မိစ္ဆာနဲ့တူတဲ့ သိုး
Vol. 80 Ch. 1232
ပိုင်ဇီမျိုးနွယ်သည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ လက်အောက်ခံမျိုးနွယ်စုများထဲမှာ ဂုဏ်သတင်းမကျော်ကြားပေ။ ၎င်းက စီအဲမျိုးနွယ်နှင့် နှိုင်းယှဉ်ရန်ပင် ခက်ခဲသည်။
ပိုင်ဇီမျိုးနွယ်ကဲ့သို့ လက်အောက်ခံမျိုးနွယ်စုများသည် မီးလျှံလထဲတွင် အများအပြား ရှိသည်။
“ ယေဘုယျအားဖြင့်ဆိုရရင် ပိုင်ဇီမျိုးနွယ်လို လက်အောက်ခံမျိုးနွယ်စုတွေက ကိစ္စတစ်ခုကို ပုံသေလုပ်ဆောင်ကြတယ်… သူတို့က တခြားမျိုးနွယ်စုတွေနဲ့ တွေ့ရင် အစွယ်ထုတ်ပြကြပြီး မီးလျှံလမျိုးနွယ်နဲ့ သူတို့ထက် အဆင့်ပိုမြင့်တဲ့ လက်အောက်ခံမျိုးနွယ်စုတွေနဲ့ တွေ့ရင် ခေါင်းငုံ့ကြတယ်… သူတို့မှာ နောက်ဆုံးစည်းဆိုတာမျိုး မရှိဘူး ”
ခေါင်းဆောင်၏ အသံသည် စူးရှတောက်ပသော ဤလောကထဲမှာ ပဲ့တင်ထပ်သွားသည်။
“ သူတို့က တခြားမျိုးနွယ်စုကလာတဲ့ ပြိုင်ပွဲဝင်သူတွေဆီကနေ မလုယက်ရဲဘူး… ဒါကြောင့် မင်းကို မြင်လိုက်တဲ့အခါ မင်းက ဆူဖြိုးတဲ့ သိုးတစ်ကောင်ဖြစ်မယ်လို့ သူတို့က တွေးထင်ခဲ့ကြတယ် ”
ခေါင်းဆောင်သည် ရယ်မောပြီး စကားပြောလိုက်သည့်အခါ အပြာရောင်အလင်းတစ်ခု ပေါ်လျှိုးလာသည်။ ဟင်းလင်းပြင်ကိုပင် အေးခဲစေနိုင်သော အအေးဓာတ်သည် ကီလိုမီတာငါးရာအတွင်းသို့ ချက်ချင်း လွှမ်းခြုံသွားသည်။
ထိုကီလိုမီတာငါးရာအတွင်းတွင် ဆောင်းရောက်သွားသည့်အလား အောက်မေ့ရသည်။ မြေပြင်ပေါ်မှ ကျောက်တုံးကြီးများသည် ရေခဲကျောက်တုံးအဖြစ်သို့ ပြောင်းလဲသွားကြသည်။ သစ်ပင်များသည်လည်း ရေခဲသစ်ပင်အဖြစ်သို့ ပြောင်းလဲသွားကြသည်။ ကောင်းကင်ပေါ်မှ တိမ်တိုက်များသည်ပင် အလေးချိန်ရှိလာပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။
သို့ဆိုလျှင် လေထဲမှ ပိုင်ဇီမျိုးနွယ်ကျင့်ကြံသူများအတွက်တော့ ဆိုဖွယ်ရာမရှိပေ။
“ ဒါပေမဲ့ တားမြစ်ဒေသကြီးထဲမှာ သိုးတစ်ကောင်နဲ့ ဆင်တူတဲ့ သားရဲအမျိုးအစားတစ်မျိုးရှိတယ်… ဒေသခံတွေကတော့ သူတို့ကို မိစ္ဆာတွေလို့ ခေါ်ကြတယ် ”
ခေါင်းဆောင်သည် လက်မြှောက်လိုက်ပြီး ပိုင်ဇီမျိုးနွယ်ကျင့်ကြံသူပေါ်သို့ ဖိချလိုက်သည်။
ဗလာနတ္ထိပထမအဆင့်ကျင့်ကြံသူနှင့် သူ့ဘေးမှ ပြီးပြည့်စုံသော ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူသည် အမူအရာ ပျက်ယွင်းသွားကြသည်။ ပထမတစ်ယောက်သည် အနည်းငယ် အဆင်ပြေသေးသည်။ သူက ဗလာနတ္ထိပထမအဆင့်မှာ ဖြစ်သောကြောင့် သူ့ကိုယ်ပိုင် နိယာမများနှင့် ဥပဒေသများကို အသုံးပြုနိုင်ပေသည်။
