← Chapters

မင်းကို နှောင့်ယှက်မိတာ တောင်းပန်ပါတယ်

Vol. 80 Ch. 1239

မင်းကို နှောင့်ယှက်မိတာ တောင်းပန်ပါတယ်

Vol. 80 Ch. 1239

လောကကြီးသည် မည်းမှောင်နေပြီး ကံကြမ္မာဆိုးနှင့် မေ့လျော့ခြင်းဖြင့် ပြည့်နှက်နေသည်။

ဒြပ်နှောများသည် ဘေးပတ်ဝန်းကျင်တွင် တစ်ဟုန်ထိုး တိုးပွားလာသည်။ ယင်းက ထပ်ဆင့်ပုံရိပ်များကို ဖန်တီးလိုက်ပြီး အမြင်အာရုံကို ဝေဝါးစေကာ သူတို့၏ စိတ်အခြေအနေပေါ် သက်ရောက်မှုရှိစေသည်။

အဆုံးမဲ့သော အော်ညည်းသံများနှင့် မေ့လျော့ခြင်းသည် လေကဲ့သို့ မရပ်မစဲ တိုက်ခတ်နေသည်။ ယင်းက အတိတ်ကာလကို အဝေးသို့ ယူဆောင်သွားပြီး အနာဂတ်သို့ ပြန်မလာတော့ပေ။

ဤသည်မှာ ရွှီချင်း၏ တိုက်ပွဲမြေပြင် ဖြစ်သည်။

(ဃ၁၃၂)၏ နတ်ဘုရားအခွင့်အာဏာနှင့် နယ်ပယ်စွမ်းအားက ပေါ်လျှိုးလာသည့်အခါ ဤနေရာတွင် ကျန်နေခဲ့ကြသည့် ကျင့်ကြံသူ(၆၀)ရာခိုင်နှုန်းသည် သေဆုံးသွားကြသည်။

မြေပြင်ပေါ်တွင် သေဆုံးသွားကြသော အလောင်းများသည် အချုပ်ခန်းများထဲမှာ ထွက်ပေါ်လာကြသည်။ သူတို့က သေဆုံးသွားခဲ့ကြသည်မှာ ရှင်းလင်းသည်။ သို့သော်လည်း သူတို့က ကိုယ့်ကိုယ်ကို သေဆုံးသွားမှန်း သတိမေ့နေကြသည်။ ယခု သူတို့အားလုံးက မိန်းမောတွေဝေနေကြပြီး (ဃ၁၃၂)၏ မသေမရှင်အကျဉ်းသားများ ဖြစ်လာကြသည်။

သူတို့ကို စောင့်ဆိုင်းနေသည်မှာ ထာဝရ အိမ်မက်ဆိုးဖြစ်သည်။

ကျန်ရှိသော လူတစ်ရာကျော်သည်တော့ လေထဲမှာ ရှိနေကြသည်။ သူတို့က ဆက်လက် တောင့်ခံနေဆဲဖြစ်သော်လည်း မေ့လျော့ခြင်းနယ်ပယ်၏ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို ခံစားနေကြရသည်။ သူတို့က ဆက်လက် အော်ဟစ်နေကြပြီး သူတို့ကိုယ်သူတို့ သတိပေးနေကြသည်။

တစ်ချိန်တည်းမှာ ကံကြမ္မာဆိုးသည် သူတို့ထံမှ တစ်ခါမှ မထွက်ခွာခဲ့ပေ။ မန္တန်များသော်လည်းကောင်း ဓမ္မရတနာများသော်လည်းကောင်း ယင်းတို့ကို အသက်သွင်းလိုက်သည့်အခါတိုင်း မမျှော်လင့်ထားသော မတော်တဆမှုများဖြင့် သူတို့တွေ့ကြုံခဲ့ကြသည်။

ထို့ကြောင့် သူတို့သည် တိုက်ပွဲစွမ်းအား၏ (၃၀)ရာခိုင်နှုန်း (၄၀)ရာခိုင်နှုန်းကိုသာ ထုတ်လွှတ်နိုင်ကြသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် (ဃ၁၃၂)က မည်မျှကြောက်စရာကောင်းကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။

