ကြီးမြတ်တဲ့ နွားသိုးငါးကောင်ရဲ့ အကြင်နာမဲ့တာအို
Vol. 80 Ch. 1240
“ စကားတစ်ခွန်းရှိတယ် ”
ခေါင်းဆောင်သည် နှုတ်ခမ်းသပ်လိုက်သည်။ သူက ကောင်းကင်ပေါ်မှာ ထွက်ပြေးနေသော ပုံရိပ်ကို သရော်သော အပြုံးဖြင့် ကြည့်လိုက်သည်။
“ ကံကြမ္မာက မိုင်တစ်ထောင်အဝေးက လူနှစ်ယောက်ကို ဆုံစည်းစေတယ်တဲ့ ”
“ အဲ့ဒါမမှန်ဘူးလား ဂျူနီယာညီလေး… ကြည့်စမ်း သူက ဒီလိုချည်း ထွက်ပေါ်လာတယ်… ဒါပေမဲ့ ဒီတစ်ကြိမ်တော့ သူမလွတ်မြောက်နိုင်တော့ဘူး ”
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး သူ၏ လက်ကို မြှောက်လိုက်သည်။ အနက်ရောင်မီးတောက်များသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာပြီး သူ၏ လက်ဖဝါးဆီသို့ စီးဆင်းသွားသည်။
အနက်ရောင်လှံသည် သူ၏ လက်ထဲမှာ ထပ်မံ ထွက်ပေါ်လာသည်။
၎င်းထွက်ပေါ်လာသည့်အခိုက် လှံထိပ်ဖျားသည် ဟင်းလင်းပြင်ကို လောင်ကျွမ်းပစ်နိုင်စွမ်း ရှိသည့်အလား အနက်ရောင်တွင်းနက်များက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။
၎င်းက သွေးအရှိန်အဝါကို အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားစေသည်။ မရေမတွက်နိုင်သော မကျေမချမ်းဝိညာဉ်များသည် လှံ၏ ဘေးနားတစ်ဝိုက်တွင် ထွက်ပေါ်လာကြပြီး ဆန္ဒမရှိသော အော်ညည်းသံကို ထုတ်ဖော်လိုက်ကြသည်။
၎င်းတို့က ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲသို့ မဝင်ရောက်နိုင်ကြပေ။
ထိုအော်ညည်းသံက ပဲ့တင်ထပ်လာသည့်အခါ ချောက်ချားဖွယ်ကောင်းသော စိတ်ဆန္ဒကို ဖြစ်ပေါ်စေသည်။
ရွှီချင်း၏ လက်ထဲမှ လှံသည် ငရဲဓားတစ်လက်နှင့် ဆင်တူသည်။ တစ္ဆေမီးတောက်က ၎င်းကို လှုံ့ဆော်လိုက်ပြီး အနက်ရောင်မီးတောက်အားလှိုင်းများကို ထုတ်လွှတ်လိုက်သည်။
မီးတောက်သည် ပေါက်ကွဲထွက်လာပြီး ကောင်းကင်အထိ ပျံတတ်သွားကာ မီးတောက်ပင်လယ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။
မီးတောက်အားလှိုင်းများက ပဲ့တင်ထပ်လာသည့်အခါ ယင်းက လောကတစ်ခုလုံးကို မည်းမှောင်သွားစေသည်။
ထိုအဖြစ်အပျက်ကို အဝေးတွင် ထွက်ပြေးနေသော မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူက မြင်သွားသောအခါ ဦးရေပြားစပ်ဖျင်းဖျင်း ခံစားမိသွားသည်။ ကြီးမားသော သေခြင်းရှင်ခြင်းကပ်ဘေးနှင့် အဆုံးမဲ့သော နောင်တက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်မှာ သူ၏ ကိုယ်ပွားက မည်သို့သေဆုံးသွားခဲ့ကြောင်း သူနားလည်သွားသည်။
