သာ့ယန်တောင်တန်း
Vol. 44 Ch. 607
“မင်းသားကြီး ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ”
ထိုစစ်သည်,သည်လည်း စိတ်လှုပ်ရှားတက်ကြွနေကာ အလျင်စလို မေးမြန်း၏။
နဂါးသားတော်လေးက သူ့ရှေ့မှောက်မှာရှိနေတာကို ဘယ်လိုလုပ်ပြီး စိတ်မလှုပ်ရှားဘဲ ရှိနိင်ပါ့မလဲ။
စစ်သည်တစ်ဦးဖြစ်သူ မိမိမှာ နဂါးမျိုးဆက်ထံမှ အနီးကပ်သင်ယူခွင့် ရရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ဖူးချေ။ ယခု၌မူ မင်းသားကြီးကိုမှီခိုသည့် စစ်သူကြီးတစ်ဦးအနေဖြင့် မိမိ၏ကျင့်ကြံဆင့်မှာ မမြင့်မားသည့်တိုင်၊ သူ၏အင်အားသည် မကြီးမားလှသည့်တိုင် မင်းသားကြီးလန်လဲ့၏ ယုံကြည်မှုနှင့် အလေးပေးမှုကို လက်ခံရရှိထားခဲ့သည်။
သို့မဟုတ်ပါက မင်းသားကြီးလန်လဲ့၏ ဉာဏ်ထက်မြက်လွန်းသည့် အစီအစဉ်ကို သူ၏ချန်ခွမ်းသူတော်စင်အဆင့်လေးဖြင့် လိုက်မီရန်မှာ မဖြစ်နိုင်ပေ။
“မစိုးရိမ်ပါနဲ့။ ဒီလိုအခြေအနေရောက်လေလေ ပိုပြီး အေးအေးဆေးဆေးရှိဖို့ လိုအပ်တယ်”
မင်းသားကြီးမှ လက်ကိုဝှေ့ယမ်း၍ အေးစက်စွာပြောသည်။
မင်းသားကြီးသည် အချိန်ခဏမျှစဉ်းစားတွေးတောနေ၏။ အရေးကြီးသည့် အချိန်ကာလဖြစ်လေလေ၊ အလျင်စလိုပြုမူပါက မတော်တဆဖြစ်နိုင်ခြေ ပိုများပေသည်။ တစ်လှမ်းချင်းတစ်လှမ်းချင်း ဖြေးဆေးစွာ လှမ်းလျှောက်သွားခြင်းဖြင့်သာ ထိပ်ဆုံးသို့ရောက်ရှိနိုင်သည်။
“ချန်ဟုန် စန်းရိမြို့တော်ကိုရောက်တာနဲ့ ဧကရာဇ်ကြီးကလည်း နယ်စပ်ဒေသရဲ့သတင်းကိုကြားပြီးတဲ့နောက်မှာ မောင်းမဆောင်ကိုသွားဖို့ စိတ်ဝင်စားမှာမဟုတ်တော့ဘူး။ အဲဒါဆို ကြင်ယာတော်စစ်ထူလည်း တစ်ခုခုလုပ်ဖို့ အခွင့်အရေးမရနိုင်တော့ဘူး”
“အဲဒီ့တော့ စစ်ထူမျိုးနွယ်နဲ့ ယဲ့မျိုးနွယ်ရဲ့ ထိပ်တန်းလုပ်ကြံသူတွေကို စေလွှတ်ပြီး ချန်ဟုန်ကို သတ်ခိုင်းလိုက်။ စန်းရိမြို့တော်ထဲကို ချန်ဟုန်ရောက်မလာစေနဲ့”
လန်လဲ့၏မျက်လုံးအစုံမှာ ရက်စက်ကြမ်းကြုတ်နေခဲ့သည်။
သူ၏ခမည်းတော်သည် ကောင်းကင်ဘုံ၏ချီးမြှောက်ခံရပြီး အင်အားကြီးမားရုံမျှမက ဉာဏ်ပညာကြီးမားပြီး ဖြောင့်မတ်တည်ကြည်သည့်အုပ်ချုပ်သူဖြစ်သည်။ နယ်စပ်ဒေသ၌ စစ်ပွဲဖြစ်နေခြင်းသည် စန်းရိမင်းဆက်တစ်ခုလုံးအတွက် အရေးကိစ္စကြီးတစ်ရပ်ဖြစ်လေရာ မောင်းမဆောင်သို့ ချဉ်းကပ်တော့မည်မဟုတ်ပေ။