သို့ဖြစ်၍ ချည်မျှင်များသည် သူ၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာကြပြီး ဆေးမီးဖိုတစ်ခုကို မြန်ဆန်စွာ ဖန်တီးလိုက်သည်။
သို့သော်လည်း သူ့ဘေးမှ ပြီးပြည့်စုံသော ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူသည် အတော်လေး အားနည်းသည်။ သူ၏ လျှို့ဝှက်ရတနာသိုက်ငါးခုက လေထဲသို့ မြှောက်တတ်သွားသော်လည်း ရေခဲအဖြစ်ပြောင်းလဲသွားခြင်းကို မတားဆီးနိုင်ပေ။ ကောင်းကင်ဘုံအသွင်ပြောင်းလဲခြင်းအတတ်ကြောင့် သူ၏ ခန္ဓာကိုယ်သည် ရေခဲတိမ်တိုက်များနှင့်အတူ ထိန်းချုပ်မှုကင်းမဲ့စွာ အောက်သို့ ကျဆင်းလာသည်။
ထိုမြင်ကွင်းသည် တခြားနှစ်ယောက်ကို နှလုံးတုန်သွားစေသည်။ တစ်ချိန်တည်းမှာ ဈေးဆိုင်ပိုင်ရှင်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ သူက ရုတ်ချည်း အနောက်ဆုတ်သွားသည်။
သူက သေခြင်းရှင်ခြင်းကပ်ဘေးကို ခံစားမိသွားပြီး အခြေအနေက မျက်လှည့်ဆန်စွာ ရုတ်တရက် ပြောင်းလဲသွားကြောင်း မြင်သွားသည်။ ယင်းက သူစိတ်ကူးထားသော အရာနှင့် ကြီးကြီးမားမား ခြားနားနေသည်။
သို့သော်လည်း ဤအခိုက်အတန့်မှာ အများကြီး စဉ်းစားနေရန် သူ့မှာ အချိန်မရှိပေ။ သူက ပြီးပြည့်စုံသော ဝိညာဉ်သိုက်အဆင့် ကျင့်ကြံခြင်းအခြေခံကို ထုတ်လွှတ်လိုက်သည်။ လျှို့ဝှက်ရတနာသိုက်ငါးခုသည် ကြောက်စရာကောင်းသော မီးတောက်များနှင့်အတူ ပေါ်ထွက်လာကြသည်။ အမှန်မှာ ဤသို့အရေးကြီးအခိုက်အတန့်မှာ သူက သူ့ကိုယ်ပိုင် သက်စောင့်စွမ်းအားကိုပင် လောင်ကျွမ်းပစ်လိုက်သည်။
ကြီးမားသော စွမ်းအားတိုးမြှင့်မှုကို အသုံးပြုပြီးနောက် သူက ချက်ချင်း ထွက်ပြေးသွားသည်။
သို့သော်လည်း ယင်းက အလွန်နောက်ကျသွားသည်။
ဈေးဆိုင်ပိုင်ရှင်က ထွက်ပြေးတော့မည့်အချိန် ရွှီချင်း၏ ပုံရိပ်က သူ့အနောက်မှာ ထွက်ပေါ်လာသည်။ ပိုင်ဇီမျိုးနွယ်ကျင့်ကြံသူက မည်မျှမြန်ဆန်ပါစေ ယင်းက အချည်းနှီးသာ ဖြစ်၏။
သူက ရွှီချင်းကို မယှဉ်နိုင်ပေ။
သူ့အနောက်တွင် ရပ်နေသော ရွှီချင်းသည် တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ ဆံပင်ရှည်က လေထဲမှာ တဖျပ်ဖျပ်လွင့်မျောနေသည်။ သူက ကျောက်စိမ်းသဖွယ် ဖြူဖွေးသော ညာလက်ကို မြှောက်လိုက်သည်။
ထိုအခါ သေခြင်းအရှိန်အဝါကို ထုတ်လွှတ်နေသော အနက်ရောင်ဓားမြှောင်သည် သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။