“ သူက ဒီလှံအောက်မှာ သေဆုံးသွားခဲ့တာ ဖြစ်ရမယ် ”
“ ငါအရမ်း စိတ်လောခဲ့တာပဲ… ဒီနေရာကို ငါရောက်မလာသင့်ဘူး ”
မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူ၏ မျက်နှာသည် ဖြူဖျော့နေသည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက အစွမ်းကုန်သုံးပြီး အရှိန်မြှင့်တင်လိုက်သည်။ သူက တည်နေရာရွှေ့ပြောင်းရန်ပင် ကြိုးစားလိုက်သည်။ သို့သော်လည်း ထိုအတွက် အချိန်လိုအပ်သည်။
အေးစက်စက်အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက လှံကို ဆုပ်ကိုင်လျက် မိုးကုပ်စက်ဝိုင်းဆီသို့ ပစ်လွှတ်လိုက်သည်။
၎င်းက ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားပြီး စူးရှသော အသံကို ထုတ်ဖော်လိုက်သည်။ ဤသည်မှာ ကောင်းကင်နှင့်မြေပြင်က ထိုးဖောက်ခံနေရသည့်အလားပင်။
အနက်ရောင်လှံသည် မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူဆီသို့ မြန်ဆန်စွာ ချဉ်းကပ်သွားသည်။
ဟင်းလင်းပြင်သည် အက်ကွဲသွားပြီး ကောင်းကင်သည် ဝေဝါးလာသည်။ အနက်ရောင်လှံတစ်ခုတည်းသာ ကောင်းကင်ပေါ်တွင် ကြည်လင်ပြတ်သားသည်။ ၎င်းသည် ချက်ချင်း မိုးကုပ်စက်ဝိုင်းဆီသို့ ရောက်ရှိသွားပြီး ထွက်ပြေးနေသော မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူ၏ နောက်ကျောကို ပစ်မှတ်ထားလိုက်သည်။
၎င်းက သူ့ကို ထိုးဖောက်သွားတော့မည် ဖြစ်သည်။
တစ်ချိန်တည်းမှာ (ဃ၁၃၂)သည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။ ကျယ်ပြောလှသော အကျဉ်းထောင်၏ ထွက်ပေါ်လာမှုသည် မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူကို အပြင်းအထန် နှလုံးတုန်သွားစေသည်။
သူ၏ ဦးခေါင်းပေါ်မှ အကျဉ်းထောင်သည် မြန်ဆန်စွာ ကြည်လင်ပြတ်သားလာပြီး သူ့ကို လွှမ်းခြုံသွားကာ ချိပ်ပိတ်ရန် ကြိုးစားနေသည်။
တစ်စုံတစ်ယောက်က ထိုအကျဉ်းထောင်ဖြင့် ချိပ်ပိတ်ခံရမည်ဆိုလျှင် ကပ်ဘေးမှ မလွတ်မြောက်နိုင်ဘဲ သေချာပေါက် သေဆုံးရလိမ့်မည်ဖြစ်ကြောင်း သူအာရုံခံနိုင်သည်။ ထို့ကြောင့် ကြီးမားသော အန္တရာယ်ဖြင့် ရင်ဆိုင်ရသောအခါ မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူသည် အရဲစွန့်လိုက်သည်။
သူက နဖူးကို တုံ့ဆိုင်းခြင်းမရှိဘဲ ရိုက်ချလိုက်သည်။ ဝုန်းခနဲ မြည်သံများကြားမှာ ထပ်ဆင့်ပုံရိပ်လွှာများသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြသည်။ ၎င်းက သူ၏ ဝိညာဉ်ဖြစ်ပြီး ခန္ဓာကိုယ်ထဲမှ မြန်ဆန်စွာ ထွက်ခွာနေခြင်း ဖြစ်သည်။
