← Chapters

ဝိဉာဉ်ကျေးရွာ

Vol. 44 Ch. 609

ဝိဉာဉ်ကျေးရွာ

Vol. 44 Ch. 609

အကာအကွယ်စည်းအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့်တစ်ပြိုင်နက် တောက်ပသည့်အလင်းတစ်ခု ဦးတည်လာနေသည်ကို ဝမ်ဖုန်း ခံစားမိလိုက်သောကြောင့် အလိုအလျောက် မျက်လုံးဖိမှိတ်လိုက်၏။

၎င်းအလင်းနှင့် ကျင့်သားရသွားချိန်တွင် ဝမ်ဖုန်း မျက်လုံးဖြေးဖြေးချင်းဖွင့်ကြည့်လိုက်သည်။ ထို့နောက် ဝမ်ဖုန်း အံ့အားမင်သက်သွားခဲ့သည်။

ဤနေရာမှာ နိဗ္ဗာန်ဘုံကဲ့သို့ ကျယ်ပြောသည့်ကမ္ဘာလောကတစ်ခုဖြစ်၏။ ပတ်ဝန်းကျင်တစ်ခွင်ရှိ တောင်များသည် အလွန်တရာမြင့်သွန်းကာ ခမ်းနားကြီးကျယ်လှပေ၏။ တောင်ခြေ၌မူ သေမျိုးကမ္ဘာကဲ့သို့ နေရာအနှံ့အပြားတွင် သက်ကယ်မိုးအိမ်လေးများ တည်ရှိနေပေသည်။

၎င်းသက်ကယ်မိုးအိမ်လေးများ စုဝေး၍ ကျယ်ပြောကြီးမားသည့် ရွာတစ်ရွာဖြစ်တည်နေခြင်းပင်။

ကောင်းကင်သည် ဆွတ်ဆွတ်ဖြူဖွေး၍ တောက်ပသည့်နေရောင်ခြည် မရှိပေ။ သို့သော် နေ့တာကဲ့သို့ လင်းထိန်နေပြီး သက်ကယ်မိုးအိမ်များထက်မှ အလင်းမှုန်လေးများသည် ရွှေရောင်နွေးနွေးလင်းရောင်ခြည်ကို ရောင်ပြန်ထင်ဟပ်နေစေသည်။

မလှမ်းမကမ်းရှိ မြက်ခင်းပြင်တွင် ၄၊၅နှစ်၊ဆယ်နှစ်ဝန်းကျင်အရွယ်ခန့် ကလေးငယ်များ ရယ်မောဆော့ကစားနေကြသည်။ ရွာဝင်‌ပေါက်တွင် ကြိုးကြာရုပ်သွင်ဖြင့် လူအိုကြီးများသည် ဝိုင်းဖွဲ့ထိုင်လျက် တစ်စုံတစ်ရာကို ရယ်ရယ်မောမော ဆွေးနွေးပြောဆိုနေကြသည်။ မြက်ခင်းပြင်တွင် ဆော့ကစားနေသည့် ကလေးများကိုလည်း ချစ်မြတ်နိုးစွာကြည့်ရှုနေကြ‌ပေသည်။

ဤမြင်ကွင်းသည် လူအများ လိုချင်တောင့်တသည့် သာမန်နွေးထွေးလှပသည့် ပန်းချီကားတစ်ချပ်ကဲ့သို့သော မြင်ကွင်းတစ်ခုပင်။

ဝမ်ဖုန်း စိတ်နှလုံးနွေးထွေးသွား၏။ ဤရွာသည် သာမန်ရွာတစ်ရွာဖြစ်ပုံရပေသည်။ ထိုလူအိုကြီးများနှင့် ကလေးတစ်စုထံမှ မည်သည့်ကျင့်ကြံမှုအခြေခံကိုမျှ ဝမ်ဖုန်း မခံစားရပေ။ ဤရွာ၏ ကမ္ဘာလောကတစ်ခုလုံး၌ပင် မည်သည့်စွမ်းအင်ကိုမျှ မခံစားရပါချေ။

