ပန်ကြားခြင်း
Vol. 44 Ch. 613
ပြင်းထန်သောတိုက်ပွဲများသည် တော်ဝင်နန်းတော်ကြီး၏ ဂိတ်တံခါးကြီးကိုးခု၌ ဖြစ်ပွားလျက်ရှိသည်။ မဟူရာရောင်စစ်တပ်ကြီးသည် ရွှေဝါရောင်စစ်တပ်နှင့် ပွတ်တိုက်နေခဲ့ကာ မွန်မြတ်သောမြို့တော်တစ်ခွင်၌ ထိတ်လန့်ဖွယ်ကောင်းသော အော်ဟစ်သံကြီးများလည်း ထွက်ပေါ်လျက်ရှိရာ ကျင့်ကြံသူအားလုံးကို ထိတ်လန့်စေခဲ့သည်။
ဧကရာဇ်စန်းရိရှိနေသော နန်းတော်ကြီးအတွင်း၌ ကြင်ယာတော်ယဲ့နှင့် အဘိုးအိုတို့သည် ဧကရာဇ်စန်းရိ၏နောက်ကျောဘက်တွင် တင်ပျဥ်ချိတ်ထိုင်နေခဲ့ကာ သူတို့ကိုယ်တွင်းမှ စွမ်းအားကြီးသောစွမ်းအင်များသည် ဧကရာဇ်စန်းရိ၏ကိုယ်တွင်းသို့ စီးဆင်းဝင်ရောက်နေခဲ့သည်။ သူတို့ဟာ ဧကရာဇ်စန်းရိကိုယ်တွင်းရှိ အဆိပ်များကို ဖိနှိပ်ရန် ကူညီပေးနေခြင်းဖြစ်ပါသည်။
ထိတ်လန့်ဖွယ်ကောင်းသည့်အရာမှာ ကြင်ယာတော်ယဲ့မှ ထုတ်လွှတ်နေသော ကျင့်ကြံမှုအရှိန်အဝါသည် ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်သို့ ရောက်ရှိနေခြင်းဖြစ်သည်။ မြင့်မြတ်သောစန်းရိအင်ပါယာကြီးတစ်ခုလုံး ဒီအချက်ကို ထည့်သွင်းမတွက်ချက်မိမှာကို စိုးရိမ်ရသည်။
ဝူမိသားစုအပြင် ကြင်ယာတော်ယဲ့၏သမီးဖြစ်သော လန်လင်းကတောင် ကြင်ယာတော်ယဲ့၏စွမ်းအားမှာ ဤမျှအထိသန်မာလိမ့်မည်ဆိုတာ သိရှိထားရန်မဖြစ်နိုင်ပါ။
အစက ကြင်ယာတော်ယဲ့သည် ဝူမိသားစု၏မင်းသမီးလေး ဖြစ်ခဲ့သည်။ သူမဟာ မိခင်တစ်ယောက်၏တာဝန်ဝတ္တရားများကို လုပ်ဆောင်ခဲ့သော်လည်း သူမ၏အဆင့်အတန်းက ဝူမိသားစုတစ်ခုလုံးအတွင်း၌ အမြင့်မားဆုံးနေရာ၌ ရှိနေဆဲဖြစ်ကာ သူမဟာ တစ်ချိန်တုန်းက မြင့်မြတ်သောစန်းရိအင်ပါယာ၏ အသန်မာဆုံးအမျိုးသမီးပါရမီရှင်လည်း ဖြစ်ခဲ့သည်။
သို့ပါသော်လည်း ကြင်ယာတော်ယဲ့သည် ဧကရာဇ်စန်းရိ၏ အမျိုးသမီးဖြစ်လာပြီးနောက် လူအများ၏မြင်ကွင်းမှ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ လူတိုင်းသည် နန်းတော်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် ယဲ့ရှန်ဖေး၏ကျင့်ကြံမှုက တစ်ဖြည်းဖြည်းချင်း တိုးတက်မှုနှေးကွေးလာလိမ့်မည်ဟု တွေးထင်ခဲ့ကြသည်။
ထိုအချိန်တုန်းက ကြင်ယာတော်ယဲ့အတွက် စိတ်မကောင်းဖြစ်ခဲ့ကြသော လူငယ်များစွာတောင် ရှိနေကြသေးသည်။ ကြင်ယာတော်ယဲ့၏စွမ်းဆောင်ရည်ဖြင့်ဆိုပါက သူမသာ ဧကရာဇ်စန်းရိ၏ကြင်ယာတော်ဖြစ်မလာခဲ့လျှင် ကျိန်းသေပေါက် မြင့်မြတ်သောစန်းရိအင်ပါယာအတွင်း၌ နံပါတ်တစ်အမျိုးသမီးစွမ်းအားရှင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။
