ကံကြမ္မာဆိုးနှင့် မေ့လျော့ခြင်း
Vol. 80 Ch. 1238
သေခြင်းရှင်ခြင်းဂိတ်တံခါးတွင် အဓိပ္ပာယ်နှစ်မျိုးရှိသည်။
အသက်သုံးခါရှူချိန်အတွင်း ထွက်သွားရန် ဆန္ဒရှိသူများသည် အသက်ရှင်သန်လိမ့်မည်။
ကျန်နေခဲ့သူများသည် သေဆုံးရလိမ့်မည်။
ဤသည်မှာ ပထမအဓိပ္ပာယ်ဖြစ်သည်။
ဒုတိယအဓိပ္ပာယ်သည် (ဃ၁၃၂)က ပြီးပြည့်စုံသွားပြီးနောက် ရရှိလာသော အထူးစွမ်းရည်ဖြစ်သည်။
ဤသည်မှာ ကံကြမ္မာဆိုးနတ်ဘုရားအခွင့်အာဏာဖြစ်ပြီး မေ့လျော့ခြင်းနယ်ပယ် ဖြစ်သည်။
ဂိတ်တံခါးပိတ်သွားပြီးနောက် ထိုနတ်ဘုရားအခွင့်အာဏာသည် ဤနေရာမှ လူများကို အဆုံးမဲ့သော ကံဆိုးမိုးမှောင်ဖြင့် တွေ့ကြုံစေလိမ့်မည်။ နောက်ဆုံးမှာတော့ သူတို့သည် ဆိုးဝါးစွာ သေဆုံးသွားကြရလိမ့်မည်။
မေ့လျော့ခြင်းနယ်ပယ်သည် သူတို့က သေဆုံးသွားပြီဖြစ်ကြောင်း မေ့လျော့သွားစေလိမ့်မည်။ သူတို့က ထူးဆန်းသော သက်ရှိများဖြစ်လာသည်အထိ ကံကြမ္မာဆိုးဖြင့် ပြည့်နှက်သွားလိမ့်မည်။
ခေါင်းကြီး၊ ကျောက်တုံးခြင်္သေ့နှင့် တခြားလူများသည် ထူးဆန်းသော သက်ရှိများဖြစ်ကြသည်။
အတိအကျဆိုရလျှင် သူတို့က နတ်ဘုရားနှင့် အင်မော်တယ်နယ်ပယ်၏ ပေါင်းစပ်မှုမှ ဖြစ်ပေါ်လာသော ဆန်းကြယ်သက်ရှိများ ဖြစ်ကြသည်။
မည်သို့ဖြစ်ပါစေ နတ်ဘုရားအခွင့်အာဏာသည် နတ်ဘုရားများထံမှ ဆင်းသက်လာခြင်းဖြစ်ပြီး နယ်ပယ်သည် နတ်ဘုရားများကို ချုပ်နှောင်ရန် ကျင့်ကြံသူများက ရှာဖွေဖော်ထုတ်ခဲ့သော စွမ်းအင်တစ်မျိုး ဖြစ်သည်။
ယင်းက ပြီးပြည့်စုံသွားသော (ဃ၁၃၂)၏ အစစ်အမှန် စွမ်းရည်ဖြစ်လာသည်။ ထို့ပြင် (ဃ၁၃၂)၏ ချိပ်ပိတ်မှုသည်လည်း အဆင့်တစ်ခုထိ မြင့်တတ်သွားသည်။
တစ်စုံတစ်ယောက်မှာ ကံကြမ္မာဆိုးနှင့် မေ့လျော့ခြင်းကို တစ်ပြိုင်နက်တည်း ခုခံတားဆီးရန် စွမ်းရည်မရှိလျှင် သို့မဟုတ် ယင်းကို ပိုပြီးမြင့်မားသော ကျင့်ကြံခြင်းအဆင့်ဖြင့် ရိုက်ချိုးမဖျက်ဆီးနိုင်လျှင် သူတို့သည် ဤနေရာမှ ထွက်သွားနိုင်ကြလိမ့်မည် မဟုတ်ချေ။
ဤသည်မှာ ရွှီချင်း၏ အစီအစဉ်ဖြစ်သည်။ သူက အကျိုးအကြောင်းဆီလျော်သူ ဖြစ်သည်။ ထို့ကြောင့် သူက ဂိတ်တံခါးကို ဖွင့်လှစ်လိုက်ပြီး ဤနေရာမှ ကျင့်ကြံသူများကို ထွက်ခွာနိုင်ရန် အချိန်ပေးလိုက်သည်။
