ကြီးမြတ်သည့်ဖိအား
Vol. 44 Ch. 615
ပထမမင်းသားလန်လဲ့၏စကားလုံးများသည် နန်းတော်တစ်ခွင်ပဲ့တင်ထပ်သွားခဲ့ကာ ကောင်းကင်နှင့်ကမ္ဘာမြေပြင်အတွင်း၌ မိုးခြိမ်းသံကြီးကဲ့သို့ ဟိန်းထွက်သွားခဲ့သည်။
အဆိုပါဗိုလ်ကျခြယ်လှယ်နိုင်သောအသံများကြောင့် ပထမမင်းသားနောက်ကို လိုက်ပါလာခဲ့သော စစ်သားများသည် ပိုမို၍စိတ်အားတက်ကြွလာခဲ့ကြသည်။ သူတို့က နီရဲနေသောမျက်ဝန်းများ၊ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ချီတက်သွားခဲ့ကြသည်။ များစွာသောတော်ဝင်သက်တော်စောင့်များကတော့ အနောက်ကို တဖြည်းဖြည်းဆုတ်ခွာလာခဲ့ရကာ သူတို့၏သေဆုံးမှုနှုန်းကလည်း မြင့်တက်လာခဲ့သည်။
စစ်ပွဲဘုရင်ကဲ့သို့သော မြင့်မြတ်သောစန်းရိအင်ပါယာ၏ အဆင့်မြင့်ဗိုလ်ချုပ်များကြောင့်သာမဟုတ်ပါက တော်ဝင်သက်တော်စောင့်များ၏ သေဆုံးမှုနှုန်းထားသည် ပိုမို၍ မြင့်မားနေခဲ့မှာ ဖြစ်သည်။
တော်ဝင်နန်းတော်၏သက်တော်စောင့်များဖြစ်လာနိုင်ကြသူများသည် မြင့်မြတ်သောစန်းရိအင်ပါယာကြီး၏ လက်ရွေးစင်တပ်သားများ ဖြစ်ကြသည်။ သူတို့တစ်ယောက်ချင်းစီတိုင်းဟာ ချန်ခွမ်းယွမ်အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ကြသည်။ သို့ပေသော်ငြားလဲ ပထမမင်းသားက ဤစစ်ပွဲကို ပြင်ဆင်မှုတစ်စုံတစ်ရာမပါဝင်ဘဲ စတင်ခဲ့ခြင်း မဟုတ်ပါ။
စေ့စပ်စွာပြင်ဆင်ထားခဲ့လေရာ သူက တော်ဝင်သက်တော်စောင့်များ၏ခွန်အားကိုလည်း လျစ်လျူရှုထားခဲ့ခြင်း မရှိပါချေ။ဤတကြိမ် သူဆင့်ခေါ်ထားသော လက်ရွေးစင်စစ်သားများသည် သူနှစ်ပေါင်းများစွာ ပြုစုပျိုးထောင်လာခဲ့ရသူများ ဖြစ်၏။ ထိုသူများဟာ တော်ဝင်သက်တော်စောင့်များနဲ့ ရင်ဆိုင်နေရသော်လည်း အားနည်းခြင်းမရှိဘဲ ပို၍တောင် သန်မာနေသေးသည်။
စစ်ထူမိသားစုနဲ့ ယဲ့မိသားစုမှာ အစွမ်းထက်သောစွမ်းအားရှင်များနဲ့ ပူးပေါင်းလိုက်သည့်အခါ၊ လန်လဲ့ဖက်ကို ကူးပြောင်းလာခဲ့သော စစ်သူကြီးများ၏ပေါင်းဖြည့်အင်အားကို ရရှိခဲ့သည့်အခါ နန်းတော်ဂိတ်ဝရှိ တိုက်ပွဲမှာ ပို၍သနားစဖွယ် ကောင်းလာခဲ့တော့သည်။