အချုပ်ခန်းများထဲမှ ကျောက်တုံးခြင်္သေ့၊ ခေါင်းကြီးနှင့် တခြားလူများထံမှာ ကြည်ညိုရိုသေသော အမူအရာဖြင့် ပြည့်နှက်နေကြသည်။ ရွှီချင်းသည် သူတို့၏ အရိုအသေပေးမှုကို တုံ့ပြန်လိုက်ပြီး အနက်ရောင်လှံကို ဆုပ်ကိုင်လိုက်သည်။ သူက (ဃ၁၃၂)၏ အစောင့်အကြပ်အနေဖြင့် ကောင်းကင်ပေါ်သို့ ခြေချလိုက်လေသည်။

သူက ရုန်းရင်းဆန်ခတ်ဖြစ်နေသော အကျဉ်းသားများကို ဖိနှိပ်တော့မည် ဖြစ်သည်။

ချက်ချင်းဆိုသလို သူက ပိုင်ဇီမျိုးနွယ်ကျင့်ကြံသူတစ်ယောက်၏ အရှေ့မှာ ထွက်ပေါ်လာပြီး သူ့ကို အကြင်နာမဲ့စွာ ရိုက်ချလိုက်သည်။

မိန်းမောတွေဝေနေသော အမူအရာနှင့် ပိုင်ဇီမျိုးနွယ်ကျင့်ကြံသူသည် သူ၏ ရည်ရွယ်ချက်ကို မေ့လျော့နေသည်။ ရွှီချင်း၏ ရုတ်တရက် တိုက်ခိုက်မှုကို မြင်တွေ့သွားသောအခါ သူက ထိတ်လန့်သွားသည်။ သူက မန္တန်များနှင့် ဓမ္မရတနာများကို အသုံးပြုပြီး ခုခံချင်သော်လည်း ကံကြမ္မာဆိုး၏ သက်ရောက်မှုအောက်မှာ သူ၏ မန္တန်များသည် မတည်မငြိမ်ဖြစ်လာပြီး သူ၏ ဓမ္မရတနာများသည် သူ့ဘာသာ ပေါက်ကွဲသွားကြသည်။

မေ့လျော့ခြင်းကြောင့် သူက ကံဆိုးနေကြောင်း ကိုယ့်ကိုယ်ကို မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ သူက မိန်းမောတွေဝေနေစဉ် ရွှီချင်းက သူ့ကို တိုက်ရိုက် ဖိနှိပ်လိုက်သည်။

အသွေးအသားသည် နေရာအနှံ့သို့ ပြန့်ကျဲသွားသည်။

သွေးသည် တဖျပ်ဖျပ်လွင့်မျောနေသော ရွှီချင်း၏ ဆံပင်ပေါ်သို့ လွင့်စင်သွားသည်။ ထို့နောက် သွေးစက်များသည် သူ၏ ဆံပင်မှ စီးကျလာပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ရွှီချင်းသည် နောက်ထပ်တစ်ယောက်ဆီသို့ တည်ငြိမ်စွာ လျှောက်သွားသည်။ သူက လှံကို နောက်တစ်ကြိမ် လွှဲယမ်းလိုက်လေရာ ဦးခေါင်းပြတ်တစ်လုံးသည် လေထဲသို့ မြှောက်တတ်သွားသည်။

ကျယ်လောင်သော ပေါက်ကွဲသံသည် ကောင်းကင်ပေါ်မှာ ပဲ့တင်ထပ်သွားသည်။ တချို့အကျဉ်းသားများသည် တန်ပြန်တိုက်ခိုက်ကြပြီး တချို့သည် ကြောက်လန့်မှုကြောင့် တုန်ယင်နေကြသည်။ တချို့သည် ပြန်မှတ်မိသွားကြပြီး ဤနေရာမှ လွတ်မြောက်ရန် ကိုယ်ပိုင်နည်းလမ်းအသီးသီးဖြင့် ကြိုးစားလိုက်ကြသည်။

တချို့သည် အောင်မြင်စွာ တည်နေရာပြောင်းရွှေ့နိုင်သွားကြသည်။

သို့သော်လည်း သူတို့က ပြန်ပေါ်လာသည့်အခါ (ဃ၁၃၂)အတွင်းမှာသာ ရှိနေသေးပြီး နတ်ဘုရားလက်ချောင်း၏ အနားသို့ ပြုတ်ကျသွားကြသည်။ သူတို့သည် နတ်ဘုရားလက်ချောင်း၏ ဝါးမျိုခြင်းခံလိုက်ရကြသည်။