ထိုမြင်ကွင်းသည် (ဃ၁၃၂)၏ အပြင်ဘက်ရှိ လေထဲမှာ ထွက်ပေါ်လာသည်။ မီးလျှံလမျိုးနွယ်မှ ဂုဏ်သရေရှိပုဂ္ဂိုလ်သည်ပင် မျက်လုံးမှေးကျဉ်းလိုက်သည်။
ထိုအကျဉ်းထောင်က မည်မျှထူးခြားကြောင်း သူပြောနိုင်သည်။ ထို့ပြင် အကျဉ်းထောင်ထဲမှ တည်ရှိမှုများ၏ ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကိုလည်း သူအာရုံခံနိုင်သည်။
ယခု သူက ရွေးချယ်စရာတစ်ခုဖြင့် ရင်ဆိုင်နေရသည်။
သူဝင်စွက်ဖက်သင့်လား။
“ ဘာလို့ ငါက ဝင်စွက်ဖက်ရမှာလဲ… မဟာအမဲလိုက်ပွဲတော်ရဲ့ ရည်ရွယ်ချက်က မျိုးနွယ်စုထဲကနဲ့ ဝမ်ကူးလောကထဲက ပါရမီရှင်တွေကို ရွေးချယ်ဖို့ပဲ… နောက်ဆုံးအချိန်ထိ အသက်ရှင်မှပဲ ပါရမီရှင်လို့ ခေါ်ထိုက်တယ်… သေသွားတဲ့ ပါရမီရှင်တွေက အရိုးစုနဲ့ ဘာမှမခြားဘူး… သေခြင်းရှင်ခြင်းဆိုတာ ကံကြမ္မာနဲ့ သက်ဆိုင်တယ်… အခုလို အစွမ်းထက်တဲ့ လူသားတစ်ဦးထွက်ပေါ်လာတာက မျိုးနွယ်စုထဲက လူငယ်ပါရမီရှင်တွေကို ပိုပြီးစိတ်ဓာတ်မြှင့်တင်ပေးလိမ့်မယ် ”
“ ဒါပေမဲ့ ဒီလူသားကောင်လေးကို ဘယ်သူက သင်ကြားပေးခဲ့လဲဆိုတာ ငါသိချင်သား… သူ့ရဲ့ လုပ်ရပ်တိုင်းက အရမ်းပဲ စည်းစနစ်ကျတယ်… သူက ဂိတ်တံခါးကို အရင်ဖွင့်လှစ်ပြီး တခြားလူတွေကို ထွက်သွားဖို့ ရွေးချယ်ခိုင်းတယ် ”
မီးလျှံလမျိုးနွယ်မှ ဂုဏ်သရေရှိပုဂ္ဂိုလ်သည် ပြုံးလိုက်သည်။ ရွှီချင်းကိုကြည့်သော သူ၏ အကြည့်ထဲမှာ ချီးကျူးသော အရိပ်အယောင်ပင် ထွက်ပေါ်လာသည်။ သူ၏ တားမြစ်ဇုန်ထဲမှာ မကြာခင် သွေးလွှမ်းသွားတော့မည်ဖြစ်ကြောင်း သူကြိုမြင်နိုင်သည်။
“ မဆိုးဘူး… စိတ်ဝင်စားစရာပဲ ”
မီးလျှံလမျိုးနွယ်မှ ဂုဏ်သရေရှိပုဂ္ဂိုလ်သည် ဝင်မစွက်ဖက်ရန် ရွေးချယ်ခဲ့သည်။ သို့ဖြစ်၍ (ဃ၁၃၂)ထဲမှာ ပိတ်လှောင်ခံထားရသော မီးလျှံလမျိုးနွယ်နှင့် ၎င်း၏ လက်အောက်ခံမျိုးနွယ်စုများမှ ကျင့်ကြံသူများသည် ရွေးချယ်စရာတစ်ခုဖြင့် တွေ့ကြုံလာရသည်။
ထွက်သွားမည်လော သို့မဟုတ် ဆက်နေမည်လော။
အကယ်၍ ရွှီချင်းသာ နဝမမြောက်တောင်ကို ချိပ်ပိတ်ပြီး တောင်ပေါ်မှ ကျင့်ကြံသူအားလုံးကို အဆိပ်ဖြင့် အစုလိုက်အပြုံလိုက် မသတ်ဖြတ်ခဲ့ဘူးဆိုလျှင် လူတိုင်းသည် သူ၏ စကားကို လျစ်လျူရှုပြီး ဆက်လက်နေရန် ရွေးချယ်ကြလိမ့်မည်။