သို့သော်လည်း နန်းတော်အတွင်း ဝင်ရောက်သွားခဲ့ပြီးတာတောင် ကြင်ယာတော်ယဲ့ရဲ့ကျင့်ကြံမှုက လုံးဝလျှော့နည်းမသွားဘူးဆိုတာကို ဘယ်သူကမှ တွေးထင်ထားမိမှာမဟုတ်ပါ။ ထိုအစား သူမ၏ကျင့်ကြံမှုက ကောင်းကင်ယံထိတိုင် ပို၍ထိုးတက်သွားခဲ့သေးသည်။ ကြင်ယာတော်ယဲ့၏ ထိတ်လန့်ဖွယ်ကောင်းသော ပါရမီစွမ်းအားကိုသိရှိသွားပြီးနောက် မြင့်မြတ်သောစန်းရိအင်ပါယာ၏ ဧကရာဇ်သည် ကျင့်ကြံရေးအရင်းအမြစ်များကို နှမြောတွန့်တိုခြင်းမရှိဘဲ ကြင်ယာတော်ယဲ့ထံ ထောက်ပံ့ပေးခဲ့သည်။
ဧကရာဇ်စန်းရိက ကြင်ယာတော်ယဲ့၏ အိပ်ဆောင်အတွင်းသို့ မကြာမဏသွားနေရခြင်းမှာ ကြင်ယာတော်ယဲ့၏ အလှတရားကြောင့်သာ ဖြစ်သည်ဟု လူအများက တွေးထင်ခဲ့ကြသည်။ သို့သော်လည်း အမှန်စင်စစ်မှာမူ ကြင်ယာတော်ယဲ့ကို မည်သို့မည်ပုံကျင့်ကြံရမည်ကို သင်ကြားပေးနေခြင်းဖြစ်ကြောင်းကိုတော့ ဘယ်သူကမှ တွေးထင်ထားမှာမဟုတ်ပါ။
ဧကရာဇ်စန်းရိ၏ လေ့ကျင့်သင်ကြားပေးမှုအောက်တွင် ကြင်ယာတော်ယဲ့သည် ဘယ်သူတစ်ဦးတစ်ယောက်မှ သတိမထားမိဘဲ ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်သွားခဲ့ကာ ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်စွမ်းအားရှင်တောင် ဖြစ်လာခဲ့သေးသည်။ သူမဟာ မွန်မြတ်ဘုံလောကအတွင်း၌ အသန်မာဆုံးသော တည်ရှိမှုကြီးတစ်ခု ဖြစ်လာခဲ့ပါပြီ။
ကြင်ယာတော်ယဲ့၏ အဆင့်ချိုးဖြတ်တက်ရောက်မှုအကြောင်းကို ကြီးမြတ်သောဧကရာဇ်က ထိန်ချန်ထားခဲ့သည်။ ဝူမိသားစုပင်ဖြစ်စေ၊ တော်ဝင်မိသားစုများပင်ဖြစ်စေ ထိုအကြောင်းကို မသိကြပါ။ ထိုအကြောင်းသိရှိထားသူဟူ၍ ဧကရာဇ်စန်းရိနှင့် သူ့နောက်ကို အချိန်အတော်ကြာလိုက်ပါခဲ့သော အဘိုးအိုသာရှိပေသည်။
ဤအချိန်သည်ကား ကြင်ယာတော်ယဲ့မှ သူမ၏ထိတ်လန့်ဖွယ်ကောင်းသော ကျင့်ကြံမှုအား ပထမဆုံးအကြိမ်အဖြစ် လှစ်ဟပြသခဲ့ခြင်းဖြစ်လေသည်။ သံသယဝင်စရာမလိုပါဘဲ အိပ်ဆောင်အတွင်း၌ရှိနေကြသော စန်းရိအင်ပါယာ၏ကျင့်ကြံသူများစွာသည် ထိတ်လန့်ခြောက်ခြားသွားကြသည်။