(ဃ၁၃၂)သည် တည်နေရာပြောင်းရွှေ့ခြင်းကို ခွင့်ပြုသည်။ သို့သော်လည်း ကံကြမ္မာဆိုး၏ လွှမ်းမိုးမှုကြောင့် တည်နေရာပြောင်းရွှေ့မည့် ဦးတည်ရာသည် ပြောင်းလဲခံရလိမ့်မည်။

(ဃ၁၃၂)၏ အကျဉ်းထောင်ဂိတ်တံခါးကို အစွမ်းထက်သော တိုက်ခိုက်မှုများဖြင့် တရစပ် တိုက်ခိုက်နေကြသော လူတချို့လည်း ရှိကြသည်။ သို့သော်လည်း သူတို့၏ လက်ရှိတိုက်ပွဲစွမ်းအားကြောင့် အောင်မြင်ရန် မဖြစ်နိုင်ပေ။

(ဃ၁၃၂)သည် အလွန်ကျယ်ပြောသော တည်ရှိမှုတစ်ခုဖြစ်သည်။ အကယ်၍ သူတို့က (ဃ၁၃၂)ထဲမှ လွတ်မြောက်ချင်သည်ဆိုလျှင် ဤနေရာမှ အရာအားလုံးကို ဖျက်ဆီးပစ်ရလိမ့်မည်။

ထို့ပြင် ယခုအချိန်မှာ သူတို့သည် (ဃ၁၃၂)၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာကြသည်။

ဤသည်မှာ အဆုံးမရှိသော သေခြင်းစက်ဝန်းဖြစ်သည်။

ရွှီချင်းဖြတ်သန်းသွားသည့်နေရာတိုင်း နှလုံးကွဲကြေသည့် အော်ဟစ်သံများက မြည်ဟိန်းထွက်လာပြီး သွေးသည် မိုးရေစက်များသဖွယ် ရွာသွန်းလာလိမ့်မည်။ ဦးခေါင်းပြတ်များသည် လေထဲသို့ မြှောက်တတ်သွားကြပြီး ဦးခေါင်းမဲ့ ခန္ဓာကိုယ်များသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။

ခေါင်းဆောင်သည်လည်း သေချာသော ပစ်မှတ်နှင့်အတူ တိုက်ခိုက်လိုက်သည်။ သူ၏ ပစ်မှတ်သည် လက်အောက်ခံမျိုးနွယ်စုများ မဟုတ်ပေ။ ယင်းအစား မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဝင်များသာ ဖြစ်သည်။ သူတို့၏ အရေအတွက်သည် အများကြီး မရှိပေ။ ဒါဇင်ခန့်မျှသာ ရှိသည်။

ခေါင်းဆောင်၏ မျက်လုံးထဲမှ စိတ်လှုပ်ရှားမှုကို ကြည့်ခြင်းအားဖြင့် သူက မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူများကို ပိုပြီးစိတ်ဝင်စားကြောင်း ထင်ရှားပေသည်။

သူ၏ တိုက်ခိုက်မှုများသည် သစ်သီးများနှင့် ပတ်သက်နေသည်။ ဤသည်မှာ သူက နောက်ခရီးအတွက် ရိက္ခာဖြည့်တင်းနေသည့်အလားပင်။ သူက နည်းလမ်းအမျိုးမျိုးကို အသုံးပြုပြီး မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူများကို ပန်းသီးများ၊ စပျစ်သီးများ၊ သစ်တော်သီးများ အစရှိသဖြင့် သစ်သီးမျိုးစုံအဖြစ်သို့ အသွင်ပြောင်းပစ်လိုက်သည်။

ထိုတိုက်ခိုက်မှုသည် ယခင်က သူ၏ အပြာရောင်ရေခဲချိပ်ပိတ်ခြင်းနှင့် နှိုင်းယှဉ်လျှင် ပိုပြီးချောက်ချားစရာကောင်းသည်။

ရှင်းလင်းစွာပင် ချိပ်တံဆိပ်များကို ဖြေလျော့ပြီးနောက် ခေါင်းဆောင်သည် သူ၏ ယခင်ဘဝမှ ကျင့်ကြံခြင်းကို ဖြည်းညင်းစွာ ပြန်ရလာသည်။