သို့သော်လည်း သူတို့သည် ရွှီချင်း၏ ရက်စက်ကြမ်းကြုတ်မှုနှင့် ထျန်းလင်းဇီအား ရှေးဟောင်းအတတ်ပညာတစ်ခုဖြင့် သတ်ဖြတ်ခဲ့ခြင်းကို မျက်မြင်တွေ့ခဲ့ပြီးနောက် ရွှီချင်း၏ စကားကို ပေါ့သေးသေး မမြင်ကြတော့ချေ။ သူ၏ စကားထဲမှာ ကြီးမားသော အာဏာစက်ပါရှိသည်။
ထို့ပြင် ခေါင်းကြီးကဲ့သို့ ထူးဆန်းသော သက်ရှိများ၏ လုပ်ရပ်များနှင့် နတ်ဘုရားလက်ချောင်းကို မျက်မြင်တွေ့လိုက်ရသောအခါ သူတို့သည် စိတ်မသက်မသာ ခံစားမိလာကြသည်။
နောက်ဆုံးမှာတော့ ကျင့်ကြံသူ(၃၀)ရာခိုင်နှုန်းသည် အံတင်းတင်းကြိတ်လိုက်ကြပြီး ဤနေရာမှ ယှဉ်ပြိုင်မှုကို လက်လျော့လိုက်ကာ (ဃ၁၃၂)၏ ဂိတ်တံခါးဆီသို့ ပျံသန်းသွားကြသည်။
မည်သို့ဖြစ်ပါစေ လူတိုင်းသည် ဤအခိုက်အတန့်မှာ စွန့်စားရန် ဆန္ဒမရှိကြပေ။
သူတို့၏ ထွက်ခွာမှုသည် မရပ်တန့်ခံရပေ။ ချက်ချင်းဆိုသလို သူတို့သည် အကျဉ်းထောင်ထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။
ကျန်ရှိသော(၇၀)ရာခိုင်နှုန်းသည် အေးစက်မှုနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်လိုက်ကြသည်။ သူတို့၏ ကိုယ်ပိုင်ယုံကြည်မှုနှင့် ဤနေရာမှ လူအရေအတွက်များပြားမှုပေါ် အခြေခံ၍ အခွင့်အရေးတစ်ခုကို သူတို့ရရှိနိုင်လိမ့်မည်ဟု ခံစားမိကြသည်။
မီးလျှံလမျိုးနွယ်မှ ကျင့်ကြံသူများသည်တော့ သူတို့သည် ငယ်စဉ်ကတည်းက သတ်ဖြတ်ခြင်းနှင့် ယှဉ်ပြိုင်ခြင်းကိုသာ တွေ့ကြုံခဲ့ရသူများ ဖြစ်ကြသည်။ သို့ဖြစ်၍ သူတို့သည် လုံလောက်သော အကျိုးအမြတ်သာရရှိမည်ဆိုလျှင် သူတို့၏ အသက်ကို စတေးရန် ဝန်မလေးကြချေ။
ရှင်းလင်းစွာပင် ရွှီချင်း၏ ဦးခေါင်းပေါ်မှ တားမြစ်တောင်များ၏ အရေအတွက်သည် ဤတားမြစ်ဇုန်ထဲမှ တားမြစ်တောင်များ၏ အရေအတွက်ထက် အများကြီး သာလွန်နေသည်။ ထို့ကြောင့် အကျိုးအမြတ်အရ ၎င်းက လုံလောက်ပေသည်။
ထို့ပြင် တုံ့ဆိုင်းနေသူတချို့လည်း ရှိသည်။ တချို့လူများက ဘေးကင်းလုံခြုံစွာ ထွက်သွားနိုင်ကြောင်း မြင်လိုက်ရသောအခါ သူတို့သည် ထွက်ခွာရန် ဆုံးဖြတ်လိုက်ကြသည်။ သို့သော်လည်း အလွန်နောက်ကျသွားချေ၏။
အသက်သုံးခါရှူချိန်သည် ကုန်ဆုံးသွားသည်။
(ဃ၁၃၂)၏ ဂိတ်တံခါးသည် ချက်ချင်း ပိတ်သွားသည်။ ကျယ်လောင်သော ပေါက်ကွဲသံသည် ပဲ့တင်ထပ်သွားသည်။ ကျောက်တုံးခြင်္သေ့၊ ခေါင်းကြီးနှင့် တခြားလူများသည် အော်ဟစ်ချီးမြှောက်လိုက်ကြပြီး အကျဉ်းသားအသစ်များကို ကြိုဆိုလိုက်ကြသည်။