စစ်ပွဲဘုရင်နှင့်အခြားသူများက အခြေအနေကိုထိန်းသိမ်းရန် အချိန်မှီရောက်လာခဲ့ခြင်းကြောင့်သာမဟုတ်ပါက နန်းတော်ဂိတ်ဝရှိစစ်ပွဲသည် စောစီးစွာ ပြီးဆုံးသွားပေလိမ့်မည်။
(ဝူမိသားစုမှာ ဝူတောက်နဲ့ဝူရှောင်းဆိုပြီး စစ်ဘုရင်နှစ်ယောက်ရှိတယ်နော်။ခုက ဝူတောက်ပါ)
" ရဲတင်းလိုက်တာ ! "
ပထမမင်းသား၏စကားကို ကြားလိုက်ရသည့်အခါ လေဟာပြင်အထက်၌ရှိနေသော မူလဧကရာဇ်အထွတ်အထိပ်အဆင့်ရှိ တော်ဝင်ဦးရီးတော်သည် ဒေါသတကြီး အော်ဟစ်ပြောဆိုလိုက်သည်။
ထိုသို့ပြောဆိုလိုက်ပြီးသည်နှင့်တပြိုင်နက် သူထံမှ ပြင်းထန်သောစွမ်းအားများ ထွက်ပေါ်လာခဲ့ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ရုတ်တရက် ဝေဝါးပျောက်ကွယ်သွားခဲ့ကာ လန်လဲ့၏ရှေ့မှောက်၌ ပြန်လည်၍ ထွက်ပေါ်လာခဲ့သည်။ သူဟာ နဂါးနှစ်ကောင်ကူးခတ်နေသည့်အလား ပြင်းထန်သည့်လက်သီးလုံးများဖြင့် လန်လဲ့ကို ထိုးနှက်တိုက်ခိုက်လိုက်သည်။
ခမ်းနားကြီးကျယ်သောစွမ်းအားသည် မျက်တောင်တစ်ခတ်အတွင်းမှာဘဲ ဧရာမလက်သီးလုံးကြီးအဖြစ် ပြောင်းလဲသွားခဲ့ကာ လန်လဲ့ထံသို့ နေမင်းတစ်စင်းအလား ပြေးဝင်သွားခဲ့သည်။ လန်လဲ့၏ရှေ့မှောက်ရှိလေဟာပြင်သည် အဆိုပါပြင်းထန်သောလက်သီးကြီး၏ ဆုတ်ဖြဲခြင်းကို ခံခဲ့ရကာ ရှည်လျားကျဥ်းမြောင်းသော အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်လာခဲ့သည်။
ကျန်ရှိသောတော်ဝင်ဦးရီးတော်များကလည်း တိုက်ခိုက်ခြင်းကို မတားမြစ်ခဲ့ကြပါ။ သူတို့က လန်လဲ့၏ခွန်အားကို စမ်းသပ်ချင်ကြ၏။
သူတို့သည် လန်လဲ့၏ကျင့်ကြံမှုကို အာရုံခံ၍မရခဲ့ဘဲ လန်လဲထံမှ သန်မာသောအရှိန်အဝါကိုသာ ခံစားခဲ့ကြရသည်။ ဒီလူကို လန်လဲ့ရဲ့ခွန်အားကို စမ်းသပ်ခိုင်းလိုက်တာပေါ့။ လန်လဲ့က အပေါ်ယံကောင်ပဲဆိုရင်တော့ ရက်စက်တဲ့အတွက် သူတို့ကို အပြစ်မတင်နဲ့တော့။
ပုန်ကန်ရဲသည်ဖြစ်ရာ လန်လဲ့က မင်းသားတစ်ပါးဆိုရင်တောင် ခွင့်လွှတ်ပေးလိုက်ဖို့ မဖြစ်နိုင်ပါ !
