သူက ငါ့ဟာ
Vol. 80 Ch. 1231
ကောက်ရိုးအရုပ်သည် ဤနှစ်များတွင် ဆိုးဝါးသော အတွေ့အကြုံများကို တွေ့ကြုံခံစားခဲ့ရသည်။ သို့ဖြစ်၍ ၎င်းက (ဃ၁၃၂)ထဲမှာ နေထိုင်ခဲ့ရသော နေ့ရက်များကို ပြန်လည်လွမ်းဆွတ်လာသည်။
(ဃ၁၃၂)ထဲတွင် ၎င်းက မည်သည့်အရာကိုမှ စိုးရိမ်ပူပန်စရာ မလိုပေ။ ၎င်းက သေဆုံးသွားလျှင်ပင် အသက်ပြန်ရှင်နိုင်သည်။
ထိုနေရာတွင် ၎င်းက ထူးဆန်းသော လူများဖြင့် စကားပြောနိုင်သည်။ နတ်ဘုရားလက်ချောင်းက အထဲမှာ အိပ်စက်နေသော်လည်း ၎င်းက များသောအားဖြင့် နှစ်ချိုက်စွာ အိပ်မောကျနေလေ့ ရှိသည်။
ထို့ပြင် ရံဖန်ရံခါ အစောင့်အကြပ်တချို့သည် ၎င်း၏ စနောက်ခံရလိမ့်မည်။
ထိုအချိန်တုန်းက ၎င်းသည် လွတ်လပ်မှုကို တောင့်တခဲ့သော်လည်း အမှန်တကယ် လွတ်မြောက်သွားသည့်အခါ ယင်းက ၎င်းမျှော်လင့်ထားသကဲ့သို့ ပျော်ရွှင်စရာမကောင်းကြောင်း ရှာတွေ့သွားသည်။ အပြင်လောကသည် အလွန်ကြမ်းတမ်းသည်။ ၎င်း၏ မသေမျိုးစွမ်းရည်ကြောင့် နည်းလမ်းအမျိုးမျိုးဖြင့် အစမ်းသပ်ခံခဲ့ရသည်။
၎င်းက အလွန်ဆိုးဝါးသော အခြေအနေထဲ ကျရောက်ခဲ့သည်။
၎င်း၏ မသေမျိုးစွမ်းရည်က တဖြည်းဖြည်း လွင့်ပြယ်သွားသောကြောင့် ၎င်းသည် ခြေလက်များကို ပြန်မကုသနိုင်ပေ။ သို့သော်လည်း အနည်းဆုံးတော့ ၎င်းသည် အသက်မသေအောင် ထိန်းထားနိုင်ခဲ့သည်။ ကြိတ်ဆုံတုံးသည်လည်း ၎င်းနည်းတူ ဆိုးဆိုးဝါးဝါး တွေ့ကြုံခံစားခဲ့ရသည်။ ယခု ၎င်းက သေလုနီးပါး အခြေအနေမှာ ရှိနေသည်။
အကယ်၍ ထိုအတိုင်း ဆက်သွားနေမည်ဆိုလျှင် ဆယ်နှစ်အတွင်းမှာ ၎င်း၏ မသေမျိုးစွမ်းရည်က လုံးဝပျောက်ကွယ်သွားလိမ့်မည်။ ထိုအချိန်ကျလျှင် ၎င်းက ပြာအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဖြစ်ကြောင်း ခံစားမိသည်။
ယခု ၎င်းက သေမည့်အချိန်ကို ထိုင်စောင့်နေခြင်း ဖြစ်သည်။
သို့ဖြစ်၍ ၎င်း၏ မျက်လုံးက အသက်မဲ့နေခြင်း ဖြစ်သည်။ သို့သော်လည်း ရွှီချင်း၏ အရှိန်အဝါက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ထဲမှာ ထွက်ပေါ်လာလိမ့်မည်ဟု တစ်ခါမှ ၎င်းမမျှော်လင့်ထားခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော် ဖုန်းဟိုင်ဒေသငယ်က ဤနေရာနှင့် အလွန်အမင်း ဝေးကွာကြောင်း ၎င်းသိထားသောကြောင့် ဖြစ်သည်။
သို့ဖြစ်၍ ၎င်းက အစတွင် မယုံကြည်နိုင်ဖြစ်သွားခြင်း ဖြစ်သည်။ ထို့နောက် ၎င်းက စိတ်လှုပ်ရှားလာသည်။
