အားလုံးဆိုရင်ရော ဘာဖြစ်လဲ
Vol. 80 Ch. 1236
တခြားတောင်(၂၆)လုံးမှ ပြိုင်ပွဲဝင်သူအားလုံးသည် ရွှီချင်းကို အာရုံစိုက်လာကြသည်။
သူတို့သည် ကျင့်ကြံခြင်းခရီးလမ်းကို စတင်လျှောက်လှမ်းသည့်အချိန်မှစ၍ လူအများကြီးကို သတ်ဖြတ်ဖူးကြသည်။ သို့သော်လည်း စောစောက အဖြစ်အပျက်သည် သူတို့၏ နှလုံးသားကို လှိုင်းထသွားစေခဲ့သည်။
ဤသည်မှာ ချိပ်ပိတ်သတ်ဖြတ်ခြင်းနှင့် အဆိပ်တိုက်ခိုက်မှုသာ ဖြစ်သည်။
ချိပ်ပိတ်သတ်ဖြတ်ခြင်းသည် သူ၏ အကြင်နာမဲ့မှုကို ဖော်ပြပြီး အဆိပ်တိုက်ခိုက်မှုသည် သူ၏ ရက်စက်မှုကို ဖော်ပြသည်။
အထူးသဖြင့် ဒုတိယတစ်ခု ဖြစ်သည်။
ရွှီချင်း၏ အဆိပ်သည် လူတိုင်းကို ထိတ်လန့်သွားစေသည်။ ထိုအဆိပ်က မည်မျှကြောက်စရာကောင်းကြောင်း သူတို့အာရုံခံနိုင်ကြသည်။
တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအခြေခံက သတ်မှတ်ထားသော အဆင့်သို့ ရောက်ရှိသွားလျှင် ထုံးစံအားဖြင့် အဆိပ်အများစုကို ခုခံနိုင်လာလိမ့်မည်။
ထို့ကြောင့် ပုံမှန်အားဖြင့် ကျင့်ကြံသူများသည် အဆိပ်ကို လျစ်လျူရှုနိုင်ကြသည်။
ယနေ့မှာတော့ ထိုမျှအစွမ်းထက်သော အဆိပ်ကို သူတို့၏ ကိုယ်ပိုင်မျက်စိဖြင့် မျက်မြင်တွေ့လိုက်ရသောအခါ အဆိပ်အပေါ် သူတို့၏ နားလည်မှုသည် ပြောင်းလဲသွားသည်။
“ ဒီနေရာက ဒြပ်နှောတွေကို စုဝေးနိုင်တယ်… ”
“ ဒီအဆိပ်က သာမန်အဆိပ်မဟုတ်ဘူး… အဲ့ဒါက နတ်ဘုရားအဆိပ်ပဲ ”
“ နတ်ဘုရားတွေနဲ့ ဆက်စပ်နေတဲ့ အဆိပ်ကို ငါကြားဖူးတယ်… အဲ့ဒါကို နတ်ဘုရားကျိန်စာလို့ ခေါ်တယ်… ”
“ နတ်ဘုရားမန္တန်ကပဲ နတ်ဘုရားကျိန်စာကို ပယ်ဖျက်နိုင်တယ် ”
နဝမမြောက်တောင်ကို လှမ်းကြည့်နေသော ကျင့်ကြံသူများ၏ အကြည့်ထဲတွင် အကြောက်တရားသည် အနည်းနှင့်အများ ပါဝင်သည်။ သို့သော်လည်း တစ်ချိန်တည်းမှာ သူတို့သည် လောဘစိတ်ဝင်လာကြသည်။
ယင်းက ယုတ္တိမရှိသောအရာ မဟုတ်ပေ။
အဘယ့်ကြောင့်ဆိုသော် ရွှီချင်းက နဝမမြောက်တောင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေစဉ် တားမြစ်တောင်များသည် သူ၏ ဘေးပတ်ဝန်းကျင်မှာ ဆက်တိုက် ကျဆင်းလာနေသောကြောင့် ဖြစ်သည်။
ဤနေရာသို့ ရောက်လာကြသည့် တချို့လူများတွင် တားမြစ်တောင်များကို ပိုင်ဆိုင်ထားကြသည်။ ရွှီချင်း၏ အဆိပ်ဖြင့် နဝမမြောက်တောင်ပေါ်မှ ကျင့်ကြံသူအားလုံးကို သတ်ဖြတ်ပြီးနောက် ထိုတားမြစ်တောင်များသည် ပိုင်ရှင်မဲ့သွားကြသည်။
ယခု တားမြစ်တောင်များက ကျဆင်းလာသည့်အခါ ရွှီချင်းသည် ယင်းတို့အားလုံးကို ဖမ်းဆုပ်လိုက်သည်။
စုစုပေါင်း တားမြစ်တောင်(၂၂)လုံးရှိသည်။
