← Chapters

သေခြင်းရှင်ခြင်းဂိတ်တံခါး

Vol. 80 Ch. 1237

သေခြင်းရှင်ခြင်းဂိတ်တံခါး

Vol. 80 Ch. 1237

ရွှီချင်း၏ အေးစက်စက် စကားသံသည် တားမြစ်ဇုန်ထဲမှာ ပဲ့တင်ထပ်သွားပြီး ကောင်းကင်နှင့်မြေပြင်ကို ဖြတ်သန်းသွားသည်။ ယင်းက သေမျိုးလောကပေါ်သို့ ဆင်းသက်လာသော သေခြင်းလေပြေနှင့် ဆင်တူပေသည်။ ယင်းက ငရဲပြည်မှ နောက်ခံအလင်းရောင်နှင့် ဆင်တူပြီး ပျောက်ဆုံးနေသော ဝိညာဉ်များကို ဆင့်ခေါ်နေဟန် ရသည်။

နဝမမြောက်တောင်ထိပ်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှာ ကြီးကျယ်ခမ်းနားသော အင်အားတစ်ခုက စုဝေးသွားဟန် ရသည်။ မရေမတွက်နိုင်သော အနီရောင်ဝိညာဉ်ချည်မျှင်များက သူ၏ အနောက်မှာ ပျံ့နှံ့သွားကြပြီး မိစ္ဆာတစ်ကောင်နှင့်ဆင်တူသော သွေးနီရောင်အရှိန်အဝါကို ထုတ်လွှတ်နေသည်။

သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ငရဲမီးအိမ်(၇)ခုဖြင့် ဖွဲ့စည်းထားသော တစ္ဆေမျက်နှာများသည် သူ၏ ခန္ဓာကိုယ်ပေါ်မှ ပျံ့နှံ့ထွက်လာကြပြီး ဘေးပတ်ဝန်းကျင်တွင် လှည့်ပတ်လိုက်သည်။ ယင်းက ထူးဆန်းပြီး ချောက်ချားဖွယ်ကောင်းသည်။

ယင်းက သူ၏ ချောမောခန့်ညားသော မျက်နှာနှင့် ဆံပင်ရှည်ဖြင့် ပေါင်းစပ်သွားသည့်အခါ ဤအခိုက်အတန့်မှာ ရွှီချင်းက ပြိုင်ဘက်ကင်းသော တည်ရှိမှုသဖွယ် ဖြစ်လာသည်။

အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော ထိုအရှိန်အဝါသည် ကောင်းကင်၏ အရောင်ကို ပြောင်းလဲသွားစေပြီး လေကို အော်ညည်းစေသည်။

ထျန်းလင်းဇီသည် ထိုမြင်ကွင်းကို မြင်တွေ့သွားသည့်အခါ နှလုံးမတုန်ဘဲ မနေနိုင်ပေ။ မိုးခြိမ်းသံသည် သူ၏ စိတ်ထဲမှာ ဝုန်းခနဲမြည်ဟိန်းသွားသည်။ သူ၏ အမူအရာသည် သိသိသာသာ ပျက်ယွင်းသွားသည်။ ယခင်က တစ်ခါမှ မဖြစ်ပေါ်ဖူးသော သေခြင်းရှင်ခြင်းကပ်ဘေးသတိပေးမှုသည် သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

ယင်းက နှင်းတောပြိုကျလာသည့်အလား သူ၏ အသိစိတ်ကို ဝါးမျိုသွားသည်။ ဤသည်မှာ သူ၏ ခန္ဓာကိုယ်မှ အသွေးအသားများနှင့် အရိုးများက သူ့အား သတိပေးနေသည့်အလားပင်။

အန္တရာယ်… အန္တရာယ်… အန္တရာယ်…

သူ၏ စိတ်အာရုံခံစားမှုနှင့် အသိစိတ်သည် ဤအခိုက်အတန့်မှာ အန္တရာယ်သတိပေးမှုကို ပို့လွှတ်လာကြသည်။ နောက်ဆုံးမှာတော့ ယင်းတို့က အတူတကွ စုဝေးသွားပြီး ပိုပြီးကြီးမားသော လှိုင်းလုံးကို ဖန်တီးလိုက်သည်။

သူ၏ ခန္ဓာကိုယ်အပြင်ဘက်မှ မီးခိုးစက်ကွင်းများသည်လည်း မတည်မငြိမ်ဖြစ်လာပြီး ပုံပျက်တွန့်လိမ်လာသည်။

ထျန်းလင်းဇီ၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ သူက အနောက်ဆုတ်ပြီး ထူးဆန်းသော ထိုလူသားနှင့် ဝေးရာဆီသို့ ထွက်ပြေးချင်သည်။

