← Chapters

မွှေးရနံ့များပျက်ပြယ်၍ တော်ဝင်သွေးများ သေဆုံးသည်။

Vol. 44 Ch. 611

မွှေးရနံ့များပျက်ပြယ်၍ တော်ဝင်သွေးများ သေဆုံးသည်။

Vol. 44 Ch. 611

တစ်ချိန်တည်း၌ မွန်မြတ်သောမြို့တော်အတွင်းရှိ မောင်းမဆောင်အတွင်း၌ ကြင်ယာတော်စစ်ထူသည် တင်းကြပ်သောဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျက်သရေရှိစွာ မတ်တပ်ရပ်နေခဲ့သည်။ ကျစ်လစ်ကျပ်သည်းသော ဝတ်ရုံသည် သူမ၏ခန္ဓာကိုယ်အလှကို ပိုမို၍ထင်ဟပ်စေခဲ့ပြီး အင်မတန် စွဲမက်ဖွယ်ကောင်းသော နှင်းကဲ့သို့ဆွတ်ဆွတ်ဖြူသည့် ခြေထောက်ကလေးများကိုလည်း ခပ်ရေးရေးမျှ တွေ့မြင်စေခဲ့သည်။

မြင့်မြတ်သောစန်းရိအင်ပါယာ၏ ကြင်ယာတော်ရှစ်ပါးစလုံးသည် အလွန်အမင်းလှပကြပြီး ကမ္ဘာလောကအတွင်းရှိ ထိပ်တန်းအလှပဂေးလေးများ ဖြစ်ကြ၏။ ကြင်ယာတော်စစ်ထူသည် ငယ်ရွယ်ခြင်းမရှိတော့သော်လည်း သူမတွင် ရင့်ကျက်သောအလှတရားကို ပိုင်ဆိုင်ထား၏။ မြင့်မြတ်သောကြင်ယာတော်ရှစ်ပါးအနက်တွင် သူမ၏ အလှတရားနှင့်အဆင့်အတန်းက ကြင်ယာတော်ယဲ့(ယဲ့ရှန်ဖေး)ထက် တစ်ဆင့်သာ နိမ့်ကျသည်။

သို့သော်လည်း ဤအချိန်တွင် ကြင်ယာတော်စစ်ထူ၏မျက်နှာပြင်ထက်၌ ယခင်ကလိုအပြုံးမျိုးရှိမနေခဲ့ဘဲ ဝမ်နည်းပူဆွေးမှုများသာရှိနေခဲ့ကာ တွေ့မြင်ရသူမှန်သမျှကို စိတ်ဓာတ်ကျသွားစေနိုင်၏။

"ခရပ်!"

ရုတ်တရက်ဆိုသလို တံခါးဖွင့်သံတစ်သံထွက်ပေါ်လာခြင်းနှင့်အတူ ကြင်ယာတော်စစ်ထူ၏ လှပသောမျက်နှာကလေးထက်တွင် အပြုံးတစ်ခု လျှင်မြန်စွာ ပေါ်ပေါက်လာခဲ့သည်။ သူမက လေးလေးစားစား ဂါရဝပြုလိုက်ပြီး တိုးညှင်းစွာ ပြောဆိုလိုက်သည်။

"ကျွန်တော်မျိုးမက ဧကရာဇ်မင်းမြတ်ကို တွေ့ဆုံပါတယ်။"

ခန်းနားကြီးကျယ်ပြီး ကျက်သရေရှိသော ဧကရာဇ်စန်းရိသည် ခန်းမကြီးအတွင်းသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာခဲ့ပြီး ဆွဲဆောင်မှုရှိသော ကြင်ယာတော်စစ်ထူကို အပြုံးဖွဖွဖြင့် စူးစိုက်ကြည့်လိုက်ကာ သူမကို ဆွဲထူပေးလိုက်သည်။ သူက ကြင်ယာတော်စစ်ထူ၏ ဆံသားလေးများကို ခပ်ဖွဖွပုတ်ပေးလိုက်ပြီး ညင်သာစွာ ပြောဆိုလိုက်သည်။

