← Chapters

ဆင့်ကဲ၍ အသွင်ပြောင်းလဲခြင်း။

Vol. 44 Ch. 617

ဆင့်ကဲ၍ အသွင်ပြောင်းလဲခြင်း။

Vol. 44 Ch. 617

သာ့ယွမ်တောင်တန်းများ၏ အနက်ပိုင်းတွင်ရှိနေသော ထူထပ်များပြားသည့် ကျောက်တိုင်လုံးကြီးများအကြား၌ လီပိုင်နှင့် အခြားသူများသည် အတူတကွ ထိုင်နေခဲ့ကြသည်။ သူတို့၏မျက်ဝန်းများက ဖိပိတ်ထားခဲ့သော်လည်း ဧကရာဇ်စိတ်ဝိညာဥ်များကတော့ နေရာတစ်ခုလုံးကို လွှမ်းခြုံထားခဲ့သည်။ သတ္တဝါတစ်ကောင်ကသာ ဤနေရာသို့ဝင်ရောက်လာရဲပါက လီပိုင်တို့၏ သနားညှာတာမှုမရှိ တိုက်ခိုက်ခြင်းကို ခံရပေလိမ့်မည်!

"ဝုန်း!"

ဤအချိန်၌ ဝမ်ဖုန်း၏ရုပ်ပုံလွှာသည် လေထုအတွင်းမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ လီပိုင်နှင့် အခြားသူများကလည်း မျက်ဝန်းများကို ဖွင့်လှစ်လိုက်ကြပြီး ဝမ်ဖုန်းကို အံ့အားသင့်စွာ စိုက်ကြည့်မိလိုက်ကြသည်!

လီပိုင်ဟာ ဝိညာဥ်ကျေးရွာ၏အကာအရံအလွှာကို အာရုံခံကြည့်လိုက်သည့်အခါ ၎င်းမှာ ပုံရိပ်ယောင်တစ်ခုလိုမျိုး ပျောက်ကွယ်သွားခဲ့ပြီးပြီဖြစ်၏။

"ဘုန်း!"

လီပိုင်နှင့်အခြားသူများ တိတိပပနားမလည်နိုင်သေးခင်မှာပဲ လေထုအထက်၌ထွက်ပေါ်လာခဲ့သော ဝမ်ဖုန်း၏မျက်နှာသည် ရှုံ့တွသွားခဲ့သည်။ သူ့ထံမှ ကြောက်လန့်ဖွယ်ရာစွမ်းအားကြီးတစ်ရပ် ထွက်ပေါ်လာခဲ့ကာ အနီးအနားရှိလေထုကို ဆုတ်ဖြဲပစ်လိုက်လေသည်။

ရုတ်တရက်အပြောင်းအလဲက လီပိုင်တို့ကို ထိတ်လန့်သွားစေခဲ့သည်။ လီပိုင်အပါအဝင်လူတိုင်းက ခမ်းနားကြီးကျယ်သော စွမ်းအားများကို အသုံးပြု၍ ဧရာမဒိုင်းကာကြီးများအဖြစ် ပြောင်းလဲလိုက်ကာ ဝမ်ဖုန်းကို ကာကွယ်ပေးလိုက်ရသည်။ ထိုမှသာ ဝမ်ဖုန်းခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာသောအရှိန်အဟုန်များသည် တားဆီးပိတ်ပင်ခံလိုက်ရလေသည်။

" ဂိုဏ်းချုပ် ဘာဖြစ်သွားတာလဲ?။"

လပြည့်ဝန်းနတ်ဆိုးဂိုဏ်းချုပ်က ထိတ်ထိတ်ပြာပြာဖြင့် ဘေးနားတွင်ရပ်နေသောလီပိုင်ကို မေးမြန်းလိုက်သည်။

"အဲ့ဒါက ဝိညာဥ်ကျေးရွာထဲက ရောက်ရှိလာခဲ့တာ ဖြစ်ရမယ်။"

လီပိုင်က ခေါင်းကိုခါယမ်းလိုက်သည်။ လီပိုင်ဟာ ဂုဏ်ထူးဆောင်ဧကရာဇ်အထွတ်အထိပ်မှာရှိနေခဲ့သော်လည်း ဝမ်ဖုန်း၌ ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို ဤအချိန်၌ မတွေ့မြင်နိုင်ခဲ့ပါ။