" အဟက် ! "
ဦးရီးတော်၏တိုက်ခိုက်မှုနဲ့ရင်ဆိုင်လိုက်ရသည့်အခါ လန်လဲ့၏နှုတ်ခမ်းထောင့်စွန်းများသည် အေးစက်စွာ မြှောက်တက်သွားခဲ့သည်။ သူ၏မျက်ဝန်းများအထဲ၌ အထင်အမြင်သေးသောအကြည့်တစ်ခု ရှိနေခဲ့သည်။
များမကြာမီတွင် သူဟာ နောက်ပစ်ထားသော လက်နှစ်ဖက်အနက်မှ တစ်ဖက်ကို ဖြည်းညှင်းစွာ ဆန့်တန်းထုတ်လိုက်သည်။ ထို့နောက် ရှေ့မှောက်မှ ထွက်ပေါ်လာသော စွမ်းအားကြီးသည့် လက်သီးလုံးကြီးကို အသာအယာပုတ်ခါလိုက်လေသည်။
ဤအပြုအမူသည် တော်ဝင်ဦးရီးတော်၏အမူအရာကို ပိုမို၍ ပျက်ယွင်းသွားစေခဲ့သည်။ ဒီကောင်လေးက ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်ကိုရောက်ရှိသွားတာနဲ့ ကမ္ဘာမှာ ပြိုင်ဖက်ကင်းနေပြီလို့ ထင်နေတာလား။
ရူးအလိုက်တာ !
ဤအချိန်၌ မူလဧကရာဇ်အထွတ်အထိပ်၌ရှိနေသော တော်ဝင်ဦးရီးတော်သည် ဒေါသတကြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။အဆင့်တူပြိုင်ဖက်တစ်ယောက်ဆိုရင်တောင် သူ့ကို လန်လဲ့လိုမျိုး အထင်အမြင်သေးစွာ ဆက်ဆံရဲမည်မဟုတ်ပါ။
" ဘုန်း ...! "
လက်သီးလုံးကြီးသည် လန်လဲ့၏လက်ဖဝါးနဲ့ ထိတွေ့မိတော့မည့်အချိန်၌ လန်လဲ့ထုတ်ဖော်လိုက်သောလက်ဖဝါးကြီးသည် တောက်ပသောအလင်းတန်းများဖြင့် ပြိုကွဲသွားခဲ့သည်။ မမြင်နိုင်သည့်ခမ်းနားကြီးကျယ်သည့်စွမ်းအားများသည် ပင်လယ်ပြင်ကြီးတစ်ခုလိုမျိုး ပျံ့နှံ့သွားခဲ့ကာ လက်သီးလုံးကြီးကို အုပ်မိုးလိုက်လေသည်။
နားကွဲလုမတတ် ကျယ်လောင်သောပေါက်ကွဲသံကြီးသည် နန်းတော်တစ်ခွင်၌ ဟိန်းထွက်သွားခဲ့ကာ ပြင်းထန်သောစွမ်းအားကလည်း လေဆင်နှာမောင်းကဲ့သို့ အရပ်လေးမျက်နှာကို တိုက်ခတ်သွားခဲ့သည်။ လေဟာပြင်ကြီးတစ်ခုလုံးသည် ရုတ်တရက်ပြိုကျသွားခဲ့ကာ ကြီးမားသောအက်ကွဲကြောင်းကြီးကို ဖြစ်ပေါ်စေခဲ့သည်။
" ဘုန်း ! "
မီးခိုးလုံးများအကြားမှပုံရိပ်တစ်ခုသည် အထက်အောက်ပြောင်းပြန်လန်၍ လွင့်ထွက်သွားခဲ့ကာ ပါးစပ်အပြည့်သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။ လေဟာပြင်ဟာ စွေးစွေးနီသွားခဲ့သည်။ ထိုလူသည် ပြင်းထန်သောဖိအားကြောင့် မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ရိုက်ခတ်မိသွားခဲ့သည်။