သို့သော်လည်း အလွန်နောက်ကျသွားချေ၏။

ရွှီချင်းသည် ထျန်းလင်းဇီကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်သည့်အခါ နဝမမြောက်တောင်တစ်ခုလုံးကို လွှမ်းခြုံထားသော အဆိပ်မြူခိုးသည် မြန်ဆန်စွာ စုဝေးသွားပြီး ဝဲကတော့တစ်ခုကို ဖွဲ့စည်းလိုက်သည်။

အနက်ရောင်အဆိပ်မုန်တိုင်းသည် အဖျက်အဆီးစွမ်းအားနှင့် ကောင်းကင်ကို ဖုံးလွှမ်းသွားမည့် ကြောက်မက်ဖွယ်ရာ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် ၎င်းက ဧရာမမိစ္ဆာမျက်နှာတစ်ခုသို့ အသွင်ပြောင်းလဲသွားသည်။ ၎င်းက ချောက်ချားဖွယ်ကောင်းစွာ ပါးစပ်ကျယ်ကျယ်ဟလိုက်ပြီး ထျန်းလင်းဇီ၏ ဦးခေါင်းပေါ်မှ အမွှေးတိုင်ခွက်ပေါ်သို့ ဖိချလိုက်သည်။

အမွှေးတိုင်ခွက်သည် တုန်ယင်သွားပြီး ရေတံခွန်ပမာ စီးကျနေသော မီးခိုးစက်ကွင်းများသည် ပိုပြီးပုံပျက်တွန့်လိမ်လာသည်။

ဖိနှိပ်မှုသည် မပြီးဆုံးသေးပေ။ တားမြစ်အဆိပ်၏ ကျူးကျော်ဝင်ရောက်မှုသည် ပိုပြီးကြမ်းကြုတ်လာပြီး ထပ်မံ ဆင်းသက်လာသည်။ ယင်းက ထျန်းလင်းဇီ၏ လွတ်မြောက်ရာလမ်းကြောင်းအားလုံးကို ပိတ်ဆို့လိုက်သည်။

တစ်ချိန်တည်းမှာ ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ ငရဲမီးအိမ်(၇)ခုသည် စိုးရိမ်ထိတ်လန့်နေသော ထျန်းလင်းဇီ၏ ခန္ဓာကိုယ်ပေါ်မှာ ပုံရိပ်ပြန်လာကြသည်။ ထို့နောက် မီးအိမ်တစ်ခုသည် ငြိမ်းသတ်သွားသည်။

ထိုမီးအိမ်က ငြိမ်းသတ်သွားသည်နှင့်ချက်ချင်း ထျန်းလင်းဇီ၏ သူငယ်အိမ်သည် ကျုံ့သွားသည်။ ကြီးမားသော မုန်တိုင်းသည် သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သူ၏ ကိုယ်တွင်းအင်္ဂါများသည် ရုတ်တရက် အပြင်းအထန် နာကျင်လာသည်။ ဤသည်မှာ ထက်ရှသော ဓားတစ်လက်က သူ၏ ကိုယ်တွင်းအင်္ဂါများကို လှီးဖြတ်နေသည့်အလားပင်။

ကျယ်လောင်သော အော်ဟစ်သံသည် သူ၏ ပါးစပ်ထဲမှ မြည်ဟိန်းထွက်လာသည်။

သူက ခုနစ်ကြိမ် ရှစ်ကြိမ်ခန့် ဆက်တိုက် သွေးအန်လိုက်ရသည်။ သို့သော်လည်း သူ၏ နာကျင်မှုသည် မပျောက်ကွယ်သွားပေ။ သူက ချောက်ချားသွားပြီး ဒယိမ်းဒယိုင် အနောက်ဆုတ်သွားသည်။ သူ၏ အဝတ်အစားများသည် စောစောကကဲ့သို့ ခမ်းနားတောက်ပြောင်ခြင်း မရှိတော့ပေ။ ယင်းအစား အကြောင်းအရင်းတချို့ကြောင့် ညစ်ပတ်ပေတေသွားသည်။ ဤသည်မှာ သူက မြေပြင်ပေါ်မှ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးနုတ်သွားဟန် ရ၏။

သူ၏ ခန္ဓာကိုယ်သည် အရွယ်အိုမင်းသွားသည့် လက္ခဏာများ ပြလာသည်။ သူ၏ သက်စောင့်မီးသည်လည်း တဖြည်းဖြည်း မှေးမှိန်လာသည်။

“ မင်း… ”

