အံ့အားသင့်ဖွယ်သောစိတ်ကူး။
Vol. 43 Ch. 605
ခံတပ်တံတိုင်းထက်တွင် လျို့ဟော်စစ်တပ်၏ စစ်သေနာပတိချုပ်ဝူရှောင်း၊ စန်းရိမင်းဆက်၏ ဝူဘုရင်ဟုအမည်တွင်သည့် စစ်သူကြီးသည် အောက်ဘက်ရှိ စစ်မြေပြင်ကို တည်ကြည်လေးနက်စွာဖြင့် စောင့်ကြည်နေသည်။ မျက်လုံးအစုံတို့မှာ အေးစက်သော သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ပြည့်နှက်နေ၏။
စန်းရိမင်းဆက်လက်အောက်ခံနယ်မြေများ၌ အင်အားအကြီးမားဆုံးအဖြစ် အမည်ကျော်ကြားသည့် ဝူရှောင်းသည် မရဏမျိုးနွယ်စုစွမ်းအားမြင့်ကျင့်ကြံသူ၅ဦးကို တစ်ဦးတည်းသတ်ဖြတ်နိုင်ခဲ့ခြင်းဟူသော အံ့ချီးဖွယ်မှတ်တမ်းဖြင့် ချန်ခွမ်းအထွတ်အမြတ်ဘုံလောကတစ်ခုလုံးတွင် ကျော်ကြား၏။ ဤလောက၏ စွမ်းဆောင်ရည်ပြောင်မြောက်သော စစ်သူကြီး၇ဦးထဲမှ တစ်ဦးအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။
ဝူရှောင်း၏ဘေးရှိ လျို့ဟော်စစ်တပ်၏စစ်သူကြီးများစွာတို့သည်လည်း ခံတပ်တံတိုင်းအောက်ရှိ စစ်မြေပြင်ကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသည်။ ဤတစ်ကြိမ်မှာ လျို့ဟော်စစ်တပ်မှ နယ်စပ်ကိုစောင့်ကြပ်ခဲ့သည့် အချိန်များအတွင်း ကြုံတွေ့ခဲ့ဖူးသည့်စစ်ပွဲများတွင် အကြီးမားဆုံးစစ်ပွဲဖြစ်ပေသည်။
အတိတ်ကာလများ၌ ကောင်းကင်တာ့အိုမျိုးနွယ်စုခွဲများသည် စန်းရိမင်းဆက်ကို မကြာခဏ ကျူးကျော်ဝင်ရောက်လေ့ရှိခဲ့သော်ငြား ၎င်းတို့မှာ အသေးအဖွဲမျှသာဖြစ်သည်။ ဤမျှကြီးမားသည့် စစ်ပွဲကြီးသည် ပထမဆုံးအကြိမ်ဖြစ်၏။
“စစ်သေနာပတိချုပ်ကြီး အဲဒီ့မျိုးနွယ်စုတွေက စိတ်လွတ်သွားကြတာလား?”
“သူတို့ရဲ့မျိုးနွယ်စုခေါင်းဆောင်တွေကဖြင့် ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အသတ်ခံလိုက်ရပြီကို.. ပြီးတော့ ကျွန်တော်တို့လူသားမျိုးနွယ်ရဲ့ အင်အားစုကြီးကလည်း ခုထိသူတို့နဲ့ မရင်ဆိုင်ရသေးဘူးကို.. သူတို့က ပျက်ရယ်ပြုပြီး တိုက်ပွဲကို အစပြုရဲတယ်ပေါ့လေ”
“ခုထိ အရမ်းတွေစိတ်အားထက်သန်နေကြတုန်းပဲလား သူတို့က?”
ဝူရှောင်း၏ဘေးတွင်ရပ်နေသည့် စစ်သူကြီးတစ်ဦးမှ ရူးသွပ်နေကြသည့် ကောင်းကင်တာ့အိုမျိုးနွယ်စုစစ်သည်များကိုကြည့်လျက် စိတ်ရှုပ်ထွေးစွာမေးမြန်း၏။
အခြားသောစစ်သူကြီးများသည် စကားမဆိုသော်ငြား သူတို့သည်လည်း နားမလည်နိုင်ဟန်ဖြစ်နေကြသည်။
ပုံမှန်အတိုင်းဆိုရင် ဒီကောင်းကင်တာ့အိုမျိုးနွယ်စုတွေက လူအုပ်စုထဲရောနှောပုန်းကွယ်ပြီး တိုက်ခိုက်ဖို့စောင့်ဆိုင်းနေကြရမှာ မဟုတ်ဘူးလား?
