← Chapters

မြေကမ္ဘာတုန်ဟီးစေလောက်သော အပြောင်းအလဲ

Vol. 44 Ch. 612

မြေကမ္ဘာတုန်ဟီးစေလောက်သော အပြောင်းအလဲ

Vol. 44 Ch. 612

ပထမမင်းသား၏အိမ်တော်အတွင်း၌ မင်းသားလန်လဲ့သည် နဂါးကိုးကောင်ပါသောဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားခဲ့ပြီး လက်နှစ်ဖက်ကိုနောက်ပစ်လျက် မတ်တပ်ရပ်နေခဲ့သည်။သူ၏ကိုယ်ခန္ဓာမှ သန်မာသောပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်အရှိန်အဝါများ ပျံ့လွင့်ထွက်နေခဲ့ကာ အဓိကခန်းမကြီးတစ်ခုလုံးကို ပြင်းထန်စွာ ခါယမ်းသွားစေခဲ့သည် !

ဤခန်းမကြီးအတွင်း၌ ပထမမင်းသားလန်လဲ့၏ လက်အောက်ငယ်သားများအားလုံး စုရုံးနေကြသည်။ ယဲ့မိသားစုခေါင်းဆောင်ပင်ဖြစ်စေ၊ အဓိကမိသားစုကြီးလေးစု၏ခေါင်းဆောင်များနှင့် များစွာသောစစ်သူကြီးများပင်ဖြစ်စေ၊ လူများသည် မင်းသားလန်လဲ့ကို စိတ်အားတက်ကြွစွာဖြင့် စိုက်ကြည့်နေခဲ့ကြသည်။ထိုသို့စိုက်ကြည့်နေသူများအားလုံးသည် မင်းသားလန်လဲ့ထုတ်လွှတ်လိုက်သောအရှိန်အဝါကြောင့် ထိတ်လန့်သွားခဲ့ရသည်။

" အရှင်မင်းသား... ! "

ဤအချိန်အခါတွင် စစ်ထူမိသားစု၏ခေါင်းဆောင်စစ်ထူရှင်းသည် ခန်းမအတွင်းသို့ အလောသုံးဆယ်ဝင်ရောက်လာခဲ့သည်။ သူ၏မျက်ဝန်းများအတွင်း၌ ဝမ်းနည်းနေသောအကြည့်တစ်ခု ရှိနေခဲ့ပြီး သူက တိုးညှင်းစွာ အော်ခေါ်လိုက်သည်။

" ဘယ်လိုလဲ "

စစ်ထူရှင်း၏မျက်နှာကိုတွေ့မြင်လိုက်ရသည့်အခါ ပထမမင်းသားလန်လဲ့၏မျက်ဝန်းများအတွင်း၌ အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ပြီး နက်ရှိုင်းသည့်အသံဖြင့် မေးမြန်းလိုက်သည်။

" အောင်မြင်တယ် ! "

" ဒါပေမဲ့ ကြင်ယာတော်စစ်ထူ....."

စစ်ထူရှင်းက တစ်ကိုယ်လုံးတုန်ယင်နေခဲ့ကာ ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သူ၏မျက်ဝန်းများအတွင်းမှ ကြည်လင်သောမျက်ရည်စက််များ ထွက်ပေါ်လာခဲ့သည်။

" အဆင်ပြေပါတယ်....ကြင်ယာတော်စစ်ထူက သူမရဲ့အသက်ကို ဒီဧကရာဇ်ရဲ့ကြီးမြတ်တဲ့လုပ်ဆောင်မှုအတွက် စတေးခဲ့တယ်။ ဒီဧကရာဇ်သာ မွန်မြတ်တဲ့အဆင့်အတန်းကိုပိုင်ဆိုင်သွားရင် သူမရဲ့နာမည်ကို ကမ္ဘာကသိစေရမယ်!