"အချစ်ကလေးရယ်၊ အရမ်းကြီးယဥ်ကျေးနေစရာမလိုပါဘူးကွာ။"

သူတို့နှစ်ဦးသည် အိပ်ရာထက်သို့ သဘာဝကျစွာ လမ်းလျှောက်သွားပြီး အတူတကွထိုင်ချလိုက်သည်။ ကြင်ယာတော်စစ်ထူ၏ လှပသောမျက်နှာကလေးထက်တွင်ရှိနေသော မျက်ဝန်းအိမ်ကလေးများသည် ဝေဝါးလာခဲ့ပြီး သူမက တိုးညှင်းစွာ ပြောဆိုလိုက်သည်။

"အရှင်မင်းကြီး"

အဆိုပါ လှပပြီးသာယာနာပျော်ဖွယ်ကောင်းသော အသံကလေးသည် ဧကရာဇ်စန်းရိ၏ နှလုံးအိမ်အတွင်းသို့ စမ်းချောင်းတစ်ခုအလား စီးဆင်းဝင်ရောက်သွားခဲ့ပြီး သူ၏မျက်ဝန်းများကို ပိုမို၍ အရောင်လက်လာစေခဲ့သည်။

ညချမ်းအချိန်အခါသည် ပိုမို၍မှောင်မဲလာခဲ့ပြီး ရယ်မောသံများကလည်း ခန်းမကြီးအတွင်းမှ ထွက်ပေါ်လျက်ရှိသည်။ လူအများကို ရှက်ရွံ့စေနိုင်သော တကျွတ်ကျွတ်မြည်သံများလည်း ပေါ်ပေါက်လာခဲ့သည်။

နာရီအနည်းငယ်ကြာမြင့်သည့်အခါ ဧကရာဇ်စန်းရိသည် ချွေးတရွှဲရွှဲဖြင့် အိပ်ရာထက်တွင်လှဲလျောင်းနေရင်း လက်မောင်းအတွင်းရှိ ကြင်ယာတော်စစ်ထူကို ကြင်နာစွာ ပွတ်သပ်နေခဲ့သည်။ သူ၏မျက်နှာထက်တွင် ကျေနပ်နှစ်သိမ့်နေသော အကြည့်တစ်ခု ရှိနေခဲ့သည်။

"အဟွတ်!"

ရုတ်တရက်ဆိုသလို ဧကရာဇ်စန်းရိ၏အမူအယာမှာ ပြောင်းလဲသွားခဲ့ပြီး ချောင်းထဆိုးလိုက်မိသည်။ သူ၏နှုတ်ခမ်းထောင့်စွန်းမှာ သွေးစီးကြောင်းတစ်ခု ယိုစီးထွက်ပေါ်လာခဲ့ပြီး သူ၏မျက်ဝန်းများကလည်း ပျက်ယွင်းသွားခဲ့သည်။ သူဟာ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို လှည့်ပတ်စေလိုက်သော်လည်း သူ ဘယ်လောက်ပဲကြိုးစားပါစေ အနည်းငယ်မျှသော ခွန်အားကိုမှ မထုတ်ဖော်နိုင်ခဲ့ပါ။

"မင်း!"

ဧကရာဇ်စန်းရိ၏ အမူအယာမှာ ပြောင်းလဲသွားခဲ့ပြီး သူ၏မျက်ဝန်းများက ဓားသွားကဲ့သို့ စူးရှလာခဲ့ကာ သူ့လက်မောင်းအတွင်းလဲလျောင်းနေသော ကြင်ယာတော်စစ်ထူကို စူးစိုက်ကြည့်လိုက်သည်။

သူဟာ ကြင်ယာတော်စစ်ထူကို လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ရင်း ခါယမ်းလိုက်တာကြောင့် ကြင်ယာတော်စစ်ထူ၏ နှင်းကဲ့သို့ဖြူဖွေးသော အရေပြားထက်တွင် သွေးခြေဥ၍ အနီရောင်များ လွှမ်းလာခဲ့ရသည်။