၎င်းက ကျန်လက်တစ်ဖက်ဖြင့် ၎င်း၏ ဘေးမှ ကြိတ်ဆုံတုံးကို ပုတ်လိုက်သည်။ ကံမကောင်းစွာဖြင့် ကြိတ်ဆုံတုံးသည် လုံးဝမလှုပ်ရှားနိုင်ပေ။
၎င်း၏ လုပ်ရပ်က ဈေးဆိုင်ပိုင်ရှင်၏ စိတ်ဝင်စားမှုကို ဆွဲဆောင်သွားသည်။
ဈေးဆိုင်ပိုင်ရှင်သည် မျိုးနွယ်ခြားကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သူ့မှာ လူသားတစ်ယောက်နှင့် ဆင်တူသော ဦးခေါင်းရှိသော်လည်း အဖြူရောင်အကြေးခွံများက သူ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားသည်။ ထို့ပြင် အဓိကကွာခြားမှုအနေဖြင့် သူ့မှာ မျက်လုံးသုံးလုံး ရှိသည်။
သူ၏ အလယ်မှ မျက်လုံးသည် လုံးဝအဖြူရောင်ဖြစ်သည်။ ယင်းက ဟင်းလင်းပြင်ကို ထွင်းဖောက်မြင်နိုင်သည်ဟူသော ခံစားမှုကို ပေးသည်။
သူ၏ ဦးခေါင်းပေါ်တွင် သေးငယ်သော တောင်တစ်လုံးက လှည့်ပတ်နေသည်။
ရှင်းလင်းစွာပင် ထိုလူသည် မဟာအမဲလိုက်ပွဲတော်၏ ပြိုင်ပွဲဝင်သူတစ်ဦး ဖြစ်သည်။
ဤအခိုက်အတန့်မှာ သူက ရွှီချင်းကို ကြည့်လိုက်သည်။ သူ၏ အကြည့်သည် ရွှီချင်း၏ ဦးခေါင်းပေါ်မှာ လှည့်ပတ်နေသော တောင်ပေါ်သို့ ဦးစွာကျရောက်သွားသည်။ ထို့နောက် သူက ရွှီချင်းကို စုန်ချည်ဆန်ချည် အကဲခတ်ကြည့်လိုက်လေရာ အနက်ရောင်အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ လူသားလား… မီးလျှံလရဲ့ ဒေသကြီးထဲမှာ လူသားတွေကို မြင်တွေ့ဖို့ အရမ်းခဲယဉ်းတယ် ”
ရွှီချင်းသည် တစ်ဖက်လူ၏ မျိုးနွယ်ကို မှတ်မိသွားသည်။
“ ပိုင်ဇီမျိုးနွယ် ”
ရွှီချင်းသည် ပိုင်ဇီမျိုးနွယ်အပေါ် ကောင်းမွန်သော အမြင်မရှိပေ။ ယခု ဝိညာဉ်နက်ဒေသကြီးထဲတွင် ပိုင်ဇီမျိုးနွယ်စုသည် ၎င်းတို့၏ မျိုးနွယ်တစ်ခုလုံး၏ အင်အားကို ကောင်းကင်နက်မျိုးနွယ်အား ထောက်ပံ့ပေးရန် စေလွှတ်ခဲ့ကြသည်။
သို့ဖြစ်၍ သူက မည်သည့်စကားမှ မပြောဘဲ ကောက်ရိုးအရုပ်ကို ကြည့်လိုက်သည်။
“ အဲ့ဒါဘယ်လောက်လဲ ”
ပိုင်ဇီမျိုးနွယ်ကျင့်ကြံသူသည် ပြုံးလိုက်သည်။ သူက လက်မြှောက်လိုက်ပြီး ဖမ်းလိုက်သည်။ ချက်ချင်းဆိုသလို ကောက်ရိုးအရုပ်သည် ပျံသန်းလာပြီး သူ၏ အဖြူရောင်အကြေးခွံလက်ဖြင့် ဖျစ်ညှစ်ခံလိုက်ရသည်။ ကောက်ရိုးအရုပ်သည် နာကျင်စွာ အော်လိုက်သည်။
“ ဒီအရုပ်ရဲ့ တန်ဖိုးက နည်းတယ်ဆိုပေမဲ့ အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်… ဒီအရုပ်ထဲမှာ နတ်ဘုရားတစ်ပါးရဲ့ မသေမျိုးစွမ်းရည်ရှိပြီး သုတေသနလုပ်ဖို့ ကောင်းတယ် ”