ထိုမြင်ကွင်းသည် (ဃ၁၃၂)၏ ထူးဆန်းမှု၊ ရွှီချင်း၏ အေးစက်မှုနှင့် ပေါင်းစပ်သွားပြီး ကျူးချွယ်ဇီအပေါ် ကြီးမားစွာ သက်ရောက်သွားသည်။

အစက သူသည် အံ့ဖွယ်ကောင်းသော အတတ်ပညာများကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်ဟု သူ့ကိုယ်သူ ထင်မှတ်ထားခဲ့သည်။ သို့သော်လည်း ရွှီချင်းနှင့် ခေါင်းဆောင်၏ ထူးဆန်းသော တိုက်ခိုက်မှုများကို ကြည့်ရှုပြီးနောက် သူက ကလေးတစ်ယောက်မျှသာဖြစ်သည်ဟု ခံစားမိသွားသည်။

သူတို့နှစ်ယောက်၏ အတတ်ပညာများကို မျက်မြင်တွေ့ပြီးနောက် လူသားမျိုးနွယ်အပေါ် သူ၏ အမြင်သည် လုံးဝ ပြောင်းလဲသွားသည်။

“ လူသားမျိုးနွယ်က အားနည်းတယ်လို့ ဘယ်သူက ပြောတာလဲ… လူသားမျိုးနွယ်ရဲ့ အကျင့်စရိုက်က မကြမ်းကြုတ်ဘူးလို့ ဘယ်သူက ပြောတာလဲ… လူသားမျိုးနွယ်က လက်ရှိ ဝမ်ကူးကုန်းမြေအတွက် မသင့်တော်ဘူးလို့ ဘယ်သူက ပြောတာလဲ… ”

“ မင်းက ဒီဟာကို အားနည်းတယ်လို့ ပြောတာလား… ဒီဟာကို မကြမ်းကြုတ်ဘူးလို့ ပြောတာလား ”

ကျူးချွယ်ဇီ၏ အတွေးများသည် သူငယ်ငယ်လေးကတည်းက သင်ကြားခဲ့ရသော အရာဖြစ်သည်။ ဤအခိုက်အတန့်မှာ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ လူအများအပြားက သေဆုံးသွားပြီးနောက် အချုပ်ခန်းများထဲမှာ ပြန်ထွက်ပေါ်လာကြောင်း သူမြင်လိုက်သည်။

ခေါင်းဆောင်ဟု အမည်ရသော လူသားတစ်ယောက်က ပြောသွားခဲ့သော စကားများက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ ထို့ကြောင့် သူက အမောတကော အသက်ရှူသွင်းလိုက်ပြီး သတ်ဖြတ်ပွဲထဲမှာ မြန်ဆန်စွာ ပူးပေါင်းပါဝင်လိုက်သည်။

ထိုသို့အခြေအနေများအောက်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲသည် အချိန်သိပ်မကြာမြင့်ခဲ့ပေ။

တစ်ခဏကြာပြီးနောက် နောက်ဆုံးကျန်ရှိသော မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူက ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း ခေါင်းဆောင်၏ တိုက်ခိုက်မှုကြောင့် လိမ္မော်သီးအဖြစ်သို့ အသွင်ပြောင်းလဲသွားသည်။ ထို့နောက် (ဃ၁၃၂)သည် တိတ်ဆိတ်ငြိမ်သက်သွားသည်။

သွေးမိုးသည်သာ မြေပြင်ပေါ်သို့ မရပ်မစဲ ရွာသွန်းနေသည်။ ထို့နောက် သွေးသည် မြေပြင်၏ စုပ်ယူခံလိုက်ရပြီး လေထဲမှာ တဖန်ပြန်ပေါ်လာကာ ဆက်လက် ရွာသွန်းနေသည်။

မြေပြင်ပေါ်တွင် မည်သည့်အလောင်းမှ မရှိသလို မည်သည့်ခန္ဓာကိုယ်အစိတ်အပိုင်းမှ မရှိပေ။

သူတို့အားလုံးသည် အချုပ်ခန်းများထဲသို့ ရောက်ရှိသွားကြပြီး အသိစိတ်ကင်းမဲ့နေကြသည်။

အော်ဟစ်ချီးမြှောက်သံများသည် ပန်းချီကားအဖိုးအို၊ ခေါင်းကြီးနှင့် တခြားလူများထံမှ ထွက်ပေါ်လာကြသည်။

ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ရင်းနှီးကျွမ်းဝင်သော မြင်ကွင်းက သူ့အား ငယ်စဉ်အခါက အတွေ့အကြုံများကို ပြန်အမှတ်ရစေသည်။ တစ်ချိန်တည်းမှာ ထိုကျင့်ကြံသူရာပေါင်းများစွာက အချုပ်ကျခံလိုက်ရသည့်အခါ (ဃ၁၃၂)၏ စွမ်းအားက အနည်းငယ် တိုးမြှင့်သွားကြောင်း ရှင်းလင်းစွာ သူအာရုံခံမိသွားသည်။

ရွှီချင်းသည် မြေပြင်ပေါ်မှ အချုပ်ခန်းများကို ကြည့်လိုက်သည်။

(ဃ၁၃၂)ထဲတွင် အချုပ်ခန်းတစ်ထောင်ကျော် ရှိသည်။ ဤအခိုက်အတန့်မှာ အချုပ်ခန်း(၃၀)ရာခိုင်နှုန်းသည် လူပြည့်သွားပြီ ဖြစ်သည်။

“ မင်း ဘာကို စဉ်းစားနေတာလဲ ”

ခေါင်းဆောင်သည် ပန်းသီးတစ်လုံးကို ထုတ်လိုက်ပြီး ကိုက်စားလိုက်သည်။ ထို့နောက် သူက ရွှီချင်းကို ကြည့်လိုက်ပြီး ပန်းသီးနှစ်လုံးကို ထပ်မံ ထုတ်လိုက်ကာ ရွှီချင်းနှင့် ကျူးချွယ်ဇီထံသို့ ပစ်ပေးလိုက်သည်။

ရွှီချင်းသည် ပန်းသီးကို ဖမ်းယူလိုက်သည်။

“ တစ်နေ့ကျရင် ဒီအကျဉ်းထောင်ထဲမှာ နတ်ဘုရားတွေကိုရော ဖမ်းချုပ်ထားနိုင်မလားလို့ စဉ်းစားနေတာပါ ”

ခေါင်းဆောင်သည် တစ်ခဏမျှ ဆွံ့အသွားပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ကျူးချွယ်ဇီသည်တော့ ခေါင်းဆောင်ပေးသော ပန်းသီးကို လက်ထဲမှာ ကိုင်ထားလျက် တုံ့ဆိုင်းနေသည်။ သို့သော်လည်း သူ့အရှေ့မှ ကြောက်စရာကောင်းသော လူသားနှစ်ယောက်နှင့် မြေပြင်ပေါ်မှ အချုပ်ခန်းများကို ကြည့်ပြီးနောက် သူက ဆက်ပြီး မတုံ့ဆိုင်းတော့ပေ။ သူက ပန်းသီးကို တစ်ကိုက် ကိုက်စားလိုက်သည်။

ယင်းက ဖော်မပြနိုင်အောင် ချိုသည်။

ရွှီချင်းသည် ပန်းသီးကို ချက်ချင်းမစားဘဲ သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက ညာလက်ကို မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို မြေပြင်ပေါ်မှာ ပြန့်ကျဲနေသော တားမြစ်တောင်များသည် သူ့ဆီသို့ ပျံသန်းလာကြသည်။

မကြာမီ တားမြစ်တောင်အားလုံးသည် ရွှီချင်း၏ ဦးခေါင်းပေါ်မှာ လွင့်မျောသွားကြသည်။

ကျူးချွယ်ဇီသည် ရွှီချင်းကို လှည့်မကြည့်ဘဲ မနေနိုင်ပေ။ သူက ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူက စိတ်ကို ကြိုပြင်ဆင်ထားခဲ့သော်လည်း အနည်းငယ် အံ့ဩမင်သက်သွားခဲ့သည်။

တားမြစ်တောင်သည် အလွန်များပြားသည်။

တားမြစ်တောင်(၃၀၀)နီးပါးသည် တစ်ခုနှင့်တစ်ခု လျှပ်စီးတန်းများဖြင့် ဆက်သွယ်နေကြသည်။ ယင်းတို့က စက်ဝိုင်းသဖွယ် ဆက်လက် လှည့်ပတ်နေကြစဉ် တားမြစ်တောင်(၃၀၀)နီးပါးမှ ဖြစ်ပေါ်လာသော အရှိန်အဝါနှင့် ဖိအားသည် တစ်စုံတစ်ယောက်ကို ထိတ်လန့်ချောက်ချားသွားစေရန် လုံလောက်သည်။