ထိုအရှိန်အဝါသည် ဘေးပတ်ဝန်းကျင်သို့ ကျူးကျော်ဝင်ရောက်လာပြီး ပိုင်ဇီမျိုးနွယ်ကျင့်ကြံသူ၏ အသိစိတ်ကို ဝုန်းခနဲ မြည်ဟိန်းသွားစေသည်။ သေခြင်းစိတ်ဆန္ဒသည် ဒီရေသဖွယ် ပေါ်လျှိုးလာပြီး သူ့ကို ဝါးမျိုသွားသည်။ သူက ရှောင်တိမ်းချင်သော်လည်း ယခု သူ၏ ခန္ဓာကိုယ်က လှုပ်ရှားနိုင်စွမ်း ကင်းမဲ့နေကြောင်း ရှာတွေ့သွားသည်။
သူက ခုခံချင်သည်။ သို့သော်လည်း သူ့အနောက်မှ လူသားကျင့်ကြံသူ၏ ခြိမ်းခြောက်မှုသည် ဖိအားတစ်ခုသို့ ပြောင်းလဲသွားကာ သူ့ကို ချုပ်နှောင်ထားသည်။ သူ၏ လျှို့ဝှက်ရတနာသိုက်ငါးခုသည် ပြိုကွဲပျက်စီးသွားကြသည်။
သူက သူ့ကိုယ်ပိုင်ကောင်းကင်ဘုံတာအိုငါးခုကို လှုံ့ဆော်ချင်သော်လည်း ၎င်းတို့က တုန်ယင်နေကြသည်။
သူ၏ ကျင့်ကြံခြင်းအခြေခံနှင့် ကောင်းကင်ဘုံတာအိုသည် ဖိနှိပ်ခံနေရသည်။ ဤသည်မှာ သူနှင့်ပတ်သက်သော အရာအားလုံးက ဖိနှိပ်ခံထားရခြင်း ဖြစ်သည်။
ထို့ကြောင့် သူ့နှလုံးသားထဲမှာ ထိတ်လန့်ချောက်ချားမှုဖြင့် ပြည့်နှက်သွားသည်။ နောက်အခိုက်အတန့်မှာ ရွှီချင်း၏ ဓားမြှောင်က သူ၏ လည်ပင်းကို ဖြတ်သန်းသွားသည်။
ရွှီချင်းသည် သူငယ်ငယ်တုန်းကအတိုင်း ရန်သူကို အကြင်နာမဲ့စွာ ခေါင်းဖြတ်လိုက်သည်။
သွေးသည် ဒလဟော ပန်းထွက်လာသည်။ သို့သော်လည်း မည်သည့်အော်သံမှ ထွက်ပေါ်မလာပေ။ အသက်ရှူသံကိုသာ ကြားရနိုင်သည်။ နောက်အခိုက်အတန့်မှာ ဦးခေါင်းနှင့် ခန္ဓာကိုယ်သည် တကွဲတပြားစီ ဖြစ်သွားကြသည်။
အလောင်းက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့်အခါ ဝိညာဉ်ချည်မျှင်များသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာကြသည်။ ယင်းတို့က အလောင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကြပြီး ဝိညာဉ်ကို ဝါးမျိုလိုက်သည်။
မကြာမီ အလောင်းသည် ခြောက်သွေ့သွားသည်။ ထိုထဲမှာ ပါဝင်သော ဝိညာဉ်သည် ရွှီချင်း၏ ဝိညာဉ်ချည်မျှင်များဖြင့် အရူးအမူး စုပ်ယူခံလိုက်ရပြီး ပိုမိုများပြားသော ဝိညာဉ်ချည်မျှင်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။
အလောင်းသည်တော့ ပြာဖြစ်သွားသည်။
တစ်ချိန်တည်းမှာ တခြားတိုက်ပွဲမြေပြင်ဘက်တွင် ခေါင်းဆောင်သည် ရယ်မောလိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် ဗုန်းဟူသော မြည်သံနှင့်အတူ ပေါက်ကွဲသွားပြီး မရေမတွက်နိုင်သော အပြာရောင်အလင်းများသို့ ပြောင်းလဲသွားသည်။ အပြာရောင်အလင်းတစ်ခုစီမှာ အပြာရောင်ပိုးကောင်တစ်ကောင် ပါရှိသည်။ ၎င်းတို့အားလုံးသည် ဗလာနတ္ထိပထမအဆင့် ပိုင်ဇီမျိုးနွယ်ကျင့်ကြံသူဆီသို့ အရပ်မျက်နှာအဘက်ဘက်မှ ပျံသန်းသွားကြသည်။