ထျန်းလင်းဇီ၏ နှလုံးသည် အပြင်းအထန် တုန်လှုပ်သွားသည်။ ထိုစဉ် ရွှီချင်းက ဒုတိယမီးအိမ်ကို ငြိမ်းသတ်လိုက်သည်။

မီးအိမ်ငြိမ်းသတ်သွားသည်နှင့်ချက်ချင်း ပိုပြီးဆိုးဝါးသော အော်ဟစ်သံသည် ထျန်းလင်းဇီ၏ ပါးစပ်ထဲမှ မြည်ဟိန်းထွက်လာသည်။ များစွာသော လှီးဖြတ်ရာများသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ပျံ့နှံ့သွားကြသည်။ ဤသည်မှာ သူ၏ ခန္ဓာကိုယ်က အပိုင်းအစများအဖြစ်သို့ လှီးဖြတ်ခံရတော့မည့်အလားပင်။ ပမာဏများပြားသော သွေးသည် ထိုလှီးဖြတ်ရာများမှ စီးကျလာပြီး သူ၏ အကြေးခွံများနှင့် ဝတ်ရုံကို အနီရောင်သို့ ချက်ချင်း ပြောင်းလဲသွားစေသည်။

သူ၏ ဆံပင်သည် ညှိုးခြောက်လာသည်။ သူ၏ အကြေးခွံများသည် တစ်ခုပြီးတစ်ခု ကွာကျလာပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။

သူ၏ ကျင့်ကြံခြင်းအခြေခံသည်တော့ မမြင်နိုင်သော တစ်စုံတစ်ခု၏ ဖယ်ရှားခံလိုက်ရသည့်အလား သူ၏ အရှိန်အဝါသည် ဆက်တိုက် အားနည်းသွားသည်။

သေချာပေါက် သေဆုံးတော့မည်ဟူ‌သော ခံစားမှုသည် ထျန်းလင်းဇီ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ ကံကောင်းစွာဖြင့် အမွှေးတိုင်ခွက်၏ စွမ်းအားသည် သူ့ကို ခုခံကာကွယ်ပေးနေဆဲပင်။ ယခု သူက သေဆုံးတော့မည့် အခြေအနေဖြင့် လက်မလေးတင်သာ ကွာဝေးတော့သည်။

သို့သော်လည်း သူက အလွန်ကြောက်လန့်နေသည်။ သေခြင်းရှင်ခြင်းကပ်ဘေးဖြင့် ရင်ဆိုင်ရသောအခါ သူ၏ စိတ်ထဲမှ အဆုံးမဲ့သော အကြောက်တရားသည် သူ့အား ပင်လယ်ထဲမှ လှေငယ်လေးတစ်စီးပမာ ခံစားရစေသည်။ ဤအခိုက်အတန့်မှာ သူက ရုတ်တရက် ထွက်ပြေးသွားသည်။ သူက ကြောက်စရာကောင်းသော ဤနဝမမြောက်တောင်မှ ထွက်ပြေးချင်သောကြောင့် သူ၏ ကျင့်ကြံခြင်းအခြေခံကို လောင်ကျွမ်းပစ်ရန်ပင် ဝန်မလေးပေ။

ရွှီချင်းသည် တစ်ဖက်လူကို မတားဆီးပေ။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူက မလွတ်မြောက်နိုင်သောကြောင့် ဖြစ်သည်။

သူက ပိုင်ဇီမျိုးနွယ်မှ ကောင်းကင်အရွေးချယ်ခံနှင့် သူ့ခေါင်းပေါ်မှ ကြေမွနေသော အမွှေးတိုင်ခွက်ကို အေးတိအေးစက် စိုက်ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ တတိယမီးအိမ်၊ စတုတ္ထမီးအိမ်နှင့် ပဉ္စမမီးအိမ်သည် တစ်ခုပြီးတစ်ခု ငြိမ်းသတ်သွားကြသည်။

မီးအိမ်တစ်ခု ငြိမ်းသတ်သွားသည့်အခါတိုင်း ထွက်ပြေးနေသော ထျန်းလင်းဇီသည် သွေးပျက်ဖွယ်ကောင်းစွာ အော်ဟစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် ညှိုးခြောက်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ မီးအိမ်ခုနစ်ခုထဲမှ မီးအိမ်ခြောက်ခုသည် ငြိမ်းသတ်သွားကြပြီ ဖြစ်သည်။

ဝိညာဉ်ချည်မျှင်တစ်သန်းသည်လည်း ရွှီချင်း၏ နောက်ကျောမှ ပျံသန်းထွက်လာကြပြီး အမွှေးတိုင်ခွက်ဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။