ထူးဆန်းသော အရှိန်အဝါသည် (ဃ၁၃၂)ထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။
နတ်ဘုရားလက်ချောင်းသည် လူးလှိမ့်လိုက်ပြီး အကျဉ်းထောင်နှင့် ဝင်ဆောင့်သွားသည်။ ယင်းက အကျဉ်းထောင်တစ်ခုလုံးကို တုန်ယင်သွားစေသည်။ ဤအခိုက်အတန့်မှာ ၎င်းက အဆုံးမဲ့သော သွေးစွမ်းအားကို ထုတ်လွှတ်လိုက်ပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားစေသည်။
(ဃ၁၃၂)၏ အသွင်သဏ္ဍာန်သည် ပြောင်းလဲသွားသည်။ ယင်းက သွေးနီရောင်ငရဲပြည်သို့ ပြောင်းလဲသွားသည်။
ကံကြမ္မာဆိုးအငွေ့အသက်သည် အကျဉ်းထောင်၏ နေရာတိုင်းမှ ပေါ်လျှိုးလာပြီး မြေပြင်နှင့် တားမြစ်တောင်(၂၇)လုံးဆီသို့ ကျူးကျော်ဝင်ရောက်လာသည်။ ဤနေရာမှ ဒြပ်နှောများသည် နတ်ဘုရားလက်ချောင်း၏ ဝါးမျိုခံလိုက်ရပြီး (ဃ၁၃၂)၏ တစ်စိတ်တစ်ပိုင်းဖြစ်လာသည်။
၎င်းသည် နတ်ဘုရားကိုယ်ပွားတစ်ခု၏ လက်ချောင်းတစ်ချောင်းသာ ဖြစ်သောကြောင့် ၎င်း၏ တိုက်ပွဲစွမ်းအားသည် နတ်ဘုရားများကို မယှဉ်နိုင်ပေ။ သို့သော်လည်း မည်သို့ဖြစ်ပါစေ ၎င်းက နတ်ဘုရားတစ်ပါးဖြစ်နေဆဲပင်။ နတ်ဘုရားများနှင့်ပတ်သက်သော လုပ်ဆောင်မှုတချို့တွင် ၎င်းက ရွှီချင်းထက် အများကြီး သာလွန်သည်။
စက္ကန့်ပိုင်းအတွင်းမှာ (ဃ၁၃၂)ထဲမှ အရာအားလုံးသည် ၎င်းနှင့် တစ်သားတည်း ဖြစ်လာသည်။
ကံကြမ္မာဆိုးစိတ်ဆန္ဒသည် ပေါက်ကွဲထွက်လာသည်။
ဤနေရာမှာ ကျန်နေခဲ့ကြသော ကျင့်ကြံသူများအတွက် မယုံကြည်နိုင်စရာကောင်းသော အဖြစ်အပျက်များက ရုတ်ချည်း ဖြစ်ပေါ်လာကြသည်။
ဥပမာ လူတချို့သည် ဒဏ်ရာဟောင်းပြန်ထလာခြင်း၊ ကျင့်ကြံခြင်းသွေဖယ်သွားခြင်း၊ မမျှော်လင့်ဘဲ ဒဏ်ရာရရှိသွားခြင်း အစရှိသဖြင့် ထူးဆန်းသော အဖြစ်အပျက်များက ဖြစ်ပေါ်လာကြသည်။ တကယ့်လက်တွေ့တွင် ထိုသို့ဖြစ်နိုင်ခြေသည် အလွန်အမင်း သေးငယ်သော်လည်း ယခုအချိန်မှာ ထိုအဖြစ်အပျက်များက အမှန်တကယ် ဖြစ်ပေါ်လာကြသည်။
ဒဏ်ရာများကြောင့် ထိုကျင့်ကြံသူများသည် ချက်ချင်း သွေးအန်လိုက်ကြသည်။
တချို့လူများသည် ဓမ္မရတနာများကို ထုတ်လိုက်ကြသည်။ သို့သော်လည်း မယုံကြည်နိုင်စရာကောင်းသည်မှာ ထိုဓမ္မရတနာများသည် ချက်ချင်း ပေါက်ကွဲသွားကြသည်။ အမှန်မှာ ဓမ္မရတနာပေါက်ကွဲခြင်းသည် အပုံတစ်သောင်းပုံ တစ်ပုံပင်လျှင် ဖြစ်နိုင်ခြေမရှိသော ကိစ္စဖြစ်သည်။