ကောင်းကင်တာ့အိုမျိုးနွယ်စုခွဲများ၏ အင်အားအကြီးမားဆုံးသူများကို ရှန်ရှန့်ကျုံဂိုဏ်းမှ သတ်ဖြတ်ခဲ့ပြီးဖြစ်သောကြောင့် သူတို့၏အင်အားသည်လည်း များစွာယုတ်လျော့သွားခဲ့၏။ ပြည်ထောင်ခုနစ်ခု၏ပြိုင်ဘက် မဖြစ်နိုင်တော့ပေ။ သို့ဖြစ်ရာ ဤသို့ကျူးကျော်ရန်မှာလည်း မဖြစ်သင့်ပေ။
သို့သော် ဤကောင်းကင်တာ့အိုမျိုးနွယ်စုခွဲများသည် ဆန့်ကျင်ဘက်လမ်းကို ရွေးချယ်ခဲ့ပြီး စန်းရိမင်းဆက်ကို ကျူးကျော်တိုက်ခိုက်ခြင်းဖြင့် စစ်ပွဲကြီးကို စတင်ခဲ့လေသည်။
‘သူတို့အသက်မရှင်နိုင်မှတော့ သူတို့နဲ့အတူ အသားစဘယ်လောက်များများ ဆွဲခေါ်သွားနိုင်မလဲ’ဟူ၍ ဆုံးဖြတ်ထားပုံရ၏။
“ဖြစ်နိုင်ချေနှစ်ချက်ရှိတယ်”
ဝူရှောင်းမှ တည်ကြည်လေးနက်စွာဖြင့် ပြောသည်။
“ဘာတွေလဲဗျ”
စစ်သူကြီးတစ်ဦးမှ အံ့အားသင့်လျက် မေးမြန်းသည်။
“တစ်အချက် စန်းရိမင်းဆက်ထဲက တစ်ယောက်ယောက်က သူတို့နဲ့ပူးပေါင်းပြီး ထောက်ပံ့ပေးနေတာ”
“နှစ်အချက် ဒီကောင်းကင်တာ့အိုမျိုးနွယ်စုတွေ သူတို့အတွက် တစ်ရာရာခိုင်နှုန်းအာမခံချက်ရှိတဲ့ စစ်ကူအသစ်လက်ခံရရှိထားတာ။ အဲဒါကြောင့် ခုနစ်ပြည်ထောင်ပေါင်းစည်းပြီးတိုက်ခိုက်မယ်ဆိုရင်တောင် မကြောက်ရွံ့တော့တာပဲ”
ဝူရှောင်းမှ မျက်မှောင်ကြုတ်လျက် ရှင်းပြသည်။
ကောင်းကင်တာ့အိုမျိုးနွယ်စုခွဲများ စတင်တိုက်ခိုက်ချိန်တည်းက သူ၏စိတ်နှလုံးတွင် အတွေးတချို့ရှိနေခဲ့ပြီးဖြစ်သည်။ အင်အားအကြီးမားဆုံးသူများကို ဆုံးရှုံးထားရသည့် ကောင်းကင်တာ့အိုမျိုးနွယ်စုခွဲများ စန်းရိမင်းဆက်သို့ ကျူးကျော်တိုက်ခိုက်ဝံ့သည့် အကြောင်းရင်းကို ဤနှစ်ချက်မှအပ ဝူရှောင်း အခြားအကြောင်းရင်းကို စဉ်းစားမရချေ။
“ဘာရယ်”
“ဘယ်လိုလုပ်ပြီး စန်းရိမင်းဆက်ရဲ့လူက ကောင်းကင်တာ့အိုမျိုးနွယ်စုနဲ့ ပူးပေါင်းကြံစည်ရဲမှာလဲ”
“ဖြစ်နိုင်တာက…?”
