← Chapters

အကာအကွယ်စည်း

Vol. 44 Ch. 608

အကာအကွယ်စည်း

Vol. 44 Ch. 608

ရွာနှင့်နီးကပ်လာသည်နှင့်အမျှ သစ်ပင်များလည်း နည်းပါးလာသည်။ ဝမ်ဖုန်းတို့အားလုံး ယခင်က ကြုံတွေ့ခဲ့ဖူးသည့် သိပ်သည်းထူထပ်သော တောတောင်ရေမြေများနှင့် မတူကွဲပြားသော ခံစားချက်မျိုးကို သိသိသာသာခံစားလာရသည်။

ရွာတည်ရှိရာနေရာသည် ကျောက်တုံးများစွာနှင့် ကျက်တီးမြေဖြစ်ကြီး ကျောက်သားများအကြားမှ မြက်ပင်အနည်းငယ်သာ ကျိုးတိုးကျဲတဲ ထိုးထွက်ပေါက်ရောက်နေသည်။

ဝမ်ဖုန်းတို့သည် ကျောက်တုံးငယ်တစ်ခုပေါ်သို့တက်၍ အဝေးသို့ လှမ်းကြည့်လိုက်သည်။

ဝမ်ဖုန်းနှင့် လီပိုင်မှအပ ပိုင်ယွဲ့ကျင့်စဉ်သခင်ပင်လျှင် ရွာစတည်ရှိမှုကို ခံစားမသိနိုင်ချေ။ ပတ်ဝန်းကျင်တစ်ခွင်ကို ဝေ့ဝဲကြည့်သော်လည်း လူသူကင်းမဲ့နေဟန်သာရှိ၏။ ဝမ်ဖုန်းနှင့်လီပိုင်တို့သည် အကာအကွယ်စည်းကို ခံစားသိနေသော်ငြား ရွာအတွင်းထဲရှိအခြေအနေကို မမြင်တွေ့နိုင်ကြချေ။

“မင်းတို့ဒီမှာနေခဲ့ပြီး ပတ်ဝန်းကျင်ကို စောင့်ကြည့်နေလိုက်ကြ”

ထူးဆန်းသည့်ရွာကို အကဲခတ်ကြည့်နေရင်းမှ ဝမ်ဖုန်းသည် ပိုင်ယွဲ့ကျင့်စဉ်သခင်နှင့်အခြားအကြီးအကဲများသို့ လှည့်ကြည့်၍ ခပ်ဖျော့ဖျော့ပြော၏။

စကားဆုံးသည်နှင့် ဝမ်ဖုန်းနှင့်လီပိုင်သည် အကာအကွယ်စည်းသို့ ဦးတည်သွားကြသည်။

ပိုင်ယွဲ့ကျင့်စဉ်သခင်နှင့် အခြားအကြီးအကဲများသည် လူဖြန့်ကျက်လိုက်ကြပြီး ပတ်ဝန်းကျင်ကို သတိတကြီးစောင့်ကြည့်ကြသည်။

ဝမ်ဖုန်းနှင့်လီပိုင်သည် လေ‌ဟာပြင်ထက်မှ ‌ပျံသန်းမသွားကြပေ။ တစ်လှမ်းချင်းစီ လမ်းလျှောက်သွားကြသည်။ ရွာသည် ထူးခြားဆန်းကြယ်လေရာ ဝမ်ဖုန်းတို့နှစ်ဦးသည်လည်း ပေါ့ပေါ့တန်တန် မပြုမူဝံ့ပါချေ။

ဤနယ်မြေသည် ကျောက်သားမြေကဲ့သို့ မာကြောသည့်ကျက်တီးမြေကြီးဖြစ်‌ေနသည်မှာ ကျောက်တုံးကြီး၏အနီးဝန်းကျင်တွင် ဆူးပင်ချုံပုတ်များ ခြံရံပေါက်ရောက်နေသည့်အလား အရိုင်းလှပေသည်။ 

အရိုင်းနယ်မြေတစ်လျှောက် ‌လျှောက်လှမ်းနေရင်းမှ ဝမ်ဖုန်းတို့နှစ်ဦးသည် လျှို့ဝှက်ဆန်းကြယ်သည့်လေထုအငွေ့အသက်ကို ခပ်ဖျော့ဖျော့ခံစားလာရသည်။ ပျက်သုဉ်းခြင်း၏ ရှေးဦးဆုံးသောနယ်မြေအတွင်းသို့ လျှောက်လှမ်းနေရသည့်အလား ပျက်သုဉ်းခြင်းအတွင်းသို့ ‌လျှောက်လှမ်းနေရသည့်အလား ခံစားလာရပေသည်။