နောက်ဆုံးမှာတော့ အက်ကွဲသံနှင့်အတူ အက်ကွဲရာတစ်ခုသည် အမွှေးတိုင်ခွက်ပေါ်မှာ ထွက်ပေါ်လာသည်။ တားမြစ်အဆိပ်၏ အားဖြည့်ပေးမှု၊ ရွှီချင်း၏ ငရဲမီးအိမ်(၇)ခုကျိန်စာနှင့် ဝိညာဉ်ချည်မျှင်များ၏ တိုက်ခိုက်မှုများအောက်မှာ ထိုရတနာသည် နောက်ဆုံးမှာတော့ ဆက်ပြီး မတောင့်ခံနိုင်တော့ပေ။ ယင်းက စတင်မှေးမှိန်လာသည်။

ရေတံခွန်ပမာ စီးကျနေသော မီးခိုးစက်ကွင်းများသည် တစ်ခဏမျှ ရပ်တန့်သွားသည်။ ထို့နောက် မီးခိုးစက်ကွင်းတစ်ခုသည် ပျောက်ကွယ်သွားသည်။

တားမြစ်အဆိပ်မြူခိုးသည် ထိုအကြားထဲမှ ထိုးဖောက်ဝင်သွားသည်။

နောက်အခိုက်အတန့်မှာ ထျန်းလင်းဇီ၏ ဆုတ်ခွာနေသော ပုံရိပ်သည် ရုတ်တရက် တုန်ယင်သွားပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည်။

သူက နဝမမြောက်တောင်၏ တောင်ခြေဆီသို့ ရောက်ရှိသွားသည်။

သူက မြေပြင်ပေါ်မှာ လဲလျောင်းနေစဉ် သူ၏ တစ်ကိုယ်လုံးသည် ယိုယွင်းတိုက်စားမှုပါဝင်သော ချွေးဖြင့် ရွှဲစိုနေသည်။ ယခု သူ၏ ခန္ဓာကိုယ်တစ်ဝက်သည် အရည်ပျော်သွားပြီ ဖြစ်သည်။

မီးအိမ်များ ငြိမ်းသတ်သွားခြင်းကြောင့် သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် အစကတည်းက ဆိုးဆိုးဝါးဝါး ဒဏ်ရာရရှိထားကြသည်။ ယခု တားမြစ်အဆိပ်က သူ၏ ခန္ဓာကိုယ်ထဲ၌ ပျံ့နှံ့သွားသည့်အခါ သူ၏ အသွေးအသားသည် ယိုယွင်းပျက်စီးသွားပြီး သူ၏ ဝိညာဉ်သည် အက်ကွဲသွားသည်။ အနက်ရောင်အခိုးအငွေ့သည် သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။

ဖော်မပြနိုင်သော နာကျင်မှုကြောင့် ထျန်းလင်းဇီသည် အော်ဟစ်ရန်ပင် ခွန်အားမရှိတော့ပေ။

သေခြင်းတရား၏ အငွေ့အသက်သည် သူ၏ တစ်ကိုယ်လုံးမှ ပေါ်လျှိုးလာသည်။ ထို့အတူ ပုပ်သိုးဆွေးမြေ့သော အနံ့ဆိုးသည် သူ၏ ခန္ဓာကိုယ်မှ ပျံ့နှံ့ထွက်လာသည်။ တုံ့ဆိုင်းခြင်း၊ တုန်ယင်ခြင်းနှင့် ချောက်ချားခြင်း အစရှိသော စိတ်ခံစားချက်အမျိုးမျိုးသည် သူ၏ စိတ်ထဲမှာ ရောပြွန်ထွက်လာကြသည်။

ဤသည်မှာ သူ၏ မျက်လုံးထဲတွင် ဤလောကကြီးက အသက်ဓာတ်ကို ဆုံးရှုံးသွားသည့်အလားပင်။ သူ၏ သက်စောင့်မီးတစ်ခုတည်းသာလျှင် ကျန်ရှိတော့သည်။

တစ်နေ့ကျလျှင် သူသေဆုံးလိမ့်မည်ဟု တွေးဖူးသည်။ သို့သော်လည်း သူ၏ စိတ်ကူးထဲတွင် သူက ဝိညာဉ်စုစည်းခြင်းအဆင့်သို့ တတ်လှမ်းပြီး ပိုင်ဇီမျိုးနွယ်အတွက် ပြင်ပရန်သူများကို တိုက်ခိုက်ရင်း တိုက်ပွဲမှာ ကျဆုံးသွားလိမ့်မည်ဟု ‌တွေးခဲ့သည်။