ဤသည်မှာ အဆုံးသတ်မဟုတ်သေးပေ။ ရွှီချင်း၏ အကြည့်သည် မြေပြင်ပေါ်မှ တားမြစ်တောင်(၂၇)လုံးပေါ်သို့ ကျရောက်သွားသည်။ သူက လက်မြှောက်လိုက်ပြီး ဖမ်းဆုပ်လိုက်သည်။ မြေပြင်သည် တုန်ယင်လာသည်။ တားမြစ်တောင်(၂၇)လုံးသည် လေထဲသို့ မြန်ဆန်စွာ မြှောက်တတ်လာကြသည်။ နောက်ဆုံးမှာတော့ တားမြစ်တောင်(၂၆)လုံးက ရွှီချင်း၏ တားမြစ်တောင်များနှင့် ပေါင်းစည်းသွားပြီး အရေအတွက်(၃၀၀)ကို ကျော်လွန်သွားသည်။

ကျန်ရှိသော တားမြစ်တောင်တစ်လုံးအတွက်တော့ ရွှီချင်းက ကျူးချွယ်ဇီကို ကြည့်လိုက်သည်။

“ အဲ့ဒါက မင်းအတွက် ”

ကျူးချွယ်ဇီသည် ကြီးမားသော ကျေးဇူးတင်မှုကို ခံစားမိသွားသည်။ အကယ်၍ တခြားအချိန်မှာသာဆိုလျှင် သူက တားမြစ်တောင်တစ်လုံးအတွက် ထိုမျှစိတ်လှုပ်ရှားနေလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ယခုအချိန်သည် ခြားနားသည်။

ထိုသို့လုပ်ဆောင်ပြီးနောက် ရွှီချင်း၏ အတွေးတစ်ချက်နှင့်အတူ (ဃ၁၃၂)သည် တုန်ယင်လာပြီး မြန်ဆန်စွာ ဝေဝါးလာသည်။ နောက်ဆုံးမှာတော့ ၎င်းက လောကထဲမှာ လွင့်ပြယ်သွားသည်။ ထိုအခါ (ဃ၁၃၂)၏ လွှမ်းခြုံခံထားရသော ဤနေရာမှ အရာအားလုံးသည် ပြန်ထွက်ပေါ်လာကြသည်။

(ဃ၁၃၂)၏ ထွက်ခွာမှုသည် ဤနေရာမှ သွေးကို မယူဆောင်သွားခဲ့ပေ။ သို့ဖြစ်၍ လူရာပေါင်းများစွာ၏ သွေးသည် မြစ်ကြီးတစ်စင်းနှယ် အရပ်မျက်နှာအဘက်ဘက်သို့ စီးဆင်းသွားပြီး ပြင်းထန်သော သွေးနံ့ကို ပျံ့နှံ့သွားစေသည်။

လေထဲမှာ မတ်တတ်ရပ်နေသော ရွှီချင်းသည် ညှီစို့သော သွေးနံ့ဖြင့် လွှမ်းခြုံခံလိုက်ရသည်။ သူက ခေါင်းမော့လိုက်ပြီး လေထဲမှာ လွင့်မျောနေသော ရွှေရောင်နန်းတော်ကို ကြည့်လိုက်သည်။ ထို့နောက် သူက လက်သီးဆုပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။

ရွှေရောင်နန်းတော်ထဲတွင် မီးလျှံလမျိုးနွယ်မှ ဂုဏ်သရေရှိပုဂ္ဂိုလ်သည် ရွှီချင်းကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှ ချီးကျူးသော အရိပ်အယောင်သည် ယခင်ကထက် ပိုပြီးသိပ်သည်းလာသည်။

“ ဒီလိုနတ်ဆိုးကြယ်က ငါ့တားမြစ်ဇုန်ထဲမှာ ထွက်ပေါ်လာတယ်လား… ဒီနေ့အဖြစ်အပျက်က မကြာခင်မှာ အမဲလိုက်ပွဲတော်ရဲ့ ခေါင်းကြီးပိုင်းသတင်းဖြစ်လာလိမ့်မယ် ”