တစ်ချိန်တည်းမှာပဲ လေထုအထက်၌ရှိနေသော ဝမ်ဖုန်းဟာလည်း မသက်မသာခံစားနေခဲ့ရသည်။ သူ၏ခန္ဓာကိုယ်က ကြီးမားသောခွန်အားကြောင့် ဆုတ်ပြဲတော့မည့်အလား ဖြစ်နေခဲ့၏။ သူ၏အမူအယာကလည်း ပျက်ယွင်းနေခဲ့သည်။

ကျယ်ပြောသောစွမ်းအားကြီးတစ်ရပ်သည်သူ၏ခန္ဓာကိုယ်အတွင်း ပေါက်ဖွားလာခဲ့ကာ သူ့ခန္ဓာကိုယ်ကို ပြင်းထန်စွာ ဆွဲဖြဲနေခဲ့သည်။ အဆိုပါပြင်းထန်သောစွမ်းအား၏အောက်တွင် သူ့ကိုယ်တွင်းရှိသွေးကြောများကလည်း ဆုတ်ဖြဲခံရပြီးနောက် ပြန်လည်ပြင်ဆင်ခြင်းကို ခံခဲ့ရပြန်သည်။ ဝမ်ဖုန်း၏သွေးကြောများမှာ များစွာကျယ်ပြန့်လာခဲ့သည်။

ဝမ်ဖုန်း၏ တစ်ဖက်လောကလျှို့ယင်းရုပ်ခန္ဓာသည် ယခင်က 10%ခန့်ထိ စုစည်းပြီးဖြစ်သော်လည်း အဆိုပါခွန်အား၏ သက်ရောက်မှုအောက်တွင် သူ၏ရုပ်ခန္ဓာက 30%ခန့်ထိ သိပ်သည်းပြီးဖြစ်သွားခဲ့သည်။

ဒါတင်မကသေးပဲ သူ့စိတ်အာရုံအတွင်းရှိ ကံတရားဝိညာဥ်ကလည်း အဆိုပါစွမ်းအားကို လောဘတကြီးစုပ်ယူနေခဲ့ကာ သူ၏စိတ်ဝိညာဥ်ကိုယ်ထည်က တဖြည်းဖြည်းချင်း သန်မာလာခဲ့သည်။ ဝမ်ဖုန်းစိတ်အာရုံအတွင်းရှိ ဇာမဏီငှက်ဥကလည်း အဆိုပါစွမ်းအားကို စုပ်ယူနေခဲ့သည်။ ကျယ်ပြောသောစွမ်းအားကြောင့် ဇာမဏီငှက်ဥအခွံပေါ်ရှိ အနီရောင်မျဥ်းကြောင်းများမှာ သွေးရောင်များအလား တလက်လက်တောက်ပလာခဲ့လေသည်။

"ဘုန်း!"

ဇာမဏီငှက်ဥထံမှ နှလုံးခုန်သံတစ်ချက်ကို ကြားသိလိုက်ရသည်။ ဇာမဏီငှက်ဥဟာ အသက်ဝင်လာတော့မည့်အလား ဖြစ်နေခဲ့ချေသည်။

ဝမ်ဖုန်း၏ လျှို့ယင်းနှလုံးသားကလည်း ဤစွမ်းအားကို စုပ်ယူနေခဲ့သည်။ အဆိုပါစွမ်းအားကို စုပ်ယူလိုက်ပြီးနောက် သလင်းကျောက်ကဲ့သို့ကြည်လင်နေသော လျှို့ယင်းနှလုံးသားသည် လျှို့ဝှက်ဆန်းကြယ်သောမျဥ်းကြောင်းများ၏ ဖုံးအုပ်ခြင်းကိုခံခဲ့ရကာ နှလုံးသား၏ပုံစံက အင်မတန်ထူးဆန်းလာခဲ့သည်။

 ဝမ်ဖုန်းသည် ဤအချိန်၌ ကြီးမားသောနာကျင်မှုကို ခံစားနေခဲ့ရသော်လည်း ဤစွမ်းအား၏သက်ရောက်မှုအောက်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးက အလျှင်အမြန် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ သူဟာ ဂုဏ်ထူးဆောင်ဧကရာဇ်အဆင့်အထိ မြန်ဆန်သောနှုန်းထားဖြင့် တက်လှမ်းသွားခဲ့သည်။