တချို့သည် အဆိပ်ဖြေဆေးများကို သောက်သုံးလိုက်ကြသည်။ သို့သော်လည်း ထူးဆန်းသည့်အချက်မှာ သူတို့က ဆေးမှားသောက်မိသွားကြသည်။ သူတို့မှားသောက်မိသော ဆေးလုံးသည် အဆိပ်မဖြေပေးနိုင်ရုံသာမက ခန္ဓာကိုယ်ထဲမှ အဆိပ်ကိုပင် ပိုပြီးအားကောင်းလာစေသည်။
လူတချို့သည် ထွက်ပြေးရန် လေထဲမှာ ပျံသန်းနေကြသည်။ သို့သော်လည်း သူတို့သည် ဓမ္မရတနာများ၏ ပေါက်ကွဲမှုအားလှိုင်းများကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားကြသည်။ သူတို့က အားလှိုင်းဂယက်များကို ရှောင်တိမ်းရန် ကြိုးစားခဲ့သော်လည်း ဓမ္မရတနာများ၏ ဆက်တိုက် ပေါက်ကွဲမှုကြောင့် သက်ရောက်မှုအကျယ်အဝန်းသည် အလွန်ကြီးမားသည်။
တချို့သည် သူတို့၏ နတ်ဘုရားအတတ်ပညာကို အသက်သွင်းလိုက်သည်။ သို့သော်လည်း အတတ်ပညာသည် သွေဖယ်သွားခဲ့သည်။ ထိုသို့သွေးဖယ်သွားမှုကြောင့် သူတို့သည် တန်ပြန်ဆိုးကျိုးကို ခံစားရလိုက်ကြသည်။
တချို့သည် တားမြစ်အတတ်ပညာများနှင့် ပိုပြီးအဆင့်မြင့်သော ဓမ္မလက်နက်များကို ထုတ်သုံးရန် ကြိးစားလိုက်ကြသည်။ သို့သော်လည်း မည်သည့်တစ်ခုမှ အဆင်မပြေပေ။ မတော်တဆမှုများသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာကြသည်။ သို့ဖြစ်၍ တားမြစ်အတတ်ပညာများနှင့် ဓမ္မလက်နက်များသည် မတည်မငြိမ်ဖြစ်လာကြသည်။
မီးလျှံလမျိုးနွယ်မှ ကျင့်ကြံသူအားလုံးသည် (ဃ၁၃၂)ထဲမှာ ပရမ်းပတာ ဖြစ်နေကြသည်။ ကံကြမ္မာဆိုးသည် လူတိုင်းအပေါ်သို့ ကျရောက်လာသည်။
သူတို့သည် တစ်စုံတစ်ခု လွဲမှားနေကြောင်း ချက်ချင်း နားလည်သွားကြသည်။ အတွေ့အကြုံများပြားသော လူတချို့သည် ယင်းကို ချက်ချင်း နားလည်သွားပြီး အလန့်တကြား ရေရွတ်လိုက်ကြသည်။
“ ကံကြမ္မာဆိုး… ဒီဟာက နတ်ဘုရားအခွင့်အာဏာပဲ ”
ထိုစကား ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဤနေရာမှ ကျင့်ကြံသူများသည် သိသာစွာ အမူအရာ ပျက်ယွင်းသွားကြသည်။ ရွှီချင်းတစ်ယောက်တည်းသာ နဝမမြောက်တောင်ပေါ်တွင် တည်ငြိမ်စွာ ထိုင်နေသည်။ သူ၏ ဘေးမှ ခေါင်းဆောင်သည် ပြုံးလိုက်သည်။
ကျူးချွယ်ဇီသည်တော့ ထပ်မံ ဆွံ့အသွားသည်။
တစ်ချိန်တည်းမှာ ကျင့်ကြံသူများသည် ဤအခြေအနေအတွက် ဖြေရှင်းနည်းတစ်ခုကို အမြန်ရှာတွေ့သွားကြသည်။