သူသေဆုံးသွားသည့်အခါ သမိုင်းတွင်မည့် မှတ်တမ်းတစ်ခုကို ချန်ထားခဲ့ချင်သည်။ သို့မှသာ နောင်မျိုးဆက်များက သူတို့၏ မျိုးနွယ်ထဲတွင် ထျန်းလင်းဇီဟု အမည်ရသော ပညာရှင်ကျင့်ကြံသူတစ်ဦး ပေါ်ထွန်းခဲ့ဖူးကြောင်း သိရှိနိုင်ကြလိမ့်မည်။

ယနေ့ အဖြစ်အပျက်သည် တစ်ခါမှ သူစိတ်ကူးမယဉ်ဖူးသော အရာဖြစ်သည်။ သို့ဖြစ်၍ ဆန္ဒမရှိမှုနှင့် ရူးသွပ်မှုက သူ၏ သက်စောင့်မီးထဲမှာ စတင်ပေါ်လျှိုးလာသည်။ သူက အခြေအနေကို ပြောင်းပြန်လှန်ပစ်ရန် ကြိုးစားလိုက်သည်။

ရွှီချင်းသည် ထျန်းလင်းဇီ၏ ထိုမျှော်လင့်ချက်ကို ဖျက်ဆီးပစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ နောက်ဆုံးမီးအိမ်ကို ငြိမ်းသတ်လိုက်သည်။ ထို့နောက် သူက မျက်လုံးပြန်မှိတ်လိုက်သည်။

မီးအိမ်ထဲမှ ငရဲမီးတောက်က ငြိမ်းသတ်သွားသည့်အခါ သေခြင်းလေပြေက တိုက်ခတ်လာပြီး နောက်ဆုံးကျန်ရှိသော ထျန်းလင်းဇီ၏ သက်စောင့်မီးကို ငြိမ်းသတ်လိုက်သည်။

ဆန္ဒမရှိမှုသည် အသံလှိုင်းများအဖြစ်သာ ကျန်ရှိတော့သည်။

ရူးသွပ်မှုသည် ပြန်လည်ငြိမ်သက်သွားသည်။

မီးအိမ်က ငြိမ်းသတ်သွားသည့်အခါ ပစ်မှတ်ထားခံရသူသည် ဇီဝိန်ချုပ်ခံရမည်။

တောင်ခြေမှ အလောင်းသည် ဝိညာဉ်ချည်မျှင်များ၏ ဝါးမျိုမှုအောက်မှာ ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။ ပြာသည် လေပြေတိုက်ခတ်မှုနှင့်အတူ တခြားတောင်များဆီသို့ ပြန့်ကျဲသွားသည်။

ဘေးပတ်ဝန်းကျင်သည် ထပ်မံ တိတ်ဆိတ်သွားသည်။

ဤတစ်ကြိမ် တိတ်ဆိတ်မှုသည် ယခင်ကနှင့် ခြားနားသည်။ ယခုအချိန်တွင် ဤနေရာသည် သုဿန်မြေပမာ တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဤအခိုက်အတန့်မှာ အသက်ရှူသံသည်ပင် ရပ်တန့်သွားသည်။

မရေမတွက်နိုင်သော အကြည့်များထဲမှာ ထိတ်လန့်ချောက်ချားမှုဖြင့် ပြည့်နှက်နေသည်။ လူတိုင်းသည် ဤအခိုက်အတန့်မှာ ရွေ့လျားနိုင်စွမ်းကို ဆုံးရှုံးသွားကြသည်။ သူတို့၏ အကြည့်သည် ဖြစ်စဉ်အစမှအဆုံးထိ နဝမမြောက်တောင်ထိပ်ပေါ်မှာ တင်ပျဉ်ခွေထိုင်နေသော ရွှီချင်းပေါ်သို့ စုပြုံကျရောက်သွားကြသည်။

“ ထျန်းလင်းဇီက သေသွားပြီလား ”

“ ပိုင်ဇီမျိုးနွယ်ရဲ့ ကောင်းကင်အရွေးချယ်ခံလေ… ”

“ ဒီလူက ဘယ်သူလဲ… ဘယ်တုန်းက လူသားမျိုးနွယ်မှာ ဒီလိုကြောက်စရာကောင်းတဲ့ ကောင်းကင်အရွေးချယ်ခံတစ်ယောက် ထွက်ပေါ်လာတာလဲ ”

အချိန်အတော်ကြာပြီးနောက် ဆူပူအုံကြွမှုသည် အရပ်မျက်နှာအဘက်ဘက်မှ ပေါ်ထွက်လာသည်။

“ အဲ့ဒီနတ်ဘုရားအစွမ်းကို ရှေးဟောင်းစာအုပ်တစ်အုပ်ထဲမှာ ငါမြင်ဖူးတယ်… ”

