အခန်း (၆၁၈)
Vol. 44 Ch. 618
ဘိုးဘေးအားလုံးထဲက ရှန်ရှန်ကျုံ့ဂိုဏ်းရဲ့နဝမမြောက်ဘိုးဘေး မျောက်ဘုရင်ကို ဆင့်ခေါ်နိုင်ခဲ့ရင်တောင် ထိတ်လန့်ဖို့ကောင်းလွန်းနေပြီဖြစ်၏!
ထိုပုဂ္ဂိုလ်မှာ ကောင်းကင်ဘုံခုံရုံးကို ယှဥ်ပြိုင်တိုက်ခိုက်ရဲခဲ့သူဖြစ်သည်။ နောက်ဆုံးမှာ သူဟာ ဗုဒ္ဓ၏အနိုင်ယူခြင်းကိုခံခဲ့ရရင်တောင်မှ စွန်းဝူခုန်း၏ခွန်အားက သံသယဝင်စရာမကောင်းလောက်အောင် ကောင်းမွန်နေခဲ့ပြီးဖြစ်သည်။
ဝမ်ဖုန်းဟာ အထွတ်အထိပ်အခြေအနေ၌ရှိနေသော စွန်းဝူခုန်း အဘယ်မျှလောက် သန်မာကြောင်းကို တကယ်ပဲ တွေ့မြင်ချင်မိ၏။ ကြည့်ရတာ သူ စွန်းဝူခုန်းကိုဆင့်ခေါ်ချင်ရင် ဘိုးဘေးငှားရမ်းခြင်းလုပ်ဆောင်ချက်ကို အများကြီးအသုံးပြုရတော့မယ့်ပုံပဲ။
ပြီးတော့ ဘိုးဘေးငှားရမ်းခြင်းလုပ်ဆောင်ချက်ကို အသုံးပြုချင်တယ်ဆိုရင် အရင်ဆုံး ကံတရားအမှတ်တွေကို မြင့်တင်ရမယ်။
သူ ဘာလို့ စနစ်ရဲ့လှည့်စားတာခံလိုက်ရတယ်လို့ ထင်နေမိပါလိမ့်။
သူဟာ ဒီကမ္ဘာကြီးထဲကို ရောက်ရှိလာပြီးကတည်းက ဂိုဏ်းအမှတ်များနှင့် ကံတရားအမှတ်များကို အမြဲတမ်း စုဆောင်းနေခဲ့သည်။ သူ့ရဲ့ကျင့်ကြံမှုက အဆက်မပြတ် တိုးတက်လာခဲ့ရင်တောင်မှ သူ ဘာလို့ လှည့်စားခံနေရတယ်လို့ ထင်နေပါလိမ့်။
ဘာပဲဖြစ်ဖြစ် ကံတရားအမှတ်တွေက သူနှင့် ရှန်ရှန်ကျုံ့ဂိုဏ်းအတွက် ကောင်းတာပဲလေ။
ဒါဆိုမှတော့ လုပ်လိုက်ကြတာပေါ့!
ကံတရားအမှတ်များကိုရရှိရန် နည်းလမ်းနှစ်ခု ရှိတယ်။ တစ်ခုမှာ ကြီးကျယ်သောကံတရား ပိုင်ဆိုင်ထားသည့် တပည့်များကို စုဆောင်းရန်နှင့် အခြားတစ်ခုကတော့ ကံတရားအမှတ်များ ရရှိပိုင်ဆိုင်ထားသော အင်အားစုကြီးများကို ချေမှုန်းရန်ဖြစ်သည်!