ထို့ကြောင့် ကြင်ယာတော်စစ်ထူမှ အခွင့်အရေးရရှိရန်အတွက် နယ်စပ်ဒေသ၏စစ်သတင်းကို စန်းရိမြို့တော်အတွင်း ရောက်ရှိစေ၍ မဖြစ်ချေ။
“ချန်ဟုန်ကို သတ်လိုက်ရင်တောင် အချိန်အကြာကြီး ဖုံးကွယ်ထားနိုင်မှာ မဟုတ်ပါဘူး။ ဝူရှောင်းဘက်က တစ်ခုခုမူမမှန်တာ သတိထားမိတာနဲ့ စစ်ကူအတွက် နောက်ထပ်စစ်သည်တွေ စေလွှတ်လာဦးမှာပါပဲ”
သတင်းပို့သည့်စစ်သူကြီးမှာ တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။ လန်လဲ့၏ ဆိုလိုရင်းအဓိပ္ပာယ်ကို သူချက်ချင်းနားလည်လိုက်ပါ၏။ ထို့ကြောင့် အချိန်ခဏမျှ စဉ်းစားတွေးတောပြီးနောက် ကျယ်လောင်စွာပြောလိုက်သည်။
“ကိစ္စမရှိဘူး။ အချိန်နည်းနည်းနေရင် ကြင်ယာတော်စစ်ထူရဲ့အိပ်ဆောင်ဝင်ချိန်ရောက်ပြီ။ မနက်ဖြန်အထိပဲ အချိန်ဆွဲထားနိုင်ရင် အခွင့်အရေးရှိတယ်”
လန်လဲ့မှ လက်ကိုဝှေ့ယမ်း၍ အေးစက်စွာပြောသည်။
“ဒီငယ်သား နားလည်ပါပြီ။ စစ်ထူမျိုးနွယ်စုခေါင်းဆောင်နဲ့ ယဲ့မျိုးနွယ်စုခေါင်းဆောင်တို့ကို သတင်းပို့လိုက်ပါဦးမယ်”
စစ်သူကြီးသည် တောက်ပသောမျက်လုံးအစုံဖြင့် အလျင်စလို စကားတုံ့ပြန်၏။
ထို့နောက် ခန်းမထဲမှ ချက်ချင်းထွက်ခွာသွားခဲ့သည်။
ထွက်ခွာသွားသည့် စစ်သူကြီး၏နောက်ကျောကို အေးစက်စွာကြည့်လျက် လန်လဲ့သည် ခန်းမဆောင်တွင်း ရပ်ကျန်ရစ်ခဲ့သည်။ ထို့နောက် နန်းတော်ရှိရာအရပ်သို့ မျှော်ငေးကြည့်ရင်းဖြင့် မျက်လုံးများတောက်ပလာပြန်သည်။ နှုတ်ခမ်းနှစ်လွှာသည်လည်း ခပ်ဖျော့ဖျော့လှောင်ရယ်ဟန် ထင်ဟပ်နေခဲ့သည်။
“ခမည်းတော် ထီးနန်းက ကျွန်တော့်အပိုင်ဖြစ်ဖို့ ကံကြမ္မာပါလာပြီးသားပဲ”
လန်လဲ့သည် လက်တစ်ဖက်ကိုဆန့်ထုတ်၍ အသာလှုပ်ယမ်းလိုက်ကာ ခပ်ဖျော့ဖျော့ရေရွတ်၏။
စကားသံတိတ်ဆိတ်သွားသည့်တိုင် အေးစက်မှုသည် ကျန်ရစ်နေဆဲပင်။ လန်လဲ့သည် တင်ပျဉ်ခွေပြန်ထိုင်၍ ဆက်လက်ကျင့်ကြံသည်။