ယင်းတို့က ရွှီချင်း၏ မူလတောင်ငါးလုံးနှင့် ပေါင်းစပ်သွားသည့်အခါ ကျုံ့နေသော တားမြစ်တောင်(၂၇)လုံးသည် ရွှီချင်း၏ ဦးခေါင်းထက်မှာ လှည့်ပတ်သွားကြသည်။
ယင်းတို့က အလွန်ထူထဲပြီး တစ်ခုနှင့်တစ်ခု လျှပ်စီးများဖြင့် ဆက်သွယ်နေကာ သိပ်သည်းသော ဖိအားကို ထုတ်လွှတ်နေသည်။
ယင်းက ဖော်မပြနိုင်အောင် မျက်စိဖမ်းစားနိုင်ပြီး ဆွဲဆောင်မှု ပြင်းထန်သည်။
ယခု ရွှီချင်း၏ တားမြစ်တောင်အရေအတွက်သည် ဤတားမြစ်ဇုန်ထဲမှာရှိသော တားမြစ်တောင်အရေအတွက်နှင့် တူညီသွားသည်။
ဤတားမြစ်ဇုန်ထဲတွင် တားမြစ်တောင်(၂၇)လုံးရှိပြီး လူအများအပြားက ယင်းတို့ကို လုယက်ရန် အသေအလဲ ကြိုးစားနေကြသည်။ သို့သော်လည်း ရွှီချင်းတစ်ယောက်တည်းမှာ တားမြစ်တောင်(၂၇)လုံးရှိသည်။
မည်သည့်အရာက ပိုမိုလွယ်ကူပြီး မည်သည့်အရာက ပိုမိုအကျိုးအမြတ်များနိုင်မည်နည်း။ သို့ဖြစ်၍ လူတိုင်းဆီမှာ မတူညီသော အတွေးများရှိကြသည်။
သို့ဖြစ်၍ တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် ရွှီချင်းကို ကြည့်သော သူတို့၏ အကြည့်များထဲမှာ လောဘစိတ်သည် ပိုပြီးအားကောင်းလာသည်။
သို့သော်လည်း ရွှီချင်း၏ အဆိပ်ကို ဖိနှိပ်ရန် နည်းလမ်းတစ်ခုကို ရှာမတွေ့ခင်အထိ သူတို့က တိုက်ခိုက်ကြလိမ့်မည်မဟုတ်ပေ။
ခေါင်းဆောင်နှင့် ကျူးချွယ်ဇီသည် နဝမမြောက်တောင်ဆီသို့ ရောက်ရှိလာကြပြီး ရွှီချင်း၏ ဘေးမှာ ထွက်ပေါ်လာကြသည်။
ခေါင်းဆောင်သည် ဘေးဘီသို့ ကြည့်လိုက်သည်။ ရွှီချင်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်ရာတွင် ထူးချွန်ကြောင်း သူသိထားပြီး ယင်းကို သူ့မျက်စိဖြင့် ကိုယ်တိုင်မြင်ဖူးသည်။
သို့သော်လည်း ထိုသို့အဖြစ်အပျက်သည် နောက်ပိုင်းတွင် လျော့နည်းသွားသည်။
သို့ဖြစ်၍ သူက ယင်းကို နောက်တစ်ခါ ထပ်မြင်ရန် အနည်းငယ် စိတ်လှုပ်ရှားနေသည်။
ကျူးချွယ်ဇီသည် လုံးဝထိတ်လန့်နေသည်။ သူက အချိန်အတော်ကြာအောင် ဆွံ့အနေခဲ့သည်။ ဤနေရာတွင် ပျံ့နှံ့နေသော သွေးနံ့ကို ရှူမိသွားပြီးနောက် သူ၏ နှလုံးသည် ပရမ်းပတာ ခုန်ပေါက်လာသည်။ သူက ရွှီချင်း၏ နောက်ကျောကို ကြည့်နေစဉ် ပိုပြီးကြောက်ရွံ့ရိုသေလာသည်။
မည်သို့ဖြစ်ပါစေ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်သည် သန်မာသောလူများကို ရိုသေလေးစားသော မျိုးနွယ်စုတစ်ခု ဖြစ်သည်။
လေထဲမှ ရွှေရောင်နန်းတော်ထဲတွင် မီးလျှံလမျိုးနွယ်၏ ဂုဏ်သရေရှိပုဂ္ဂိုလ်သည် အရှေ့သို့ ခါးကိုင်းလိုက်ပြီး မြေပြင်ပေါ်မှ ရွှီချင်းကို ကြည့်လိုက်သည်။
“ အစကတော့ ဒီလူသားကောင်လေးက သတ်ဖြတ်ခြင်းကြယ်ဖြစ်မယ်လို့ ငါထင်ထားတာ… ဒါပေမဲ့ သူက နတ်ဆိုးကြယ်ဖြစ်နေမယ်လို့ ငါမမျှော်လင့်ထားဘူး ”