“ အဲ့ဒါက အုပ်ချုပ်သူတစ်ပါးရဲ့ မန္တန်ပဲ… အုပ်ချုပ်သူရဲ့ သွေးမျိုးဆက်ရှိတဲ့လူတွေပဲ အသုံးပြုနိုင်တယ် ”

“ အဲ့ဒါကို ငရဲမီးအိမ်(၇)ခုကျိန်စာလို့ ခေါ်တယ် ”

“ အဲ့ဒါက လူသားမျိုးနွယ်ရဲ့ အထွတ်အထိပ်အခြေအနေမှာ ပေါ်ထွန်းလာခဲ့တဲ့ အုပ်ချုပ်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ အုပ်ချုပ်သူလီဇီဟွားရဲ့ တာအိုပဲ ”

ဝမ်ကူးကုန်းမြေ၏ မဟာမျိုးနွယ်စုကြီးတစ်ခုအနေဖြင့် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ဗဟုသုတသည် တခြားမျိုးနွယ်စုများထက် သာလွန်သည်။ ရွှီချင်းက ရှေးဟောင်းအတတ်ပညာတစ်ခုကို အသုံးပြုခဲ့သော်လည်း တစ်စုံတစ်ယောက်က ဇစ်မြစ်ကို ရှာတွေ့သွားခဲ့သည်။

လူတိုင်းက ပါးစပ်အဟောင်းသားဖြစ်နေပြီး အံ့ဩထိတ်လန့်နေကြစဉ် နဝမမြောက်တောင်ပေါ်မှ ကျူးချွယ်ဇီသည်လည်း နှလုံးတုန်နေသည်။

ရွှီချင်းကို ကြည့်သော သူ့အကြည့်ထဲမှာ အညံ့ခံလိုသော စိတ်ဆန္ဒ ပါရှိလာသည်။

ထိုလူသားဆီမှာ ဝှက်ဖဲကတ် မည်မျှကျန်နေသေးကြောင်း သူမသိသလို သူက မည်မျှသန်မာကြောင်းကိုလည်း သူမသိပေ။

သို့သော်လည်း ယနေ့ ဖြစ်ပျက်ခဲ့သမျှသည် သူ့အား အတုအယောင်ဟူသော ခံစားမှုကို ပေးသည်။ တစ်ဖက်လူသည် အရာအားလုံးကို ဝါးမျိုပစ်နိုင်သော အာကာသတွင်းနက်နှင့် ဆင်တူသည်။

ခေါင်းဆောင်သည်လည်း အနည်းငယ် အံ့ဩသွားသည်။ သူက ရွှီချင်းကို အကြိမ်ရေအနည်းငယ် စိုက်ကြည့်လိုက်သည်။ ဤသည်မှာ ရွှီချင်းက ငရဲမီးအိမ်(၇)ခုကျိန်စာအား အသုံးပြုခြင်းကို ပထမဆုံးအကြိမ် သူမြင်ဖူးခြင်း ဖြစ်သည်။

‘ ဒီကောင်လေးက ဘယ်လိုဖုံးကွယ်ထားရမလဲ သိနေပြီ… အဲ့လိုမဖြစ်ရဘူး… ငါပိုပြီးအားစိုက်ထုတ်ရမယ် ’

လေထဲမှ ရွှေရောင်နန်းတော်ထဲတွင် မီးလျှံလမျိုးနွယ်မှ ဂုဏ်သရေရှိပုဂ္ဂိုလ်၏ အမူအရာသည်လည်း ပြောင်းလဲသွားသည်။ သူ၏ အကြည့်သည် ရွှီချင်းပေါ်သို့ ကျရောက်သွားပြီး သူက နက်နဲစွာ တွေးတောလိုက်သည်။

“ မကြာသေးခင်တုန်းက လပူဇော်ဒေသကြီးထဲမှာ ကိစ္စကြီးတစ်ခု ဖြစ်ပွားခဲ့တယ်… လူသားတချို့က နတ်ဘုရားတစ်ပါးကို သတ်ဖြတ်နိုင်ခဲ့တယ်… ”

လူတိုင်းက ထိတ်လန့်နေကြစဉ် ကျုံ့ထားသော တားမြစ်တောင်တစ်ရာကျော်သည် လေထဲမှ ဖြည်းညင်းစွာ ပြုတ်ကျလာကြပြီး ရွှီချင်း၏ ဦးခေါင်းပေါ်သို့ ပျံသန်းသွားကြသည်။