" မျိုးနွယ်စုခေါင်းဆောင်စစ်ထူ ဒီဧကရာဇ်သာ နန်းပလ္လင်ကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ရင် မင်းတို့ရဲ့စစ်ထူမိသားစုကို ဦးဆောင်ခွင့်ပေးပါမယ်။ ဒီဧကရာဇ်သာတည်ရှိနေသေးသ၍ စစ်ထူမိသားစုကလည်း ဒီတိုင်းပြည်အတွင်းမှာ ဂုဏ်သရေထွန်းတောက်စေရမယ်လို့ ဒီဧကရာဇ် ကတိပေးတယ်။"

ပထမမင်းသားလန်လဲ့၏မျက်ဝန်းအတွင်း၌ အလင်းတန်းတစ်ခုတောက်ပသွားခဲ့ပြီး ကျယ်လောင်စွာပြောဆိုလိုက်သည်။ အဆိုပါဗိုလ်ကျချယ်လှယ်နိုင်သောစကားလုံးများသည် ခန်းမအတွင်း ပဲ့တင်ထပ်သွားခဲ့ကာ ရှိနေကြသောလူများ၏အမူအရာကို ပြောင်းလဲသွားစေခဲ့သည်။ လူများအားလုံးသည် စစ်ထူရှင်းကို မနာလိုစွာ စိုက်ကြည့်မိလိုက်ကြသည်။

အမျိုးသမီးတစ်ယောက်ကို စတေးလိုက်ခြင်းက မိသားစုတစ်စုလုံးရဲ့ဂုဏ်သရေကို ထွန်းတောက်စေခဲ့သည်။ တကယ့်ကို အကျိုးအမြတ်ကြီးကြီးမားမား ရရှိလိုက်တာပဲ !

ဒီအရာက ကောင်းမွန်တဲ့ကံကြမ္မာပါတကား.....

သနားစရာကောင်းသည့်အရာမှာ သူတို့အနက် ဘယ်သူကမှ ကြင်ယာတော်စစ်ထူနဲ့ ပခုံးချင်းယှဥ်၍ မရပ်တည်နိုင်ခဲ့ပါ။ ကြင်ယာတော်စစ်ထူနဲ့ ပခုံးချင်းယှဥ်၍ရပ်တည်နိုင်သောသူ သို့တည်းမဟုတ် ကြင်ယာတော်စစ်ထူကို ဖိနှိပ်နိုင်သူဖြစ်ဆို၍ သူတော်စင်ကြင်ယာတော်ယဲ့သာ ရှိတော့သည်။

သို့သော်လည်း ကမ္ဘာတွင်း ရှိရှိသမျှလူတိုင်း သိထားကြသည်။ ကြင်ယာတော်ယဲ့သည် လက်ရှိယဲ့မိသားစုခေါင်းဆောင်နဲ့ ပဋိပက္ခများ ရှိနေခဲ့သည်။

လူတိုင်းသည် ယဲ့မိသားစုခေါင်းဆောင်အား လှမ်း၍စိုက်ကြည့်မိလိုက်ကြသည်။ သေချာပါသည်။ သူ၏အမူအရာက အင်မတန်သုန်မှုန်နေခဲ့သည်။ သူတို့ယဲ့မိသားစုပိုင်ဆိုင်သင့်တဲ့ဂုဏ်သရေကို စစ်ထူမိသားစုက လုယူသွားခဲ့သည်။ ဒါကြောင့် ယဲ့မိသားစုခေါင်းဆောင်၏အမူအရာက ဂဏာမငြိမ်ဖြစ်နေခဲ့သည်။

" ကျေးဇူးတင်ပါတယ် အရှင်မင်းသား "

" ကြင်ယာတော်စစ်ထူကလည်း အသိတရားရှိတဲ့လူပါ။ သူမ ငြိမ်းချမ်းစွာ အနားယူသွားမှာပါ။ "

မင်းသားလန်လဲ့၏စကားများကို ကြားလိုက်ရသည့်အခါ စစ်ထူရှင်း၏မျက်ဝန်းအနက်ပိုင်း၌ ပျော်ရွှင်မှုအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။ သို့သော်လည်း သူ၏မျက်နှာက အင်မတန်မှ ဝမ်းနည်းနေသေးပုံပေါ်အောင် ဖော်ဆောင်ထားခဲ့သည်။ သူက မင်းသားလန်လဲ့ကို လေးစားစွာဂါရဝပြုလိုက်ပြီး ဝမ်းနည်းနေသောလေသံဖြင့် ပြောဆိုလိုက်သည်။