သို့သော်လည်း ဤအချိန်တွင် ကြင်ယာတော်စစ်ထူ၏ နှုတ်ခမ်းထောင့်စွန်းမှာလည်း သွေးများယိုစီးလျက်ရှိပြီး သူမ၏မျက်နှာထက်တွင် ရူးနှမ်းသောအပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူမဟာ ဧကရာဇ်စန်းရိကို စွဲလမ်းစွာ စူးစိုက်ကြည့်နေရင်း သူမ၏ဇီဝဓာတ်ကလည်း တစ်ဖြည်းဖြည်းချင်း ပိုမို၍အားပျော့လာခဲ့သည်။

"ငါ မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါရက်နဲ့ မင်း ဘာလို့ ဒီလိုမျိုး လုပ်ခဲ့ရတာလဲ!"

ဧကရာဇ်စန်းရိသည် နှလုံးအိမ်အတွင်းမှ လှိုက်တက်လာသော အမျက်ဒေါသများကို မြိုသိပ်လိုက်ကာ ကြင်ယာတော်စစ်ထူကို စူးစိုက်ကြည့်လျက် အားတင်း၍ မေးမြန်းလိုက်သည်။

"အရှင်မင်းကြီး၊ ကျွန်မက အစတည်းက ကြင်ယာတော်တစ်ပါး မဖြစ်ချင်ခဲ့ပါဘူး။"

ကြင်ယာတော်စစ်ထူက ခပ်ဖွဖွပြုံးရယ်လိုက်ရင်း တိုးညှင်းစွာ ရေရွတ်လိုက်သည်။

"အဲ့ဒါ စစ်ထူရှင်းကြောင့်လား။ စစ်ထူမိသားစုအတွက်နဲ့ မင်းက ကိုယ်ပိုင်အသက်ကိုတောင် မနှမျောတော့ဘူးပေါ့လေ။"

ဧကရာဇ်စန်းရိ၏အမူအယာမှာ မဲမှောင်လာခဲ့ပြီး အော်ငေါက်ပြောဆိုလိုက်သည်။

ကြင်ယာတော်စစ်ထူက ဤကဲ့သို့ ရူးနှမ်းသောအရာမျိုးကို ပြုလုပ်လိုက်မည်ဟု သူ ဘယ်တုန်းကမှ ထင်မထားခဲ့ပါ။

"အရှင်မင်းကြီးက ဥာဏ်ပညာကြီးမားပြီး သတိထားလွန်းလှပါတယ်။ ဒီကြင်ယာတော်ကသာ မိမိရဲ့ခန္ဓာကိုယ်ကို အဆိပ်မခပ်ဘူးဆိုရင် အရှင်မင်းကြီးကို ဘယ်လိုများ ထောင်ချောက်ဆင်နိုင်ပါတော့မလဲ။"

ကြင်ယာတော်စစ်ထူက တိုးညှင်းစွာ ရေရွတ်ပြောဆိုလိုက်သည်။ သူမဟာ သေခြင်းတရား၏ လက်တစ်ကမ်းတွင်ရှိနေခဲ့သော်လည်း အနည်းငယ်မျှသော အကြောက်တရားကိုမျှ မဖော်ပြခဲ့ဘဲ စိတ်သက်သာရာရသွားသော အပြုံးတစ်ခုကိုသာ ဖော်ပြခဲ့သည်။

"ဒီကြင်ယာတော်ကို အရှင်မင်းကြီး ကောင်းကောင်းမွန်မွန် ဆက်ဆံတာက မှန်ပါတယ်။ ဒါပေမယ့် အရှင်မင်းကြီးရဲ့ ချစ်ခြင်းမေတ္တာအတော်များများကို ကြင်ယာတော်ယဲ့ကိုပဲ ပေးအပ်ခဲ့တာလေ။ ကျွန်တော်မျိုးမ ရရှိခဲ့တာကတော့ တစ်စိတ်တစ်ပိုင်းလောက်ပါပဲ။"

"ဒီကြင်ယာတော် လိုလားတောင့်တတာက လွတ်လပ်မှုနဲ့ ချစ်ခြင်းတရားပါပဲ။ တစ်ခြားသူတွေနဲ့ မျှဝေခြင်းမဟုတ်ဘူး။"