မီးလျှံလမျိုးနွယ်မှ ဂုဏ်သရေရှိပုဂ္ဂိုလ်သည် ပြုံးလိုက်ပြီး ပြောသည်။

“ လူသားကောင်လေး… ငါမင်းကို သတင်းတစ်ခု ပြောပြနိုင်တယ်… အခုလက်ရှိမှာ မင်းထက် တားမြစ်တောင်ပိုများတဲ့လူ ဒါဇင်ခန့်ရှိနေသေးတယ် ”

“ မင်းရဲ့ လုပ်ရပ်ကို ကြည့်ရတာတော့ မင်းက ပထမပြိုင်ပွဲရဲ့ ပထမနေရာကို ရည်မှန်းထားတဲ့ပုံပဲ… ဒီလိုဆိုမှတော့ ပိုပြီးကြိုးစားဆောင်ရွက်ပါ ”

ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ သူက ခေါင်းညိတ်လိုက်ပြီး ရွှေရောင်နန်းတော်ထံသို့ ထပ်မံ အရိုအသေပေးလိုက်သည်။

“ စီနီယာရဲ့ အကြံပေးမှုအတွက် ကျေးဇူးတင်ပါတယ် ”

ရယ်မောသံသည် ရွှေရောင်နန်းတော်ထံမှ ပျံ့လွင့်လာသည်။ နောက်အခိုက်အတန့်မှာ နန်းတော်တစ်ခုလုံးသည် အနည်းငယ် ဝေဝါးလာသည်။ နောက်ဆုံးမှာတော့ ရွှေရောင်နန်းတော်သည် ကောင်းကင်ပေါ်မှ ပျောက်ကွယ်သွားသည်။ ပြပွဲက ပြီးဆုံးသွားပြီဖြစ်သောကြောင့် မီးလျှံလမျိုးနွယ်မှ ဂုဏ်သရေရှိပုဂ္ဂိုလ်သည် ထွက်ခွာရန် ရွေးချယ်လိုက်သည်။

ရွှီချင်းသည် နန်းတော်ပျောက်ကွယ်သွားသည်အထိ ကြည့်ပြီးနောက် သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။ သူက ခေါင်းဆောင်နှင့် ထွက်ခွာသွားတော့မည့်အချိန် သူနှင့် ခေါင်းဆောင်သည် အဝေးတစ်နေရာဆီသို့ တစ်ချိန်တည်းမှာ စိုက်ကြည့်လိုက်ကြသည်။

ထိုနေရာတွင် သက်တံ့တစ်ခုသည် တားမြစ်ဇုန်ဆီသို့ အလွန်မြန်ဆန်သော အလျင်နှင့်အတူ ပျံသန်းလာနေသည်။

ပျံသန်းလာနေသော ထိုလူသည် မောက်မာထောင်လွှားပုံပေါ်သည်။

သူ့မှာ ထိုသို့မောက်မာထောင်လွှားရန် အမှန်တကယ် အရည်အချင်းရှိသည်။ အဝေးမှကြည့်လျှင် တားမြစ်တောင်(၈)လုံးက သူ၏ ဦးခေါင်းပေါ်မှာ လှည့်ပတ်နေကြောင်း မြင်နိုင်လိမ့်မည်။

ယခု ပျံသန်းလာနေသော ပုဂ္ဂိုလ်သည် ပထမဆုံး တားမြစ်တောင်ကို ရွှီချင်းရွှေ့ပြောင်းခဲ့စဉ်က သူသတ်ဖြတ်ခဲ့သော မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူ၏ မူလခန္ဓာကိုယ်သာ ဖြစ်သည်။ ထိုလူ၏ ကိုယ်ပွားသည် တည်နေရာပြောင်းရွှေ့ရန် ကျရှုံးခဲ့သောကြောင့် သေဆုံးသွားရသည့် အကြောင်းအရင်းကို မူလခန္ဓာကိုယ်ဆီသို့ အသေးစိတ် သတင်းမပို့နိုင်ခဲ့ပေ။