မြေပြင်ကြီးတစ်ခုလုံးသည် ရုတ်တရက် ဆုပ်ဖြဲခံခဲ့ရသည်။ အမည်မသိကျောက်တုံးကြီးဖြင့်ပြုလုပ်ထားသော တော်ဝင်နန်းဆောင်၏ ကြမ်းခင်းကြီးသည် ပေါက်ကွဲထွက်သွားခဲ့ကာ အဆုံးအစမဲ့သောတွင်းပေါက်ကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
လွင့်စင်ထွက်သွားသည့်လူမှာ တော်ဝင်ဦးရီးတော် ဖြစ်လေသည်။ဤအချိန်၌ ထိုဦးရီးတော်သည် တွင်းပေါက်၏အောက်ခြေ၌ သတိမဲ့လျက် ရှိနေခဲ့သည်။ သူ၏အသက်ရှူနှုန်းကလည်း အင်မတန်အားနည်းနေခဲ့ကာ အချိန်မရွေးသေဆုံးတော့မည်ကဲ့သို့ ဖြစ်နေခဲ့သည်။
" ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
ဤမြင်ကွင်းကို တွေ့မြင်လိုက်ရသည့်အခါ တော်ဝင်ဦးရီးတော်များ၏မျက်ဝန်းသူငယ်အိမ်များသည် တုန်လှုပ်သွားကြပြီး အံ့သြတကြီး ရေရွတ်လိုက်ကြသည်။ သူတို့၏မျက်နှာထက်၌ ကြောက်ရွံ့နေသောအမူအရာများ ရှိနေကြသည်။ သူတို့ဟာ ကောင်းကင်ယံထက်၌ လက်နှစ်ဖက်ကိုနောက်ပစ်လျက် မတ်တပ်ရပ်နေသောပုံရိပ်ကို မယုံကြည်နိုင်စွာ စူးစိုက်ကြည့်လိုက်ကာ သူတို့၏ခန္ဓာကိုယ်များက ထိန်းချုပ်မရ တုန်ယင်နေခဲ့ကြသည်။
တိုက်ကွက်တစ်ကွက်ဖြင့် မူလဧကရာဇ်အထွတ်အထိပ်ရှိစွမ်းအားရှင်ကို အပြင်းအထန်ဒဏ်ရာရစေခဲ့သည်။ ဒါတင်မကသေးဘဲ သေလုမျောပါးအထိ ဖြစ်စေခဲ့သည်။ ဒါက ဘယ်လိုမျိုးထိတ်လန့်ဖို့ကောင်းတဲ့ ခွန်အားမျိုးပါလဲ။ ဧကရာဇ်စန်းရိရဲ့ အထွတ်အထိပ်အခြေအနေမှာဆိုရင်တောင် ဒီလောက်ထိ မလုပ်နိုင်လောက်ဘူး...ဟုတ်တယ်မလား။
သူတို့ဟာ အစက မင်းသားလန်လဲ့သည် ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်သို့ ယခုမှရောက်ရှိသွားခြင်းဖြစ်လိမ့်မည်ဟု တွေးထင်ခဲ့ကြသည်။ မင်းသားလန်လဲ့၏တိုက်ပွဲဝင်စွမ်းအားက သန်မာရင်တောင်မှ သူတို့ဦးရီးတော်များ အတူတကွတိုက်ခိုက်ပါက အနိုင်ယူနိုင်လိမ့်မည်ဟုလည်း မျှော်လင့်ခဲ့သည်။
ဒါပေမဲ့ အခုကြည့်ရတာ မင်းသားလန်လဲ့က ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်ကို ခုမှရောက်သွားတာမဟုတ်ဘူးဘဲ။ သူ့ရဲ့ခွန်အားက မျှော်မှန်းလို့မရလောက်တဲ့အထိ သန်မာနေခဲ့ပြီ။
" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "
အိပ်ဆောင်အတွင်း၌ ကြင်ယာတော်ယဲ့နှင့် လူအိုကြီးတို့သည် တစ်ယောက်မျက်နှာတစ်ယောက် စိုက်ကြည့်လိုက်ကြသည်။ သူတို့၏မျက်ဝန်းများအတွင်း၌ အံ့သြနေသောအကြည့်များ ရှိနေခဲ့ကြကာ သူတို့၏အသံများကလည်း တုန်ယင်နေခဲ့ကြသည်။
သူတို့ဟာ ဧကရာဇ်စန်းရိရဲ့အဆိပ်ကိုထိန်းချုပ်ရန် အကောင်းဆုံးပြုလုပ်နေခဲ့ကြသော်လည်း အိပ်ဆောင်အပြင်ဖက်ရှိ အခြေအနေများကို သိရှိနိုင်ပါသေးသည်။ ဤတစ်ကြိမ် လန်လဲ့ထုတ်ဖော်လိုက်သောတိုက်ကွက်မှတစ်ဆင့် လန်လဲ့၏ခွန်အားသည် ဧကရာဇ်စန်းရိရဲ့ခွန်အားထက် လျော့နည်းခြင်းမရှိကြောင်း သူတို့အာရုံခံမိလိုက်သည်။ လန်လဲ့ထုတ်ဖော်လိုက်သောစွမ်းအားသည် ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်ထက်တောင် ပို၍အားကောင်းနေသည်။
" လန်လဲ့က ဘယ်လိုကံကောင်းမှုမျိုးကို ရရှိခဲ့တာလဲ။သူက ရုတ်တရက်ကြီး ဘာလို့ အရမ်းသန်မာသွားရတာလဲ။ "
အဖိုးအိုသည် ဧကရာဇ်စန်းရိ၏အဆိပ်ကို ထိန်းချုပ်ရန်ပြုလုပ်နေရင်း သံသယဝင်စွာ မေးမြန်းလိုက်သည်။
တစ်ဖက်တွင်ရှိနေသော ကြင်ယာတော်ယဲ့သည်လည်း သံသယများဖြင် ပြည့်နှက်နေခဲ့သည်။ ဤသည်မှာ ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်နဲ့ ရင်ဆိုင်နိုင်စွမ်းရှိသော ခွန်အားဖြစ်သည်။ လန်လဲ့ဟာ လူငယ်မျိုးဆက်တစ်ယောက်သာ ဖြစ်လေသည်။ သူက ရုတ်တရက်ကြီး ဘာလို့ ဒီလောက်အထိ သန်မာလာခဲ့ရတာလဲ။
" ဒီဆိုးယုတ်တဲ့သားတော်က ပုန်ကန်ရဲတာ အံ့သြစရာမဟုတ်တော့ပါဘူးလေ။ သူ့မှာ ဝှက်ဖဲတစ်ခု ရှိနေခဲ့တာကိုး။ "
ဧကရာဇ်စန်းရိက မဲမှောင်နေသောအမူအရာဖြင့် ပြောဆိုလိုက်သည်။ လန်လဲ့၏ခွန်အားကို သူသည်လည်း ထိတ်လန့်ခဲ့ရသည်။ သူ၏မျက်နှာက ပြာတစ်လှည့်၊ ဖြူတစ်လှည့် ဖြစ်နေခဲ့သည်။
သူဟာ ကြီးမြတ်သောစန်းရိအင်ပါယာအတွက် ရည်ရွယ်၍ ဘုံနန်းရှင်ဧကရာဇ်စွမ်းအားရှင်တစ်ယောက်ကိုတောင် မွေးထုတ်ပေးခဲ့သည်။ ဒါ့အပြင် ထိုပုဂ္ဂိုလ်၏ခွန်အားကလည်း မျှော်လင့်ထားသည်ထက် သာလွန်နေခဲ့သေးသည်။ အဲ့ဒီလူက မြင့်မြတ်တဲ့စန်းရိအင်ပါယာအတွက် ကပ်ဘေးဒုက္ခဆိုးကြီးဖြစ်လာတာကတော့ သနားစရာပဲ။
" အရှင်မင်းကြီး....ဦးရီးတော်တွေရဲ့ခွန်အားနဲ့ဆိုရင် မင်းသားလန်လဲ့ကို ကြာကြာထိန်းမထားနိုင်တော့မှာကို စိုးရိမ်မိပါတယ်။ ကျေးဇူးပြုပြီး အာရုံမပျံ့လွင့်ပါနဲ့။ အမျက်ဒေါသ မထွက်ပါနဲ့။ အဆိပ်ကို အားကုန်သုံးပြီး ထိန်းချုပ်ပါ။ "