ရွာနှင့်နီးကပ်လာသည်နှင့်အမျှ လျှို့ဝှက်ဆန်းကြယ်သည့်အရှိန်အဝါသည်လည်း ပိုမိုအားကောင်းလာခဲ့သည်။ ဝမ်ဖုန်း၏မျက်လုံးအစုံတို့ ရုတ်တရက်မှေးကျဉ်းသွားပြီး အကာအကွယ်စည်းအနီးတစ်ဝိုက်တွင် ပြန့်ကျဲနေသည့် ကျောက်စရစ်အစအနများကို ကြည့်လိုက်သည်။

ကျောက်စရစ်အစအနများပေါ်တွင် ကမ္ပည်းကျောက်စာတိုင်နှင့်ဆင်တူသည့် ကျောက်ပြားအပိုင်းအစတစ်ခုကို ‌မြင်တွေ့လိုက်သည်။ ကျောက်ပြားထက်တွင် လက်နက်တစ်ခုဖြင့် ထွင်းထားသည်ဟုထင်ရသည့် ‌စာလုံးအချို့ ဝေဝေဝါးဝါးရှိနေ၏။ နှစ်ပေါင်းများစွာသော အချိန်ကာလများ၏တိုက်စားမှုကြောင့် ပျက်စီးယိုယွင်းနေခဲ့လေပြီ။

ဒါက ဘာလဲ?

ဒီရှေးအက္ခရာက ဘာလဲ?

ဝမ်ဖုန်း ခက်ခက်ခဲခဲဖြင့် အက္ခရာနှစ်လုံးကို ဖတ်နိုင်ခဲ့သည်။ သို့သော် ထိုအက္ခရာနှစ်လုံးသည် ရှေးဟောင်းစာလုံးများဖြစ်လေရာ ဝမ်ဖုန်း နားမလည်နိုင်ချေ။

ဒီအက္ခရာတွေက ဘာအဓိပ္ပာယ်လဲ?

တွေးတောရင်းဖြင့်ပင် ဝမ်ဖုန်းနှင့်လီပိုင်တို့သည် အကာအကွယ်စည်းသို့ ဆက်လျှောက်သွားခဲ့သည်။

မသိလိုက်ချိန်၌ပင် ဝမ်ဖုန်းနှင့်လီပိုင်တို့သည် အကာအကွယ်စည်းရှေ့သို့ ရောက်ရှိနေကြလေပြီ။ အကာအကွယ်စည်းရှေ့တွင် ရပ်လိုက်သည်နှင့်တစ်ပြိုင်နက် ဝမ်ဖုန်းတို့နှစ်ဦးသည် ရှေးအချိန်ကာလများ၏ အလုံးအရင်းစွမ်းအင်များ တစ်ဟုန်တိုးဦးတည်လာသည်ကို ခံစားလိုက်ရ၏။ ထိုစွမ်းအင်အရှိန်အဝါသည် ပျက်သုဉ်းခြင်း၏ကနဦးအစကဲ့သို့ဖြစ်သည်။ တစ်ကြိမ်တစ်ကြိမ်ထွက်ပေါ်လာသည့် အရှိန်အဝါသည် သာမန်ဖြစ်သည့်တိုင် တုနှိုင်းမဲ့လောက်အောင် ရှေးကျ၍ကျယ်ပြောလွန်းလှပေသည်။

အချိန်ခဏမျှ တုံ့ဆိုင်းတွေဝေနေပြီးနောက် ဝမ်ဖုန်းသည် လက်ကိုဆန့်ထုတ်၍ ဖောက်ထွင်းမြင်နိုင်သည့် အကာအကွယ်စည်းကို ညင်သာစွာ ထိတွေ့လိုက်သည်။ အကာအကွယ်စည်းပေါ်သို့ ဝမ်ဖုန်း၏လက် ကျရောက်သွားသည်နှင့်တစ်ပြိုင်နက် အကာအကွယ်စည်း၌ အလင်းလှိုင်းလေးများ ထွက်ပေါ်လာသည်။ ထို့နောက် ဝမ်ဖုန်း၏လက်သည် အဟန့်အတားအလျဉ်းမရှိဘဲ အကာအကွယ်စည်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