သို့သော် ဤကမ္ဘာလောက၏လူသူခပ်သိမ်းသည် စိတ်ကူးမှန်းဆရန် ခက်ခဲနက်နဲလွန်းစွာသော လျှို့ဝှက်ဆန်းကြယ်သည့် အမှန်တရား၏ အမြဲတစေလိုက်ပါခြင်းကို ခံနေရသည်။ ၎င်းသည် ကမ္ဘာလောကရှိ အရာခပ်သိမ်း၏ ကျိုးကြောင်းဖြစ်ပျက်မှုတို့ကို ကျော်လွန်၍ ရှေးအကျဆုံးသော ကနဦးအစသို့ ရောက်ရှိကာ ကမ္ဘာစင်စစ်သို့ ပြန်လည်ရောက်ရှိသွားခဲ့ခြင်း ဖြစ်နိုင်ပေသည်။

ဝမ်ဖုန်းကို ပို၍ထိတ်လန့်စေသည်မှာ ဤကမ္ဘာလောကအတွင်းသို့ ဝင်ရောက်လာပြီးနောက်တွင် သူ၏ကျင့်ကြံမှုအခြေခံသည် ခြေရာလက်ရာမကျန် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ရုပ်ခန္ဓာ၏အင်အားဖြစ်စေ၊ ကျင့်ကြံမှုအခြေခံဖြစ်စေ၊ ဝိဉာဉ်စွမ်းအင်ဖြစ်စေ အရာအားလုံး ပျောက်ကွယ်သွားခဲ့သည်။ သေမျိုးခန္ဓာသို့ ပြန်လည်ရောက်ရှိသွားသည့်အလား အနည်းငယ်ပို‌သန်မာသည့် ရုပ်ခန္ဓာမှအပ အခြားအင်အားကောင်းမွန်သည့်အရာဟူ၍ မကျန်ရစ်တော့ပေ။

စနစ်ပင်လျှင် အင်အားကြီးမားသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအင်တစ်ခု၏ ဆွဲယူသွားခြင်းကို ခံလိုက်ရသည့်အလား ပျောက်ကွယ်သွားခဲ့သည်။

အနည်းငယ်ထိတ်လန့်တုန်လှုပ်နေပြီးနောက် ဝမ်ဖုန်း စိတ်ပြန်တည်ငြိမ်သွား၏။ အချိန်ခဏမျှ စဉ်းစားနေပြီးနောက် ကြိုးကြာရုပ်သွင်လူအုပ်စုသို့ ဦးတည်သွားလိုက်သည်။ ဤကမ္ဘာလောကအကြောင်း တစ်စုံတစ်ရာသိရှိနိုင်ရန် မေးခွန်းအချို့ မေးမြန်းလိုပေသည်။

ဤရွာသည် အလွန်လျှို့ဝှက်ဆန်းကြယ်၍ အလွန်ကြောက်မက်ဖွယ်ကောင်း၏။

ဝမ်ဖုန်း ဤကျင့်ကြံ‌ေရးကမ္ဘာလောကထဲသို့ ရောက်ရှိလာချိန်မှစ၍ ဤသို့အခြေအနေမျိုးနှင့် မကြုံတွေ့ခဲ့ဖူးပေ။ မိမိ၏ကျင့်ကြံမှုအခြေခံကို ဘာမျှမရှိသည့်အခြေအနေသို့ ပြောင်းလဲသွားစေပြီး စနစ်ပင်လျှင် အစအနမကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။

ဤသို့အရာခပ်သိမ်းကို ပိတ်ပင်ထားနိုင်သည့်စွမ်းအင်သည် ဝမ်ဖုန်း စိတ်ကူးမှန်းဆနိုင်သည်ထက် ကျော်လွန်ပေသည်။

ယခင်ကမူ ဝမ်ဖုန်းသည် စနစ်ရှိနေသ၍ အရာအားလုံးလုပ်ဆောင်နိုင်မည်ဟု တွေးထင်ထားခဲ့သည်။ သို့သော် ကြည့်ရသည်မှာ ဤကမ္ဘာ၏လျှို့ဝှက်ဆန်းကြယ်မှုသည် ဝမ်ဖုန်း တွေးတောနိုင်သည်ထက် အများကြီးပိုသာလွန်ပုံရ၏။ စနစ်သည် ဝမ်ဖုန်းကို တိုးတက်‌စေရုံသာဖြစ်ပြီး ကြောက်ရွံ့ခြင်းကင်းမဲ့နိုင်သည့် အခြေအနေသို့ရောက်ရှိသည်အထိ မစွမ်းဆောင်နိုင်ပေ။