ကြင်ယာတော်ယဲ့၏ အစ်ကိုကြီးဖြစ်သော စစ်ပွဲဘုရင်ဝူတောက်ကတောင် သူ့ညီမငယ်လေးအား အံ့အားသင့်စွာ စိုက်ကြည့်နေခဲ့သည်။ သူ၏မျက်နှာထက်တွင်လည်း ထိတ်လန့်နေသောအမူအယာတစ်ခု ရှိနေခဲ့သည်။ သူ၏ညီမငယ်လေးက ဝူမိသားစုအတွင်း၌ ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ်သို့ရောက်ရှိသွားသော ပထမဆုံးလူဖြစ်နေလိမ့်မည်ဟု သူ တွေးထင်မထားခဲ့ပါ။
အစက သူသည် ဝူမိသားစုအတွင်းမှ ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ်သို့ ပထမဆုံးတက်လှမ်းမည့်သူမှာ သူကိုယ်၌သာ ဖြစ်ရလိမ့်မည်ဟု တွေးထင်ထားခဲ့မိသည်။
အဘိုးအိုနှင့် ကြင်ယာတော်ယဲ့၏ ကူညီပေးမှုအောက်တွင် နန်းတော်အတွင်း၌ရှိနေသော ဧကရာဇ်စန်းရိ၏ ဖြူဖျော့နေသောမျက်နှာသည် တစ်ဖြည်းဖြည်းနှင့် ပြန်လည်၍ သွေးရောင်လွှမ်းလာခဲ့သည်။
"အရှင်မင်းကြီး ပထမဆုံးမင်းသားက ပုန်ကန်သူတွေကို ဦးဆောင်လာခဲ့ပါပြီ။ သူတို့က နန်းတော်ရဲ့ဂိတ်တံခါးကြီးတွေကို တိုက်ခိုက်နေပါတယ်။"
သို့ပါသော်လည်း ဤအချိန်သမယ၌ ခန်းမအပြင်ဘက်မှ အော်ဟစ်သံကြီးတစ်သံကို ကြားလိုက်ရကာ ရှိနေကြသောလူများအားလုံး ထိတ်လန့်သွားကြသည်။ ဧကရာဇ်စန်းရိသည် မျက်ဝန်းများကို ရုတ်တရက်ဖွင့်လှစ်လိုက်ပြီး သူ၏မျက်ဝန်းအတွင်း၌ ခက်ထန်သောအကြည့်တစ်ခု ရှိနေခဲ့သည်။
"စစ်ပွဲဘုရင်၊ စိတ်ဝိညာဥ်ဘုရင်၊ ရှောင်းဘုရင်"
ဧကရာဇ်စန်းရိ၏ နှုတ်ဖျားမှ အားနည်းသောအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ သူဟာ ဤအချိန်၌ အားနည်းနေသော်လည်း သူ့ခန္ဓာကိုယ်မှထုတ်လွှတ်နေသော ခန်းနားကြီးကျယ်သည့်အရှိန်အဝါများကတော့ အနည်းငယ်တောင် အားပျော့သွားခြင်းမရှိပါ။
"ကျွန်တော်မျိုးတို့ ရှိပါတယ်။"
ဧကရာဇ်စန်းရိ၏ခေါ်သံကို ကြားလိုက်ရသည့်အခါ စစ်ပွဲဘုရင်တို့သုံးယောက်စလုံးသည် တညီတညွတ်တည်း ပြန်လည်ဖြေဆိုလိုက်ကြသည်။
"ပုန်ကန်သူတွေကို အနိုင်ယူပါ။ သူတို့ကို ခြွင်းချက်မရှိ သတ်ဖြတ်ပစ်ရမယ်။"
ဧကရာဇ်စန်းရိ၏နှုတ်ဖျားမှ သတ်ဖြတ်လိုစိတ်ပြင်းထန်သော စကားလုံးများ ထွက်ပေါ်လာခဲ့ကာ ခန်းမကြီးအတွင်း၌ အေးစက်သောလေထုကြီး ကြီးစိုးသွားခဲ့သည်။ လူတိုင်း၏ခန္ဓာကိုယ်များသည် တဆတ်ဆတ်တုန်ခါသွားကြသည်။
"ကျွန်တော်မျိုးတို့ နာခံပါ့မယ်။"
စစ်ပွဲဘုရင်တို့သည် တစ်ယောက်ပြီးတစ်ယောက် ပြန်လည်ဖြေဆိုလိုက်ကြသည်။ ထိုသို့ပြောဆိုလိုက်ပြီးနောက် သူတို့က အိပ်ဆောင်အတွင်းမှ အလျှင်အမြန်ထွက်ခွာသွားကြပြီး တပ်သားများကို ဦးဆောင်လိုက်ကြသည်။