“ ပြီးတော့ ဒီအရုပ်ထဲမှာ လူသားဝိညာဉ်တစ်ခုကို ချိပ်ပိတ်ထားတယ်… အဲ့ဒါက သာမန်ရုပ်ရည်နဲ့ အမျိုးသမီးကျင့်ကြံသူတစ်ယောက်ရဲ့ ဝိညာဉ်ပဲ… ဒီအရုပ်ကို ငါကစားရတာ ပျင်းနေပြီဆိုပေမဲ့ နည်းနည်းတော့ တန်ဖိုးရှိနေတုန်းပဲ ”
ပိုင်ဇီမျိုးနွယ်ကျင့်ကြံသူသည် ရွှီချင်းကို ကြည့်လိုက်ပြီး အမူအရာကို စစ်ဆေးလေ့လာလိုက်သည်။
“ မင်းက သူ့ရဲ့ မိတ်ဆွေလား… အဲ့လိုဆိုရင် မင်းရဲ့ ခေါင်းပေါ်က တားမြစ်တောင်နဲ့ ဒီဟာကို လဲလှယ်နိုင်တယ် ”
“ ပြီးတော့ ဒီကောက်ရိုးအရုပ်နဲ့ အတူရောက်လာတဲ့ ကြိတ်ဆုံတုံးတစ်ဝက်လည်း ရှိသေးတယ်… စိတ်မကောင်းစရာက အဲ့ဒါက သေတော့မယ်… တကယ်လို့ မင်းလိုချင်တယ်ဆိုရင် အဲ့ဒါကို လက်ဆောင်အဖြစ် ငါပေးလိုက်မယ် ”
ပိုင်ဇီမျိုးနွယ်ကျင့်ကြံသူ၏ စကားသည် ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများ၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။ ထို့ကြောင့် အကြည့်များစွာသည် ရွှီချင်းပေါ်သို့ ကျရောက်လာကြသည်။ လူတချို့ဆိုလျှင် သူ့ကို သရော်လှောင်ပြောင်စွာ ရယ်မောနေကြသည်။
ဈေးမြို့တော်ထဲသို့ သူဝင်ရောက်လာကတည်းက လူအများအပြားက သူ့အား မလိုမုန်းထားသော အကြည့်ဖြင့် ကြည့်နေကြကြောင်း သူအာရုံခံမိသည်။ အများစုသည် သူ့ကို အထင်သေးရှုံ့ချကြသည်။
လူသားမျိုးနွယ်၏ နိမ့်ကျမှုကြောင့် အစွမ်းထက်မျိုးနွယ်စုများ၏ မျက်လုံးထဲတွင် လူသားများ၏ အဆင့်အတန်းသည် အလွန်သေးနုတ်သည်။ သူတို့အများစုသည် လူသားများကို သူတို့ဆန္ဒရှိသည့်အတိုင်း အနိုင်ကျင့်ပြီး သတ်ဖြတ်နိုင်သည်ဟု ယူဆထားကြသည်။
သို့သော်လည်း ရွှီချင်း၏ ဦးခေါင်းပေါ်တွင် တားမြစ်တောင်က လှည့်ပတ်နေလေရာ သူက မဟာအမဲလိုက်ပွဲတော်၏ ပြိုင်ပွဲဝင်သူတစ်ယောက်ဖြစ်ကြောင်း ထင်ရှားစွာ ဖော်ပြနေသည်။ သို့ဖြစ်၍ လူအများစုသည် သူ့အပေါ် မနှစ်သက်သော်လည်း ကိုယ့်ကိုယ်ကို ချုပ်ထိန်းထားကြသည်။
အဘယ့်ကြောင့်ဆိုသော် မဟာအမဲလိုက်ပွဲတော်အတွင်းမှာ ပြိုင်ပွဲဝင်သူများသာ တစ်ယောက်နှင့်တစ်ယောက် သတ်ဖြတ်နိုင်ကြသည်။
ရွှီချင်းသည် ဘေးပတ်ဝန်းကျင်မှ သူ့အား သရော်လှောင်ပြောင်သော အကြည့်များကို လျစ်လျူရှုထားသည်။ သူက ခေါင်းခါလိုက်ပြီး ထွက်ခွာရန် အနောက်လှည့်လိုက်သည်။
ထိုဈေးသည် သူလက်ခံနိုင်သောအရာ မဟုတ်ပေ။
ရွှီချင်းက ထွက်သွားတော့မည်ကို မြင်သောအခါ ပိုင်ဇီမျိုးနွယ်ကျင့်ကြံသူသည် သူ၏ လက်ထဲမှ ကောက်ရိုးအရုပ်ကို တင်းကျပ်စွာ ဖျစ်ညှစ်လိုက်သည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် ကောက်ရိုးအရုပ်သည် အံတင်းတင်းကြိတ်လိုက်ပြီး မအော်မိအောင် ကိုယ့်ကိုယ်ကို ချုပ်ထိန်းလိုက်သည်။