လန်လဲ့၏ လက်ရှိကျင့်ကြံဆင့်သည် တော်ဝင်ဧကရာဇ်အဆင့်ဖြစ်ပြီး ၎င်းမှာ အဆုံးသတ်မဟုတ်ပါချေ။ ယွမ်ရှေးဟောင်းဘီလူးကြီး၏ အငွေ့အသက်နှင့် ထိတွေ့ပြီးနောက်၌ သူ၏အထုံပါရမီသည် ပို၍တိုးတက်လာခဲ့ပြီး ယွမ်ရှေးဟောင်းဘီလူးကြီးမှ ကျန်ရစ်ခဲ့သည့်စွမ်းအင်သည်လည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ လန်လဲ့သည် စွမ်းအင်များကို အကုန်အစင် မစုပ်ယူရသေးသော်ငြား ကျင့်ကြံဆင့်တိုးတက်ရန် ကြိုးစားနေခြင်းဖြစ်သည်။
လျှို့ဝှက်ဆန်းကြယ်၍ အလွန်တရာအင်အားကြီးမားသည့် ယွမ်ရှေးဟောင်းဘီလူးကြီးကို ဆရာတင်မြှောက်ပြီးနောက်တွင် လန်လဲ့သည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကို မျက်စိကျလာခဲ့သည်။ လန်လဲ့သည် စန်းရိမင်းဆက်၏ ဧကရာဇ်တစ်ပါးဖြစ်လာရုံမျှမက ချန်ခွမ်းအထွတ်အမြတ်ဘုံလောကတစ်ခုလုံး၏ အရှင်သခင်တစ်ပါး ဖြစ်လိုသည်။ ထို့နောက် ချန်ခွမ်းအထွတ်အမြတ်ဘုံလောက၏အရှင်သခင်လန်လဲ့အဖြစ် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကို ကျူးကျော်မည်ဖြစ်၏။
လျှို့ဝှက်ဆန်းကြယ်အင်အားကြီးမားသည့် ယွမ်ရှေးဟောင်းဘီလူးကြီးမှ သူ၏ဆရာအဖြစ် နောက်ခံရှိနေသည့်အချိန်မှစတင်၍ လန်လဲ့၏စိတ်နှလုံးအတွင်းရှိ ရည်မှန်းချက်များသည် အဆုံးမဲ့ချဲ့ထွင်ကြီးမားလာခဲ့သည်။
…..
စန်းရိမင်းဆက်အတွင်း အနက်ရောင်လှိုင်းတံပိုးများ သည်းထန်ရိုက်ခတ်နေစဉ်တွင် ဝမ်ဖုန်းတို့သည် ချန်ခွမ်းအထွတ်အမြတ်ဘုံလောကတစ်ခွင် လွတ်လပ်ပျော်ရွှင်စွာ ခရီးနှင်နေကြသည်။ သူတို့သည် ဦးတည်ရာအတည်တကျမရှိ စိတ်၏စေညွှန်ရာအတိုင်း ခရီးနှင်နေကြခြင်းဖြစ်၏။
သူတို့ယခုရောက်ရှိနေသည့်နေရာမှာ မြင့်မြတ်သော သာ့ယန်မင်းဆက်၏ပိုင်နက်ဖြစ်သည့် သာ့ယန်တောင်တန်းတွင်ဖြစ်သည်။
သာ့ယန်မင်းဆက်သည် စန်းရိမင်းဆက်နှင့် နီးကပ်သည်။ သာ့ယန်တောင်တန်းသည် သာ့ယန်မင်းဆက်မြောက်ပိုင်းဒေသ၏ အကြီးဆုံးတောင်တန်းဖြစ်ပြီး ဟန်သွမ့်တောင်တန်းသည် တောင်ပိုင်းဒေသ၏ အကြီးဆုံးတောင်တန်းဖြစ်သည်။
သာ့ယန်တောင်တန်း၌ သစ်ပင်များသည် ဟန်သွမ့်တောင်တန်းမျှ မမြင့်မားကြပေ။ သို့သော် သာမန်သစ်ပင်များထက် များစွာပိုမြင့်မား၏။ ဟန်သွမ့်တောင်တန်းသည် ချန်ခွမ်းအထွတ်အမြတ်ဘုံလောက၏ အကြီးမားဆုံးတောင်တန်းဖြစ်သော်ငြား ကောင်းကင်တာ့အိုမျိုးနွယ်စုနှင့် ဆက်နွယ်မှုများကြောင့် မည်သူမျှ ဟန်သွမ့်တောင်တန်းသို့ ရတနာရှာဖွေရန် မသွားဝံ့ကြချေ။