သူချန်ထားခဲ့သော ခန္ဓာကိုယ်သည်တော့ လက်နက်တစ်ခုဖြစ်လာသည်။ ခန္ဓာကိုယ်သည် အနက်ရောင်လှံဆီသို့ သူ့ဘာသာ ခုန်အုပ်လိုက်သည်။
ဗုန်းဟူသော ပေါက်ကွဲသံနှင့်အတူ လှံနှင့် တွေ့ဆုံသွားသော ခန္ဓာကိုယ်သည် ပြိုကွဲထွက်သွားသည်။ သို့သော်လည်း မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူ၏ အသွေးအသားများသည် ဘေးပတ်ဝန်းကျင်သို့ ပျံ့လွင့်မသွားပေ။ ယင်းအစား အသွေးအသားများသည် ဆန့်ကျင်ဘက်ဦးတည်ရာတွင် ရစ်ခွေသွားကြပြီး အနက်ရောင်လှံကို တင်းကျပ်စွာ ချုပ်နှောင်လိုက်ကြသည်။
အသွေးအသားများက အနက်ရောင်လှံ၏ စွမ်းအားကြောင့် မြန်ဆန်စွာ ဖျက်ဆီးခံနေရသော်လည်း လှံကို အသက်ရှူချိန်အနည်းငယ်ကြာ ရပ်တန့်သွားစေသည်။
မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူသည် သူ၏ တားမြစ်တောင်ရှစ်လုံးကို ဆုံးဖြတ်ချက်ပြတ်သားစွာ စွန့်လွှတ်လိုက်ပြီး ဘေးမှ သူ၏ ဝိညာဉ်သည် လေမှုတ်လိုက်သည်။ ကြမ်းတမ်းသော လေမှုတ်ထုတ်မှုကြောင့် တားမြစ်တောင်ရှစ်လုံးသည် ကောင်းကင်ပေါ်သို့ ကြီးကျယ်ခမ်းနားစွာ ပျံတတ်သွားကြပြီး (ဃ၁၃၂)ဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။
တောင်ရှစ်လုံးသည် လှုပ်ယမ်းသွားပြီး ကြီးမားလာကြသည်။ ၎င်းတို့က လေထဲမှာ အရွယ်အစားကြီးမားသော ဧရာမတောင်ရှစ်လုံးအဖြစ် ပြောင်းလဲသွားကြသည်။ ၎င်းတို့က လွှမ်းမိုးဖိနှိပ်သော အရှိန်အဝါနှင့်အတူ ကောင်းကင်ပေါ်မှ (ဃ၁၃၂)ဆီသို့ ဦးတည်သွားကြပြီး ၎င်းကို နှောင့်နှေးစေရန် ကြိုးစားလိုက်သည်။
ဝုန်းခနဲ မြည်သံများကြားမှာ မြေပြင်ပေါ်သို့ ဆင်းသက်လာနေသော (ဃ၁၃၂)သည် အနည်းငယ် နှေးကွေးသွားသည်။ ၎င်းက မူလအလျင်ကို မြန်ဆန်စွာ ပြန်ရရှိသွားသော်လည်း အသက်ရှူအချိန်အနည်းငယ်ခန့် နှောင့်နှေးသွားခဲ့သည်။
မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူအတွက်တော့ ထိုမျှအချိန်သည် သေခြင်းရှင်ခြင်းတမျှ အရေးကြီးပေသည်။
နောက်ဆုံးမှာတော့ သူက တည်နေရာပြောင်းရွှေ့ခြင်းကို အသက်သွင်းနိုင်သွားသည်။ သူ၏ ပုံရိပ်သည် ရုတ်တရက် ဝေဝါးလာပြီး ကောင်းကင်ပေါ်မှ ပျောက်ကွယ်သွားသည်။
နောက်အခိုက်အတန့်မှာ အနက်ရောင်လှံကို လွှမ်းခြုံထားသော အသွေးအသားများသည် စွမ်းအင်အထောက်အပံ့မရှိသောကြောင့် သူ့ဘာသာ ပြိုကွဲပျက်စီးသွားသည်။
မီးလျှံလကျင့်ကြံသူချန်ထားခဲ့သော တားမြစ်တောင်ရှစ်လုံးသည်သာ (ဃ၁၃၂)၏ ဖိနှိပ်မှုအောက်တွင် အကျဉ်းထောင်ထဲမှာ သိမ်းဆည်းခံလိုက်ရသည်။