အကာအကွယ်စည်းသည် ဝမ်ဖုန်းအတွက် စိုးစဉ်းမျှ အသုံးမဝင်သည့်အတိုင်းပင်။

ဝမ်ဖုန်း အံ့အားသင့်သွား၏။ သူ၏ဘေးရှိ လီပိုင်ကိုလည်း အကာအကွယ်စည်းကို ထိကိုင်ကြည့်ရန် အချက်ပြလိုက်သည်။

လီပိုင် ခေါင်းညိတ်လိုက်ပြီး အကာအကွယ်စည်းကို လက်ဖြင့်ထိကိုင်ကြည့်လိုက်သည်။

ဘုန်း!

သို့သော် ခဏအကြာ၌ လီပိုင်သည် အထက်အောက်လွင့်ထွက်သွားရပြီး သွေးတစ်ပွက်အန်ထွက်သွား၏။ အကာအကွယ်စည်းကို ထိကိုင်ခဲ့သည့်လက်သည် အက်ကွဲရာများ ပြည့်နှက်သွားကာ ၎င်းအက်ကွဲရာများမှ သွေးများ အဆက်မပြတ် စီးထွက်‌ေနခဲ့သည်။

အဟွတ်!

လီပိုင်သည် အဝေးရှိ ကျောက်တုံးနှင့် အားပြင်းပြင်းဆောင့်မိသွားရပြီး ‌ခံတွင်းမှလည်း သွေးတစ်ပွက်အန်ထွက်လာသည်။ မျက်နှာသည် စက္ကူတစ်စကဲ့သို့ ဖြူဖျော့သွားရလျက် ခန္ဓာကိုယ်သည်လည်း ဒဏ်ရာအပြင်းအထန်ရသွားခဲ့သည်။

ထိုမြင်ကွင်းကြောင့် မလှမ်းမကမ်း၌ စောင့်ကြည့်ကျန်ရစ်ခဲ့ကြသော ပိုင်ယွဲ့ကျင့်စဉ်သခင်နှင့် အခြားဂိုဏ်းအကြီးအကဲများသည်လည်း ထိတ်လန့်သွားကြပြီး လီပိုသို့ ကူညီထူမတ်ပေးရန် ‌အမြန်ပျံသန်းရောက်လာကြသည်။ 

အကာအကွယ်စည်းရှေ့ရှိ ဝမ်ဖုန်းသည်လည်း ထိတ်လန့်မှုကြောင့် ချက်ချင်း လက်ပြန်ရုပ်သိမ်းလိုက်သည်။ လီပိုင် အကာအကွယ်စည်းကို ထိကိုင်လိုက်ချိန်တွင် ကျယ်ပြောခမ်းနားသည့်စွမ်းအင်ကြီးတစ်ခုကို ဝမ်ဖုန်း ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။ ၎င်းစွမ်းအင်သည် လီပိုင်ကို တွန်းထုတ်လိုက်ခြင်းဖြစ်၏။ 

၎င်းစွမ်းအင်သည် တုနှိုင်းမရနိုင်လောက်အောင် ကျယ်ပြော၍ အဆုံးမရှိဟု ခံစားရ၏။ ဝမ်ဖုန်း၏ကျင့်ကြံဆင့်ဖြင့်ပင် စိတ်နှလုံးတုန်လှုပ်သွားရပြီး ကြမ္မာဝိဉာဉ်သည်ပင် တုန်ယင်သွားခဲ့သည်။

ဝမ်ဖုန်း၏လက်ရှိဝိဉာဉ်သည် ကြမ္မာဝိဉာဉ်အဖြစ်သို့ အသွင်ပြောင်းလဲသွားခဲ့ပြီး ကြမ္မာကျင့်စဉ်စွမ်းအင်များ ပါဝင်နေသည်ဖြစ်၏။ ၎င်းကြမ္မာဝိဉာဉ်ကိုပင် တုန်ယင်စေနိုင်သည့် စွမ်းအင်ဟူသည် မည်သို့သော ကြောက်မက်ဖွယ်စွမ်းအင်ကြီး ဖြစ်လိမ့်မည်နည်း။