“ ဒီထူးဆန်းတဲ့ လူသားကို သတ်ဖြတ်ပြီးရင် ဒီကံကြမ္မာဆိုးကို ချေဖျက်နိုင်လိမ့်မယ် ”
သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ကိန်းဝပ်နေသော မရေမတွက်နိုင်သည့် အကြည့်များသည် အရပ်မျက်နှာအဘက်ဘက်မှ စုဝေးရောက်ရှိလာသည်။ ထို့နောက် ပုံရိပ်များသည် အမြန်ပျံသန်းသွားကြပြီး ရွှီချင်းဆီသို့ တစ်ဟုန်ထိုး ဦးတည်သွားကြသည်။
သူတို့က ရွေ့လျားသွားနေစဉ်မှာပင် မတော်တဆမှုအမျိုးမျိုးက ဖြစ်ပေါ်လာကြစမြဲပင်။ အမှန်မှာ သူတို့ထဲမှ လူတချို့သည် မန္တန်များဖြင့် ကိုယ့်ဘာသာ သက်ရောက်ခံလိုက်ရပြီး သေကြေပျက်စီးသွားကြသည်။
သို့သော်လည်း လူအုပ်ကြီးက ရွှီချင်းဆီသို့ မြန်ဆန်စွာ ချဉ်းကပ်သွားနေစဉ် သူတို့၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ပိုပြီးအားကောင်းလာသည်။
သို့သော်လည်း ယင်းက (ဃ၁၃၂)၏ ကံကြမ္မာဆိုးစွမ်းအားမျှသာ ရှိသေးကြောင်း သူတို့မသိကြချေ။ မေ့လျော့ခြင်းနယ်ပယ်သည် မည်သူမှ မသိလိုက်ခင်မှာ ဤနေရာတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
သူတို့က ရွှီချင်းအနားသို့ ပိုပြီးချဉ်းကပ်လာလေ မေ့လျော့ခြင်းနယ်ပယ်၏ သက်ရောက်မှုက ပိုပြီးပြင်းထန်လာလေ ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာ ၎င်း၏ သက်ရောက်မှုက ထင်ရှားစွာ ထွက်ပေါ်လာသည်။ မတော်တဆမှုမျိုးစုံကို တွေ့ကြုံပြီးနောက် ရွှီချင်းနှင့် ပေနှစ်ထောင်အကွာသို့ ရောက်ရှိလာကြသော ကျင့်ကြံသူများသည် တိုက်ခိုက်ရန် ဟန်ပြင်လိုက်ကြသည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ သူတို့၏ အမူအရာသည် စိတ်ရှုပ်ထွေးသွားပုံပေါ်သည်။ သူတို့က လေထဲမှာ ချက်ချင်း ရပ်တန့်သွားကြသည်။
သူတို့က သူတို့၏ ရည်ရွယ်ချက်ကို မေ့သွားကြသည်။
ထို့နောက် ပိုမိုများပြားသော ကျင့်ကြံသူများသည် ရွှီချင်းဆီသို့ သူတို့ပြေးသွားနေကြသည့် အဓိကရည်ရွယ်ချက်ကို မေ့သွားကြသည်။ လူတချို့ဆိုလျှင် ဤနေရာသို့ ရောက်နေသည့် သူတို့၏ အကြောင်းအရင်းကို မေ့သွားကြသည်။
သူတို့က မဟာအမဲလိုက်ပွဲတော်အကြောင်းကိုလည်း မေ့သွားကြသည်။