“ စိတ်ဝင်စားစရာပဲ ”
ပိုင်ဇီမျိုးနွယ်ကျင့်ကြံသူသည် ပြုံးလိုက်ပြီး ရွှီချင်း၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်လိုက်သည်။ သူက မျက်လုံးမှေးကျဉ်းလိုက်လေရာ သူ၏ နဖူးပေါ်မှ တတိယမျက်လုံးသည် မထင်မရှား အဖြူရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။
လျှို့ဝှက်ရတနာသိုက်လေးခု၏ ပုံရိပ်များသည် အဖြူရောင်အလင်းထဲမှာ ထွက်ပေါ်လာပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။
“ လျှို့ဝှက်ရတနာသိုက်လေးခု… ”
ပိုင်ဇီမျိုးနွယ်ကျင့်ကြံသူသည် စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။ သူ၏ တတိယမျက်လုံးက ပုံမှန်ပြန်ဖြစ်သွားသည့်အခါ သူက ရုတ်တရက် အော်ပြောသည်။
“ လူသားမျိုးနွယ်က တာအိုရောင်းရင်း… အဆင့်မြင့်နတ်ဘုရားသက်ရှိတစ်ကောင်ရဲ့ အသွေးအသား(၅၀)ကီလိုဂရမ်ဆိုရင်ရော ”
ရွှီချင်းသည် သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်ပြီး စိတ်ထဲမှာ တွက်ချက်လိုက်သည်။ အကယ်၍ (ဃ၁၃၂)က ပြည့်စုံသွားလျှင် အပြောင်းအလဲတချို့ ဖြစ်ပေါ်လာနိုင်ကြောင်း သူအာရုံခံမိသည်။ အရေးကြီးဆုံးမှာ ယင်းက သူ၏ ရာထူးများထဲမှ တစ်ခု ဖြစ်သည်။
သူက (ဃ၁၃၂)၏ အစောင့်အကြပ်တစ်ယောက်ဖြစ်ပြီး ယခင်ရုံးတော်သခင်၏ ရာထူးခန့်အပ်ခြင်းခံထားရသူ ဖြစ်သည်။
သို့ဖြစ်၍ ရွှီချင်းသည် တစ်ခဏကြာ စဉ်းစားပြီးနောက် သိုလှောင်အိတ်တစ်လုံးကို ထုတ်လိုက်သည်။
သူ့မှာ နတ်ဘုရားသက်ရှိများ၏ အသွေးအသားများ ရှိသည်။ ယင်းတို့ကို သူက လပူဇော်ဒေသကြီးထဲမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းတို့က အများကြီးမဟုတ်သော်လည်း ကီလိုဂရမ်တစ်ရာကျော်သည်။
ထို့ကြောင့် ရွှီချင်းက သိုလှောင်အိတ်ကို ပစ်ပေးလိုက်သည်။
ပိုင်ဇီမျိုးနွယ်ကျင့်ကြံသူသည် သိုလှောင်အိတ်ကို ဖမ်းပြီးနောက် စစ်ကြည့်လိုက်သည်။ နောက်အခိုက်အတန့်မှာ သူက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူက လက်ထဲမှ ကောက်ရိုးအရုပ်ကို သာမန်ကာလျှံကာ ပစ်ပေးလိုက်သည်။
ကြိတ်ဆုံတုံးသည်တော့ သူက လက်ဝှေ့ယမ်းလိုက်လေရာ ရွှီချင်းဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
ရွှီချင်းသည် သူ၏ အင်္ကျီလက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ပြီး ကောက်ရိုးအရုပ်နှင့် ကြိတ်ဆုံတုံးကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက ထွက်ခွာသွားသည်။