 ရွာထဲသို့ဝင်ရောက်ပြီးနောက်တွင် သူ၏ကျင့်ကြံမှုအခြေခံနှင့် အခြားအရာများအားလုံး ပျောက်ကွယ်သွားခဲ့သော်ငြား သူ၏ခန္ဓာကိုယ်အတွင်း၌ ထိုရွာသားများနည်းတူ လျှို့ဝှက်ဆန်းကြယ်သည့်စွမ်းအင်နိယာမများ ဖြစ်တည်သွားခဲ့သည်ကိုမူ ဝမ်ဖုန်း မသိခဲ့ပါချေ။

ကြိုးကြာရုပ်သွင်ဖြင့်လူကြီးများထံသို့ ဝမ်ဖုန်းလျှောက်သွားလိုက်သည်တွင် စကားဝိုင်းဖွဲ့ပြောနေကြသည့် ထိုလူအုပ်စုသည်လည်း ဝမ်ဖုန်း၏တည်ရှိမှုကို သတိပြုမိသွားခဲ့သည်။ ပို၍အသက်ကြီးဟန်ရသည့် လူအိုကြီးတစ်ယောက်မှ ဝမ်ဖုန်းကို သေချာအကဲခတ်ကြည့်လာ၏။ ထို့နောက်တွင် တစ်စုံတစ်ရာကို သတိရသွားသည်ထင်ရသည်.. အံ့အားသင့်သော မျက်နှာအမူအရာသို့ ပြောင်းလဲသွားပြီးနောက် အခြားလူအိုကြီးများနှင့်အတူ ဝမ်ဖုန်းသို့ ဦးတည်လျှောက်လာကြသည်။

“ဒသမညီငယ် ဒီနှစ်တွေအတွင်း မင်းဘယ်တွေရောက်နေခဲ့တာလဲ”

ဝမ်ဖုန်းမှ ဘာမျှမမေးမြန်းရသေးမီ၌ပင် လူအိုကြီးတစ်ဦးမှ ဝမ်ဖုန်းကို မေးမြန်းလိုက်သောကြောင့် ဝမ်ဖုန်း ကြောင်အသွားရသည်။

လူမှားနေတာလား?

“အစ်ကိုကြီးက ဘယ်သူပါလဲ…?”

ဝမ်ဖုန်း လက်ဟန်ဖြင့်အရိုအသေပြုလိုက်ပြီး လေးစားမှုဖြင့် မေးလိုက်သည်။

ဝမ်ဖုန်း၏ အမေးစကားမဆုံးမီ၌ပင် ရှေ့ဆုံးရှိလူအိုကြီးသည် ဝမ်ဖုန်း၏အရိုအသေပေးခြင်းကို အလျင်စလိုရှောင်ရှားလိုက်၏။ ထို့နောက် ကြိမ်ဖန်များစွာ လက်ဝှေ့ယမ်းငြင်းဆန်လေနေလေသည်။ 

“ဒသမညီငယ်လေး မင်းဘာလုပ်နေတာလဲ? မင်းငါတို့ကို အကြာကြီးစောင့်ခိုင်းထားခဲ့တာပဲကွာ”

ထိုစကား‌များကြောင့် ဝမ်ဖုန်းမှာ တစ်ဖန်ကြောင်အသွားရပြန်သည်။

 ဒီလူအိုကြီးတွေက ဘာလုပ်ချင်နေတာလဲ?

“မင်းမှတ်ဉာဏ်ပျောက်ဆုံးသွားတာလား ဒသမညီလေး?”