ဤမြင်ကွင်းကြောင့် ရှိနေကြသော စွမ်းအားရှင်များအားလုံးသည် အဝေးတစ်နေရာသို့ အကြည့်ရွှေ့မိလိုက်ကြသည်။ ဘယ်သူကမှ စစ်ထူရှင်း၏ပြဇာတ်ကို မကြည့်ရှုလိုကြပါ။

" လူတိုင်းပဲ။ ဒီဧကရာဇ်က မြင့်မြတ်တဲ့ဂုဏ်ရာထူးကို ဒီကနေ့မှာ ယူဆောင်ရမယ် ! "

" တော်ဝင်မိသားစုရဲ့ ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်တွေနဲ့ရင်ဆိုင်ဖို့ ဒီဧကရာဇ်က တာဝန်ယူမယ်။ နန်းတော်ထဲက ကျန်ရစ်တဲ့အစောင့်အရှောက်တွေကိုတော့ မင်းတို့နဲ့ လွဲထားရစ်ခဲ့မယ်။ "

မင်းသားလန်လဲ့က ရှိနေသောလူများကို အေးစက်စွာ ဝေ့ဝေ့ကြည့်လိုက်ပြီး ခပ်ဖွဖွဂါရဝပြုလိုက်လျက် ပြောဆိုလိုက်သည်။

" မစိုးရိမ်ပါနဲ့ အရှင်မင်းသား....အရှင်မင်းသားအတွက်ဆိုရင် ကျွန်တော်တို့တွေက ဓားတောင်ကိုဖြတ်ကျော်ပြီး မီးပင်လယ်ကို လက်ပစ်ကူးမှာပါ။ ကျွန်တော်တို့တွေ လုံးဝကို တုန့်ဆိုင်းမနေပါဘူး။ "

မင်းသားလန်လဲ့၏စကားကို ကြားလိုက်ရသည့်အခါ လူတိုင်းက ထိတ်လန့်သွားကြပြီး အလျှင်အမြန်ဂါရဝပြုလိုက်ကြသည်။ ထိုသူတို့၏တစ်ညီတစ်ညွှတ်တည်းဟစ်ကြွေးသံကြီးသည် ခန်းမကြီးကို ခါယမ်းစေခဲ့ကာ အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားခဲ့လေသည်။

ပထမမင်းသားအိမ်တော်၏အပြင်ဘက်တွင်တော့ အရေအတွက်များပြားသောစစ်သားများ မတ်တပ်ရပ်နေခဲ့ကြသည်။ အဆိုပါစစ်သားများသည် ပိန်းပိန်းအောင်နက်မှောက်သော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားခဲ့သည်။ သူတို့၏မျက်နှာက တည်ငြိမ်နေခဲ့ကာ ခန္ဓာကိုယ်မှလည်း လေးလံသောသတ်ဖြတ်လိုသည့်အရှိန်အဝါများကို ဖော်ထုတ်နေခဲ့သည်။

အဆိုပါများပြားသောစစ်သားများ၏သတ်ဖြတ်ငွေ့များကြောင့် ပထမမင်းသား၏စံအိမ်တော်တစ်ခုလုံးအတွင်း၌ စိတ်အားကျဖွယ်ရာလေထုကြီးတစ်ခု ကြီးစိုးလျက်ရှိနေခဲ့သည်။

" စစ်ပွဲ အောင်မြင်ရမယ် ! "

ပထမမင်းသားသည် လက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။

" စစ်ပွဲအောင်မြင်ရမယ် ! "

" စစ်ပွဲအောင်မြင်ရမယ် ! "

ဦးစွာပထမ ခန်းမကြီးအတွင်းရှိစွမ်းအားရှင်များက တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်လိုက်ကြ၏။ ထို့နောက် ပထမမင်းသားအိမ်တော်အတွင်းရှိ ရှိရှိသမျှလူတိုင်းသည် ကျုံးဝါးအော်ဟစ်လိုက်ကြလေသည်။ အဆိုပါကျယ်လောင်သောကျုံးဝါးသံကြီးသည် ပဲ့တင်ထပ်သွားခဲ့ကာ ကမ္ဘာလောကကြီးကို ခါယမ်းစေခဲ့၏။