“ ဒီမဟာအမဲလိုက်ပွဲတော်က ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာပြီ… မီးလျှံလက ဟိုကောင်စုတ်လေးတွေ စိတ်ဓာတ်တတ်ကြွလာလောက်တယ် ”
မီးလျှံလမျိုးနွယ်၏ ဂုဏ်သရေရှိပုဂ္ဂိုလ်သည် ပြုံးလိုက်ပြီး ရွှီချင်း၏ အဆိပ်ကို တွေးတောလိုက်သည်။
“ အဲ့ဒါကို အရင်က ငါမမြင်ဖူးဘူး… ဒါပေမဲ့ အရှိန်အဝါကို အာရုံခံကြည့်မယ်ဆိုရင် အဲ့ဒါက နတ်ဘုရားနယ်မြေကနေ ဆင်းသက်လာတာ ဖြစ်မယ် ”
“ ဒီကောင်လေးက အဲ့လိုအဆိပ်ကို ထိန်းချုပ်နိုင်တယ် ”
တခြားတောင်များပေါ်မှ ကျင့်ကြံသူများက ရွှီချင်း၏ ဦးခေါင်းပေါ်မှ တားမြစ်တောင်(၂၇)လုံးကို အာရုံစိုက်နေကြစဉ် ရွှီချင်းသည်လည်း သူတို့၏ ဦးခေါင်းပေါ်မှ တားမြစ်တောင်များကို ရေတွက်နေသည်။
တခြားတောင်ကိုးလုံးမှ ကျင့်ကြံသူများထံတွင် တားမြစ်တောင်အနည်းငယ်သာ ရှိကြသည်။ ပိုင်ရှင်သတ်မှတ်ထားပြီးသား တောင်များပေါ်မှ ကျင့်ကြံသူများထံတွင် တားမြစ်တောင်အရေအတွက်သည် အမျိုးမျိုးကွဲပြားသည်။
ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။
ခေါင်းဆောင်သည် ရွှီချင်းကို နားလည်သည်။ ဤအခိုက်အတန့်မှာ သူက ရွှီချင်း၏ အမူအရာကို သတိထားမိသွားပြီး ပြုံးလိုက်သည်။
စောစောက ကျူးချွယ်ဇီကို သူပြောခဲ့သည့် အားလုံးဆိုသည်မှာ ဤတားမြစ်ဇုန်ထဲမှ တားမြစ်တောင်(၂၇)လုံးကို ဆိုလိုခြင်း မဟုတ်ပေ။ ယင်းအစား ဤနေရာသို့ ရောက်လာကြသော ကျင့်ကြံသူအားလုံးထံမှ တားမြစ်တောင်အားလုံးကို ဆိုလိုခြင်းသာ ဖြစ်သည်။
‘ စုစုပေါင်း (၂၁၃)လုံးရှိတယ် ’
ရွှီချင်းသည် စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။ ဤနေရာသို့ ရောက်လာကြသော ကျင့်ကြံသူအများစုသည် ဝိညာဉ်သိုက်အဆင့်မှာ ဖြစ်ကြသည်။ ဗလာနတ္ထိအဆင့် ကျင့်ကြံသူများလည်း ရှိသော်လည်း အရေအတွက် သိပ်မများပေ။ ထို့ပြင် ဤနေရာမှာ အဆင့်မြင့်ဆုံးသည် ဗလာနတ္ထိဒုတိယအဆင့် ဖြစ်သည်။
သူက နှုတ်ခမ်းသပ်လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ ဒီက တောင်တွေကို မမြှောက်ဖို့ အချိန်ဘယ်လောက်လိုသေးလဲ ”
ယင်းကို ကျူးချွယ်ဇီကြားသောအခါ သူက ချက်ချင်း တိုးညင်းစွာ ပြောသည်။
“ (၂၆)နာရီကျန်သေးတယ် ”
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး စောင့်ဆိုင်းရန် မျက်လုံးမှိတ်လိုက်သည်။
သူက အကျိုးအကြောင်းမဆီလျော်သူ မဟုတ်ပေ။ ထို့ပြင် သတ္တမသခင်ကြီးသည် သူ့ကို အကျိုးအကြောင်းဆီလျော်စွာ ပြုမူလုပ်ဆောင်တတ်ရန် သင်ကြားပေးထားသည်။