ဝူရှောင်း၏စကားအဆုံး၌ စစ်သည်များစွာသည် အသက်ပြင်းပြင်းရှုသွင်းလိုက်မိကြပြီး အံ့အားသင့်စွာရေရွတ်ကြလေသည်။ စစ်သူကြီးတစ်ဦးသည် တစ်စုံတစ်ရာကို စဉ်းစားမိသွားဟန်ဖြင့် မျက်မှောင်ကြုတ်သွား၏။ ထို့နောက် ထိုလူ၏အမည်ကိုထုတ်ပြောရန် ပါးစပ်ဟလိုက်သော်ငြား လည်ချောင်း၌သာ တစ်ဆို့နေခဲ့ပြီး စကားလုံးထွက်ကျမလာခဲ့ချေ။ တစ်ဖက်မှလည်း မိမိကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်နေရသေး၏။
နေရာရှိစစ်သည်အားလုံးသည် ထိုစစ်သူကြီးပြောလိုသည့်လူကို သိကြပါ၏။ စန်းရိမင်းဆက်တစ်ခုလုံး၌ ထိုတစ်ဦးသာလျှင် ကောင်းကင်တာ့အိုမျိုးနွယ်စုနှင့် ပူးပေါင်းကြံစည်နိုင်ခြေရှိသည်။ မည်သို့ပင်ဖြစ်စေ ဆွဲဆောင်မှုရှိလှသည့် ကြီးကျယ်ခမ်းနားသည့်နေရာအတွက် လိုချင်တပ်မက်မှုဟူသည် လူတိုင်းခံနိုင်ရည်ရှိသည့်အရာ မဟုတ်သည်လေ။
ယခု၌ စန်းရိမင်းဆက်သည် အုပ်စုနှစ်စုကွဲသွားခဲ့လေပြီ။ တစ်ဖွဲ့မှာ ဝူမျိုးနွယ်စုကဲ့သို့ မင်းသမီးလန်လင်းနှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိသူများဖြစ်ကြပြီး တစ်ဖွဲ့မှာ ထိုလူနှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိသူများ ဖြစ်ကြသည်။
သေချာပေါက်ပင် စစ်သူကြီးများသည် နှစ်အချက်ကိုသာ ယုံကြည်လိုကြပါ၏။ ပထမအချက်ကိုမူ သူတို့လက်မခံလိုပါချေ။ မိမိတို့စစ်သူကြီးများ၊ စစ်သည်များအားလုံးမှာ တိုင်းပြည်ကိုကာကွယ်ရန်အတွက် နယ်စပ်ဒေသတွင် အသက်စွန့်၍ စောင့်ကြပ်ကာကွယ်နေခဲ့ကြသည်။ သို့ဖြစ်ရာ မိမိတို့တိုင်းပြည်မှ နောက်ကျောဓားထိုးခံရသည့်ဖြစ်ရပ်ကို လက်မခံလိုကြပါချေ။
“ဒါမှမဟုတ် နှစ်ခုလုံးလည်း ဖြစ်နိုင်တာပဲ”
“တစ်ယောက်ယောက်က စစ်ကူထောက်ပံ့ခဲ့ရင်တောင် စစ်ကူလေးရတာကိုယုံစားပြီး ကောင်းကင်တာ့အိုမျိုးနွယ်စုခွဲတွေက စန်းရိမင်းဆက်ကို ကျူးကျော်တိုက်ခိုက်ရဲကြမှာမဟုတ်ဘူးလေ။ ဟုတ်တယ်မလား”
“အကယ်၍များ အဲဒီ့လူက ကောင်းကင်တာ့အိုမျိုးနွယ်စုခွဲတွေ စစ်ကူအသစ်ရပြီးတဲ့နောက်မှ ကောင်းကင်တာ့အိုမျိုးနွယ်စုခွဲတွေနဲ့ ပူးပေါင်းခဲ့တာဆိုရင်တော့ တကယ့်ကို ရှိခိုးကောင်က ပုစဉ်းရင်ကွဲကိုဖမ်းနေပြီး နောက်ကွယ်မှာ နက်ဝါငှက်ကျားကြီးစောင့်ဆိုင်းနေတဲ့ မဟာအကြံအစည်ကြီးပဲ မဟုတ်ပေဘူးလား။ ဒါဆိုရင်တော့ အရာအားလုံးက အဓိပ္ပာယ်ရှိသွားပြီ”
စစ်သူကြီးတစ်ဦးမှ သတိတကြီးဖြင့် ပြောလာခဲ့သည်။