စိတ်ရှုပ်ထွေးမှုသည် ဤနေရာ၏ အဓိကတေးသွားဖြစ်လာသည်။ သူတို့က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မေ့သွားသော အကြောင်းအရာများကို ပြန်ဖော်ရန် ကြိုးစားလိုက်ကြသည်။ သို့သော်လည်း မေ့လျော့ခြင်းစွမ်းအားက ပိုပြီးအားကောင်းလာသည့်အခါ သူတို့သည် ပိုပြီးမေ့လျော့သွားကြသည်။
ကံကြမ္မာဆိုးသည် ချောက်ချားဖွယ်ကောင်းစွာ ရယ်မောနေပြီ သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ ထပ်မံ ထွက်ပေါ်လာသည်။
သေခြင်းသည် ဆက်လက် ဖြစ်ပေါ်နေသည်။ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားကြသော ကျင့်ကြံသူများ၏ အလောင်းများသည် မြေပြင်ပေါ်သို့ ပြန်ပြုတ်ကျလာကြသည်။
သို့သော်လည်း နောက်ဆုံးမှာတော့ ပါရမီရှင်တချို့နှင့် အထူးမျိုးဆက်သွေးကို ပိုင်ဆိုင်ထားကြသော ကျင့်ကြံသူအနည်းစုသာလျှင် ကံကြမ္မာဆိုးနတ်ဘုရားအခွင့်အာဏာနှင့် မေ့လျောခြင်းနယ်ပယ်၏ သက်ရောက်မှုအောက်မှာ သူတို့၏ ခန္ဓာကိုယ်နှင့် အသိစိတ်ကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ခဲ့ကြသည်။
“ အဲ့ဒါက ကံကြမ္မာဆိုးနဲ့ မေ့လျာ့ခြင်းပဲ… လူတိုင်း… အမြန်လူစုခွဲကြ… တစ်ယောက်နဲ့တစ်ယောက် ပူးပူးကပ်ကပ် မနေကြနဲ့… မလိုအပ်ဘဲ ဘာမန္တန်မှ အသုံးမပြုကြနဲ့… မင်းတို့စိတ်ထဲမှာ ဒီလူသားကို မဖြစ်မနေသတ်ရမယ်လို့ အမြဲတွေးနေကြပါ… ကျယ်ကျယ်လောင်လောင် အော်ကြပါ… မင်းတို့ရဲ့ အသံက တခြားလူတွေကို သတိမေ့မသွားအောင် ကူညီပေးနိုင်တယ် ”
“ ဒီလူသားကို သတ်ပစ် ”
“ ဒီလူသားကို သတ်ပစ် ”
“ ဒီလူသားကို သတ်ပစ် ”
ကောင်းကင်ပေါ်တွင် မီးလျှံလမျိုးနွယ်မှ ကျင့်ကြံသူအားလုံးသည် ကျယ်လောင်စွာ အော်ပြောသည်။ ဤကဲ့သို့ သေခြင်းရှင်ခြင်းကပ်ဘေးဖြင့် တွေ့ကြုံရသောအခါ လူတိုင်းသည် တူညီသော စာကြောင်းကို ကျယ်လောင်စွာ အော်ပြောလိုက်ကြသည်။
သူတို့၏ အော်သံကို ကြားသောအခါ သတိမေ့နေသော လူတချို့သည်ပင် သတိပြန်ဝင်လာကြသည်။
ထိုသို့အသိစိတ်ဝင်နေချိန်မှာ မီးလျှံလကျင့်ကြံသူအားလုံးသည် ရွှီချင်းဆီသို့ တစ်ဟုန်ထိုး ပြေးသွားကြသည်။
တစ်ချိန်တည်းမှာ နတ်ဘုရားလက်ချောင်း၏ လှုပ်ရှားမှုသည် ဝုန်းခနဲ မြည်သံကို ထွက်ပေါ်စေသည်။
ကျောက်တုံးခြင်္သေ့သည် ပိုပြီးအရိုင်းဆန်စွာ ကခုန်နေသည်။
ခေါင်းကြီး၏ ချောက်ချားဖွယ်ကောင်းသော ရယ်မောသံသည် ပိုပြီးစူးရှလာသည်။