သို့မှသာလျှင် သူသည်လည်း စိတ်သက်တောင့်သက်သာ ရှိလိမ့်မည်။
သို့ဖြစ်၍ ရွှီချင်းသည် အချိန်ကျလာသည့်အခါ လူတိုင်းကို ဤနေရာမှ ထွက်သွားနိုင်ရန် အခွင့်အရေးတစ်ခုပေးဖို့ စဉ်းစားထားသည်။
ထိုသို့ဖြင့် တစ်ရက်ဟူသော အချိန်သည် မြန်ဆန်စွာ ကုန်ဆုံးသွားသည်။
ထိုတစ်နေ့လုံးတွင် တခြားတောင်များမှ ကျင့်ကြံသူများ၏ အကြည့်များသည် နဝမမြောက်တောင်ပေါ်သို့ ရံဖန်ရံခါ ရောက်ရှိသွားကြလေ့ ရှိသည်။ အထူးသဖြင့် ပိုင်ရှင်ရှိပြီးသား တောင်များပေါ်မှ ကျင့်ကြံသူများ ဖြစ်ကြသည်။
သူတို့ထဲမှာ အသံပို့လွှတ်ပြီး တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်နေကြသော လူတချို့ပင် ရှိကြသည်။
ထိုမြင်ကွင်းသည် ကျူးချွယ်ဇီကို အနည်းငယ် စိုးရိမ်စေသည်။ ထို့ကြောင့် သူက အားညိုကို လှမ်းကြည့်လိုက်သည်။
တစ်ဖက်လူက စိတ်အေးလက်အေး ရှိနေကြောင်း မြင်သွားသောအခါ သူက မသေချာမရေရာဖြစ်သွားသည်။
ယင်းက သူစိတ်ကူးထားသည်နှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသည်။
သူ၏ အရှေ့မှ လူသားနှစ်ယောက်က အလွန်သန်မာကြောင်း သူသိထားသော်လည်း ဤနေရာမှ ကျင့်ကြံသူများက ရွှီချင်း၏ ဦးခေါင်းပေါ်မှာ လွင့်မျောနေသော တားမြစ်တောင်များကို မျက်စိကျနေကြကြောင်း ထင်ရှားသည်။ သူတို့က နောက်ထပ် လူခေါ်နေခြင်းဖြစ်ရန် အလွန်ရာခိုင်နှုန်းများသည်။
အကယ်၍ ထိုအတိုင်း ဆက်သွားမည်ဆိုလျှင် သူတို့က ဤနေရာမှ ကျင့်ကြံသူများကိုသာ ရင်ဆိုင်ရတော့မည် မဟုတ်ပေ။
မဟာကောင်းကင်အရွေးချယ်ခံတစ်ဦးက ဤနေရာသို့ ရောက်ရှိလာရန် ဖြစ်နိုင်ခြေ အလွန်များသည်။
ထို့ကြောင့် သူက သူတို့ကို သတိမပေးဘဲ မနေနိုင်ပေ။
ခေါင်းဆောင်သည် ပြုံးလိုက်သည်။ သို့သော်လည်း သူက စကားမပြောပေ။
ရွှီချင်းသည် မျက်လုံးမှိတ်ထားဆဲပင်။ သို့သော်လည်း သူ၏ နတ်ဘုရားစိတ်အာရုံက ရှေးဟောင်းနေလုံးပေါ်သို့ ဖြတ်သန်းသွားပြီး သူက ဆက်လက် တရားထိုင်လိုက်သည်။
သတ်မှတ်ချိန်ရောက်ရန် နှစ်နာရီသာ လိုအပ်တော့သည့်အချိန် တစ်စုံတစ်ယောက်က တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည်။
တိုက်ခိုက်လာသူသည် တားမြစ်တောင်ပေါ်မှ ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။ ယင်းအစား အဝေးမှ တစ်ဟုန်ထိုး ပျံသန်းလာနေသူ ဖြစ်သည်။
သူ၏ တစ်ကိုယ်လုံးကို အဖြူရောင်အကြေးခွံများဖြင့် ဖုံးလွှမ်းထားပြီး သူ၏ နဖူးပေါ်မှ တတိယမျက်လုံးက သူ့မျိုးနွယ်ကို ဖော်ပြနေသည်။
ပိုင်ဇီမျိုးနွယ်…
သူ၏ ထွက်ပေါ်လာမှုသည် တခြားတောင်ထွတ်များမှ ကျင့်ကြံသူများ၏ စိတ်အာရုံကို ချက်ချင်း ဆွဲဆောင်သွားသည်။