ရွှီချင်း၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်နေရင်း ပိုင်ဇီမျိုးနွယ်ကျင့်ကြံသူသည် နှုတ်ခမ်းသပ်လိုက်သည်။ သူက မြေပြင်ပေါ်မှ တိုလီမိုလီပစ္စည်းများကို စတင်သိမ်းဆည်းလိုက်သည်။
ရွှီချင်းသည်တော့ လမ်းလျှောက်နေရင်း ကောက်ရိုးအရုပ်နှင့် ကြိတ်ဆုံတုံးကို (ဃ၁၃၂)ထဲသို့ ပစ်ထည့်လိုက်သည်။ ထိုနှစ်ယောက်က အကျဉ်းထောင်ထဲသို့ ရောက်ရှိသွားကြသည့်အခါ ခေါင်းကြီး၊ ကျောက်တုံးခြင်္သေ့နှင့် ပန်းချီကားအဖိုးအိုသည် အသီးသီး စိတ်လှုပ်ရှားသွားကြသည်။
နတ်ဘုရားလက်ချောင်းသည်ပင် ၎င်း၏ အရှိန်အဝါကို ထုတ်လွှတ်လာပြီး ကောက်ရိုးအရုပ်နှင့် ကြိတ်ဆုံတုံးကို စတင်ပြန်ကောင်းစေသည်။
“ ငါတို့ပြန်ဆုံကြပြီ ”
ခေါင်းကြီးသည် ရယ်မောလိုက်သည်။
ချက်ချင်းဆိုသလို (ဃ၁၃၂)သည် စတင်တုန်ယင်လာသည်။ အကျဉ်းသားအားလုံး ပြန်ရောက်ရှိလာခြင်းသည် ကံကြမ္မာဆိုး၏ ကျိန်စာသင့်နေသော ဤအကျဉ်းထောင်ကို ပြီးပြည့်စုံသွားစေသည်။ အသွင်ပြောင်းလဲနေသော ခံစားမှုသည် (ဃ၁၃၂)ထဲမှာ ဖြည်းညင်းစွာ ပေါ်လျှိုးလာသည်။
ဤသည်ကို အာရုံခံမိသောအခါ ရွှီချင်းသည် သူ၏ နတ်ဘုရားစိတ်အာရုံကို ပြန်ရုပ်သိမ်းလိုက်သည်။ သူ၏ မျက်လုံးထောင့်မှတဆင့် ဆိုင်သိမ်းနေသော ပိုင်ဇီမျိုးနွယ်ကျင့်ကြံသူကို လှမ်းကြည့်လိုက်ပြီး အရှေ့သို့ ဆက်လျှောက်သွားသည်။
လေးနာရီကြာပြီးနောက် ရွှီချင်းသည် ခေါင်းဆောင်နှင့် ပြန်ဆုံသွားသည်။
ခေါင်းဆောင်၏ မျက်နှာသည် တင်းမာခက်ထန်နေသော်လည်း သူ၏ မျက်လုံးထဲမှ စိတ်ကျေနပ်သော အရိပ်အယောင်က သူ့အား သစ္စာဖောက်နေသည်။ သူ၏ ပုံစံသည် အပြစ်ရှိစိတ်ကို ခံစားနေရသော ဆူဖြိုးဖြိုး သိုးတစ်ကောင်နှင့် တူညီသည်။ သူက ရွှီချင်းကို အဝေးသို့ အမြန်ဆွဲခေါ်သွားသည်။
“ ငါတော့ ငါးခုနစ်ကောင် ရှစ်ကောင်လောက် မျှားခေါ်နိုင်ခဲ့တယ်… သူတို့ထဲက တချို့က သူ့တို့ဘာသာ ငါးစာလာဟပ်တာပဲ ”
“ မင်းဘက်ရော ဘယ်လိုအခြေအနေရှိလဲ ချင်းလေး ”
“ တစ်ကောင်ပဲ ”
ရွှီချင်းက အသံပို့လွှတ်လိုက်သည်။
“ တစ်ကောင်ပဲလား… အကောင်ရော ကြီးလား ”
ခေါင်းဆောင်က မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။
ရွှီချင်းက ခေါင်းညိတ်လိုက်သည်။
ခေါင်းဆောင်သည် စိတ်လှုပ်ရှားသွားသည်။ သူတို့နှစ်ယောက်သည် အလျင်လိုနေသည့်အလား ရွှမ်လဈေးထဲမှ အမြန်ထွက်သွားကြသည်။