"ဦးရီးတော်တို့ အဲ့ဒီဆိုးယုတ်တဲ့ သားတော်ကို သွားရောက်ဖမ်းဆီးဖို့ ဦးရီးတော်တို့ကိုပဲ ဒုက္ခပေးရတော့မှာပဲ။ ဒီဧကရာဇ်ကိုယ်တိုင် လုပ်ဆောင်ချင်ပေမယ့် လက်ရှိမှာ မစွမ်းဆောင်နိုင်ဘူးဖြစ်နေတယ်။"
စစ်ပွဲဘုရင်တို့ ထွက်ခွာသွားပြီးသည့်နောက်တွင် ဧကရာဇ်စန်းရိသည် ကျန်ရှိနေသော တော်ဝင်ဦးရီးတော်များကို စိုက်ကြည့်လိုက်ပြီး နက်ရှိုင်းသောအသံဖြင့် ပြောဆိုလိုက်ကြသည်။
တော်ဝင်ဦးရီးတော်များအားလုံးသည် ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ်သို့ ရောက်ရှိနေကြပြီးသားဖြစ်သည်။ တော်ဝင်ဦးရီးတော်သုံးယောက်ဟာ မူလဧကရာဇ်အထွတ်အထိပ်၌ရှိနေပြီး နှစ်ယောက်ကတော့ ဧကရာဇ်နှလုံးသားအထွတ်အထိပ်၌ ရှိကြသည်။
ဤနန်းဆောင်အတွင်းသို့ ဝင်ရောက်လာကြသူများအားလုံးသည် ဧကရာဇ်စန်းရိ၏ ယုံကြည်ရသောပုဂ္ဂိုလ်များ ဖြစ်ကြသည်။ မျက်မောက်တွင်တွေ့မြင်ရသော တော်ဝင်ဦးရီးတော်များအပြင် မြင့်မြတ်သောစန်းရိအင်ပါယာ၏ ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ်ဦးရီးတော်များကလည်း အမှောင်ထုအတွင်း၌ ပုန်းကွယ်နေကြသေးသည်။
ဤသည်မှာ မြင့်မြတ်သောစန်းရိအင်ပါယာ၏ ထိပ်တန်းအင်အားစု ဖြစ်လေသည်။ အကြမ်းဖျင်းအားဖြင့် ပြောဆိုရပါလျှင် အင်ပါယာကြီးအတွင်း၌ ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင် ဆယ့်နှစ်ယောက်ခန့်နီးပါး ရှိနေကြသည်။
"ဟုတ်ကဲ့ပါ။"
တော်ဝင်ဦးရီးတော်များက လက်သီးဆုပ်ဂါရဝပြုလိုက်ကြပြီး ခန်းမအတွင်းမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ကြသည်။
"အရှင်မင်းကြီး ဒေါသထွက်တော်မမူပါနဲ့။ ဒေါသက အဆိပ်ကို ပိုပြီးလျှင်မြန်စွာ ပျံ့နှံ့စေပါတယ်။"
တစ်ဖက်တွင်ရှိနေသော ကြင်ယာတော်ယဲ့သည် ဧကရာဇ်စန်းရိ၏ အမျက်ဒေါသကို တွေ့မြင်လိုက်ရသည့်အခါ တိုးညှင်းစွာ ရေရွတ်ပြောဆိုလိုက်သည်။
"ဟုတ်ပါတယ် အရှင်မင်းကြီး။ ဒီအဆိပ်က တကယ့်ကို ပြင်းထန်လွန်းတယ်။ အရှင်မင်းကြီး အမျက်ဒေါသထွက်မိရင် ခန္ဓာကိုယ်အတွင်းက အဆိပ်ရဲ့လှည့်ပတ်မှုကလည်း ပိုပြီးမြန်ဆန်လာမှာပါ။ အဲ့ဒီအချိန်ကျရင် ဒီအဘိုးကြီးနဲ့ ကြင်ယာတော်ယဲ့ကတောင် အပြည့်အဝ ဖိနှိပ်ထားနိုင်တော့မှာမဟုတ်ပါဘူး။"
တစ်ဖက်တွင်ရှိနေသော အဘိုးအိုကလည်း လျှင်မြန်စွာ ဖြောင့်ဖြပြောဆိုလိုက်သည်။