“ ပိုင်ဇီမျိုးနွယ်က ထျန်းလင်းဇီ ”
“ တကယ်ကြီး သူဟ ”
“ ထျန်းလင်းဇီက ပိုင်ဇီမျိုးနွယ်ရဲ့ နာမည်ကျော် ကောင်းကင်အရွေးခံတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ကျင့်ကြံခြင်းအမြန်နှုန်းက အံ့ဖွယ်ကောင်းတယ်လို့ ငါကြားဖူးတယ်… သူက ဗလာနတ္ထိအဆင့်ကို နှစ်ခြောက်ဆယ်အတွင်းမှာ တတ်လှမ်းနိုင်ခဲ့တယ်… သူက အနာဂတ်မှာ ဝိညာဉ်စုစည်းခြင်းအဆင့်ကို သေချာပေါက် တတ်လှမ်းနိုင်လိမ့်မယ်လို့တောင် လူတချို့က ပြောကြတယ်… သူက ထျန်းယွင်သူတော်စင်နတ်ဆရာနဲ့ တွေ့ဆုံဖို့ ကမ္မတစ်ခုကိုတောင် ပိုင်ဆိုင်ထားသေးတယ် ”
ဤနေရာမှ ကျင့်ကြံသူများက နှလုံးတုန်လာစဉ် ပိုင်ဇီမျိုးနွယ်ကျင့်ကြံသူ၏ အရှိန်အဝါသည် လေထဲမှာ ပျံ့နှံ့ထွက်လာပြီး အဆုံးမဲ့သော ရက်စက်ကြမ်းကြုတ်မှုကို ဆောင်ကြဉ်းလာသည်။ ယင်းက ကောင်းကင်နှင့်မြေပြင်၏ အရောင်ကို ပြောင်းလဲသွားစေပြီး တစ်လောကလုံးကို မည်းမှောင်သွားစေသည်။
ထိုအမှောင်ထုထဲတွင် ဥပဒေသအမှတ်သင်္ကေတများသည် သူ၏ မျက်လုံးထဲမှာ ဖြတ်သန်းသွားကြသည်။ ထို့နောက် ဧရာမမျက်နှာပုံရိပ်တစ်ခုသည် သူ့အနောက်မှာ ထွက်ပေါ်လာသည်။ ၎င်းက အစစ်အမှန်နှင့် အတုအယောင်ကြားမှာ တည်ရှိပြီး အစစ်အမှန်ဘက်ကို ပိုပြီးဦးတည်နေသည်။
သူက ဗလာနတ္ထိဒုတိယအဆင့်၏ အထွတ်အထိပ်မှာ ရှိသည်။
သူ၏ ဦးခေါင်းပေါ်တွင် တားမြစ်တောင်တစ်ရာကျော်သည် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်နေသည်။
ထျန်းလင်းဇီသည် နဝမမြောက်တောင်ပေါ်သို့ အေးတိအေးစက် အကြည့်ဖြင့် ကြည့်လိုက်သည်။
တစ်ချိန်တည်းမှာ တခြားတောင်များပေါ်မှ ပိုင်ဇီမျိုးနွယ်ကျင့်ကြံသူများက ပျံသန်းလာကြပြီး ထျန်းလင်းဇီ၏ ဘေးသို့ ရောက်ရှိသွားကြသည်။
သူတို့က ထျန်းလင်းဇီကို နှုတ်ဆက်ပြီးနောက် ရွှီချင်းကို လက်ညှိုးထိုးပြကာ တီးတိုးပြောသည်။
“ နတ်ဘုရားအဆိပ်ကို နတ်ဘုရားနဲ့သက်ဆိုင်တဲ့ ရတနာတွေသုံးပြီး ပယ်ဖျက်နိုင်တယ် ”
ထျန်းလင်းဇီက တည်ငြိမ်စွာ ပြောသည်။ သူက လက်မြှောက်လိုက်သည့်အခါ အညိုရောင်အမွှေးတိုင်ခွက်သည် သူ၏ ဦးခေါင်းပေါ်မှာ ထွက်ပေါ်လာသည်။
ရှေးဟောင်းအမွှေးတိုင်ခွက်သည် အံ့ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျများကို ထုတ်လွှတ်နေသည်။ ယင်းက သူ၏ ဘေးပတ်ဝန်းကျင်မှ အရာအားလုံးကို ဝေဝါးသွားစေပြီး ဤနေရာမှ ဒြပ်နှောများကို ဖိနှိပ်လိုက်သည်။ နတ်ဘုရားတစ်ပါး၏ စိတ်ဆန္ဒသည်လည်း ဤနေရာမှာ ထွက်ပေါ်လာသည်။
သိသာစွာပင် ထိုအမွှေးတိုင်ခွက်သည် နတ်ဘုရားတစ်ပါးနှင့် နီးကပ်စွာ ဆက်စပ်နေသော ရတနာပစ္စည်းဖြစ်သည်။