ထိုကျင့်ကြံသူက မည်သို့ပင် ရုန်းကန်ပြီး တန်ပြန်တိုက်ခိုက်ပါစေ အချည်းနှီးသာဖြစ်၏။ မျက်စိတစ်မှိတ်အတွင်းမှာ ပိုင်ဇီမျိုးနွယ်ကျင့်ကြံသူသည် မရေမတွက်နိုင်သော အပြာရောင်ပိုးကောင်များဖြင့် ဝိုင်းရံခံလိုက်ရပြီး ဧရာမအသားလုံးအဖြစ်သို့ ပြောင်းလဲသွားသည်။
အနီးကပ်သေချာကြည့်မည်ဆိုလျှင် ထိုအသားလုံးကို မရေမတွက်နိုင်သော ပိုးကောင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာ တဂျွတ်ဂျွတ်ဝါးစားနေသော အသံနှင့် နှလုံးကွဲကြေသော အော်ဟစ်သံများသည် ထိုအသားလုံးထဲမှ ပျံ့လွင့်ထွက်လာကြသည်။
ရွှီချင်းသည် လှည့်ကြည့်လိုက်သည်။ ခေါင်းဆောင်၏ တိုက်ပွဲစွမ်းအားသည် ယခင်က မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူ၏ ကိုယ်ပွားဖြင့် သူရင်ဆိုင်ခဲ့စဉ်ကထက် အနည်းငယ် ပိုပြီးသန်မာသွားကြောင်း သူပြောနိုင်သည်။ ရှင်းလင်းစွာပင် ဤနေရာသို့ ခရီးတစ်လျှောက်တွင် ခေါင်းဆောင်၏ ဆန္ဒပြင်းပြမှုက သူ့အား အကျိုးအမြတ်တချို့ ရှိစေခဲ့ပုံပေါ်သည်။
ရွှီချင်းသည် ပြုံးလိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ဈေးဆိုင်ပိုင်ရှင်၏ ဝိညာဉ်ကို ဝါးမျိုပြီးနောက် ပြန်ရောက်လာကြသော ဝိညာဉ်ချည်မျှင်များကို သိမ်းဆည်းလိုက်သည်။
ထိုဝိညာဉ်ချည်မျှင်များက သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည့်အခါ အသားလုံးထဲမှ အော်ဟစ်သံများသည် ပျောက်ကွယ်သွားသည်။ ထို့နောက် အသားလုံးက လူးလွန့်လှုပ်ရှားသွားပြီး ခေါင်းဆောင်၏ ပုံရိပ်ကို ပြန်လည်ဖွဲ့စည်းသွားသည်။ သူက ရွှီချင်းကို ကြည့်လိုက်သည်။
“ ချင်းလေး… ပိုင်ဇီမျိုးနွယ်ရဲ့ အသားက အရမ်းအရသာရှိနေတုန်းပဲ… ပြီးတော့ အဲ့ဒီလူရဲ့ မှတ်ဉာဏ်တွေထဲကနေ စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းအချက်အလက်နှစ်ခုကို ငါရှာတွေ့ခဲ့တယ် ”
“ ပထမသတင်းအချက်အလက်က မင်းရွေးချယ်လိုက်တဲ့ လူက ပိုင်ဇီမျိုးနွယ်ထဲက ကောင်းကင်အရွေးချယ်ခံတစ်ယောက်ပဲ… သူက ပုန်းအောင်းတဲ့နေရာမှာ အရမ်းတော်တယ်… ငါသတ်လိုက်တဲ့တစ်ယောက်က ပိုပြီးသန်မာတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းတော့ သူက မကြာသေးခင်ကမှ ဗလာနတ္ထိအဆင့်ကို တတ်လှမ်းခဲ့တာဖြစ်လို့ တာအိုအများကြီးကို မဖွဲ့စည်းရသေးဘူး… သူ့ရဲ့ မှတ်ဉာဏ်ထဲမှာ သူတို့နှစ်ယောက်က အရင်က တိုက်ခိုက်ဖူးပြီး သူက အလစ်တိုက်ခိုက်မှုကြောင့် ရှုံးနိမ့်သွားခဲ့တယ် ”