"ဒီမောင်းမဆောင်အတွင်းမှာတော့ ဒီကြင်ယာတော်က ရွေးချယ်ခံလူတစ်ယောက်အနေနဲ့ပဲ ရှိနေရတယ်။ ဒါက ကျွန်တော်မျိုးမ လိုချင်ခဲ့တဲ့ဘဝမျိူး မဟုတ်ပါဘူး။"

ဧကရာဇ်စန်းရိ စကားမပြောနိုင်သေးခင်မှာပဲ ကြင်ယာတော်စစ်ထူက ဆက်လက်၍ ပြောဆိုလိုက်သည်။ သူမ၏ ယခင်ကသွေးရောင်လွှမ်းနေသောအသားအရေသည် စက္ကူဖြူတစ်ရွက်အလား ပိုမို၍ ဖြူဆုတ်လာခဲ့သည်။ သူမကိုယ်တွင်းရှိ ဇီဝဓာတ်မှာလည်း အချိန်မရွေး ဆိတ်သုဥ်းသွားတော့မလိုမျိုး တစ်ဖြည်းဖြည်း အားပျော့လာခဲ့သည်။

"ရယ်စရာကောင်းလိုက်တာ!"

"မင်းက သေတော့မယ့်ဆဲဆဲအချိန်မှာတောင် အဲ့ဒီသားရဲကောင်အတွက် ကာကွယ်ပေးနေတုန်းကို!"

"အကြောင်းအရင်းတစ်စုံတစ်ရာမရှိဘူးဆိုရင် အဲ့ဒီကောင်စစ်ထူရှင်းက မင်းကို ဒီလိုအရာမျိုး ဘာ့ကြောင့်များ လုပ်ခိုင်းရမှာလဲ။"

ကြင်ယာတော်စစ်ထူ၏စကားများကို ကြားလိုက်ရသည့်အခါ ဧကရာဇ်စန်းရိက ဒေါသထွက်သွားခဲ့သည်။ သူ၏ဟိန်းဟောက်သံကြီးက ခန်းမတစ်ခွင် ဟိန်းထွက်သွားခဲ့သည်။ ထိုဆိုးသွမ်းသောသားက ဤမျှလောက်ထိ အေးစက်လိမ့်မည်ဟု ဧကရာဇ်စန်းရိတစ်ယောက် တွေးတောမထားခဲ့ပါ။

"အရှင်မင်းကြီး၊ အရှင်မင်းကြီးကို လက်ထပ်ခဲ့ရတဲ့အပေါ် ကျွန်တော်မျိုးမ နောင်တမရပါဘူး။ ဒါပေမယ့် စစ်ထူမိသားစုမှာ မွေးဖွားလာခဲ့မိတာကိုတော့ နောင်တရမိတယ်။"

ကြင်ယာတော်စစ်ထူ၏နှုတ်ဖျားမှ အားနည်းသောစကားသံတစ်ချို့ ထွက်ပေါ်လာခဲ့သည်။ ထိုကဲ့သို့ရေရွတ်သံနှင့်အတူ ကြင်ယာတော်စစ်ထူ၏ကိုယ်ခန္ဓာအတွင်း ကိန်းဝပ်နေသော ဇီဝဓာတ်များသည် အပြည့်အဝပျက်သုဥ်းသွားခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံးက တစ်ဖြည်းဖြည်း မိန်ဖျော့ပျောက်ကွယ်သွားလေသည်။ နောက်ဆုံးတွင် ကြယ်ရောင်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဧကရာဇ်စန်းရိ၏ရင်ခွင်အတွင်းမှ လုံးဝပျောက်ကွယ်သွားခဲ့လေသည်။