ရွှီချင်းသည် ဟင်းလင်းပြင်ကို ကြည့်လိုက်သည်။ တစ်ဖက်လူ၏ တုံ့ပြန်မှုသည် အလွန်မြန်ဆန်သည်။ အကယ်၍ သူသာ တဒင်္ဂ တုံ့ဆိုင်းနေမည်ဆိုလျှင် (ဃ၁၃၂)ထဲမှာ သေချာပေါက် အကျဉ်းချခံရလိမ့်မည်။ တစ်ချိန်တည်းမှာ သူ၏ တည်နေရာပြောင်းရွှေ့မှုသည် အဓိပ္ပာယ်မဲ့သွားလိမ့်မည်။
သို့သော်လည်း ရွှီချင်းသည် မည်သို့မှ မခံစားရပေ။ အဘယ့်ကြောင့်ဆိုသော် ဤတစ်ကြိမ်တွင် တစ်ဖက်လူက မလွတ်မြောက်နိုင်ဘူးဟု ခေါင်းဆောင်က ပြောခဲ့သောကြောင့် ဖြစ်သည်။
ခေါင်းဆောင်အပေါ် ရွှီချင်း၏ နားလည်မှုအရ တစ်ဖက်လူက အခြေအမြစ်မရှိဘဲ ထိုစကားကို ပြောခဲ့ခြင်းမဖြစ်နိုင်ပေ။
အမှန်တကယ်ပင် ထိုအတိုင်းဖြစ်သည်။ ထိုကျင့်ကြံသူက တည်နေရာပြောင်းရွှေ့သွားသည်ကို မြင်သောအခါ ခေါင်းဆောင်သည် ပြုံးလိုက်ပြီး ရွှီချင်းကို ဂုဏ်ယူဝံ့ကြွားစွာ ပြောသည်။
“ အဲ့ဒီကျင့်ကြံသူရဲ့ အသွေးအသားကို အရင်က ငါစားခဲ့တယ်မလား… ဒီအတောအတွင်းမှာ ငါက အဲ့ဒါကို လေ့လာပြီး ဆင်ခြင်သုံးသပ်ခဲ့တယ်… အဲ့ဒီလိုနဲ့ အရင်ဘဝတုန်းက ငါအသုံးပြုခဲ့တဲ့ မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူတွေအပေါ် အဓိကပစ်မှတ်ထားတဲ့ ကြီးမြတ်တဲ့ နတ်ဘုရားစွမ်းရည်တစ်မျိုးကို ပြန်အမှတ်ရသွားခဲ့တယ် ”
“ အဲ့ဒီနတ်ဘုရားစွမ်းရည်က အတော်လေး အစွမ်းထက်ပြီး တည်နေရာပြောင်းရွှေ့ခြင်းကို ချုပ်ထိန်းနိုင်တယ်… အဲ့ဒီနတ်ဘုရားစွမ်းရည်ထဲမှာ မူလပြန်ရောက်စေတဲ့ သဘောတရား ပါဝင်တယ်… ဒါကြောင့် သူဘယ်ပဲသွားသွား သူ့ကို ငါပြန်ခေါ်နိုင်တယ် ”
ထိုသို့ပြောပြီးနောက် ခေါင်းဆောင်သည် လက်မြှောက်လိုက်ပြီး မြေပြင်ကို ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းဆိုသလို မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူ၏ အသွေးအသားငါးပိုင်းသည် ပျံသန်းထွက်လာကြပြီး ခေါင်းဆောင်၏ အရှေ့တွင် ကျရောက်သွားကြသည်။
ခေါင်းဆောင်က သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်လေရာ အသွေးအသားငါးပိုင်းသည် ပဉ္စဂံကြယ်ပုံသဏ္ဍာန်တစ်ခုကို ဖွဲ့စည်းသွားသည်။
“ ဒါပေမဲ့ လိုအပ်ချက်အနေနဲ့ ဇစ်မြစ်တူညီတဲ့ အစိတ်အပိုင်းငါးခုကို ပိုင်ဆိုင်ထားရမယ်… အဲ့ဒီအတွက် အသွေးအသားတွေနဲ့ အရိုးတွေက အကောင်းဆုံးပဲ ”
ထိုသို့ပြောပြီးနောက် ခေါင်းဆောင်သည် လက်မြှောက်လိုက်ပြီး ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်သည်။ သူက တစ်စုံတစ်ခုကို ရေရွတ်လိုက်သည့်အခါ အသွေးအသားတစ်ပိုင်းစီမှ အားလှိုင်းဂယက်များ ပျံ့နှံ့ထွက်လာသည်။ ထို့နောက် ဒုတိယအသွေးအသား၊ တတိယအသွေးအသား…