အမွှေးတိုင်ခွက်က ထျန်းလင်းဇီ၏ ဦးခေါင်းပေါ်တွင် မျောလွင့်နေစဉ် အစိမ်းရောင်မီးခိုးသည် ယင်းထဲမှ တလိပ်လိပ် မြှောက်တတ်လာပြီး ပေတစ်ထောင်အကွာအဝေးထိ ပျံ့နှံ့သွားသည်။ ထို့နောက် မီးခိုးသည် ရေတံခွန်ပမာ အောက်သို့ ကျဆင်းလာပြီး ထျန်းလင်းဇီကို စက်ဝိုင်းသဏ္ဍာန် လွှမ်းခြုံသွားသည်။
သူ၏ ဘေးပတ်ဝန်းကျင်မှ ပိုင်ဇီမျိုးနွယ်ဝင်အားလုံးသည် ကြည်ညိုလေးစားသော အမူအရာကို ထုတ်ဖော်လိုက်ကြပြီး ခေါင်းငုံ့လိုက်ကြသည်။
ထျန်းလင်းဇီသည် ရွှီချင်းတည်ရှိရာ နဝမမြောက်တောင်ဆီသို့ နတ်ဘုရားသားတော်တစ်ပါးသဖွယ် တည်ငြိမ်စွာ လျှောက်သွားသည်။
တခြားတောင်များမှ အကြည့်များသည် သူ့အပေါ်သို့ ကျရောက်လာကြသည်။
လူတိုင်း၏ အကြည့်အောက်မှာ ထျန်းလင်းဇီသည် နဝမမြောက်တောင်ပေါ်သို့ ခြေချလိုက်သည်။ တောင်ကို လွှမ်းခြုံထားသော အဆိပ်မြူခိုးသည် ထျန်းလင်းဇီ၏ မီးခိုးစက်ကွင်းများကို ချက်ချင်း မထိုးဖောက်နိုင်ပေ။ ယင်းက အပြင်ဘက်မှာ တားဆီးခံလိုက်ရသည်။
သူက အဆိပ်မြူခိုးထဲတွင် အရှေ့သို့ ရွေ့လျားသွားသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော ကျင့်ကြံသူများသည် ထိတ်လန့်သွားကြသည်။ ကျူးချွယ်ဇီသည်လည်း ထိတ်လန့်သွားသည်။ ထိုလူကို သူကြားဖူးသည်။
သူက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှဖြစ်ပြီး မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသော်လည်း တစ်ဖက်လူ၏ ကျော်ကြားမှုက သူ့ထက် အများကြီး သာလွန်ကြောင်း ဝန်ခံရလိမ့်မည်။ ထျန်းလင်းဇီသည် ပိုင်ဇီမျိုးနွယ်၌ လွန်ခဲ့သော ရာစုနှစ်တစ်ခုအတွင်းမှာ ကျင့်ကြံခြင်းအမြန်ဆုံးပုဂ္ဂိုလ် ဖြစ်သည်။
ထို့ကြောင့် သူက ရွှီချင်းနှင့် ခေါင်းဆောင်ကို မကြည့်ဘဲ မနေနိုင်ပေ။
ခေါင်းဆောင်သည် အေးဆေးတည်ငြိမ်သည်။ ရွှီချင်းသည် မျက်လုံးဖွင့်လိုက်သော်လည်း ပထမဆုံး သူကြည့်လိုက်သော အရာက တောင်ပေါ်သို့ လမ်းလျှောက်လာနေသော ထျန်းလင်းဇီမဟုတ်ပေ။ ယင်းအစား သူ့ဦးခေါင်းပေါ်မှ အမွှေးတိုင်ခွက်ဖြစ်သည်။ နောက်ဆုံးမှာတော့ သူက ခေါင်းငုံ့လိုက်ပြီး ထျန်းလင်းဇီကို ကြည့်လိုက်သည်။
ထျန်းလင်းဇီက တစ်လှမ်းချင်း လျှောက်လှမ်းနေစဉ် သူ၏ အမူအရာသည် လုံးဝပြောင်းလဲသွားခြင်း မရှိပေ။ သူက အနားရောက်လာသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်မှ ဖိအားသည် ပိုပြီးပြင်းထန်လာသည်။ သူ၏ အရှိန်အဝါသည် သက်တံ့နှင့်ဆင်တူပြီး သူ၏ ခြေလှမ်းတိုင်းသည် တောင်တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