ထိုစစ်သူကြီး၏စကားအဆုံး၌ ဝူရှောင်းနှင့်အခြားစစ်သူကြီးများမှာ တုန်လှုပ်ချောက်ချားသွားကြ၏။ ထိုရှင်းလင်းချက်သည် အလွန်တရာ ကြောက်မက်ဖွယ်၊ မယုံကြည်နိုင်ဖွယ်ဖြစ်၏။ သို့သော် လက်ရှိဖြစ်ပျက်နေသည့် အခြေအနေများအားလုံးအတွက် အသင့်တော်ဆုံးသော ရှင်းလင်းချက်ပင်ဖြစ်လေသည်။
တစ်နှစ်ပတ်လုံး နယ်နိမိတ်ကိုစောင့်ရှောက်နေခဲ့သည့် ဝူရှောင်းနှင့်စစ်သည်များသည် ကောင်းကင်တာ့အိုမျိုးနွယ်စုများအကြောင်းကို တစ်ရာရာခိုင်နှုန်းသိရှိသည်ဟု မဆိုဝံ့ပါချေ။ သို့သော် သူတို့သည် သာမန်လူများထက်တော့ ကောင်းကင်တာ့အိုမျိုးနွယ်စုများကို သိရှိနားလည်ပါ၏။
အင်အားအကြီးမားဆုံးသူကို ဆုံးရှုံးထားသည့်အခြေအနေတွင် ကောင်းကင်တာ့အိုမျိုးနွယ်စုခွဲများသည် စန်းရိမင်းဆက်ကို ကျူးကျော်တိုက်ခိုက်ရန် မည်သို့မျှ ဝံ့ရဲကြလိမ့်မည်မဟုတ်ချေ။ အခြားအကူအညီအထောက်အပံ့မရှိပါက စန်းရိမင်းဆက်၏ စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးများသည် သူတို့အားလုံးကို တိုက်ပွဲအတွင်း ပင်ပန်းပြီးသေအောင် သတ်ပစ်နိုင်လေသည်။
သေချာပေါက်ပင် ထိုသို့တိုက်ခိုက်ကြရာမှ ကောင်းကင်တာ့အိုမျိုးနွယ်စုများ ရူးသွပ်သွားသည်လည်း ဖြစ်နိုင်ပါ၏။ သို့သော် ၎င်းဖြစ်နိုင်ချေသည် အလားအလာမရှိလှပေ။
ဘုန်း!
ဝူရှောင်းနှင့်စစ်သည်များ အံ့ဩတုန်လှုပ်နေကြစဉ်တွင် စစ်မြေပြင်မှ ကြောက်ခမန်းလိလိသောအရှိန်အဝါကြီး ပေါက်ကွဲဖြာထွက်လာခဲ့သည်။ ထိုအခိုက်အတန့်၌ ကမ္ဘာလောကတစ်ခုလုံးသည် အလွန်တရာ စိတ်မချမ်းမြေ့ဖွယ်အရှိန်အဝါများဖြင့် ဖုံးလွှမ်းသွားခဲ့ပြီး လေဟာပြင်သည် သာမန်မျက်လုံးဖြင့်မြင်တွေ့နိုင်သည်အထိ တွန့်လိမ်ပုံပျက်လာခဲ့သည်။ ကမ္ဘာလောကကြီးသည် ၎င်းအရှိန်အဝါကို ခံနိုင်ရည်မရှိတော့သည့်အလားပင်။
တံတိုင်းအောက်ခြေ စစ်မြေပြင်တွင် တိုက်ခိုက်နေကြသည့် လျို့ဟော်စစ်တပ်နှင့် ကောင်းကင်တာ့အိုမျိုးနွယ်စုခွဲစစ်သည်များသည် သတိလက်လွတ်ဖြစ်နေကြသောကြောင့် ၎င်းကြောက်ခမန်းလိလိသောစွမ်းအင်ကြီး၏ ဖြိုခွဲဖျက်ဆီးခြင်းကို ခံလိုက်ရလေသည်။ လူခန္ဓာကိုယ်များသည် မြေပြင်သို့ အရှိန်ပြင်းပြင်းလဲကျသွားရပြီး စိုးစဉ်းသော်မျှ မလှုပ်ရှားနိုင်တော့ပေ။
“ချန်ခွမ်းသူတော်စင်ကျင့်ကြံသူပဲ”
ခံတပ်တံတိုင်းထက်ရှိ ဝူရှောင်းနှင့်စစ်သူကြီးများသည် မျက်မှောင်ကြုတ်လျက် ထိတ်လန့်စွာ ရေရွတ်လိုက်ကြသည်။
တိုက်ပွဲက အစပဲရှိသေးတာကို ကောင်းကင်တာ့အိုမျိုးနွယ်စုတွေက ချန်ခွမ်းသူတော်စင်ကျင့်ကြံသူတွေကို စေလွှတ်လိုက်ပြီလား? ဒီလိုစစ်ပွဲမျိုး ဘယ်တုန်းက ရှိဖူးလို့လဲ!