သူတို့က ထွက်ခွာသွားစဉ် အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားသည်။ လမ်းတစ်လျှောက်တွင် သူတို့နှစ်ယောက်သည် သူတို့၏ အလျင်ကို ချုပ်ထိန်းခဲ့ကြသည်။ သို့သော်လည်း သူတို့က မရပ်တန့်ခဲ့ကြပေ။ သူတို့က ဝိညာဉ်သိုက်အဆင့် ပုံမှန်ကျင့်ကြံသူတစ်ယောက်၏ အမြန်နှုန်းဖြင့်သာ ခရီးဆက်ကြသည်။
သို့သော်လည်း နေ့ဝက်ကုန်ဆုံးသွားသည့်တိုင် မည်သူမှ ထွက်ပေါ်မလာကြချေ။
ခေါင်းဆောင်သည် အနည်းငယ် အံ့ဩသွားသည်။
“ မဖြစ်နိုင်တာ… မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူတွေက ဘယ်တုန်းက ရိုးသားလိမ္မာသွားကြတာတုန်း… ငါ့အကြံက အရမ်းသိသာနေလို့များလား ”
ခေါင်းဆောင်သည် အနည်းငယ် နောင်တရသွားပြီး ခေါင်းလှည့်လိုက်သည်။
ရွှီချင်းသည် သူ၏ နတ်ဘုရားစိတ်အာရုံကို ဖြန့်ကြက်လိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။ သူက ရုတ်တရက် ပြောသည်။
“ ငါးစာမိတဲ့ လူတွေထဲက တစ်ယောက်ယောက်က တခြားလူတွေကို ခြိမ်းခြောက်လိုက်တာ ဖြစ်မယ်… ပြိုင်ပွဲဝင်သူတွေက တားမြစ်ဇုန်တွေကို အမှတ်အသားလုပ်ထားသလိုမျိုးပေါ့ ”
ရွှီချင်းသည် စကားပြောပြီးနောက် သူ၏ အင်္ကျီလက်ကို မြှောက်လိုက်ပြီး တားမြစ်အဆိပ်ကို ထုတ်လွှတ်လိုက်သည်။
ချက်ချင်းဆိုသလို သူ၏ အင်္ကျီလက်ပေါ်မှ လက်သည်းခွံအရွယ်အစားရှိသော အမှတ်အသားသည် တားမြစ်အဆိပ်ဖြင့် တိုက်စားခံလိုက်ရပြီး ပျောက်ကွယ်သွားသည်။
“ ဒီအမှတ်အသားကို ပြိုင်ပွဲဝင်သူတစ်ယောက်ဖြစ်တဲ့ ပိုင်ဇီမျိုးနွယ်ကျင့်ကြံသူက ငါ့အပေါ်မှာ တိတ်တဆိတ် ချန်သွားခဲ့တယ်… သူက ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖောက်ထွင်းကြည့်ခဲ့ပြီး ငါ့မှာ လျှို့ဝှက်ရတနာသိုက်လေးခုရှိတာကို သိထားတယ်… သူက ပြီးပြည့်စုံတဲ့ ဝိညာဉ်သိုက်အဆင့်မှာ ရှိတယ် ”
“ ဒီတော့ နောက်ထပ် နည်းနည်းကြာအောင် စောင့်ကြတာပေါ့… သူ့မှာ တားမြစ်တောင်တစ်လုံး ရှိတယ် ”
ရွှီချင်းသည် ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး အောက်ဘက်မှ တောင်ထွတ်တစ်ခုပေါ်သို့ ဆင်းသက်လိုက်သည်။ ထို့နောက် သူက ကျောက်တုံးတစ်ခုပေါ်မှာ ထိုင်ချလိုက်သည်။
ခေါင်းဆောင်သည် မျက်လုံးဝင်းလက်သွားပြီး နှုတ်ခမ်းသပ်လိုက်သည်။ ထို့နောက် သူက ရွှီချင်း၏ ဘေးမှာ ထိုင်လိုက်ပြီး ကောင်းကင်ပေါ်သို့ စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။