ယင်းတို့က သူ၏ မူလရှိပြီးသား တားမြစ်တောင်(၂၇)လုံးဖြင့် ပေါင်းစပ်သွားသည့်အခါ တားမြစ်တောင်၏ စုစုပေါင်း အရေအတွက်သည် (၁၃၉)လုံးထိ တိုးမြှင့်သွားသည်။

ယင်းတို့ကို လျှပ်စီးတန်းများဖြင့် ဆက်သွယ်ထားပြီး တစ်ခုတည်းသော တည်ရှိမှုအသွင်ကို ဖြစ်ပေါ်စေသည်။ တစ်ချိန်တည်းမှာ အဆုံးမဲ့သော ဖိအားသည် ထိုတောင်များမှ ပေါ်ထွက်လာသည်။

ထိုမျှများပြားသော တားမြစ်တောင် အရေအတွက်သည် လူတိုင်းကို ထပ်မံ နှလုံးတုန်သွားစေသည်။ ရွှီချင်းက အလွန်သန်မာကြောင်း သူတို့သိထားသည်။ သို့သော်လည်း တားမြစ်တောင်တစ်ရာကျော်၏ ဆွဲဆောင်မှုနှင့် နောက်ခံမရှိသော ရွှီချင်း၏ သရုပ်ကြောင့် လူအများအပြားက သူ့ကို အာရုံစိုက်လာကြဆဲပင်။

အထူးသဖြင့် ပိုင်ရှင်ရှိပြီးသား တောင်များပေါ်မှ ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့၏ လောဘသည် ပိုပြီးပြင်းထန်လာသည်။ သို့သော်လည်း သူတို့က ကိုယ့်ကိုယ်ကို ကောင်းမွန်စွာ ချုပ်ထိန်းထားကြပြီး စောင့်ဆိုင်းကြသည်။

ဤအခိုက်အတန့်မှာ တားမြစ်ဇုန်၏ စည်းမျဉ်းဖြစ်သော ဆယ်ရက်ဟူသည့် အချိန်သတ်မှတ်ချက်သည် အကန့်အသတ်သို့ ရောက်ရှိသွားပြီး ပျောက်ကွယ်သွားသည်။

ယင်းပျောက်ကွယ်သွားသည့်အခိုက် အချုပ်အနှောင်သည် လှောင်အိမ်သဖွယ် ပွင့်သွားသည်။ ထို့နောက် အပြင်ဘက်မှ အရှိန်အဝါက ပျံ့နှံ့သွားသည်။ မြေပြင်သည် တုန်လှုပ်သွားသည်။ တားမြစ်တောင်(၂၇)လုံးသည် တားမြစ်ဇုန်နှင့် ၎င်းတို့ကြားမှ ဆက်သွယ်မှုကို အလိုအလျောက် ဖြတ်တောက်လိုက်သည်။

ထိုအခိုက်အတန့်မှာ ဂုဏ်ကျက်သရေရှိသော အသံသည် ရွှေရောင်နန်းတော်ထဲမှ ပျံ့လွင့်လာသည်။

“ တောင်ရွှေ့ပြောင်းခြင်း… စတင်မယ် ”

ထိုစကားကို ပြောလိုက်သည်နှင့်ချက်ချင်း သတ်ဖြတ်ခြင်းဦးချိုကို မှုတ်လိုက်သည့်အလား ပြင်းထန်သော ယှဉ်ပြိုင်ပွဲသည် စတင်လာသည်။ မည်သူမှ ရွှီချင်းကို အာရုံမစိုက်ကြတော့ပေ။ သူတို့က လောဘစိတ်ရှိနေသေးသော်လည်း ယခုအချိန်မှာ အရေးကြီးဆုံးအရာသည် သူတို့ရှိနေသော တောင်ကို အဝေးသို့ ယူဆောင်သွားရန် ဖြစ်သည်။

သို့သော်လည်း ဤနေရာမှ ကျင့်ကြံသူအားလုံးက သူတို့၏ ကျင့်ကြံခြင်းအခြေခံကို ထုတ်လွှတ်လိုက်ပြီး တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်တိုက်ခိုက်တော့မည့်အချိန် ရွှီချင်းသည် ဖြည်းညင်းစွာ မျက်လုံးပြန်ဖွင့်လိုက်သည်။

အချိန်ကျပြီ ဖြစ်သည်။

သူက ညာလက်ကို မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ နောက်အခိုက်အတန့်မှာ ကောင်းကင်သည် မည်းမှောင်သွားပြီး တိမ်တိုက်များက ပေါ်လျှိုးလာသည်။ တားမြစ်ဇုန်တစ်ခုလုံးကို တုန်ယင်သွားစေမည့် တည်ရှိမှုသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာပြီး မြေပြင်ကို ဖိနှိပ်လိုက်သည်။