နောက်ဆုံးမှာတော့ အသွေးအသားငါးပိုင်းစလုံးသည် တစ်ချိန်တည်းမှာ အားလှိုင်းဂယက်များကို ထုတ်လွှတ်လာကြပြီး တစ်ခုနှင့်တစ်ခု တွေ့ဆုံသွားကြသည်။ အားလှိုင်းဂယက်များက ပိုပြီးပြင်းထန်လာသည့်အခါ ၎င်းတို့က လေထဲသို့ တစ်ပြိုင်နက် မြှောက်တတ်သွားကြပြီး အနက်ရောင်ဝဲကတော့တစ်ခုကို ဖွဲ့စည်းလိုက်သည်။
ခေါင်းဆောင်သည် အနက်ရောင်ဝဲကတော့ကို ကြည့်လိုက်ပြီး နက်ရှိုင်းသော အော်သံကို ထုတ်ဖော်လိုက်သည်။ သူ၏ အော်သံထဲမှာ ရှေးဟောင်းအငွေ့အသက် ကိန်းအောင်းနေပြီး ယင်းက လောကကြီးထဲမှာ ပဲ့တင်ထပ်သွားသည်။
“ ကောင်းကင်နဲ့ မြေပြင်ရဲ့ ဝိညာဉ်… မူလဆီကို ပြန်ဆင်းသက်လာစေ ”
ခေါင်းဆောင်၏ အသံက မြည်ဟိန်းထွက်လာသည့်အခိုက် ဝဲကတော့သည် ပိုပြီးမြန်ဆန်စွာ လှည့်ပတ်လာသည်။ မကြာမီ တည်နေရာပြောင်းရွှေ့သွားခဲ့သော မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူ၏ ဝိညာဉ်သည် အနက်ရောင်ဝဲကတော့ထဲမှာ ထွက်ပေါ်လာသည်။
အစပိုင်းတွင် ၎င်းက ဝေဝါးပြီး ပုံပျက်တွန့်လိမ်နေသည်။ ဤသည်မှာ ၎င်းက ဆွဲထုတ်ခံနေရသည့်အလားပင်။ သို့သော်လည်း ၎င်းက မြန်ဆန်စွာ ကြည်လင်လာနေသည်။
အမှန်မှာ သူ၏ မျက်နှာပေါ်မှ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်းနှင့် မယုံကြည်နိုင်ခြင်း အစရှိသော အမူအရာများသည်ပင် ရှင်းလင်းထင်ရှားသည်။
နောက်အခိုက်အတန့်မှာ ခေါင်းဆောင်သည် ချောက်ချားဖွယ်ကောင်းစွာ ရယ်မောလိုက်ပြီး ဝဲကတော့ကို ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းဆိုသလို မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူ၏ ဝိညာဉ်သည် ပြန်ဆင့်ခေါ်ခံလိုက်ရပြီး လေထဲမှာ ဆွဲထုတ်ခံလိုက်ရသည်။
“ မင်း… ”
မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူသည် စိတ်ပျက်အားလျော့သွားသည်။ သူက တစ်စုံတစ်ခုပြောရန် ပါးစပ်ဟလိုက်သော်လည်း ခေါင်းဆောင်က သူ့ကို လျစ်လျူရှုထားပြီး ဝိညာဉ်ကို အကြင်နာမဲ့စွာ ဖျစ်ညှစ်လိုက်သည်။
ဗုန်းဟူသော မြည်သံနှင့်အတူ သူ၏ ဝိညာဉ်သည် ပြိုကွဲထွက်သွားပြီး ပန်းသီးစိမ်းများအဖြစ်သို့ ပြောင်းလဲသွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။
ဘေးမှ ကျူးချွယ်ဇီသည် မြန်ဆန်သော တုံ့ပြန်မှုကို ပြုလုပ်လိုက်သည်။ သူက မြေပြင်ပေါ်မှာ ပြန့်ကျဲနေသော ပန်းသီးစိမ်းများကို မြန်ဆန်စွာ စုဝေးလိုက်ပြီး ခေါင်းဆောင်ကို ကမ်းပေးလိုက်သည်။