ဒါကိုမြင်တော့ ဧကရာဇ်စန်းရိ၏ နှလုံးသားအတွင်းမှ အမျက်ဒေါသများကလည်း တစ်ဖြည်းဖြည်း တည်ငြိမ်သွားခဲ့ရသည်။ ကြင်ယာတော်စစ်ထူက သူ့ကိုနာကျင်စေခဲ့သော်လည်း သူမဟာ ထိုကိစ္စအားလုံး၏စီမံသူမဟုတ်ကြောင်း ဧကရာဇ်စန်းရိတစ်ယောက် နားလည်နေခဲ့သည်။ ထိုမိန်းမပျိုဟာလည်း အမှန်စင်စစ်မှာတော့ သနားစရာကောင်းသော လူတစ်ယောက်သာ ဖြစ်လေသည်။

ဧကရာဇ်စန်းရိသည် အချိန်အတော်ကလေးကြာအောင် ကြောင်အနေခဲ့ပြီးမှ ပြန်လည်၍ အသိတရားဝင်လာခဲ့သည်။ သူ့ကိုယ်တွင်းရှိစွမ်းအားများမှာ လျှို့ဝှက်ဆန်းကြယ်သောအဆိပ်ကြောင့် ပိတ်ဆို့ခံထားရပြီး အနည်းငယ်တောင် လှုပ်ရှားရန် ခဲယဥ်းနေခဲ့လေသည်။ ဧကရာဇ်စန်းရိ၏အမူအယာမှာ ပို၍ပို၍သုန်မှုန်လာခဲ့သည်။ အိပ်ရာထက်တွင် သူဟာ ခန္ဓာကိုယ်တွင်းရှိခွန်အားများကို လှည့်ပတ်ရန်ကြိုးစားနေပြီး အဆိပ်ကို ဖိနှိပ်ချင်ခဲ့သည်။

သို့သော်လည်း အဆိုပါအဆိပ်က အလွန်အမင်းပြင်းထန်လှချေသည်။ သူ၏စွမ်းအားများကို ပို၍လှည့်ပတ်လေလေ၊ အဆိပ်ကလည်း ပိုမို၍ပျံ့နှံ့လာလေလေဖြစ်သည်။

"ဘုန်း!"

ဤအချိန်၌ လူအိုကြီးတစ်ယောက်၏ပုံရိပ်သည် ခန်းမကြီးအတွင်း၌ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ ဧကရာဇ်စန်းရိ၏အနောက်သို့ အမြဲတမ်းလိုက်ပါနေခဲ့သော အဘိုးအိုဖြစ်သည်။ ဧကရာဇ်စန်းရိ၏အရှိန်အဝါအပြောင်းအလဲကို အာရုံခံလိုက်မိသည်နှင့်တစ်ပြိုင်နက် အဘိုးအိုဟာ မောင်းမဆောင်အတွင်းရှိနေခြင်းကိုတောင် သတိမထားတော့ဘဲ အနည်းငယ်တောင်တုန့်ဆိုင်းမှုမရှိ ချိုးဖောက်ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

အဓိကခန်းမဆောင်အတွင်း ထွက်ပေါ်လာပြီးသည်နှင့်တစ်ပြိုင်နက် အဘိုးအိုသည် ဧကရာဇ်စန်းရိ၏ ဖြူဖျော့နေသောမျက်နှာနှင့် ချွေးအေးများကို တွေ့မြင်လိုက်ရသည်။ အဘိုးအိုက ဧကရာဇ်စန်းရိအနားသို့ အလျှင်စလို တိုးကပ်သွားခဲ့ပြီး သူ၏လက်များကို ဧကရာဇ်၏ပခုံးထက်သို့ ဖိချလိုက်သည်။ သူ့လက်မောင်းများအတွင်းမှ ဆန်းကြယ်သောစွမ်းအားများသည် ဧကရာဇ်စန်းရိ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီးအဆိပ်ကိုဖိနှိပ်ရန် ကူညီပေးနေခဲ့သည်။

ပို၍ထိတ်လန့်ဖွယ်ကောင်းသည်က အဘိုးအိုထံမှ ထုတ်လွှတ်နေသောအရှိန်အဝါများသည် ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်ထက် အားနည်းခြင်းမရှိပါ။ 

သိသာထင်ရှားစွာဖြင့် ၎င်းအဘိုးအိုသည် မြင့်မြတ်သောစန်းရိအင်ပါယာ၏ ဝှက်ဖဲတစ်ခုဖြစ်ချေတော့သည်!