သို့ဖြင့် သာ့ယန်တောင်တန်းသည် သာ့ယန်မင်းဆက်ပိုင်နက်အတွင်းရှိ သဘာဝရတနာတိုက်ကြီး ဖြစ်လာခဲ့ပြီး သာ့ယန်မင်းဆက်၏ ကျင့်ကြံသူများအတွက် အလွန်တရာကောင်းမွန်သည့် လေ့ကျင့်ရေးနေရာဖြစ်လာခဲ့သည်။
ဝမ်ဖုန်းသည် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲတစ်စုကို ခေါ်ဆောင်၍ သာ့ယန်တောင်တန်း၏တောအုပ်ထဲတွင် ဦးတည့်ရာလျှောက်သွားနေခဲ့သည်။ ဝမ်ဖုန်း၏စိတ်အစဉ်မှာ ဗလာရှင်းလင်းနေလျက် အတိတ်ကာလများ၏ ကျင့်ကြံရေးအကြောင်းအရာများ အတွေးထဲသို့ ဝင်ရောက်လာခဲ့သည်။
ထိုအတွေးများသည် ဝမ်ဖုန်းသာမက ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများ၏ အတွေးထဲသို့ပါ ဝင်ရောက်လာခြင်းဖြစ်သည်။
သူတို့အားလုံး ဝမ်ဖုန်းနောက်သို့လိုက်ခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်ပြီး တစ်ခါတစ်ရံ တိုက်ခိုက်ရန်အတွက် ဝမ်ဖုန်း၏ဆင့်ခေါ်ခံရပြီး အတူလိုက်ပါခဲ့ကာ အချို့အချိန်များတွင် ကမ္ဘာဝန်းထဲ၌ ကျင့်ကြံရင်းဖြင့် ဝမ်ဖုန်းနှင့်အတူ အမြဲရှိခဲ့ကြသည်။
ကမ္ဘာဝန်းထဲ၌ ကျင့်ကြံချိန်တွင် ကိုယ်တိုင်ကျင့်ကြံရုံသာမက ဂိုဏ်းတပည့်များစွာကိုလည်း သင်ကြားပေးကြသည်။ ကမ္ဘာဝန်းထဲ၌ပင် ဂိုဏ်းတပည့်တစ်သောင်းခန့်ရှိပြီး ဂိုဏ်းအကြီးအကဲအရေအတွက်သည် တစ်ရာနီးပါးရှိသည်။
ထို့ကြောင့် ဤသို့စိတ်အေးသက်သာသည့် စိတ်အခြေအနေမှာ အလွန်ရှားပါးလှပေသည်။
ဤသို့လေထုအခြေအနေကို ပျော်မွေ့နေရင်းဖြင့် ဝမ်ဖုန်းတို့သည် သာ့ယန်တောင်တန်း၏ တောနက်ထဲသို့ ဦးတည်ချက်မဲ့စွာ စိတ်စေရာအတိုင်း ဆက်လျှောက်နေကြသည်။ အင်အားတစ်မျိုး၏ တွန်းအားပေးခံလိုက်ရသည့်အလား ဝမ်ဖုန်းတို့သည် အလိုအလျောက် လွတ်လပ်ပေါ့ပါးနေကြသည်။
ဝမ်ဖုန်းတို့သည် မိမိတို့ကိုယ်ကို အကာအကွယ်မထားကြသော်ငြား ဝမ်ဖုန်း၏ကျင့်ကြံဆင့်သည် တော်ဝင်ဧကရာဇ်အထွတ်အထိပ်အဆင့်ဖြစ်ပြီး လီပိုင်သည် ဂုဏ်ထူးဆောင်ဧကရာဇ်အထွတ်အထိပ်အဆင့်ဖြစ်သည်။ ထိုကျင့်ကြံဆင့်များဖြင့် ဉာဏ်အလင်းပွင့်စွမ်းအင်ထုတ်လွှတ်ထားသည့် အခြေအနေတွင် ခန္ဓာကိုယ်မှ အလိုအလျောက် အကာအကွယ်တစ်ခု ဖြစ်တည်ထားစေပေသည်။ ထို့ကြောင့် ဝမ်ဖုန်းနှင့်ကျင့်ကြံဆင့် မတူညီသည့်သာမန်လူများသည် ဝမ်ဖုန်းတို့၏တည်ရှိမှုကို ခံစားမသိနိုင်ပေ။