ကြင်ယာတော်ယဲ့နှင့် အဘိုးအိုတို့၏ ဖြောင့်ဖြမှုအောက်တွင် ဧကရာဇ်စန်းရိ၏ အမျက်ဒေါသက တစ်ဖြည်းဖြည်း လွင့်စင်ပျောက်ကွယ်သွားခဲ့သည်။ သူဟာ တည်ငြိမ်သောအမူအယာဖြင့် အဘိုးအိုနှင့် ကြင်ယာတော်ယဲ့တို့၏ ကုသမှုကို ဆက်လက်ခံယူနေလိုက်သည်။
တစ်ချိန်တည်းမှာပဲ ဖုန်းဟွာနန်းတော်ကြီးအတွင်း၌ မဟာနတ်ဆိုးရွှမ်ရှသည် လက်နှစ်ဖက်ကိုနောက်ပစ်လျက် မတ်တပ်ရပ်နေခဲ့သည်။ သူ၏မျက်ဝန်းများမှာ အနည်းငယ်မှေးကျဥ်းနေခဲ့ပြီး နန်းတော်၏ဂိတ်တံခါးကြီးများရှိရာသို့ စူးစိုက်ကြည့်နေခဲ့၏။
ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်တစ်ယောက်ဖြစ်လေရာ သူဟာလည်း နန်းတော်အတွင်းရှိတိုက်ပွဲများကို အာရုံခံမိခဲ့သည်။ အကြီးဆုံးမင်းသားက တကယ်ပဲ သူ့ရဲ့ခမည်းတော်ကို အာခံရဲလိမ့်မည်ဟု သူ ဘယ်တုန်းကမှ တွေးထင်မထားခဲ့ပါ။
ဤအချိန်၌ မဟာနတ်ဆိုးရွှမ်ရှသည် တစ်စုံတစ်ရာကို အာရုံခံမိလိုက်ပြီး သူ၏မျက်နှာထက်၌ မဲ့ပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
"ခမည်းတော်ကို ကူညီပေးဖို့ အကြီးအကဲရွှမ်ရှကို ပန်ကြားအပ်ပါတယ်။"
မဟာနတ်ဆိုးရွှမ်ရှ၏ ခန့်မှန်းချက်အတိုင်း နန်းဆောင်အပြင်ဘက်မှ အားနည်းသောအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ယင်းနောက် ပုံရိပ်နှစ်ခုသည် နန်းတော်ကြီးအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။
သူတို့မှာ မင်းသမီးလန်လင်းနှင့် ယန်ရှန်းတို့ဖြစ်ကြသည်။
စကားပြောဆိုလိုက်သူမှာ မင်းသမီးလန်လင်းဖြစ်ပါ၏။
ဤအချိန်၌ ယန်ရှန်းသည် မင်းသမီးလန်လင်း၏ဘေးနား၌ မတ်တပ်ရပ်နေပြီး မင်းသမီးလန်လင်းကို သနားကြင်နာမှုများဖြင့် စူးစိုက်ကြည့်နေခဲ့သည်။
ဤမြင်ကွင်းကိုတွေ့မြင်လိုက်ရတော့ မဟာနတ်ဆိုးရွှမ်ရှ၏ နှုတ်ခမ်းထောင့်များက တွန့်ကောက်သွားခဲ့သည်။
"အကြီးအကဲ၊ လန်လင်းက သခင်မရဲ့တပည့်တစ်ယောက်ပါ။ ပြီးတော့ သူမက ရှန်ရှန်ကျုံ့ဂိုဏ်းရဲ့ ဂိုဏ်းသားလည်းဖြစ်ပါတယ်။ အခု သူမရဲ့အဖေက ဒုက္ခရောက်နေတယ်။ ဒါကြောင့်မလို့ အကြီးအကဲ ကူညီပေးသင့်ပါတယ်လေ။"
ယန်ရှန်းက မဟာနတ်ဆိုးရွှမ်ရှကို ရိုသေလေးစားစွာ ဂါရဝပြုလိုက်ပြီး ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
ယန်ရှန်း၏မျက်ဝန်းများသည် မဟာနတ်ဆိုးရွှမ်ရှကို စူးစိုက်ကြည့်နေခဲ့ကာ သူ၏အမူအယာက လေးနက်ပြတ်သားနေခဲ့သည်။ မဟာနတ်ဆိုးရွှမ်ရှ ကူညီရန် ငြင်းဆန်ခဲ့ရင်တောင် သူကတော့ မင်းသမီးလန်လင်းကို ကျိန်းသေပေါက် ကူညီမှာပဲဖြစ်သည်!