တဖြည်းဖြည်းနှင့် ဝမ်ဖုန်းခန္ဓာကိုယ်အတွင်းရှိ နာကျင်မှုမှာ အားနည်းလာခဲ့ပြီး သူ၏အမူအယာကလည်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ ဝမ်ဖုန်း၏နှလုံးသားအတွင်း၌ သံသယအရိပ်အငွေ့များ ကျန်ရစ်ခဲ့တော့သည်။

ဝိညာဥ်ကျေးရွာအတွင်းမှာ သူ ဘယ်အခွင့်အရေးကိုမှ မရရှိခဲ့ပါဘူး။ ဒါပေမယ့် အခုကြီးမားတဲ့စွမ်းအားက ဘာဖြစ်တာလဲ။ 

ဤအချိန်အတောအတွင်း၌ ဝမ်ဖုန်း၏ စိတ်အာရုံတစ်ခုလုံးသည် ခန္ဓာကိုယ်အတွင်း နှစ်မြှုပ်နေခဲ့တာကြောင့် ပြင်ပရုပ်ခန္ဓာပေါ်၌ ထူထပ်သိပ်သည်းသော အဖြူရောင်သင်္ကေတများ ထွက်ပေါ်လာတာကို သတိမထားမိလိုက်ပါ။ ၎င်းမှာ သေမျိုးဘုံသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်နေခဲ့ကာ မနီးမဝေးတွင်ရှိနေသောလီပိုင်တို့ကို တုန်ယင်သွားစေခဲ့၏။

ဝမ်ဖုန်းစိတ်အာရုံအတွင်းရှိ ကံတရားဝိညာဥ်၏အရွယ်အစားမှာ နှစ်ဆခန့်အထိ ကြီးမားသွားခဲ့ပြီး ဝမ်ဖုန်း၏အရှေ့၌ ဧရာမဘီလူးကြီးတစ်ကောင်ကဲ့သို့ ရပ်တည်နေခဲ့သည်။

ကံတရားဝိညာဥ်၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ကံတရားတာအို၏ လျှို့ဝှက်ဆန်းကြယ်သောသင်္ကေတများက ရစ်သိုင်းလျက်ရှိခဲ့ကာ ဝမ်ဖုန်းကို ကံတရားတာအို၏ ဆန်းပြားမှုအနည်းငယ်ကို ထိုးထွင်းသိမြင်စေခဲ့သည်။ အဆိုပါ ထိုးထွင်းသိမြင်မှုများသည် ဝမ်ဖုန်းနှလုံးသားအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး ကံတရားဝိညာဥ်အပေါ် ဝမ်ဖုန်း၏နားလည်မှုကို အဆင့်တစ်ဆင့် မြင့်တက်သွားစေခဲ့သည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် လေထုအတွင်း ရုတ်တရက်မြောက်တက်သွားခဲ့ကာ၊ ကိုယ်ထည်က သလင်းကျောက်ကဲ့သို့ ကြည်လင်လာခဲ့ကာ တောက်ပသောစွမ်းအားများကို ထုတ်ဖော်နေခဲ့သည်။ သူ့ထံမှ အရှိန်အဝါအနည်းငယ်ကိုမှ ထုတ်လွှတ်မနေသော်လည်း လူအများကို ဖြူဖျော့စေနိုင်သည်အထိ ကြောက်ရွံ့သွားစေနိုင်သည်။

ဘယ်လောက်ကြာသွားသည်မသိ၊ ဝမ်ဖုန်းတစ်ယောက် ပြန်လည်၍သတိဝင်လာခဲ့သည့်အခါ သူ၏ကျင့်ကြံမှုက ဂုဏ်ထူးဆောင်ဧကရာဇ်အထွတ်အထိပ်သို့ တက်လှမ်းသွားခဲ့ပြီးဖြစ်၏။ သူ၏အစိတ်အပိုင်းကြီးသုံးခုဖြစ်သော ကံတရားဝိညာဥ်၊ တစ်ဖက်လောကရုပ်ခန္ဓာနှင့် လျှို့ယင်းနှလုံးသားတို့သည် မတူကွဲပြားသောအဆင့်များအထိ တိုးတက်သွားခဲ့သည်။