သူဖြတ်သွားသည့်နေရာတိုင်း ဘေးပတ်ဝန်းကျင်မှ အဆိပ်မြူခိုးသည် သူ့ဘာသာ လွင့်ပြယ်သွားလိမ့်မည်။ အဆိပ်သည် သူ့အပေါ်မှာ လုံးဝသက်ရောက်မှုမရှိပေ။
သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် လွှမ်းမိုးဖိနှိပ်သော အရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ပေါ်လျှိုးလာသည်။
သို့သော်လည်း တကယ့်လက်တွေ့တွင် ထျန်းလင်းဇီ၏ နှလုံးသားထဲမှာ လှိုင်းလုံးတချို့ ထွက်ပေါ်နေသည်။ အဘယ့်ကြောင့်ဆိုသော် ဤအဆိပ်မြူခိုးက သူမျှော်လင့်ထားသည်ထက် ပိုပြီးရက်စက်ကြမ်းကြုတ်ကြောင်း ရှင်းလင်းစွာ သူအာရုံခံမိသောကြောင့် ဖြစ်သည်။ အဆိပ်က သူ့အပေါ်မှာ သက်ရောက်မှုမရှိဟန် ထင်ရသော်လည်း အမှန်မှာ သူက ယင်းကို ယာယီခုခံနိုင်ရုံသာ ဖြစ်သည်။
ထို့ပြင် အမွှေးတိုင်ခွက်အပေါ် သူ၏ စိတ်အာရုံမှတဆင့် သူ၏ အမွှေးတိုင်ခွက်သည် အဆိပ်ကို အများဆုံး တစ်နာရီခန့်သာ တားဆီးပေးနိုင်သည်။ တစ်နာရီကျော်သွားလျှင် သူက အဆိပ်ကို ခုခံတားဆီးနိုင်တော့မည် မဟုတ်ပေ။
‘ ဒီနတ်ဘုရားကျိန်စာက အရမ်းထူးခြားတယ် ’
‘ ဒါပေမဲ့ တစ်နာရီက လုံလောက်ပါတယ် ’
အေးစက်စက် အလင်းသည် ထျန်းလင်းဇီ၏ မျက်လုံးထဲမှာ သိပ်သည်းလာသည်။ ဤအခိုက်အတန့်မှာ သူက ရွှီချင်းဆီသို့ရောက်ရန် ပေသုံးထောင်မျှသာ ကွာဝေးတော့သည်။ သူက ရုတ်တရက် အရှိန်မြှင့်တင်လိုက်သည့်အခါ သူ၏ တစ်ကိုယ်လုံးသည် ဥက္ကာပျံတစ်ခုပမာ ပြောင်းလဲသွားပြီး ရွှီချင်းဆီသို့ မြန်ဆန်စွာ ချဉ်းကပ်သွားသည်။
ပူပြင်းသော ဓားက တိုဟူးကို လှီးဖြတ်သွားသကဲ့သို့ ဥက္ကာပျံ၏ လမ်းကြောင်းရှေ့မှာရှိသော အရာအားလုံးသည် ဖျက်ဆီးခံလိုက်ရသည်။ တောင်သည် တုန်ယင်လာပြီး ကျောက်တုံးများသည် ဖုန်မှုန့်သို့ ပြောင်းလဲသွားသည်။ ဤသည်မှာ လောကထဲရှိ အလင်းအားလုံးက ပျောက်ကွယ်သွားသည့်အလားပင်။ ထိုဥက္ကာပျံသည်သာ တစ်ခုတည်းသော အာရုံစိုက်စရာ ဖြစ်လာသည်။
ကျူးချွယ်ဇီ၏ အမူအရာသည် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းအခြေခံကို လှုံ့ဆော်လိုက်သည်။ ခေါင်းဆောင်သည် သမ်းဝေလိုက်သည်။ ရွှီချင်း၏ အမူအရာသည် ဖြစ်စဉ်တစ်ခုလုံးတွင် လုံးဝ မပြောင်းလဲသွားခဲ့ပေ။ သူက ပျံသန်းလာနေသော ဥက္ကာပျံကို ကြည့်လျက် ညာလက်ကို မြှောက်လိုက်ပြီး သူ၏ နဖူးပေါ်သို့ လက်ညှိုးညွှန်လိုက်သည်။ သူ၏ လက်ညှိုးသည် နဖူးနှင့်မထိခင် သုံးလက်မအကွာမှာ ရပ်တန့်သွားသည်။
ချက်ချင်းဆိုသလို မရေမတွက်နိုင်သော အနက်ရောင်မျဉ်းကြောင်းများသည် သူ၏ နဖူးပေါ်မှာ ထွက်ပေါ်လာကြသည်။ ယင်းတို့က အလွန်ထူထဲလေရာ သွေးကြောများနှင့် ဆင်တူသည်။ ထို့နောက် ယင်းတို့က အချင်းချင်း ယှက်ထွေသွားကြပြီး ချောက်ချားဖွယ်ကောင်းသော တစ္ဆေမျက်နှာတစ်ခုကို ဖွဲ့စည်းလိုက်သည်။