ထို့သို့ဟစ်ကြွေးပြောဆိုလိုက်ပြီးနောက် ပထမမင်းသားဦးဆောင်သောစွမ်းအားရှင်များသည် ခန်းမအတွင်းမှ တစ်ယောက်ပြီးတစ်ယောက်ထွက်ပေါ်လာခဲ့ကာ ကောင်းကင်ထက်သို့ပျံတက်၍ နန်းဆောင်များရှိရာသို့ ဦးတည်လာခဲ့သည်။ ပထမမင်းသားအိမ်တော်အတွင်းရှိ စစ်သားများကလည်း ပုရွက်ဆိတ်အုံကြီးကဲ့သို့ တစ်စုတစ်စည်းတည်း စတင်ချီတက်လာခဲ့ကြသည်။

မွန်မြတ်သောမြို့တော်ကြီးတစ်ခုလုံးသည် ရုတ်တရက်ကြီးကျယ်သောအပြောင်းအလဲကြီးကို ရင်ဆိုင်ခဲ့ရသည်။

" ဟာ.....! "

" အကြီးဆုံးမင်းသားက ပုန်ကန်တော့မှာလား ? "

" တစ်ခုခုဖြစ်သွားပြီ ! "

" ထိတ်လန့်စရာ သတင်းထူးကြီးဟေ့ ! "

" ပထမမင်းသားက ဘယ်လိုများ ရဲတင်းလွန်းရတာလဲ "

မြင့်မြတ်သောစန်းရိအင်ပါယာအတွင်းရှိ ကျင့်ကြံသူများသည် သူတို့၏အိမ်အတွင်း ပုန်းအောင်းနေခဲ့ကာ တစ်ကိုယ်လုံးတစ်ဆတ်ဆတ်တုန်ယင်လျက် ကြောက်လန့်တကြားဆွေးနွေးပြောဆိုနေကြသည်။ ဤကဲ့သို့အချိန်အခါတွင် ဘယ်ကျင့်ကြံသူကမှ အပြင်မထွက်ရဲကြပါ။ မြင့်မြတ်သောစန်းရိအင်ပါယာ၏ အဆင့်မြင့်အရာရှိကြီးများအားလုံးကလည်း ရောယောင်အထောင်းခံရမှာစိုးတာကြောင့် ကိုယ်ပိုင်အိမ်တော်များအတွင်း၌သာ ပုန်းအောင်းနေခဲ့ကြသည်။

ဤသည်မှာ အရေးကိစ္စကြီးဖြစ်၏။

ပထမမင်းသားသည် စတင်ပုန်ကန်ရဲသည်ဖြစ်ရာ အကြွင်းမဲ့သောယုံကြည်ချက်ကို ပိုင်ဆိုင်ထားပေလိမ့်မည်။သို့သော်လည်း ဧကရာဇ်စန်းရိ၏အင်အားမှာလည်း လျော့နည်းခြင်းမရှိပါ။ ဤတိုက်ပွဲအတွင်း၌ ဘယ်သူနိုင်မည်၊ ဘယ်သူရှုံးမည်ကို ခန့်မှန်းရန်က မဖြစ်နိုင်ချေ။ ထို့အတွက်ကြောင့် ကြားဝင်သူများအားလုံးသည် သေဆုံးရပေလိမ့်မည်။

ဒါ့အပြင် ဤမျှလောက်အပြောင်းအလဲကြီးကို နန်းတော်အတွင်းရှိလူများက အဘယ်ကြောင့် သတိမပြုမိဘဲ နေရမည်နည်း?

.....