ခေါင်းဆောင်သည် မေးမော့လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။ ရွှီချင်း၏ မျက်လုံးထဲမှာ လှိုင်းဂယက်တချို့ရှိနေကြောင်း သတိထားမိသောအခါ သူက ပိုပြီးဘဝင်မြင့်သွားသည်။
“ ဘယ်လိုလဲ ချင်းလေး… ငါ့မန္တန်က အံ့ဩစရာကောင်းတယ်မလား ”
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး အသွေးအသားငါးပိုင်းကို စူးစမ်းလိုစွာ ကြည့်လိုက်သည်။ ယင်းတို့ထံမှ ရင်းနှီးကျွမ်းဝင်သော အရှိန်အဝါကို သူအာရုံခံမိသည်။
“ ဒီမန္တန်က… ”
ရွှီချင်းက စကားဆုံးအောင် မပြောနိုင်ခင်မှာ ခေါင်းဆောင်သည် လက်ဝှေ့ယမ်းလိုက်သည်။
“ ဒီနတ်ဘုရားအတတ်ပညာရဲ့ နာမည်ကို မင်းမေးတော့မယ်ဆိုတာ ငါသိတယ် ”
“ သေချာနားထောင်ပါ… ဒီနတ်ဘုရားအတတ်ပညာကို ကြီးမြတ်တဲ့ နွားသိုးငါးကောင်က မူလပြန်ဆွဲခေါ်ခြင်း အကြင်နာမဲ့တာအိုလို့ ခေါ်တယ် ”
ထိုသို့ပြောပြီးနောက် ခေါင်းဆောင်သည် ရွှီချင်းကို တစ်ချက်ကြည့်လိုက်သည်။
ရွှီချင်း၏ အမူအရာသည် ပြောင်းလဲသွားသည်။ ဤသည်မှာ သူက ထိုနာမည်ကြောင့် အံ့ဩသွားသည့်အလားပင်။
ခေါင်းဆောင်သည် ပိုပြီးဝမ်းသာသွားသည်။
“ မင်းသင်ချင်လား… စီနီယာအကိုကြီးက မင်းကို သင်ပေးမှာပေါ့… မင်း အဲ့ဒါကို သင်ပြီးသွားရင် တကယ်လို့ တစ်ယောက်ယောက်က ထွက်ပြေးချင်တယ်ဆိုရင်တောင် သူတို့ကို မင်းပြန်ခေါ်နိုင်လိမ့်မယ် ”
ထို့နောက် ခေါင်းဆောင်သည် ဂုဏ်ယူဝင့်ကြွားသော အမူအရာနှင့်အတူ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။ သူက ကျောက်စိမ်းပြားပေါ်မှာ နတ်ဘုရားအတတ်ပညာကို ထည့်သွင်းလိုက်ပြီး ရွှီချင်းကို ပစ်ပေးလိုက်သည်။
ရွှီချင်းသည် ကျောက်စိမ်းပြားကို လက်ခံလိုက်သည်။ ထိုမန္တန်သည် ထူးခြားသည်။ တစ်ချိန်ချိန်မှာ ထိုမန္တန်က သူတို့အတွက် ကြီးမားသော အကူအညီကို ပေးနိုင်လိမ့်မည်ဟု သူခံစားမိသည်။ ထို့ကြောင့် သူက ခေါင်းညိတ်လိုက်သည်။
“ ကျေးဇူးတင်ပါတယ် စီနီယာအကိုကြီး ”
“ ဟား ဟား… ယဉ်ကျေးစရာမလိုပါဘူး… ဒါက ကိစ္စသေးသေးလေးပါ ”
ခေါင်းဆောင်လိုချင်သည်မှာ ထိုသို့သဘောထားဖြစ်သည်။ ရွှီချင်းက ဂျူနီယာသဖွယ် ပြုမူနေသည်ကို မြင်သောအခါ သူက အလွန်စိတ်ကျေနပ်သွားသည်။
တစ်ချိန်တည်းမှာ ပိုင်ရှင်မဲ့နေသော တားမြစ်တောင်ရှစ်လုံးသည် ရွှီချင်း၏ ဦးခေါင်းပေါ်သို့ လွင့်မျောလာကြသည်။
ရွှီချင်းသည် စိတ်ထဲမှာ သုံးသပ်လိုက်သည်။
‘ မီးလျှံလမျိုးနွယ်က ဂုဏ်သရေရှိပုဂ္ဂိုလ်ရဲ့ ပြောစကားအရဆိုရင် တကယ်လို့ ငါက ပထမပြိုင်ပွဲမှာ ပထမရချင်တယ်ဆိုရင် တားမြစ်တောင်တစ်ထောင်ကို လိုအပ်လောက်တယ် ’