လူအိုကြီး၏အမူအရာက လေးနက်နေခဲ့ပြီး နက်ရှိုင်းအေသံဖြင့် ပြောဆိုလိုက်သည်။
ဧကရာဇ်စန်းရိက ခေါင်းညိတ်လိုက်သည်။ လက်ရှိအခြေအနေက သူ့ဖက်ကို အလေးမသာကြောင်း ဧကရာဇ်စန်းရိလည်း သိရှိပါသည်။ သူသာ အဆိပ်ကို အလျှင်အမြန် မဖိနှိပ်နိုင်ပါက ဆိုးယုတ်သောသားတော်၏ပုန်ကန်ခြင်းက အောင်မြင်သွားမှာကို စိုးရိမ်မိသည်။
သူတို့သုံးယောက်သည် ပြန်လည်၍ပူးပေါင်းလိုက်ကြကာ ဧကရာဇ်စန်းရိကိုယ်တွင်းရှိအဆိပ်များကို ဖိနှိပ်ရန် အားကုန်ကြိုးစားလိုက်ကြသည်။
" ခင်များတို့က ပုရွက်ဆိတ်တွေလိုပဲဗျ။ ဒီဧကရာဇ်ရဲ့အရှေ့မှာ အရေးမပါတဲ့စကားတွေကို ဘယ်လိုကြောင့်များ ပြောရဲရတာလဲ။ "
လက်နှစ်ဖက်ကိုနောက်ပစ်လျက် မတ်တပ်ရပ်နေခဲ့ပြီး ပထမမင်းသားလန်လဲ့သည် တော်ဝင်ဦးရီးတော်များကို အေးစက်စွာစိုက်ကြည့်လိုက်ကာ နက်ရှိုင်းသောအသံဖြင့် ဟစ်အော်လိုက်သည်။
သူ၏အသံဟာ မိုးခြိမ်းသံကြီးကဲ့သို့ ဦးရီးတော်များ၏နားစည်အတွင်း ပဲ့တင်ထပ်သွားခဲ့ကာ သူတို့၏စိတ်ဝိညာဥ်များကို တုန်ယင်သွားစေခဲ့သည်။ အထူးသဖြင့် လန်လဲ့၏အေးစက်ကာ အကြင်နာတရားကင်းမဲ့သော မျက်ဝန်းများဖြစ်သည်။ အဆိုပါအကြည့်များက ဦးရီးတော်များကို ပို၍ထိတ်လန့်လာစေခဲ့သည်။
" ဒီဧကရာဇ်က အရှုံးပေးဖို့အတွက် နောက်ဆုံးအခွင့်အရေးပေးမယ်။ "
" ဒီဧကရာဇ်ကလည်း တော်ဝင်မိသားစုသားတစ်ယောက်ပါ။ ကျေးဇူးကြွေးတွေနဲ့ အခြားသောနှီးနှောဆက်ဆံမှုတွေလဲ ရှိနေတယ်။ ဒီဧကရာဇ်က မြင့်မြတ်တဲ့စန်းရိအင်ပါယာရဲ့ခွန်အားကို အားနည်းသွားစေလိုခြင်း မရှိပါဘူး။ ဒီဧကရာဇ်ရဲ့ဦးဆောင်မှုနဲ့ဆိုရင် မြင့်မြတ်တဲ့စန်းရိအင်ပါယာကြီးက ပိုလို့တောင် သန်မာလာဦးမှာ!"
ပထမမင်းသား၏မျက်ဝန်းများသည် တော်ဝင်ဦးရီးတော်များကို စူးစိုက်ကြည့်နေခဲ့ပြီး အေးစက်ကာ အကြင်နာတရားကင်းမဲ့သောစကားလုံးများကို ပြောဆိုလိုက်သည်။ မင်းသားလန်လဲ့၏စကားများသည် တော်ဝင်ဦးရီးတော်များ၏နားစည်အတွင်း ပဲ့တင်ထပ်နေခဲ့ကာ သူတို့၏အမူအရာကို ဝေခွဲမရ ဖြစ်သွားစေခဲ့သည်။ သူတို့အားလုံးဟာ တဒင်္ဂမျှ တိတ်ဆိတ်သွားခဲ့ရသည် !