လွန်ခဲ့သည့်တစ်နာရီခန့်အကြာက တော်ဝင်နန်းတော်ကြီးတစ်ခုလုံးသည် အချက်ပေးသံများဖြင့် ဆူညံသွားခဲ့သည်။ အဆိုပါအုံအုံကြွကြွဖြစ်မှုသည် မျှော်မှန်းထားသည်ထက် ကျော်လွန်ခဲ့တာကြောင့် စစ်ပွဲဘုရင်နှင့်အခြားသောမင်းသားများကလည်း နန်းတော်အတွင်းဆင့်ခေါ်ခြင်းခံခဲ့ရကာ တော်ဝင်ဦးရီးတော်များကလည်း တစ်ယောက်ပြီးတစ်ယောက် အလျိုအလျိုထွက်ပေါ်လာကြသည်။

ပြောစရာမလိုပါဘဲ၊ သူတို့အားလုံးက နန်းတော်အတွင်း အပြောင်းအလဲကြီးတစ်ခုဖြစ်နေကြောင်း သိရှိလိုက်ကြရသည်။ ဒီလောက်ပြင်းပြင်းထန်ထန်လှုပ်ရှားသွားတာဆိုတော့ ဧကရာဇ်နဲ့တစ်စုံတစ်ခု ပတ်သတ်နေရမယ်။

အကြီးဆုံးမင်းသား၏ပုန်ကန်မှုနဲ့ပေါင်းစပ်လိုက်သည့်အခါ အချို့သောအရာရှိကြီးများ၏ မျက်ဝန်းသူငယ်အိမ်များဟာ ပြူးကျယ်သွားကြသည်။ သူတို့၏အမူအရာကလည်း ထိတ်လန့်နေခဲ့ကြကာ တွေးတောရန်တောင် မဝံ့ရဲကြတော့ပါ။

ဧကရာဇ်မင်းမြတ်၏မတော်တဆဖြစ်ပွားမှုမကြာသေးခင်မှာဘဲ အကြီးဆုံးမင်းသားက ချက်ချင်းထ၍ ပုန်ကန်ခဲ့သည်။ဤကဲ့သို့အစီအစဥ်မှာ တကယ့်ကို ထိတ်လန့်ဖွယ်ရာ ကောင်းလှလေသည်။

ဧကရာဇ်စန်းရိကိုတောင် ဒီလိုဒုက္ခကြီးတွေးကြုံစေခဲ့တဲ့အထိ ပထမမင်းသားမှာ ဘယ်လိုမျိုးဝှက်ဖဲကို ပိုင်ဆိုင်ထားတာလဲ။

မွန်မြတ်သောမြို့တော်အတွင်းရှိ ကျင့်ကြံသူများအားလုံး တုန်လှုပ်ခြောက်ခြား၍ ထိတ်လန့်နေကြစဥ်မှာပင် အနက်ရောင်ဝတ်ဆင်ထားသော စစ်သားများကလည်း အလျိုလျို ထွက်ပေါ်လာကြပြန်သည်။ သူတို့၏ခန္ဓာကိုယ်များပေါ်၌ ပြင်းထန်သောသတ်ဖြတ်ငွေ့များ ရစ်သိုင်းထားခဲ့ပြီး သူတို့ဟာ နတ်ဆိုးစစ်တပ်ကြီးကဲ့သို့ ဖြစ်နေခဲ့ကာ ကြည့်ရှုနေသောကျင့်ကြံသူများကို ထိတ်လန့်စေခဲ့သည်။

နန်းတော်ကြီးအရှေ့တွင် ဝူမိသားစု၏သခင်ငယ်လေးဝူရှောင်းသည် ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်လျက် မတ်တပ်ရပ်နေခဲ့သည်။ သူ၏မျက်နှာမှာ အေးစက်နေပြီး ခက်ထန်နေခဲ့သည်။ သူ၏သိန်းငှက်ကဲ့သို့ စူးရဲသည့်မျက်ဝန်းများကလည်း စစ်သားအုပ်စုကြီးကို အဆက်မပြတ်စိုက်ကြည့်နေခဲ့သည်။ သူ၏ခန္ဓာကိုယ်ထက်မှလည်း သန်မာသောသတ်ဖြတ်လိုသည့်စိတ်ဆန္ဒများ ထွက်ပေါ်လာခဲ့သည်။