အချိန်တစ်ခုအထိ ဝူရှောင်းနှင့်စစ်သူကြီးများစွာတို့သည် စ်တ်နှလုံးတုန်လှုပ်နေကြလျက် သူတို့၏ခန့်မှန်းချက် ဖြစ်နိုင်ချေသည်လည်း ပို၍ကြီးမားလာခဲ့သည်။
“ဝူမင် အဲဒီ့လူတွေကို သွားတားထား”
အချိန်ခဏကြာပြီးနောက်၌ ဝူရှောင်း အသိစိတ်ပြန်ဝင်လာခဲ့ပြီး မျက်လုံးအိမ်တို့မှေးကျဉ်းလိုက်ပြီး ညွှန်ကြားလိုက်သည်။
စန်းရိမင်းဆက်၏ အင်အားအကြီးမားဆုံးစစ်တပ်အဖြစ် လျို့ဟော်စစ်တပ်သည် ချန်ခွမ်းသူတော်စင်အထွတ်အထိပ် ဝူရှောင်းအပြင် အခြားသော ချန်ခွမ်းသူတော်စင်ကျင့်ကြံသူ ဒါဇင်ကျော်လည်း ရှိသည်။ ထို့ပြင် တော်ဝင်မိသားစုနှင့် ဆက်နွယ်မှုရှိသော ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူများလည်း ရှိသည်။
ပုံမှန်အားဖြင့် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူများသည် လှုပ်ရှားလေ့မရှိပေ။ သူတို့သည် ခံတပ်၏အနက်ရှိုင်းဆုံးအပိုင်းထဲတွင် ကျင့်ကြံနေကြသည်။ ကောင်းကင်တာ့အိုမျိုးနွယ်စုများ သူတို့ကို ပျက်ရယ်မပြုကြစေရန်အတွက် မဟုတ်ခဲ့လျှင် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူများကို တိုက်ရိုက်စေလွှတ်ခဲ့လိုက်ပြီးဖြစ်၏။
“ဟုတ်ကဲ့!”
ဝူမင်နှင့်အခြားစစ်သူကြီးများသည် ဝူရှောင်း၏စကားကို အလျင်အမြန်တုံ့ပြန်သည်။
ထို့နောက် ဝူမင်တို့ထံမှ ကြောက်မက်ဖွယ်အရှိန်အဝါများ ဖြာထွက်လျက် လူတစ်ကိုယ်လုံးမှာ လေးကြိုးမှပစ်လွှတ်လိုက်သည့် မြားတစ်စင်းအလား ကောင်းကင်တာ့အိုမျိုးနွယ်စုများသို့ တစ်ဟုန်ထိုးဦးတည်သွားခဲ့သည်။
အံ့ဩသင့်ဖွယ်သောတိုက်ပွဲကြီး ဖြစ်တည်သွားသည်။ ဝူမင်နှင့်စစ်သူကြီးများသည် ကောင်းကင်တာ့အိုမျိုးနွယ်စု၏ ချန်ခွမ်းသူတော်စင်ကျင့်ကြံသူများနှင့် ထိပ်တိုက် တိုက်ခိုက်ကြသည်။ ကြောက်ခမန်းလိလိသောစွမ်းအင်များသည် မုန်တိုင်းကြီးကဲ့သို့ အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့ရိုက်ခတ်သွားခဲ့သည်။
နှစ်ဖက်လုံးသည် လေဟာပြင်အမြင့်ထက်တွင် တိုက်ခိုက်နေကြသည့်တိုင် မြေပြင်သို့သက်ရောက်မြဲဖြစ်သည်။ လျို့ဟော်စစ်တပ်၏ စစ်သည်များဖြစ်စေ၊ ကောင်းကင်တာ့အိုမျိုးနွယ်စုများ၏ စစ်သည်များဖြစ်စေ နှစ်ဖက်လုံးမှာ ၎င်းစွမ်းအင်သက်ရောက်မှုကို ရှောင်ရှားနေရလေသည်။
“ချန်ဟုန် စန်းရိမင်းဆက်ကို အမြန်ပြန်သွား။ ဧကရာဇ်ကြီးကို ဒီက အခြေအနေတွေကို သတင်းပို့လိုက်။ ပြီးတော့ ငါတို့ခန့်မှန်းထားတာတွေကိုလည်း ဧကရာဇ်ကြီးကို လျှောက်တင်လိုက်ပါ။ ဧကရာဇ်ကြီးကိုယ်တိုင် ဆုံးဖြတ်ချက်ချပေးပါစေ”