နှစ်နာရီကြာပြီးနောက် ကောင်းကင်ပေါ်တွင် အဝေးမှ ချဉ်းကပ်လာနေကြသော သက်တံ့တိမ်တိုက်သုံးခုကို သူမြင်သွားသည်။ ခေါင်းဆောင်၏ မျက်လုံးထဲမှာ စိတ်လှုပ်ရှားသော အရိပ်အယောင် ထွက်ပေါ်လာသည်။
ထိုသက်တံ့တိမ်တိုက်သုံးခုသည် အလွန်အမင်း မြန်ဆန်သည်။ ဤသည်မှာ သူတို့က ဦးတည်ရာကို သတ်မှတ်ထားပြီးသား ဖြစ်ဟန် ရသည်။ ဤအခိုက်အတန့်မှာ သူတို့က ကောင်းကင်ကို ဆုတ်ဖြဲပစ်လိုက်ပြီး ရွှီချင်းဆီသို့ တန်းမတ်စွာ ရောက်ရှိလာကြသည်။ သူတို့က ပေတစ်သောင်းအကွာအဝေးသို့ ရောက်ရှိသွားကြသည့်အခါ လေထဲမှာ ရပ်တန့်သွားကြပြီး ပုံရိပ်သုံးခုအဖြစ်သို့ ပြောင်းလဲသွားကြသည်။
သူတို့သုံးယောက်သည် ပိုင်ဇီမျိုးနွယ်မှ ကျင့်ကြံသူများဖြစ်ကြသည်။
ညာဘက်ခြမ်းမှ ကျင့်ကြံသူသည် ရွှီချင်းကို ကောက်ရိုးအရုပ်ရောင်းလိုက်သော ဈေးဆိုင်ပိုင်ရှင်ဖြစ်သည်။ အလယ်မှ ကျင့်ကြံသူသည်တော့ သူ၏ အဝတ်အစားသည် တခြားနှစ်ယောက်ထက် အများကြီး ပိုပြီးခမ်းနားတောက်ပြောင်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည် ဈေးဆိုင်ပိုင်ရှင်ထက် သာလွန်ပြီး ဗလာနတ္ထိပထမအဆင့်သို့ ရောက်ရှိနေသည်။
နောက်ဆုံးတစ်ယောက်သည် ပြီးပြည့်စုံသော ဝိညာဉ်သိုက်အဆင့်မှာ ဖြစ်သည်။
သူတို့သုံးယောက်ထွက်ပေါ်လာပြီးနောက် ဈေးဆိုင်ပိုင်ရှင်သည် သူ၏ ဘေးမှ ဗလာနတ္ထိအဆင့် ကျင့်ကြံသူကို တိုးတိုးလေး ကပ်ပြောလိုက်သည်။ ထို့နောက် သူက ရွှီချင်းနှင့် ခေါင်းဆောင်ကို စိုက်ကြည့်လိုက်သည်။ သူက ရွှမ်လဈေးမှာတုန်းကကဲ့သို့ ပြုံးလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ လူသားတွေ… ရွှမ်လဈေးမှာ မင်းတို့က ငါးစာချခဲ့တာလား ဒါမှမဟုတ် တကယ်ပဲ တုံးအတာလားဆိုတာ ငါမသိဘူး… ဘာပဲဖြစ်ဖြစ် မင်းကို မြင်ပြီးတဲ့နောက်မှာ ငါတစ်ယောက်တည်း ရောက်လာဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး ”
“ မင်းရဲ့ ဦးခေါင်းပေါ်က တားမြစ်တောင်ကို ငါတို့ရဲ့ ပစ်မှတ်အဖြစ် သတ်မှတ်ပြီးပြီ ”
“ ပြီးတော့ လူသားမျိုးနွယ်ထဲမှာ မင်းတို့ရဲ့ သရုပ်တွေကို ငါမသိထားဘူးဆိုပေမဲ့ မင်းတို့ကို လက်ရှိလူသားမျိုးနွယ်ရဲ့ အခြေအနေကို အလကား ငါပြောပြပေးမယ် ”
ပိုင်ဇီမျိုးနွယ်ကျင့်ကြံသူသည် ရွှီချင်း၏ ဦးခေါင်းပေါ်မှ တားမြစ်ဇုန်ကို ကြည့်လိုက်ပြီး နှုတ်ခမ်းသပ်လိုက်သည်။
“ မင်းတို့လူသားမျိုးနွယ်က အနောက်မြောက်ပိုင်းနယ်စပ်ဒေသက စစ်မြေပြင်မှာ စစ်ရှုံးခဲ့တယ်… မင်းတို့ရဲ့ ပရောဟိတ်ဆရာကြောင့် အခုထိ တောင့်ခံနိုင်သေးတယ်ဆိုပေမဲ့ စီအဲမျိုးနွယ်ရဲ့ အဆင့်မြင့်နတ်ဆရာလည်းပဲ စစ်မြေပြင်ဆီ ရောက်လာပြီ… ငါကြားတာတော့ သူတို့က အရိပ်မိစ္ဆာမျိုးနွယ်ကိုပါ စစ်ပွဲထဲ ပူးပေါင်းပါဝင်ဖို့ သွေးဆောင်နေတယ်ဆိုပဲ ”