“ ဒီကောင်ကတော့ အသုံးမကျဆုံး တစ်ယောက်ပဲ ”
ခေါင်းဆောင်သည် စကားပြောပြီးနောက် သူ၏ လက်ကို မြှောက်လိုက်ပြီး ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းဆိုသလို ရေခဲရုပ်တုအဖြစ် ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သော ပိုင်ဇီမျိုးနွယ်မှ နောက်ဆုံးကျင့်ကြံသူသည် ခေါင်းဆောင်၏ လက်ထဲသို့ ကျရောက်သွားသည်။
ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။
သူ့ဆီသို့ ပြန်ရောက်လာသော ဝိညာဉ်ချည်မျှင်အရေအတွက်က အနည်းငယ် မှားယွင်းနေကြောင်း သူအာရုံခံနိုင်သည်။ တစ်စိတ်တစ်ပိုင်းက ပျောက်ဆုံးနေသည်။
ခေါင်းဆောင်၏ စကားအရဆိုလျှင် ထိုဈေးဆိုင်ပိုင်ရှင်ဆီမှာ အသက်ကယ်နည်းလမ်းတချို့ ရှိရပေမည်။ သူက သေဆုံးသွားဟန် ထင်ရသော်လည်း အမှန်တကယ်မှာ သေချင်ဟန်ဆောင်ပြီး ပုန်းအောင်းနေခြင်း ဖြစ်သည်။
ဘေးပတ်ဝန်းကျင်သည် ဟာလာဟင်းလင်းဖြစ်နေပြီး မည်သည့်အားလှိုင်းအတတ်အကျမှ မရှိပေ။ အကယ်၍ တခြားတစ်ယောက်သာဆိုလျှင် တစ်ဖက်လူကို ချက်ချင်း ရှာတွေ့ရန် ခက်ခဲလိမ့်မည်။ သို့သော်လည်း ရွှီချင်းအတွက်တော့ ယင်းက မခက်ခဲပေ။
သူ၏ မျက်လုံးသည် အနက်ရောင်သို့ ချက်ချင်း ပြောင်းလဲသွားပြီး တားမြစ်အဆိပ်က ပျံ့နှံ့ထွက်လာသည်။ ယင်းက အရပ်မျက်နှာအဘက်ဘက်သို့ မြန်ဆန်စွာ ပျံ့ပွားသွားသည်။ ယင်းဖြတ်သန်းသွားသည့်နေရာတိုင်း လောကကြီးသည် အဆိပ်သင့်သွားလိမ့်မည်။
ခေါင်းဆောင်သည် စိုက်ကြည့်လိုက်သည်။
‘ သူက အဲ့ဒီအဆိပ်ကို ထပ်သုံးပြန်ပြီ… ငါ့လက်ထဲက တစ်ယောက်ကို အဆုံးရှုံးမခံနိုင်ဘူး… အဲ့ဒါက အရမ်းအရသာရှိတာ ’
ခေါင်းဆောင်သည် ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်ပြီး လက်ညှိုးညွှန်လိုက်သည်။ အပြာရောင်အလင်းက သူ၏ ခန္ဓာကိုယ်ပေါ်မှာ တောက်ပလာသည့်အခါ နောက်ဆုံးကျန်ရှိသော ပိုင်ဇီမျိုးနွယ်ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် မြန်ဆန်စွာ ပြောင်းလဲသွားသည်။ နောက်ဆုံးမှာတော့ သူက အရေအတွက်တစ်ရာကျော်သော ပန်းသီးစိမ်းများအဖြစ်သို့ ပြောင်းလဲသွားသည်။
သူက ပန်းသီးစိမ်းများကို သိမ်းဆည်းပြီးနောက် အပြာရောင်အလင်းအဖြစ်သို့ ပြောင်းလဲသွားကာ ဟင်းလင်းပြင်ထဲသို့ ပေါင်းစပ်သွားသည်။