သူ၏ပတ်လည်တွင် ရွှေရောင်ချပ်ဝတ်တန်ဆာများဝတ်ဆင်ထားသော စစ်သားအုပ်စုတစ်စုရှိနေခဲ့သည်။ အဆိုပါစစ်သားတစ်ယောက်ချင်းစီတိုင်းတွင် သန်မာသောအရှိန်အဝါကို ပိုင်ဆိုင်ထားလေသည်။ကျယ်ပြောသောလမ်းမကြီး၏ တစ်ထောင့်တစ်နေရာတွင် တိုက်ပွဲ၏အရှိန်အဝါနဲ့အတူ လေထုဟာ သတ်ဖြတ်လိုသောစိတ်ဆန္ဒများဖြင့် ရုတ်ချည်းပြည့်နှက်သွားခဲ့ရသည်။

" နန်းတော်အတွင်း ကျူးကျော်ဝင်ရောက်သူမှန်သမျှ သနားကြင်နာခြင်းမရှိ သတ်ဖြတ်ခြင်းခံရမယ် ! "

တော်ဝင်အစောင့်အရှောက်များ၏ စစ်သူကြီးဝူရှောင်းသည် သူ၏ဓားကို ဆွဲထုတ်လိုက်ကာ ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။

မိုးခြိမ်းသံကဲ့သို့အသံကြီးသည် ကောင်းကင်ယံထိတိုင်ပျံ့လွင့်သွားခဲ့ပြီး သူ၏ကိုယ်မှထွက်ပေါ်နေသောအရှိန်အဝါများသည် ပတ်ဝန်းကျင်လေထုကို ခါရမ်းစေခဲ့၏။

သို့သော်လည်း အနက်ရောင်ဝတ်ရုံများဝတ်ဆင်ထားသောစစ်သားများသည် အဆိုပါအရှိန်အဝါ၏သက်ရောက်ခြင်းကို မခံခဲ့ရဘဲ သူတို့ခန္ဓာကိုယ်အထက်ရှိ သတ်ဖြတ်လိုစိတ်များမှာ ပိုမို၍ ပြင်းထန်လာခဲ့သည်။သူတို့က နန်းတော်ရှိရာသို့ ခြေတစ်လှမ်းပြီးတစ်လှမ်း ပိုမို၍ တိုးကပ်သွားခဲ့သည်။သူတို့၏ခြေလှမ်းများက ကမ္ဘာကြီးကိုတောင် တုန်ခါသွားစေလုမတတ် ထင်မှတ်ရချေသည်။

" တော်ဝင်စစ်သည်တော်တွေ ! "

ဒါကိုမြင်တော့ ဝူရှောင်း၏မျက်ဝန်းများအတွင်း၌ အလင်းတန်းတစ်ခုဖြတ်သန်းသွားခဲ့ပြီး ကောင်းကင်ကိုမော့ကြည့်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

ထိုသို့အော်ဟစ်လိုက်သည့်အခါ များစွာသောရွှေရောင်ချပ်ဝတ်တန်ဆာဝတ်စစ်သားများကလည်း သူတို့၏ရွှေရောင်လှံများကို တစ်ယောက်ပြီးတစ်ယောက်ပင့်မြှောက်လိုက်ကြပီး အနက်ရောင်စစ်သားများဖက်သို့ တစ်ဟုန်ထိုးချီတက်သွားခဲ့ကြသည်။

" ဘုန်း ! "

မျက်တောင်တစ်ခတ်အတွင်းမှာပင် စစ်တပ်နှစ်တပ်သည် တစ်ဖက်နဲ့တစ်ဖက် ပြင်းထန်စွာ ထိတွေ့မိသွားကြသည်။ ရွှေရောင်သားရဲကြီးတစ်ကောင်နဲ့ အနက်ရောင်သားရဲကြီးတစ်ကောင် တိုက်ခိုက်နေခဲ့ကြသလိုမျိုး ကျယ်ပြောသောလမ်းမကြီးသည် အဆက်မပြတ်ခါရမ်းနေခဲ့ကာ ပြင်းထန်သောစွမ်းအားများကလည်း အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားလျက် ပတ်ဝန်းကျင်ရှိ အဆောက်အဦးများကို တစ်ခုပြီးတစ်ခု ပြိုကျသွားစေခဲ့သည် !

All Chapters