ဝမ်ဖုန်း၏ ကြောင်အအ အမူအရာသည် ဟန်ဆောင်နေခြင်းမဟုတ်ကြောင်း သတိပြုမိလိုက်သောကြောင့် ရှေ့ဆုံးမှဦးဆောင်နေသည့်လူကြီးမှ သတိတကြီးမေးလာခဲ့သည်။

ထိုဦးဆောင်သည့်လူကြီးနှင့် အခြားလူကြီးများအားလုံးသည် ဝမ်ဖုန်းအပေါ် အမျိုးအမည်မသိသော ရိုသေလေးစားမှုတစ်မျိုး တည်ရှိပုံရ၏။

“ဟုတ်ပါတယ် ကျွန်တော် မှတ်ဉာဏ်ပျောက်ဆုံးနေတာပါ”

ဝမ်ဖုန်း၏မျက်လုံးအစုံတောက်ပသွားပြီး လူအိုကြီး၏စကားအတိုင်း အလိုက်တသင့်ပြန်ပြောလိုက်သည်။

ဒီတိုင်းဆက်သွားလျှင် ပို၍ရှုပ်ထွေးလာမည်ကို ဝမ်ဖုန်း သိပါ၏။ ထို့ပြင် လူအိုကြီးများ၏စကားအတိုင်း အလိုက်တသင့်ဟန်ဆောင်လိုက်လျှင် ဤရွာ၏လျှို့ဝှက်ချက်များကို ရှာတွေ့ကောင်းရှာတွေ့နိုင်ပေမည်။

ဝမ်ဖုန်း၏စကားကြောင့် လူအိုကြီးများ၏မျက်နှာအမူအရာသည် အနည်းငယ်မှုန်မှိုင်းသွားပြီး စိတ်မကောင်းဝမ်းနည်းဟန်များ ထင်ဟပ်သွားကြသည်။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်တွင် ဦးဆောင်သည့်လူအိုကြီးသည် အပြုံးတစ်စကို ဖျစ်ညှစ်ထုတ်လျက် ခပ်ဖျော့ဖျော့ပြောလာ၏။

“ဘာမှမဖြစ်ပါဘူး ဘာမှမဖြစ်ပါဘူး မင်းပြန်လာတယ်ဆိုရင်ပဲရပါပြီ”

“ငါက ညီ၁၃.. သူက ညီ၁၄.. သူက ညီ၁၅. သူက ညီ၁၆”

“မင်းက ဝိဉာဉ်ကျေးရွာမှာ နံပါတ်၁၀ပဲ.. ပြီးတော့ မင်းက ငါတို့ရဲ့ညီငယ်လေး”

“မင်းအထက်မှာ အစ်ကို၉ယောက်ရှိသေးတယ်။ ဒါပေမဲ့ အခုသက်ရှိထင်ရှား‌ရှိနေတဲ့ အစ်ကို၉ သာလိကာပဲ။ သာလိကာက ငါတို့ဝိဉာဉ်ကျေးရွာရဲ့ အုပ်ချုပ်သူခေါင်းဆောင်ပဲ”

ညီ၁၃ဟူသည့် လူအိုကြီးမှ ဝမ်ဖုန်းကို မိတ်ဆက်ပေးသည်။

“ဝိဉာဉ်ကျေးရွာလား”

ဝမ်ဖုန်းမျက်မှောင်ကြုတ်လိုက်ပြီး အံ့အားသင့်သွား၏။

“ဟုတ်တယ် ငါတို့ရွာကို ဝိဉာဉ်ကျေးရွာလို့ခေါ်တယ်”

ညီ၁၃မှ ခေါင်းညိတ်၍ တည်ကြည်လေးနက်စွာပြောသည်။

“ဒီမှာ ကျွန်တော်တို့ရွာအပြင် တခြားဘာရှိသေးလဲ”

ဝမ်ဖုန်းသည် တောက်ပသောမျက်လုံးအစုံဖြင့် ညီ၁၃ကို မေးမြန်းလိုက်သည်။

“ဒီတောင်တန်းဒေသမှာ ဝိဉာဉ်ကျေးရွာတစ်ရွာပဲရှိတယ်။ တောင်တန်းဒေသကိုတော့ ငါတို့ရဲ့ဘိုးဘေးတွေပြောခဲ့တာ ဝိဉာဉ်ကျေးရွာသားတွေက ရွာထဲကနေ အပြင်လုံးဝမထွက်သင့်ဘူးတဲ့။ မလိုက်နာရင် ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာတွေနဲ့ကြုံတွေ့ရပြီး ရွာတစ်ရွာလုံးကို ကပ်ဘေးသင့်စေလိမ့်မယ်တဲ့”