ဝမ်ဖုန်းတို့သည် တောအုပ်နက်ထဲသို့ တဖြေးဖြေးလျှောက်သွားခဲ့သည်။ တောနက်ထဲသို့ရောက်သည်နှင့်အမျှ ကြုံတွေ့ရသည့် ကျင့်ကြံသူများနှင့် မိစ္ဆာများလည်း ပို၍နည်းပါးလာခဲ့သည်။ နောက်ဆုံးတွင်တော့ တောအုပ်ကြီးတစ်ခုလုံးသည် သုသာန်တစပြင်အလား အလွန်တရာ တိတ်ဆိတ်သွားတော့သည်။
ထိုမူမမှန်ခြင်းကြောင့် ဝမ်ဖုန်းနှင့်အကြီးအကဲများသည် လွတ်လပ်ပျော်မွေ့နေကြရမှ သတိပြန်ကပ်လိုက်ကြသည်။ စိတ်နှလုံးသည် ဗလာရှင်းလင်းနေသည့်တိုင် ခန္ဓာကိုယ်သည်တော့ သတိရှိနေမြဲပင်။ သို့ဖြစ်ရာ ပတ်ဝန်းကျင်အခြေအနေကို ကောင်းစွာ သတိမူနိုင်ပါ၏။
“ထူးဆန်းတယ်။ ဘယ်လိုလုပ်ပြီး သာ့ယန်တောင်တန်း တောအုပ်နက်ကြီးထဲမှာ ရွာတစ်ရွာရှိနေတာလဲ”
ဝမ်ဖုန်း မျက်မှောင်ကြုတ်လိုက်ပြီး အဝေးသို့ကြည့်လိုက်သည်။ သူ၏မျက်လုံးအစုံသည် အတားအဆီးများစွာကို ဖောက်ထွင်းမြင်နိုင်သည့်အလား သာ့ယန်တောင်တန်း တောအုပ်နက်ထဲရှိ နယ်မြေတစ်ခုကို မြင်တွေ့လိုက်သည်တွင် သံသယဖြင့် တီးတိုးရေရွတ်လိုက်သည်။
“ဂိုဏ်းချုပ် အဲဒီ့ရွာကို လျှို့ဝှက်ဆန်းကြယ်စွမ်းအင်တစ်ခုနဲ့ ကာကွယ်ထားပါတယ်။ အဲဒီ့စွမ်းအင်က အနည်းဆုံး ဂုဏ်ထူးဆောင်ဧကရာဇ်ရှိလောက်တယ်။ အဲဒီ့စွမ်းအင်ကပဲ ရွာကို အပြင်လူတွေ ရှာမတွေ့နိုင်အောင် ဖုံးကွယ်ပေးထားတာပါ”
ဝမ်ဖုန်း၏ရေရွတ်သံအဆုံး၌ လီပိုင်သည် သေချာခံစားစစ်ဆေးပြီး ပြော၏။
“သွားမယ် သွားကြည့်ကြမယ်”
လီပိုင်၏စကားကြောင့် ဝမ်ဖုန်း၏မျက်နှာအမူအရာပြောင်းလဲသွားပြီး ပြောလိုက်သည်။
သာ့ယန်တောင်တန်းထဲတွင် ရွာတစ်ရွာရှိနေလိမ့်မည်ဟု ဝမ်ဖုန်း မျှော်လင့်မထားပေ။ မိမိနှင့်လီပိုင်တို့ ကျင့်ကြံဆင့်မြင့်မားသောကြောင့် မဟုတ်ခဲ့လျှင် ဤရွာကို ရှာတွေ့နိုင်ခဲ့မည်မဟုတ်ပေ။ ထို့ကြောင့် ဝမ်ဖုန်းသည် ထိုရွာအပေါ် စိတ်ဝင်စားမှုထက်သန်လာခဲ့သည်။
ဤရွာကို ဂုဏ်ထူးဆောင်ဧကရာဇ်အထွတ်အထိပ်အဆင့်စွမ်းအင်မှ ကာကွယ်ထားခြင်းဖြစ်ရာ တစ်ချက်ကြည့်ရုံဖြင့် သိရှိရန်မလွယ်ကူပေ။