ထိုသို့ဖြင့် ရွှီချင်း၏ တားမြစ်အဆိပ်က ပျံ့နှံ့ထွက်လာသည့်အခါ ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်သည် ပုံပျက်တွန့်လိမ်သွားသည်။ ထိုအခါ ပုန်းအောင်းနေသော လက်သီးဆုပ်အရွယ်ခန့် အဖြူရောင်မျက်လုံးတစ်လုံးသည် တခြားရွေးချယ်စရာမရှိသည့်အဆုံး ထွက်ပေါ်လာရသည်။
မျက်လုံးသည် ချောက်ချားနေပြီး ဆုံးဖြတ်ချက်ပြတ်သားသော အရိပ်အယောင်ကို ထုတ်ဖော်လိုက်သည်။
စောစောက သူသည် ကြားဖြတ်နှောင့်ယှက်ခံရမည်ကို စိုးရိမ်သောကြောင့် တည်နေရာပြောင်းရွှေ့ခြင်းကို မလုပ်ဆောင်ခဲ့ပေ။ ထို့ကြောင့် သူက ရွှီချင်းနှင့် ခေါင်းဆောင် ထွက်သွားမည့်အချိန်ကို စောင့်ဆိုင်းရန် စီစဉ်ထားခဲ့သည်။ တစ်ချိန်တည်းမှာ သူက အရှေ့သို့ မြန်ဆန်စွာ ရွေ့လျားသွားနေခဲ့သည်။
သို့သော်လည်း သူ့ကို ထိုမျှမြန်ဆန်စွာ ရှာတွေ့သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် သူက တုံ့ဆိုင်းမနေတော့ဘဲ တည်နေရာပြောင်းရွှေ့ခြင်းကို အသက်သွင်းလိုက်သည်။ တည်နေရာပြောင်းရွှေ့ခြင်းအားလှိုင်းများက ပျံ့နှံ့ထွက်လာသည့်အခါ မျက်လုံးသည် စတင်ဝေဝါးလာသည်။
ရွှီချင်း၏ အကြည့်သည် တည်ငြိမ်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ချည်မျှင်များက မြန်ဆန်စွာ ပျံ့နှံ့ထွက်လာကြပြီး သူ့အရှေ့မှာ မြန်ဆန်စွာ ရက်လုပ်လိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဧရာမနေနာရီသည် သူ့အရှေ့မှာ ထွက်ပေါ်လာသည်။
နာရီလက်တံက ရွေ့လျားသွားသည့်အခါ အချိန်နိယာမသည် ဤလောကပေါ်သို့ ဆင်းသက်လာသည်။
ရွှီချင်းသည် တည်နေရာပြောင်းရွှေ့နေသော မျက်လုံးကို ကြည့်လိုက်သည်။ အချိန်သည် နောက်ပြန်ဆုတ်သွားပြီး မြူခိုးသည် မူလနေရာသို့ ပြန်ရွှေ့ပြောင်းသွားသည်။ တည်နေရာပြောင်းရွှေ့ခြင်းအားလှိုင်းများသည် ပျောက်ကွယ်သွားပြီး အထဲ၌ ဝေဝါးနေသော မျက်လုံးသည် ကြည်လင်ရှင်းလင်းလာသည်။
မျက်လုံး၏ ချောက်ချားမှုသည် ပိုပြီးကြီးမားလာသည်။
နောက်အခိုက်အတန့်မှာ နေနာရီ၏ စွမ်းအားသည် ပျောက်ကွယ်သွားပြီး မျက်လုံးသည် နဂိုအတိုင်း ပြန်ဖြစ်သွားသည်။ သူက နောက်တစ်ကြိမ် တည်နေရာပြောင်းရွှေ့ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ယင်းက အချည်းနှီးသာ ဖြစ်သည်။ ရွှီချင်းက သူ့အရှေ့သို့ ရောက်ရှိနေပြီးပြီ ဖြစ်သည်။
သူက ညာလက်ကို မြှောက်လိုက်ပြီး မျက်လုံးကို သာမန်ကာလျှံကာ ရိုက်ချလိုက်သည်။