ထို့ပြင် ၎င်းစွမ်းအင်သည် ဝမ်ဖုန်းကို မတိုက်ခိုက်ခဲ့သောကြောင့် ဝမ်ဖုန်း ပို၍အံ့အားသင့်သွားခဲ့သည်။ ၎င်းစွမ်းအင်သည် သူ့ကို ဘယ်‌သောအခါမှ ထိခိုက်စေလိမ့်မည်မဟုတ်ဟုပင် မသိစိတ်မှ တွေးလိုက်မိသေးသည်။ ရှင်းပြ၍မရနိုင်သော ရင်းနှီးသည့်ခံစားချက်တစ်မျိုးလည်း ရှိနေပေသည်။

“လီပိုင် မင်းဘယ်လိုနေလဲ”

ဝမ်ဖုန်း လီပိုင်ကိုမေးလိုက်သည်။

ပိုင်ယွဲ့ကျင့်စဉ်သခင်နှင့် အခြားဂိုဏ်းအကြီးအကဲများ၏ အကူအညီဖြင့် လီပိုင်သည် ထရပ်လိုက်ကာ နှုတ်ခမ်းထောင့်မှသွေးများကို သုတ်လိုက်သည်။

“ဂိုဏ်းချုပ် ကျွန်တော် ဝင်လို့မရနိုင်လောက်ဘူး။ အဲဒီ့အကာအကွယ်စည်းမှာ အင်မတန်ကြောက်မက်ဖွယ်အင်အားကြီးတစ်ခု ရှိနေတယ်။ ကျွန်တော့်ရဲ့လက်ရှိကျင့်ကြံမှုအခြေခံနဲ့တောင် ခံနိုင်ရည်မရှိပါဘူး”

“နောက်ဆုံးမှာ ကာကွယ်ပေးခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်စွမ်းအင်ကြောင့်သာ မဟုတ်ခဲ့ရင် အဲဒီ့အကာအကွယ်စည်းရဲ့စွမ်းအင်ကြောင့် ကျွန်တော် အမှုန့်ကြေသွားလောက်ပြီ”

လီပိုင်၏အသံသည် အနည်းငယ်တုန်ယင်နေ၏။ ပြန်တွေးလိုက်ရုံဖြင့်ပင် စိတ်နှလုံးတွင်း တုန်လှုပ်မှုကို ခံစားရမြဲပင်။ သူ့ကို ဝမ်ဖုန်း ပထမဆုံးအကြိမ် ဆင့်ခေါ်ပြီးချိန်မှစ၍ လီပိုင်သည် ဤသို့စိတ်ပျက်အားလျော့မှုမျိုးကို မခံစားခဲ့ဖူးချေ။ သို့သော် ဤတစ်ကြိမ်‌တွင်တော့ လီပိုင် အမှန်တကယ်ပင် စိတ်ပျက်အားလျော့မှုကို ခံစားလိုက်ရပေသည်။

လီပိုင်ပြောခဲ့သည့် သူ့ကိုကာကွယ်ပေးခဲ့သည့် လျှို့ဝှက်ဆန်းကြယ်စွမ်းအင်ဟူသည် စနစ်၏စွမ်းအင်ဖြစ်လိမ့်မည်။ ရှန်ရှန့်ကျုံဂိုဏ်းအစောင့်အရှောက်တစ်ဦးဖြစ်ရာ လီပိုင်ထံတွင်လည်း စနစ်၏တံဆိပ်ခတ်နှိပ်မှုရှိပါ၏။ သေချာပေါက် အလွယ်တကူ မသေဆုံးနိုင်ပေ။

သို့သော် အကာအကွယ်စည်း၏ လျှို့ဝှက်ဆန်းကြယ်စွမ်းအင်သည် အလွန်ကြောက်မက်ဖွယ်အင်အားရှိနေခြင်းကိုမူ ဝမ်ဖုန်း မျှော်လင့်မထားခဲ့ပေ။

ယခင်က ဝမ်ဖုန်းခံစားမိခဲ့သည့် စနစ်အကာအကွယ်၏အငွေ့အသက်သည် ဂုဏ်ထူးဆောင်ဧကရာဇ်အဆင့်ဖြစ်ခဲ့၏။ သို့သော် အဆင့်တူညီသည့် ဂုဏ်ထူးဆောင်ဧကရာဇ်အထွတ်အထိပ်အဆင့် လီပိုင်ကို တစ်ချက်ထိကိုင်လိုက်ရုံဖြင့် စိတ်ပျက်အားလျော့သွားစေခဲ့လေသည်။ 