တားမြစ်ဇုန်ထဲမှ လူတိုင်း၏ အမူအရာသည် ထပ်မံပြောင်းလဲသွားသည်။

ကောင်းကင်ပေါ်တွင် မည်းနက်ပြီး အလွန်ကျယ်ပြောသော အကျဉ်းထောင်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ ၎င်းက ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး တားမြစ်ဇုန်ကို လွှမ်းခြုံသွားသည်။

မရေမတွက်နိုင်သော လျှပ်စီးသွားများသည် ဘေးပတ်ဝန်းကျင်မှာ ကူးခတ်နေကြသည်။ အော်ဟစ်ညည်းတွားသံများသည် ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကြသည်။

ကြီးကျယ်ခမ်းနားခြင်း၊ ချောက်ချားခြင်း၊ သွေးဆာခြင်းနှင့် ဖိနှိပ်ခြင်း အစရှိသော စိတ်ခံစားမှုများသည် ထိုအကျဉ်းထောင်ထဲမှ ထွက်ပေါ်လာပြီး လူတိုင်း၏ အသိစိတ်ထဲသို့ ဝင်ရောက်သွားသည်။

မြေပြင်သည် အပြင်းထန် တုန်ယင်သွားပြီး အကျဉ်းထောင်သည် တောင်များပေါ်သို့ ထိုးဖောက်သွားကာ မြေပြင်ပေါ်သို့ ကျဆင်းလာသည်။

တားမြစ်တောင်(၂၇)လုံးနှင့် ဘေးပတ်ဝန်းကျင်သည် အကျဉ်းထောင်ဖြင့် အကျဉ်းချခံလိုက်ရသည်။

ဤအခိုက်အတန့်မှာ ရက်စက်ကြမ်းကြုတ်သော ရယ်မောသံသည် အကျဉ်းထောင်ထဲမှ မြည်ဟိန်းထွက်လာသည်။ ကျောက်တုံးခြင်္သေ့တစ်ကောင်သည် အချုပ်ခန်းတစ်ခုထဲမှာ ရွေ့လျားကခုန်နေပြီး ဧရာမပုံရိပ်များကို ထုတ်ဖော်လိုက်သည်။

ခေါင်းကြီးသည် အချုပ်ခန်းတစ်ခုထဲမှာ လူးလှိမ့်နေပြီး ချောက်ချားဖွယ်ကောင်းသော ရယ်သံနှင့် ငိုသံကို တစ်လှည့်စီ ထုတ်ဖော်လိုက်သည်။

ကြိတ်ဆုံတုံးသည် လှည့်ပတ်နေပြီး အဆုံးမရှိသော သွေးကို ဖျစ်ညှစ်ထုတ်နေသည်။

ကောက်ရိုးအရုပ်သည် ကောက်ရိုးကို ရက်လုပ်လိုက်ပြီး မရေမတွက်နိုင်သော ပုံရိပ်ငယ်များကို ဖန်တီးလိုက်သည်။ ပုံရိပ်အားလုံးသည် ငိုကြွေးနေကြသည်။

ပန်းချီကားအဖိုးအိုသည် ရူးသွပ်သွားဟန်ရပြီး သူ၏ စုတ်တံနှင့် မှင်ရည်ကို ဝှေ့ယမ်းနေသည်။ သူက တားမြစ်တောင်များပေါ်မှ ကျင့်ကြံသူတိုင်း၏ သေဆုံးပုံကို ပန်းချီရေးဆွဲနေသည်။

ထို့ပြင် အချုပ်ခန်းများစွာကို ဖောက်ထွင်းနေသော ဧရာမလက်ချောင်းတစ်ချောင်းလည်း ရှိသည်။

နတ်ဘုရားတစ်ပါး၏ တည်ရှိမှုသည် ထိုလက်ချောင်းထံမှ ထွက်ပေါ်နေသည်။

ယင်းက ပြီးပြည့်စုံသော (ဃ၁၃၂)ဖြစ်သည်။

ထိုအခိုက်အတန့်မှာ ရွှီချင်း၏ အသံသည် ပဲ့တင်ထပ်သွားသည်။

“ အသက်သုံးခါရှူချိန်ကြာပြီးရင် ဒီနေရာက သက်ရှိအားလုံး အသတ်ခံရမယ် ”

သူက စကားပြောလိုက်စဉ် (ဃ၁၃၂)၏ အကျဉ်းထောင် ဂိတ်တံခါးသည် ဖြည်းညင်းစွာ ပွင့်သွားသည်။

ဤသည်မှာ သေခြင်းရှင်ခြင်းဂိတ်တံခါးဖြစ်သည်။

All Chapters