‘ ငါပိုပြီး ကြိုးစားရဦးမယ် ’
ရွှီချင်းသည် အကြည့်ပြန်ရုပ်လိုက်ပြီး ခေါင်းဆောင်ကို ကြည့်လိုက်သည်။
ခေါင်းဆောင်သည် ရွှီချင်း၏ အတွေးကို ခန့်မှန်းမိသောကြောင့် ပြုံးလိုက်သည်။ ထို့ကြောင့် သူတို့နှစ်ယောက်သည် သက်တံ့အသွင်သို့ ပြောင်းလဲလိုက်ပြီး အဝေးဆီသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။
ထိုမြင်ကွင်းကို ကျူးချွယ်ဇီမြင်သောအခါ သူ၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ ထိုလူသားနှစ်ယောက်နှင့် တွေ့ဆုံခြင်းသည် သူ့အတွက် အခွင့်အရေးတစ်ခုဖြစ်သည်ဟု သူခံစားမိသည်။ ထိုအခွင့်အရေးကို သူက လက်မလွှတ်ချင်ပေ။ ထို့ကြောင့် သူက ရွှီချင်းနှင့် ခေါင်းဆောင်နောက်သို့ ပျံသန်းလိုက်ပါသွားသည်။
ထိုသို့ဖြင့် ပုံရိပ်သုံးခုသည် တားမြစ်ဇုန်ထဲမှ ပျံသန်းထွက်လာကြပြီး မီးလျှံလ၏ အတွင်းပိုင်းဒေသကြီးဆီသို့ ဆက်လက် ဦးတည်သွားကြသည်။
တားမြစ်ဇုန်သည်တော့ ဖြည်းညင်းစွာ ပြန်တည်ငြိမ်သွားသည်။ တားမြစ်ဇုန်ထဲမှ သန္ဓေပြောင်းသားရဲများသည် တစ်ကောင်ပြီးတစ်ကောင် ပြန်ထွက်ပေါ်လာကြသည်။ ပျောက်ကွယ်သွားသော တားမြစ်တောင်(၂၇)လုံး၏ နေရာတွင် သွေးဝိညာဉ်မြက်ပင်များက ရှင်သန်ကြီးထွားလာကြသည်။
ခုနစ်နာရီကြာပြီးနောက် ကျင့်ကြံသူတချို့သည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြသည်။ သူတို့သည် အစောနက ထွက်ခွာသွားကြသူများ ဖြစ်ကြသည်။ သူတို့က အခြေအနေကို စုံစမ်းစစ်ဆေးရန်အတွက် ပြန်ရောက်လာကြခြင်း ဖြစ်သည်။
သူတို့ထဲတွင် အလွယ်တကူ မထွက်သွားခဲ့သင့်ကြောင်း နောင်တရနေကြသည့် လူတချို့လည်း ရှိသည်။
သို့သော်လည်း တားမြစ်ဇုန်ထဲသို့ ရောက်ရှိလာပြီးနောက် ဤနေရာမှ အပြောင်းအလဲများကို အာရုံခံမိသွားကြသည့်အခါ သူတို့၏ အမူအရာသည် တည်ကြည်လေးနက်သွားကြသည်။
အထူးသဖြင့် တားမြစ်တောင်တန်းဒေသသို့ သူတို့ရောက်ရှိသွားကြသည့်အခါ ဖြစ်သည်။ သူတို့သည် အနီရောင်သွေးဝိညာဉ်မြက်ပင်များနှင့် အလွန်သိပ်သည်းသော သွေးနံ့ကို အာရုံခံမိသွားကြသည်။ သူတို့သည် ချက်ချင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး အမူအရာ ပျက်ယွင်းသွားကြသည်။
“ လူတွေ ဘယ်လောက်တောင် သေဆုံးသွားလို့ သွေးနံ့က ဒီလောက် ပြင်းထန်နေတာလဲ ”
“ အသက်ရှင်ကျန်တဲ့လူ တစ်ယောက်ကိုမှ ငါမတွေ့ဘူး… မဟုတ်မှ ဒီနေရာက ကျင့်ကြံသူအားလုံး အသတ်ခံလိုက်ရတာလား ”
“ မဖြစ်နိုင်တာ ”