ထိုကျင့်ကြံသူသည် သူ့ကိုယ်သူ ယုံကြည်မှုရှိသောကြောင့် အကြမ်းဖျဉ်း ဦးတည်ရာကို အာရုံခံမိပြီးနောက် ဤနေရာဆီသို့ တန်းမတ်စွာ ပျံသန်းလာခဲ့သည်။ သူ၏ အသတ်ခံလိုက်ရသော ကိုယ်ပွားက ချန်ထားခဲ့သည့် အမှတ်အသားမှတဆင့် နောက်ဆုံးမှာတော့ သူက ဤနေရာကို ရှာတွေ့သွားခဲ့သည်။

ကျူးချွယ်ဇီသည်လည်း ထိုလူကို မြင်သွားသည်။ အကယ်၍ တခြားအချိန်မှာသာဆိုလျှင် သူက တည်ကြည်လေးနက်သွားလိမ့်မည်။ သို့သော်လည်း ယခုတော့ သူက ခေါင်းယမ်းလိုက်သည်။

ကျူးချွယ်ဇီက ခေါင်းယမ်းနေစဉ်မှာပင် အဆုံးမဲ့သော မောက်မာထောင်လွှားမှုနှင့် လွှမ်းမိုးဖိနှိပ်မှုကို သယ်ဆောင်လျက် တစ်ဟုန်ထိုး ပျံသန်းလာနေသော ပုံရိပ်သည် တစ်စုံတစ်ခုကို အာရုံခံမိသွားသည့်အလား လေထဲမှာ ရုတ်တရက် ရပ်တန့်သွားသည်။

ထို့နောက် သက်တံ့သည် အနည်းငယ် လှုပ်ယမ်းသွားသည်။ ဤသည်မှာ ထိုကျင့်ကြံသူက တုန်လှုပ်ချောက်ချားနေသည့်အလားပင်။ သူက ပြင်းထန်စွာ အသက်ရှူနေသောကြောင့် သူ၏ ဘေးပတ်ဝန်းကျင်မှ မြူခိုးသည်ပင် တအိအိ လှုပ်ခတ်သွားသည်။

ရှင်းလင်းစွာပင် သူက တားမြစ်ဇုန်ထဲသို့ ဂုဏ်ယူဝင့်ကြွားစွာ ဝင်ရောက်ပြီးနောက် ဤနေရာမှ တားမြစ်တောင်အားလုံးက ပျောက်ကွယ်သွားကြောင်း အာရုံခံမိသွားခဲ့သည်။ ထို့ပြင် ဤနေရာမှ ပြင်းထန်သော သွေးနံ့ကိုလည်း သူရှူမိသည်။

သူ့ကို ပိုပြီးထိတ်လန့်ချောက်ချားစေသည့်အရာမှာ ရွှီချင်း၏ ဦးခေါင်းပေါ်မှ တားမြစ်တောင်(၃၀၀)ကျော် ဖြစ်သည်။

တစ်စုံတစ်ယောက်သည် ငတုံးမဟုတ်လျှင် ဤနေရာမှာ မည်သို့ဖြစ်ပျက်သွားခဲ့ကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။

“ သူတို့အားလုံးကို သတ်ပစ်လိုက်တာလား ”

“ ဘာ… ဘာလဲ… ”

ထိုအတွေးက မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည့်အခါ သူက ချက်ချင်း နှလုံးခုန်မြန်လာပြီး အံဩမင်သက်သွားသည်။

သူက အနောက်လှည့်လိုက်ပြီး ပိုမိုမြန်ဆန်သော အလျင်နှင့်အတူ ထွက်ပြေးသွားသည်။

သူက ဤနေရာသို့ ရောက်လာခြင်းကို နောင်တရသွားသည်။

သူက မောက်မာထောင်လွှားစွာ ပြေးလာပြီးနောက် သံမဏိနံရံဖြင့် ဝင်ဆောင့်မိခဲ့ကြောင်း စဉ်းစားမိသွားသောအခါ ကြောက်ဒူးတုန်လာသည်။ ဤအခိုက်အတန့်မှာ သူ၏ အလျင်က အနည်းငယ် နှေးကွေးနေသောကြောင့် သူ့ကိုယ်သူပင် ဒေါသထွက်လာသည်။

ရွှီချင်းသည် မထူးမခြားနား အမူအရာဖြင့် ရှိနေသည်။ ခေါင်းဆောင်သည် မျက်လုံးဝင်းလက်သွားပြီ ပြုံးလိုက်သည်။

“ မိတ်ဆွေဟောင်းတစ်ယောက်ပဲ ”

All Chapters