မျက်လုံးသည် အနီရောင်သို့ ပြောင်းလဲသွားပြီး အသံလှိုင်းတိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်လိုက်သည်။ သို့သော်လည်း အကြွင်းမဲ့စွမ်းအားအောက်မှာ မည်သည့်ခုခံမှုမဆို အချည်းနှီးသာ ဖြစ်၏။
ဗုန်းဟူသော မြည်သံနှင့်အတူ မျက်လုံးသည် ပြိုကွဲပျက်စီးသွားသည်။
နေနာရီအဖြစ် အသွင်ပြောင်းလဲထားသော ဝိညာည်ချည်မျှင်များသည် ပြိုကွဲသွားသော မျက်လုံးဖြင့် ချက်ချင်း ပေါင်းစပ်သွားကြသည်။ ယင်းတို့က ပြန်ရောက်လာသည့်အခါ ပိုမိုများပြားသော ဝိညာဉ်ချည်မျှင်များကို သယ်ဆောင်လာပြီး ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားကြသည်။
အဝေးမှကြည့်လျှင် ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှာ မရေမတွက်နိုင်သော အနီရောင်ဝိညာဉ်ချည်မျှင်များက လူးလွန့်လှုပ်ရှားနေကြောင်း မြင်နိုင်လိမ့်မည်။ ယင်းက ရွှီချင်းကို မိစ္ဆာတစ်ကောင်နှင့် ဆင်တူစေသည်။
ဘေးမှ ခေါင်းဆောင်သည် ပြုံးလိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာ သူက ပန်းသီးစိမ်းတစ်လုံးကို ထုတ်လိုက်ပြီး ကိုက်စားလိုက်သည်။
“ ချင်းလေး… မင်းရဲ့ လက်ရှိပုံစံက လူကောင်းတစ်ယောက်နဲ့ ဘယ်လိုမှ မတူဘူး ”
ရွှီချင်းသည် ခေါင်းဆောင်၏ လက်ထဲမှ ပန်းသီးကို ကြည့်လိုက်သည်။ သူက မည်သည့်စကားမှ မပြောပေ။
ခေါင်းဆောင်သည် လက်မြှောက်လိုက်ပြီး ပန်းသီးတစ်လုံးကို ပစ်ပေးလိုက်သည်။
ရွှီချင်းသည် ပန်းသီးကို ဖမ်းယူလိုက်ပြီး တစ်ကိုက် ကိုက်စားလိုက်သည်။ ယင်းက အလွန်ချိုမြိန်သည်။
သူသည် ငယ်ငယ်လေးကတည်းက ဇတ်တူသားမှလွဲ၍ တခြားအရာများကို စားကြည့်ခဲ့ဖူးသည်။
ရွှီချင်းက ပန်းသီးစားရန် မငြင်းကြောင်း မြင်သောအခါ ခေါင်းဆောင်သည် ပျော်ရွှင်လာသည်။ သူက ရွှီချင်းကို ပခုံးဖက်လိုက်ပြီး တိုးညင်းစွာ ပြောသည်။
“ နောက်ထပ်သတင်းတစ်ခု ရှိသေးတယ် ”
“ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ ဂုဏ်သရေရှိပုဂ္ဂိုလ်တစ်ဦးက မဟာအမဲလိုက်ပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ကျင့်ကြံသူအားလုံး ပါဝင်နိုင်အောင် သူ့ပိုင်နက်ထဲက တားမြစ်ဇုန်တွေကို ဖွင့်လှစ်ပေးမယ်တဲ့ ”
“ အဲ့ဒီဂုဏ်သရေရှိပုဂ္ဂိုလ်ရဲ့ တားမြစ်ဇုန်ငါးခုထဲမှာ တစ်ခုက တားမြစ်တောင်(၂၀)ကျော်တောင် ရှိတယ် ”
“ စောစောက ငါရထားတဲ့ သတင်းအချက်အလက်အရဆိုရင် ငါတို့မြန်မြန်ထွက်ခွာရင် အဲ့ဒီကို အချိန်မီရောက်လောက်တယ် ”