သူ၏ လက်ချောင်းက လေထဲမှာ ရပ်တန့်နေစဉ် တစ္ဆေမျက်နှာသည် မီးအိမ်သဖွယ် မီးထွန်းညှိခံလိုက်ရဟန် ရသည်။ ချက်ချင်းဆိုသလို ငရဲမီးတောက်များက ထွက်ပေါ်လာကြသည်။
အဝေးမှ ကြည့်လျှင် တစ္ဆေမီးအိမ်တစ်ခုက ရွှီချင်း၏ မျက်ခုံးနှစ်ခုကြားထဲမှာ ထွက်ပေါ်လာဟန် ထင်မှတ်ရသည်။
ထျန်းလင်းဇီသည် ရွှီချင်းနှင့် ပေ(၂၇၀၀)ကွာဝေးနေသေးသည်။
ရွှီချင်း၏ လက်ချောင်းသည် အောက်သို့ နေရာရွှေ့ပြောင်းသွားပြီး သူ၏ ဘယ်ဘက်ပခုံးပေါ်သို့ ကျရောက်သွားသည်။
နောက်အခိုက်အတန့်မှာ အနက်ရောင်သွေးကြောများသည် သူ၏ ပခုံးပေါ်မှာ မြန်ဆန်စွာ စုဝေးသွားပြီး ဒုတိယတစ္ဆေမီးအိမ်တစ်ခု ထွက်ပေါ်လာသည်။
ငရဲမီးတောက်သည် လှုပ်ယမ်းသွားသည်။ ထျန်းလင်းဇီက ပေ(၂၃၀၀)သာ ကွာဝေးတော့သည့်အချိန် ရွှီချင်း၏ လက်ချောင်းသည် သူ၏ ညာဘက်ပခုံးပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် သူ၏ ဒျန်တန်၊ ခြေထောက်နှစ်ချောင်းနှင့် နောက်ဆုံးမှာတော့ သူ၏ နှလုံးပေါ်သို့ ကျရောက်သွားသည်။
ချိပ်တံဆိပ်လက်ဟန်များသည် စက္ကန့်ပိုင်းအတွင်းမှာ ပြီးမြောက်သွားသည်။
ငရဲမီးအိမ်(၇)ခုသည် ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှာ အပြင်းအထန် လောင်ကျွမ်းနေသည်။
သူ၏ အရှိန်အဝါက တစ်ဟုန်ထိုး မြှောက်တတ်သွားသည့်အခါ ကျိန်စာစွမ်းအားသည် တစ္ဆေမီးအိမ်(၇)ခုမှ ပျံ့ပွားထွက်လာသည်။ ထို့နောက် ယင်းတို့က စိတ်ခံစားချက်အမျိုးမျိုးကို ထုတ်ဖော်နေသော ချောက်ချားဖွယ်ရာ တစ္ဆေမျက်နှာ(၇)ခုအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ဤသည်မှာ အုပ်ချုပ်သူလီဇီဟွားထံမှ ဆင်းသက်လာသော တားမြစ်အတတ်ပညာဖြစ်ပြီး အတိတ်တွင် စတုတ္ထသားတော်က တတ်ကျွမ်းခဲ့သည်။ ရွှီချင်းသည် စတုတ္ထသားတော်နှင့် တိုက်ပွဲတွင် ဤတားမြစ်အတတ်ပညာကို တုပခဲ့ပြီး တတ်ကျွမ်းခဲ့သည်။
ငရဲမီးအိမ်(၇)ခုကျိန်စာ…
ဤသည်မှာ ပစ်မှတ်ကို သေချာပေါက် သတ်ပစ်နိုင်သော ကျိန်စာဖြစ်သည်။
ထိုစဉ် ရွှီချင်း၏ အကြည့်သည် အေးစက်သွားပြီး သူနှင့် ပေတစ်ရာအကွာသို့ ရောက်ရှိလာသော ထျန်းလင်းဇီကို စိုက်ကြည့်လိုက်သည်။ ထိုအခါ ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်ဖြင့် တစ်ဟုန်ထိုး ပြေးလာနေသော ထျန်းလင်းဇီ၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားသည်။
“ မီးအိမ်ထဲက မီးတောက်က ငြိမ်းသတ်သွားတဲ့အခါ ဒီလူရဲ့ အသက်ဇီဝိန်လည်း ချုပ်ငြိမ်းရမယ် ”