ရွာက ပိုပြီးထူးဆန်းလာနေတယ်။

“မင်းတို့ အပြင်မှာစောင့်ကြပ်နေခဲ့ကြ။ ငါဂိုဏ်းချုပ် ဝင်သွားပြီးစူးစမ်းကြည့်မယ်”

အချိန်အတော်ကြာ စဉ်းစားတွေးတောနေပြီးနောက်၌ ဝမ်ဖုန်း အံတင်းတင်းကြိတ်၍ တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

ပက်ပင်းကြုံတွေ့နေပြီဖြစ်ရာ မရှောင်လွှဲလိုပါချေ။ ထို့ပြင် ၎င်းစွမ်းအင်သည် ဝမ်ဖုန်းကို တိုက်ခိုက်ခြင်းမပြုလေရာ ဝမ်ဖုန်းမှ အကာအကွယ်စည်းအတွင်းသို့ ဝင်ရောက်ခြင်းကို သဘောတူသည်ဟု ဆိုနိုင်ပေသည်။

“ဂိုဏ်းချုပ် ဒီရွာက အရမ်းထူးဆန်းတယ်။ ဂိုဏ်းချုပ် သေချာဂရုစိုက်သွားပါ”

ဝမ်ဖုန်းကို ဖျောင်းဖျမရနိုင်သည်ကို သိထားကြလေရာ လီပိုင်နှင့်ဂိုဏ်းအကြီးအကဲများသည် ဂရုစိုက်ရန်သာ သတိပေးခဲ့ကြသည်။

ပိုင်ယွဲ့ကျင့်စဉ်သခင်နှင့် အခြားဂိုဏ်းအကြီးအကဲများသည် လီပိုင် မည်မျှအင်အားကြီးမားကြောင်းကို မျက်မြင်ကြုံတွေ့ခဲ့ကြပြီးဖြစ်သည်။ လီပိုင်သည် ဂုဏ်ထူးဆောင်ဧကရာဇ်အထွတ်အထိပ်အဆင့် ဆီးနှင်းအစီအရင်မိစ္ဆာကို အလွယ်တကူသတ်ဖြတ်နိုင်ခဲ့သူဖြစ်သည်။ သို့သော် ဤအကာအကွယ်စည်း၏စွမ်းအင်ကိုမူ စိုးစဉ်းသော်မျှ ခုခံနိုင်စွမ်း မရှိခဲ့ချေ။

ဝမ်ဖုန်း ခေါင်းညိတ်၏။ ဂုဏ်သရေတင့်တယ်စွာသော မျက်နှာအမူအရာဖြင့် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး စိတ်နှလုံးရှင်းလင်းစေလိုက်သည်။ ထို့နောက် တုံ့ဆိုင်းတွေဝေခြင်းမရှိ အကာအကွယ်စည်းထဲသို့ လျှောက်လှမ်းဝင်ရောက်သွားခဲ့သည်။

အချိန်ခဏလေးအတွင်း၌ပင် ဝမ်ဖုန်းသည် အကာအကွယ်စည်းအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး လီပိုင်နှင့်အခြားဂိုဏ်းအကြီးအကဲများ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

ထိုမြင်ကွင်းကို စောင့်ကြည့်နေသည့် လီပိုင်နှင့်အကြီးအကဲများသည်လည်း မျက်နှာအမူအရာများ တည်ကြည်လေးနက်နေကြသည်။ ဂိုဏ်းချုပ်သည် ရှန်ရှန့်ကျုံဂိုဏ်း၏ အသက်ဝိဉာဉ်ဖြစ်သည်။ မတော်တဆဖြစ်ပွားခဲ့လျှင် ရှန်ရှန့်ကျုံဂိုဏ်းကြီးသည်လည်း ပျက်စီးသွားမည်ဖြစ်၏။ သို့သော် သူတို့အားလုံးမှာ အကာအကွယ်စည်းထဲသို့ ဝင်ရောက်၍ ဂိုဏ်းချုပ်နှင့်အတူ လိုက်ပါနိုင်စွမ်းမရှိကြပေ။ 

All Chapters