အံ့ဩထိတ်လန့်သော အသံများသည် တားမြစ်ဇုန်ထဲမှာ ပျံ့နှံ့သွားသည်။ လူတချို့သည် မယုံကြည်နိုင်ဖြစ်နေသေးသောကြောင့် သူတို့နှင့် ရင်းနှီးကျွမ်းဝင်သော ကျင့်ကြံသူများဆီသို့ အသံပို့လွှတ်လိုက်ကြသည်။ သို့သော်လည်း မည်သည့်တုံ့ပြန်မှုမှ မရှိပေ။
တဖြည်းဖြည်း လူတိုင်းသည် နှုတ်ဆိတ်သွားသည်။ အကြောက်တရားသည် သူတို့၏ မျက်လုံးထဲမှာ အထင်အရှား ထွက်ပေါ်လာသည်။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ရွှီချင်းထွက်ခွာသွားပြီးနောက် အသက်ရှင်ကျန်ရစ်သော လူများသည် လူသားကျင့်ကြံသူနှစ်ယောက်က ပြိုင်ပွဲဝင်သူရာပေါင်းများစွာကို တားမြစ်ဇုန်တစ်ခုထဲမှာ သတ်ဖြတ်ခဲ့ကြောင်း မြန်ဆန်စွာ သတင်းဖြန့်လိုက်ကြသည်။ ထိုသို့ဖြင့် သတင်းသည် လူတစ်ယောက်မှ လူဆယ်ယောက်၊ လူဆယ်ယောက်မှ လူတစ်ရာဆီသို့ ပျံ့နှံ့သွားသည်။
ထိုသတင်းသည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ ကျင့်ကြံသူများကြားမှာ မုန်တိုင်းသဖွယ် ဆက်လက် ပျံ့နှံ့သွားသည်။
ယင်းက အာရုံစိုက်မှုအများအပြားကို ရရှိခဲ့သည်။
ထိုသတင်းကို ပထမဆုံး ကြားသူများသည် မယုံကြည်နိုင်သော အမူအရာဖြင့် တုံ့ပြန်ခဲ့ကြသည်။ သို့သော်လည်း ယင်းကို စုံစမ်းစစ်ဆေးပြီးနောက် သူတို့၏ အတွေးများသည် လှိုင်းထသွားသည်။
အထူးသဖြင့် ပိုင်ဇီမျိုးနွယ်ဖြစ်သည်။ သူတို့က တခြားလူများထက် ပိုပြီးဒေါသထွက်သွားကြသည်။ မည်သို့ဖြစ်ပါစေ ဤတစ်ကြိမ်တွင် အသေအများဆုံးလူသည် သူတို့မျိုးနွယ်ဝင်များ ဖြစ်ကြသည်။ ထို့ပြင် သူတို့မျိုးနွယ်၏ ကောင်းကင်အရွေးချယ်ခံသည်ပင် အသတ်ခံခဲ့ရသည်။
သို့သော်လည်း ပိုင်ဇီမျိုးနွယ်မှ ပညာရှင်ကျင့်ကြံသူများသည် ဤကိစ္စနှင့်ပတ်သက်ပြီး အကူအညီမဲ့နေကြသည်။
သူတို့မျိုးနွယ်၏ အဓိကအင်အားသည် ကောင်းကင်နက်မျိုးနွယ်၏ စစ်မြေပြင်ဆီသို့ ရောက်ရှိနေကြသည်။ သို့ဖြစ်၍ မျိုးနွယ်စုထဲမှာ ပညာရှင်ကျင့်ကြံသူအများကြီး ကျန်မနေခဲ့ပေ။
ယင်းက အဓိကအကြောင်းအရာ မဟုတ်ပေ။ အဓိကအကြောင်းအရာမှာ သူတို့က မဟာအမဲလိုက်ပွဲတော်၏ စည်းမျဉ်းများကို မချိုးဖောက်ဝံ့ချေ။
မဟာအမဲလိုက်ပွဲတော်၏ ပြိုင်ပွဲဝင်သူများသာ တခြားပြိုင်ပွဲဝင်သူများကို တိုက်ခိုက်နိုင်ပေသည်။
သို့သော်လည်း သွယ်ဝိုက်သော လုပ်ဆောင်မှုများက အကျုံးဝင်နေဆဲပင်။ ထို့ကြောင့် အနက်ရောင်တိမ်တိုက်များသည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်အတွင်းမှာ ထွက်ပေါ်လာကြသည်။ ဤသည်မှာ မုန်တိုင်းဖြစ်ပေါ်လာတော့မည့် ရှေ့ပြေးနိမိတ်ဖြစ်သည်။