"အရှင်မင်းကြီး၊ အသင်....."

အဘိုးအို၏အမူအယာသည် ပျက်ယွင်းသွားခဲ့ပြီး တိုးညှင်းစွာ မေးမြန်းလိုက်သည်။

"အဲ့ဒီဆိုးယုတ်တဲ့သားတော်ပဲ။ ကြင်ယာတော်စစ်ထူကို အဲ့ဒီဆိုးယုတ်တဲ့ သားတော်က ကြားဝင်အသုံးချခဲ့တာ။ သူမက သူမကိုယ်သူမ အဆိပ်ခတ်ဖို့တောင် မတုန့်ဆိုင်းခဲ့ဘူး။ ဒီဧကရာဇ်ကို ဆန့်ကျင်ဖို့အတွက်တဲ့လေ။"

အဘိုးအိုအပေါ် ဧကရာဇ်စန်းရိက အကြွင်းမဲ့ယုံကြည်တာကြောင့် အနည်းငယ်တောင် ထိန်ချန်ထားခြင်းမရှိဘဲ တိုက်ရိုက်ပြောဆိုလိုက်သည်။ 

အဘိုးအို၏အမူအယာမှာ ထိတ်ထိတ်ပြာပြာဖြစ်သွားခဲ့သည်။ အကြီးဆုံးမင်းသားက ဧကရာဇ်စန်းရိအပေါ် ဤမျှလောက် ဆန့်ကျင်ရဲလိမ့်မည်ဟု အဘိုးအိုဟာ တွေးမထားခဲ့ပါ။ အကြီးဆုံးမင်းသားက တကယ်ပဲ မိုးကောင်းကင်ကြီးကို ဆန့်ကျင်ချင်နေတာလား?

ရဲတင်းလိုက်တာ!

"အရှင်မင်းကြီး ဒီအဆိပ်က တကယ့်ကို ပြင်းထန်လွန်းလှပါတယ်။ ဒီအစေခံအိုကြီး မဖယ်ရှားနိုင်တော့မှာကို စိုးရိမ်မိပါတယ်။"

အတော်ကလေးကြာသည့်အခါ လူအိုကြီးက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလိုက်သည်။ ထူးဆန်းသောအဆိပ်သည် မြင့်မြတ်သောစန်းရိအင်ပါယာ၏ အစွမ်းအထက်ဆုံးကျင့်ကြံသူ ဧကရာဇ်စန်းရိကိုတောင် ခွန်အားများ လုံးဝဥဿုံဆုံးရှုံးသွားစေခဲ့သည်။ အဆိုပါအဆိပ် ဘယ်လောက်များကြောက်လန့်ဖွယ်ကောင်းကြောင်းကို တွေးတောကြည့်ပါလေ။

ပြောရပါလျှင် အဘိုးအို၏ ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်ကျင့်ကြံမှုဖြင့်တောင် ဧကရာဇ်စန်းရိကိုယ်တွင်းရှိအဆိပ်ကို တစ်စိတ်တစ်ပိုင်းသာ ဖိနှိပ်ထားနိုင်ခဲ့သည်။ သူသာ ဧကရာဇ်နှလုံးသားအဆင့်တွင်ရှိနေပါက သူကိုယ်တိုင်ကလည်း အစွမ်းထက်သောအဆိပ်၏ ကူးစက်ခြင်းကို ခံရပေလိမ့်မည်။

"ဒီဧကရာဇ်က ကြင်ယာတော်ယဲ့ကို ဆင့်ခေါ်တယ်လို့ အကြောင်းကြားပေးပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဆိုးယုတ်တဲ့သားတော်ရဲ့အကြံအစည်ကို အောင်မြင်ခွင့်ပေးလို့မရဘူး။"

ဧကရာဇ်စန်းရိ၏မျက်နှာမှာ မဲမှောင်နေခဲ့ပြီး နက်ရှိုင်းသောအသံဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။

All Chapters