“ မင်းတို့ရဲ့ အနောက်မြောက်ပိုင်းနယ်စပ်ဒေသက အန္တရာယ်ထဲ ကျရောက်နေပြီ ”
“ ကောင်းကင်နက်မျိုးနွယ်ရဲ့ စစ်မြေပြင်မှာတော့ ငါ့မျိုးနွယ်က မင်းတို့လူသားစစ်တပ်ရဲ့ ချုပ်ထိန်းခံထားရတယ်… ပြီးတော့ ဖုန်းဟိုင်ဒေသငယ်ရဲ့ စစ်တပ်က ဝိညာဉ်နက်ဒေသကြီးတစ်လျှောက်ကို မြန်မြန်ဆန်ဆန် သိမ်းပိုက်နေတယ်… ဒါပေမဲ့ အဲ့လိုချုပ်ထိန်းခံရတာက ငါတို့ရဲ့ အဓိကရည်ရွယ်ချက်ဆိုတာရော မင်းသိလား ”
“ စစ်မြေပြင်နှစ်ခုမှာ မင်းတို့လူသားမျိုးနွယ်ရဲ့ သေကြေပျက်စီးမှုက အရမ်းကြီးမားတယ် ”
“ လူသားတစ်ယောက်ရဲ့ လက်နှစ်ဖက်က ချုပ်နှောင်ခံထားရတယ်ဆိုရင် သူ့ရဲ့ နှလုံးနေရာကို ဘယ်လိုကာကွယ်မလဲ ”
ပိုင်ဇီမျိုးနွယ်ကျင့်ကြံသူ၏ မျက်နှာပေါ်မှ အပြုံးသည် အလွန်တောက်ပသည်။
“ အခု ငါစကားပြောနေချိန်မှာပဲ လူသားရာပေါင်းများစွာက စစ်မြေပြင်မှာ သေဆုံးသွားလောက်ပြီ ”
ထိုသို့ပြောပြီးနောက် ပိုင်ဇီမျိုးနွယ်ကျင့်ကြံသူသည် ရွှီချင်း၏ အမူအရာကို အကဲခတ်လေ့လာလိုက်သည်။ သူက ထိုသို့ပြောနေခြင်းမှာ ကြီးမားသော ရည်ရွယ်ချက်ရှိသည်။ သူက ရွှီချင်းနှင့် ခေါင်းဆောင်ကို တောင်ပေါ်မှ ထွက်ခွာရန် သွေးဆောင်နေခြင်း ဖြစ်သည်။
ရွှီချင်းနှင့် ခေါင်းဆောင်သည် ဤနေရာမှာ ရပ်တန့်သွားခဲ့သည်။ ယင်းကို သူ၏ အမှတ်အသားမှတဆင့် သူအာရုံခံနိုင်ခဲ့သည်။ သူ၏ သတိကြီးသော အကျင့်စရိုက်ကြောင့် တစ်ဖက်လူက ဤနေရာမှာ အစီအစဉ်တစ်ခု ပြုလုပ်ထားနိုင်ကြောင်း သူတွေးမိသည်။ သို့ဖြစ်၍ သူက မဆင်မခြင် မလုပ်ဆောင်ဝံ့ပေ။
ရွှီချင်းနှင့် ခေါင်းဆောင်သည် အတွေ့အကြုံများပြားသူ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့က တစ်ဖက်လူ၏ အတွေးများကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။
“ သူက ငါ့ဟာပဲ ”
ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။
“ ဒါဆို ငါက တခြားနှစ်ကောင်ကို ဖြေရှင်းလိုက်မယ်… ပိုင်ဇီမျိုးနွယ်ရဲ့ အသားကို ငါမစားရတာ အတော်ကြာသွားခဲ့ပြီ ”
ခေါင်းဆောင်က ပြုံးလိုက်သည်။
သူတို့နှစ်ယောက်က စကားပြောလိုက်သည်နှင့် သူတို့၏ ခန္ဓာကိုယ်သည် ချက်ချင်း ပျောက်ကွယ်သွားကြသည်။ လေထဲ၌ ထက်ရှသော စိတ်ဆန္ဒသည် ပိုင်ဇီမျိုးနွယ်မှ ကျင့်ကြံသူများကို လွှမ်းခြုံသွားသည်။