံတစ်ခု ရှိသည်။ ၎င်း၏ မျက်နှာသည် တစ္ဆေတစ်ကောင်နှင့်ဆင်တူပြီး ၎င်း၏ ဦးခေါင်းတစ်ခုလုံးသည် အဖြူရောင် အမွှေးများဖြင့် ပြည့်နှက်နေသည်။

တစ္ဆေမျက်နှာများသည်တော့ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှာ စုစုပေါင်း ခြောက်ခုရှိသည်။

ဦးခေါင်းနေရာအပြင် ခြေလက်များ၊ ဒူးနှင့် အမြှီးအဆုံးတွင် တစ္ဆေမျက်နှာများ ရှိသည်။ ယင်းက အလွန်ထိတ်လန့်ဖွယ်ကောင်းသည်။

ဟိန်းသံများသည် ထိုတစ္ဆေမျက်နှာခြောက်ခုလုံးထံမှ ပဲ့တင်ထပ်လာနေခြင်း ဖြစ်သည်။

၎င်း၏ အောက်ဘက်တွင်လည်း အံ့ဩဖွယ်ကောင်းသော မြင်ကွင်းတစ်ခုရှိသည်။ ဤသည်မှာ တစ္ဆေပင်လယ်ကြီးက ၎င်း၏ အောက်မှာ ထွက်ပေါ်နေခြင်း ဖြစ်သည်။

တစ္ဆေပင်လယ်ကြီးသည် ထိုသားရဲနှင့်အတူ ရွေ့လျားနေသည်။ ၎င်းဖြတ်သန်းသွားသည့်နေရာတိုင်း သေခြင်းအရှိန်အဝါနှင့် ကပ်ဘေးကို ဆောင်ကြဉ်းပေးလိမ့်မည်။ ၎င်း၏ ဦးခေါင်းပေါ်မှ အဖြူရောင်အမွှေးကြားထဲတွင် ပုဂ္ဂိုလ်တစ်ယောက်က မတ်တတ်ရပ်နေသည်။

ထိုလူသည် ခရမ်းရွှေရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး အရပ်ရှည်လျားသည်။ သူ၏ ရွှေရောင်ဆံပင်သည် လေထဲမှာ တဖျပ်ဖျပ်လွင့်မျောနေသည်။ သူ၏ အကြည့်သည် မီးရှူးမီးတိုင်ကဲ့သို့ ထွန်းလင်းတောက်ပသည်။ ဤသည်မှာ သူ၏ အကြည့်က သက်ရှိအားလုံးကို လောင်ကျွမ်းပစ်နိုင်စွမ်း ရှိသည့်အလားပင်။

ဝိညာဉ်စုစည်းခြင်းအဆင့် စွမ်းအင်လှိုင်းများသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာပြီး ကောင်းကင်ဘုံမိုးခြိမ်းသံကို ဖြစ်ပေါ်စေသည်။ သူက ဆန်းကြယ်သားရဲကို စီးနင်းလျက် ရွှမ်လဈေးထဲမှ ထွက်သွားပြီး အဝေးမှ ကောင်းကင်ဆီသို့ ဦးတည်သွားသည်။

ရွှမ်လဈေးထဲတွင် ထိုမြင်ကွင်းကို မြင်တွေ့လိုက်သော မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဝင်အားလုံးသည် ခေါင်းငုံ့လိုက်ကြပြီး အရိုအသေပေးလိုက်ကြသည်။ သူတို့အားလုံး၏ မျက်လုံးထဲတွင် ကြောက်ရွံ့ရိုသေမှုဖြင့် ပြည့်နှက်နေကြသည်။

ရွှီချင်းသည်လည်း နှလုံးတုန်သွားသည်။ သူ၏ ဘေးမှ ခေါင်းဆောင်သည် တိုးညင်းစွာ အသံပို့လွှတ်လိုက်သည်။

“ အဲ့ဒီသားရဲရဲ့ နာမည်ကို ငါသိတယ်… အဲ့ဒီကောင်ကို တစ္ဆေရထားလုံးလို့ ခေါ်တယ် ”

“ တစ္ဆေရထားလုံးပေါ်က လူကိုတော့ တစ်ခါမှ ငါမမြင်ဖူးဘူး… ဒါပေမဲ့ ခရမ်းရွှေရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်နိုင်တဲ့ ကျင့်ကြံသူက တစ်မျိုးပဲ ရှိတယ် ”

“ သူက ရွှမ်ထျန်းစစ်သူကြီးပဲ ”

All Chapters