ဝမ်ဖုန်းစိတ်အာရုံအတွင်းရှိဇာမဏီငှက်ဥဟာလည်း အဆိုပါလျှို့ဝှက်ဆန်းကြယ်သောစွမ်းအားကြောင့် ပို၍ဆန်းပြားလာခဲ့သည်။ ၎င်းက အချိန်မရွေး ပြန်လည်မွေးဖွားတော့မည်ကဲ့သို့ ဖြစ်နေခဲ့သည်။

ဝမ်ဖုန်းသည် သူ့ခန္ဓာကိုယ်အတွင်းရှိလျှို့ဝှက်ဆန်းကြယ်မှုများကို ခံစားလိုက်ရပြီး တစ်ချိန်တည်းမှာ ပဟေဠိဖြစ်သွားခဲ့သည်။ ဖြစ်နိုင်တာက သူ့ကို ဝိညာဉ်ကျေးရွာထဲက နှင်ထုတ်ခဲ့တဲ့ သာလိကာက သူ့ကို ဒီစွမ်းအားတွေ ပေးအပ်ခဲ့တာများလား။

"စနစ်"

တွေးတောလိုက်ပြီးနောက် ဝမ်ဖုန်းက မေးမြန်းလိုက်သည်။

"စကြဝဠာကြီးတစ်ခုလုံးမှ အလျှို့ဝှက်အဆန်းကြယ်ဆုံးနေရာဖြစ်တဲ့ ဝိညာဥ်ကျေးရွာက စကြဝဠာကြီးမွေးဖွားမှုရဲ့ မူလဇစ်မြစ်ဖြစ်ပါတယ်။ အဲ့ဒီနေရာမှာ သာမန်လူတွေ မတွေးဆနိုင်တဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိနေတယ်။ ဟုန်မန်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိသွားတဲ့ လူသားတွေကတောင် ဝိညာဥ်ကျေးရွာကို ထောက်လှမ်းမသိရှိနိုင်ပါဘူး။"

"ပိုင်ရှင်က ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံမှုလောက်နဲ့ ဝိညာဥ်ကျေးရွာထဲကို ဝင်ရောက်နိုင်ခဲ့တယ်။ ပိုင်ရှင်ရဲ့ သာမန်မဟုတ်တဲ့ဖြစ်တည်မှုကြောင့်သာမဟုတ်ဘူးဆိုရင် ဝိညာဥ်ကျေးရွာထဲရောက်ရှိပြီးတာနှင့်တစ်ပြိုင်နက် ဝိညာဥ်ကျေးရွာစွမ်းအားရှင်တွေရဲ့ ချေမှုန်းခြင်းကို ခံခဲ့ရမှာပါ။"

"သာလိကာဆိုတဲ့လူက ပိုင်ရှင့်ကို ဝိညာဥ်ကျေးရွာအပြင်ဘက် တွန်းထုတ်လိုက်ရတာက ဝိညာဥ်ကျေးရွာရဲ့ အဆင့်မြင့်စွမ်းအားတွေကို ပိုင်ရှင့်ရဲ့ခန္ဓာကိုယ်က လက်မခံနိုင်မှာကို စိုးရိမ်လို့ဖြစ်နိုင်ပါတယ်။ အခု ပိုင်ရှင်ကြုံတွေ့နေရတာက ဝိညာဥ်ကျေးရွာထဲရောက်ရှိသွားပြီး ပိုင်ရှင့်ခန္ဓာကိုယ်က အလိုအလျှောက်စုပ်ယူမိခဲ့တဲ့ အဆင့်မြင့်စွမ်းအားတွေပါ။ အဲ့ဒီစွမ်းအားတွေက ပိုင်ရှင် ပြင်ပကမ္ဘာကိုရောက်ရှိလာတော့ ပေါက်ကွဲမှုတစ်ရပ်ကို ဖြစ်တည်စေခဲ့ပြီး ပိုင်ရှင်ကို ဆင့်ကဲပြောင်းလဲစေခဲ့တာပါ။"

အေးစက်သောအသံက ဝမ်ဖုန်း၏စိတ်အာရုံအတွင်း၌ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ကာ ဝမ်ဖုန်း၏မျက်ဝန်းများကို မှေးကျဥ်းသွားစေခဲ့သည်။ အနှီးဝိညာဥ်ကျေးရွာသည် တကယ့်ကို လျှို့ဝှက်ဆန်းကြယ်ပြီး ထိတ်လန့်ဖို့ ကောင်းလေသည်။