“အဲဒီ့တုန်းက ဒသမညီငယ် မင်းက အရမ်း‌ဆော့ကစားမက်တယ်လေ။ ဘိုးဘေးတွေရဲ့ လေ့ကျင့်သင်ကြားမှုတွေကို လျစ်လျူရှုပြီး ဒီတောင်တန်းဒေသကနေ ထွက်သွားခဲ့တယ်။ ရလဒ်အနေနဲ့ နောက်‌တစ်နေ့မှာ အကြီးဆုံးအစ်ကို၊ အစ်ကို၂၊ အစ်ကို၃၊ အစ်ကို၅၊ အစ်ကို၆နဲ့ အစ်ကို၇တို့ ပျောက်ကွယ်သွားကြတယ်။ ပြီးတော့ မင်းက…”

“အစ်ကို၇ယောက်နဲ့ မင်းနဲ့ ပျောက်သွားခဲ့ကြတဲ့အချိန်တည်းက ရွာသားတွေက ဘယ်တော့မှထပ်ပြီး ဝိဉာဉ်ကျေးရွာထဲကနေ အပြင်မထွက်ရဲကြတော့ဘူး”

ဝမ်ဖုန်း၏အမေးကို ညီ၁၃သည် မပြောအပ်သည့်အကြောင်းရာကို ပြောဆိုနေသည့်အလားဖြင့် အသံနိမ့်ဖြင့်ပြောပြလာခဲ့သည်။

ထိုစကားများကြောင့် ဝမ်ဖုန်း ထိတ်လန့်သွား၏။ ပဟေဠိကို အဖြေမရှာနိုင်သည့်အပြင် ပို၍ရှုပ်ထွေးသွားရလေပြီ။ 

ဒီနေရာက တကယ်ပဲ ဘယ်လိုနေရာလဲ? ဒီနေရာကို နတ်ဘုရားတစ်ပါးပါးက တမင်ရည်ရွယ်ပြီး ဖန်တီးထားတာများလား?

ဒါပေမဲ့ ဘာလို့လဲ?

ဒီသာမန်လူတွေကို ရွာထဲမှာ ပိတ်ထားဖို့အတွက်ပဲလား? ဘာရည်ရွယ်ချက်နဲ့လဲ?

ဝမ်ဖုန်းသည် ညီ၁၃နှင့်အခြားသူများကိုကြည့်လျက် သူ၏မျက်လုံးများ၌ သနားကြင်နာမှုအချို့ ကိန်းအောင်းလာခဲ့သည်။ ဤတောင်တန်းဒေသသည် အဆုံးမဲ့ကျယ်ပြောသည်ထင်ရ၏။ သို့သော် ကမ္ဘာလောကကြီးနှင့် နှိုင်းယှဉ်ပါက ကမ္ဘာငယ်လေးတစ်ခုမျှသာဖြစ်ပြီး ဤလူများအားလုံးမှာ အကျဉ်းသားများကဲ့သို့ပင်.. ဤ‌ကမ္ဘာငယ်လေးအတွင်း၌ အကျဉ်းချခံထားကြရပြီး ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီး၏ အံ့ချီးဖွယ်ရှုမျှော်ခင်းတို့ကို ကြည့်ရှုရန်အခွင့်အရေးလေး‌ပင် မရှိကြပေ။

ထိုဒဿမညီငယ်သည်လည်း ထိုအခြင်းအရာကို လက်မခံနိုင်သောကြောင့် အပြင်လောကကြီးကို ကြည့်ရှုရန်အတွက် ခိုးထွက်သွားခဲ့ခြင်း ဖြစ်နိုင်ပေသည်။

ဝိဉာဉ်ကျေးရွာသားများသည် ဤရွာမှထွက်ခွာသွားသည်နှင့် ဘေးအန္တရာယ်ကြုံတွေ့ရမည့်အချက်ကိုမူ ဝမ်ဖုန်း မျှော်လင့်မထားခဲ့ပေ။ ဒဿမညီငယ် ထွက်သွားလိုက်သည်နှင့်တစ်ပြိုင်နက် အစ်ကို၇ယောက် သေဆုံးသွားခဲ့သည်တဲ့။

ရေခဲအစီအရင်လိုမျိုး ထူးခြားတဲ့ အစီအရင်တစ်မျိုးများလား?

All Chapters