“ မင်းက အမဲလိုက်ပွဲတော်မှာ ပါဝင်ဖို့ အရည်အချင်းပြည့်မီတယ်ဆိုမှတော့ ဒီတစ်ကြိမ် နည်းမှန်လမ်းမှန်အတိုင်း လုပ်ဆောင်ကြတာပေါ့… ဒီနည်းနဲ့ဆိုရင် ငါတို့က နတ်ဘုရားနယ်မြေဆီ ပိုပြီးသင့်လျော်တဲ့ သရုပ်နဲ့ ဝင်ရောက်နိုင်ပြီး ငါ့ရဲ့ ကိစ္စကြီးကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်လိမ့်မယ်… ပြီးတော့ မင်းက ရွှမ်ထျန်းစစ်သူကြီးတောင် ဖြစ်လာနိုင်တယ် ”
“ ချင်းလေး… စီနီယာအကိုကြီးက မင်းကို အကောင်းဆုံး ကူညီပေးမယ် ”
ခေါင်းဆောင်သည် သူ၏ ရင်ဘက်ကို ပုတ်လိုက်သည်။ သူ၏ မျက်လုံးသည် ဝင်းလက်နေသည်။
“ ဒါပေမဲ့ မင်းမှတ်ထားပါ… မင်း ရွှမ်ထျန်းစစ်သူကြီးဖြစ်လာတဲ့အခါကျရင် ခရမ်းရွှေရောင်စစ်ချပ်ဝတ်ကို ငါ့ကို နှစ်နည်းနည်းလောက် ငှားပါ ”
ရွှီချင်းသည် ခေါင်းဆောင်၏ စကားကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို ဈေးဆိုင်ပိုင်ရှင်၏ တားမြစ်တောင်သည် ရွှီချင်းဆီသို့ ချက်ချင်း ပျံသန်းလာပြီး သူ၏ ဦးခေါင်းပေါ်တွင် လှည့်ပတ်သွားသည်။
ထိုအခါ တားမြစ်တောင်နှစ်လုံးသည် အပြန်အလှန် လှည့်ပတ်သွားပြီး ယင်းတို့ကြားတွင် အနီရောင်လျှပ်စီးတန်းများကို ထုတ်လွှတ်လိုက်သည်။
ရံဖန်ရံခါ လျှပ်စီးတန်းများက အချင်းချင်း ပွတ်တိုက်သွားသည့်အခါ မီးပွားစများ ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားကြသည်။ အဝေးမှ လှမ်းကြည့်လျှင်ပင် ယင်းတို့ကို မြင်နိုင်သည်။
“ စီနီယာအကိုကြီး… ပြိုင်ပွဲမှာ ပထမရဖို့ဆိုရင် တားမြစ်တောင်ဘယ်နှလုံးလောက် လိုအပ်မယ်လို့ထင်လဲ ”
ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး သူ၏ ဦးခေါင်းပေါ်မှ တောင်နှစ်လုံးကို ကြည့်လိုက်ကာ ရုတ်တရက် ပြောသည်။
“ အနည်းဆုံးတော့ တစ်ရာလောက် လိုမယ်ထင်တယ် ”
ခေါင်းဆောင်က သာမန်ကာလျှံကာ ပြောသည်။
“ ဒါဆို တစ်ရာရအောင် လုပ်မယ် ”
အေးစက်စက် အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး အဝေးသို့ ပျံသန်းသွားသည်။ ခေါင်းဆောင်သည် မျက်တောင်ခတ်လိုက်ပြီး ပြုံးလိုက်ကာ ရွှီချင်းနောက်သို့ လိုက်သွားသည်။ မကြာမီ သူတို့နှစ်ယောက်က ကောင်းကင်ပေါ်မှ ပျောက်ကွယ်သွားကြသည်။
သူတို့က မဟာအမဲလိုက်ပွဲတော်အတွက် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ ဂုဏ်သရေရှိပုဂ္ဂိုလ် ဖွင့်လှစ်ပေးမည့် တားမြစ်ဇုန်များဆီသို့ ဦးတည်သွားကြသည်။