ဝိညာဥ်ကျေးရွာကလူတွေက ကျင့်ကြံမှုမရှိတာမဟုတ်ဘဲ သူတို့ရဲ့ကျင့်ကြံမှုက မျှော်မှန်းထားတာထက် ကျော်လွန်နေမှာကို စိုးရိမ်မိတယ်။ ဒါ့အပြင် သူတို့က သူနဲ့ ဒိုင်မေးရှင်းတစ်ခုတည်းမှာရှိနေတာ မဖြစ်နိုင်ဘူး။ ဒါ့ကြောင့် သူက ဝိညာဥ်ကျေးရွာအတွင်းကလူတွေရဲ့ ကျင့်ကြံမှုအခြေခံတွေကို အာရုံမခံမိခဲ့တာများလား။

"ပိုင်ရှင်က ဝိညာဥ်ကျေးရွာထဲကို ဝင်ရောက်နိုင်ခဲ့တာကြောင့် စနစ်ကလည်း ဝိညာဥ်ကျေးရွာရဲ့အဆင့်မြင့်စွမ်းအားတွေကို စုပ်ယူနိုင်ခဲ့ပြီး ဆင့်ကဲပြောင်းလဲလာခဲ့ပါပြီ။"

"စနစ်ရဲ့ဆင့်ကဲပြောင်းလဲမှုအပြီးမှာ ပိုင်ရှင်က ထီကံစမ်းမှုကြောင့်ရရှိလာတဲ့ ကျင့်ကြံမှုတွေကို နှစ်ဆရရှိခံစားရမှာပါ။ တစ်ချိန်တည်းမှာပဲ ပိုင်ရှင်က ဘိုးဘေးငှားရမ်းခြင်းလုပ်ဆောင်ချက်ကို အသုံးပြုလိုက်ရင် ရှန်ရှန်ကျုံ့ဂိုဏ်းရဲ့ဘိုးဘေးကို အထွတ်အထိပ်အခြေအနေမှာ ထာဝရဆင့်ခေါ်နိုင်တဲ့အထိ ဖြစ်နိုင်ချေရှိလာမှာပါ။"

ဝမ်ဖုန်းတစ်ယောက်တွေးတောနေစဥ်မှာ စနစ်၏အသံက ထပ်မံ၍ထွက်ပေါ်လာခဲ့ကာ သူ့ကို ခြောက်ခြားသွားစေခဲ့သည်။ စနစ်က သူခိုးတစ်ယောက်လိုမျိုး ဝိညာဥ်ကျေးရွာ၏စွမ်းအားများကို လျှို့ဝှက်စွာ စုပ်ယူခဲ့လိမ့်မည်ဟု သူ ထင်မထားခဲ့ပါ။

ဒါပေမယ့် ဒီစုပ်ယူတာက အကျိုးရှိခဲ့တာပဲလေ။

ကျင့်ကြံမှုကောင်းချီးပေးခြင်း၏သက်ရောက်မှုကို နှစ်ဆမြင့်တင်ခြင်းမှာ သူဟာလည်း ကျင့်ကြံမှုအခြေခံများကို နှစ်ဆတိုး၍ ရရှိနိုင်လိမ့်မည်။ ဒါဟာ ဂိုဏ်းအကြီးအကဲများကို အဆင့်မြင့်တင်ရန် အသုံးချရမည့် ဂိုဏ်းအမှတ်များကို တစ်ဝက်တိတိ သက်သာစေနိုင်သည်။

ဒါအပြင် ရှန်ရှန်ကျုံ့ဂိုဏ်း၏ ဘိုးဘေးတစ်ယောက်ကို အထွတ်အထိပ်အခြေအနေမှာ ထာဝရဆင့်ခေါ်နိုင်ဖို့ ဖြစ်နိုင်ချေရှိနေခြင်း။ ၎င်းမှာ သေးငယ်သောဖြစ်နိုင်မှုတစ်ခုဆိုရင်တောင် ဝမ်ဖုန်းကို စိတ်လှုပ်ရှားသွားစေရန် လုံလောက်လေ၏!

All Chapters