ကြိတ်ဆုံတုံး၏ လှည့်ပတ်မှုသည် ဝဲကတော့တစ်ခုကို ဖြစ်ပေါ်စေသည်။
ကောက်ရိုးအရုပ်က ဖန်တီးထားသော အရုပ်သေးသေးလေးများသည် ပုံပျက်တွန့်လိမ်လာသည်။
ပန်းချီကားအဖိုးအိုသည်တော့ သူ၏ အမူအရာသည် ရူးသွပ်နေသည်။ သူက ဤနေရာမှ လူတိုင်း၏ ပုံတူပန်းချီကို ရေးဆွဲပြီးပြီ ဖြစ်သည်။ နောက်ဆုံးမှာတော့ သူက အနောက်လှည့်လိုက်ပြီး ရွှီချင်းထံသို့ မျက်နှာမူကာ ဒူးထောက်လိုက်သည်။ သူက ကျယ်လောင်စွာ အော်ပြောသည်။
“ ကြီးမြတ်တဲ့ အစောင့်အကြပ်ခင်ဗျာ… ရာဇဝတ်သားတွေက ရုန်းရင်းဆန်ခတ်ဖြစ်နေပါတယ်… ကျေးဇူးပြုပြီး သူတို့ကို ဖိနှိပ်ပေးပါ ”
ကျောက်တုံးခြင်္သေ့၊ ခေါင်းကြီး၊ ကောက်ရိုးအရုပ်နှင့် ကြိတ်ဆုံတုံးသည်လည်း ၎င်းတို့၏ အလုပ်များကို ချက်ချင်း ရပ်တန့်လိုက်ကြသည်။ ၎င်းတို့က ဒူးထောက်လိုက်ကြပြီး ပန်းချီကားအဖိုးအို၏ စကားအတိုင်း ပြောကြသည်။
“ ကြီးမြတ်တဲ့ အစောင့်အကြပ်ခင်ဗျာ… ရာဇဝတ်သားတွေက ရုန်းရင်းဆန်ခတ်ဖြစ်နေပါတယ်… ကျေးဇူးပြုပြီး သူတို့ကို ဖိနှိပ်ပေးပါ ”
သူတို့၏ စကားသံက ပဲ့တင်ထပ်သွားသည်နှင့်ချက်ချင်း ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားပြီး မုန်တိုင်းတစ်ခု အစပျိုးလာသည်။ ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး တင်ပျဉ်ခွေထိုင်နေရာမှ မတ်တတ်ရပ်လိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်သည်။
အနက်ရောင်လှံသည် သူ့အရှေ့မှာ ထွက်ပေါ်လာသည်။ ရွှေကျီးကန်းသည် စူးရှသော အော်မြည်သံကို ထုတ်ဖော်လိုက်ပြီး အနက်ရောင်မီးတောက်များကို ထုတ်လွှတ်လိုက်သည်။ ရွှီချင်းသည် လှံကို ဖမ်းဆုပ်လိုက်သည်။
အေးစက်စက်အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ညာခြေထောက်ကို မြှောက်လိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
သူက ကောင်းကင်ဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။
ခေါင်းဆောင်သည် ကျောဆန့်လိုက်သည်။ သူက ပြုံးလိုက်ပြီး ကျူးချွယ်ဇီကို ကြည့်လိုက်သည်။
“ ချွယ်ဇီကောင်လေး… အခုချိန်မှ မင်းမလှုပ်ရှားရင် မင်းလိုချင်တဲ့ တားမြစ်တောင်ကို ဆုံးရှုံးသွားလိမ့်မယ် ”
ခေါင်းဆောင်သည် နှုတ်ခမ်းသပ်လိုက်ပြီး အရှေ့သို့ ပြေးထွက်သွားသည်။
သတ်ဖြတ်ပွဲသည် စတင်လာသည်။