ဒါကို တွေးမိခဲ့သည့်အခါ ဝမ်ဖုန်းက ရုတ်တရက် ငြိမ်သက်သွားခဲ့ရသည်။ မွန်မြတ်ဘုံလောကကြီးထဲမှာ သူ ဖျက်ဆီးစရာလိုတဲ့အင်အားစု မရှိတော့ဘူးမလား။ အို၊ မဟုတ်သေးဘူး။ ကောင်းကင်တာအိုမျိုးနွယ်စုတွေ ရှိနေသေးတာပဲ။
မြင့်မြတ်တဲ့ခုနစ်ပြည်ထောင်အကြောင်းကိုတော့ မတွေးတော့ပါဘူးလေ။ သူတို့ရဲ့လေးစားတဲ့အပြုအမူကို တွေ့မြင်လိုက်ရပြီးနောက် ဝမ်ဖုန်းက သူတို့ကို မတိုက်ခိုက်ချင်တော့ပါ။ ဖြစ်နိုင်သည့်တစ်ခုတည်းသောအရာမှာ သူနှင့်ပဋိပက္ခများဖြစ်ပွားခဲ့ဖူးသော ကောင်းကင်တာအိုမျိုးနွယ်စုများသာ ကျန်တော့သည်။
ဒါ့အပြင် သူဟာ ခုနစ်ပြည်ထောင်၏ပိုင်နက်အတွင်း၌ တပည့်ပေါင်းများစွာကို ခေါ်ယူနိုင်သေးသည်။ ဤသည်မှာလည်း ကံတရားအမှတ်များရရှိစေနိုင်မည့် နည်းလမ်းတစ်ရပ်ဖြစ်၏။
ပါရမီစွမ်းအားများပြားလေလေ ကံတရားအမှတ်များပြားလေလေလည်း မဟုတ်ပါချေ။ အချို့သူများဟာ မြင့်မားသောပါရမီကို ပိုင်ဆိုင်ထားသော်လည်း သန်မာသောကံတရားကိုတော့ မပိုင်ဆိုင်ထားပါ။ အချို့သူတွေကတော့ သာမန်ပါရမီမျှသာရှိသော်လည်း အင်မတန်အားကောင်းသောကံတရားကို ပိုင်ဆိုင်ထားလေသည်။
ဒါကိုတွေးမိလိုက်ပြီး ဝမ်ဖုန်းက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည့်အခါ အလင်းတန်းတစ်တန်းသည် သူ၏မျက်ဝန်းများအတွင်းမှ ဖြတ်သန်းသွားခဲ့ပြီး လေထုကို တိုက်ရိုက်ထွင်းဖောက်ပစ်ခဲ့သည်။ ဤသည်က မနီးမဝေးတွင်ရှိနေသော လီပိုင်တို့ကို ဖြူဖျော့သွားစေခဲ့သည်။ ဤအချိန်၌ ဝမ်ဖုန်းထံမှ ဘယ်အရှိန်အဝါကိုမှ ထုတ်လွှတ်မနေခဲ့သော်လည်း ဂုဏ်ထူးဆောင်ဧကရာဇ်အထွတ်အထိပ်တွင်ရှိနေသော လီပိုင်ကတောင်မှ အကြောင်းအရင်းမရှိ တုန်လှုပ်နေမိသည်။
သူ၏ခွန်အားက သန်မာသော်လည်း ဂိုဏ်းချုပ်ထက် အနည်းငယ်နိမ့်ကျနေသေးသလို လီပိုင်တစ်ယောက် ခံစားလိုက်ရသည်။ အဆင့်တူအတွင်း၌ သူဟာ ဂိုဏ်းချုပ်၏ပြိုင်ဘက် ကျန်းသေပေါက်ဖြစ်နိုင်မည်မဟုတ်ပါ။
"ဂိုဏ်းချုပ်ရဲ့သန်မာမှုအတွက် ဂုဏ်ပြုပါတယ်။"
ဝမ်ဖုန်းဆင်းသက်လာတာကိုတွေ့မြင်လိုက်ရသည့်အခါ လီပိုင်တို့တတွေက လက်သီးဆုပ်ဂါရဝပြုလိုက်ပြီး ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ကြသည်။
"မင်းတို့ရဲ့ အလုပ်ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်ကွာ။"
ဝမ်ဖုန်းက ပြုံးလိုက်ပြီး လက်ကိုခါယမ်းလိုက်သည်။
"ဂိုဏ်းချုပ်၊ ကျုပ်တို့ဆက်ပြီး ခရီးသွားကြဦးမလား။"
လပြည့်ဝန်းနတ်ဆိုးဂိုဏ်းချုပ်က လျှင်မြန်စွာ မေးမြန်းလိုက်သည်။
"မြင့်မြတ်တဲ့စန်းရိအင်ပါယာကို အရင်ဆုံးပြန်ကြတာပေါ့။ ဒီဧကရာဇ်မှာ လုပ်စရာတစ်ခုရှိတယ်။"
ဝမ်ဖုန်းက တစ်ခဏကြာတွေးတောလိုက်ပြီး ပြောဆိုလိုက်သည်။
မြင့်မြတ်သောခုနှစ်ပြည်ထောင်အတွင်း၌ ဂိုဏ်းတပည့်များခေါ်ယူရန်အတွက် ခုနစ်ပြည်ထောင်ကို အရင်ဆုံးအသိပေးထားရန်လိုအပ်သည်။ ဒါ့အပြင် ခုနစ်ပြည်ထောင်ကသာ ကောင်းကင်တာအိုမျိုးနွယ်စုများနှင့် ရင်ဆိုင်ချင်ပါက သူ၏ရှန်ရှန်ကျုံ့ဂိုဏ်းကလည်း ဝင်ရောက်ကူညီရမည်။
သူဟာ အဆိုပါမျိုးနွယ်စုကြီးများ၏ ကံတရားအမှတ်များကို လုယူချင်ပါသည်!
ထိုသို့ပြောဆိုလိုက်ပြီးနောက် ဝမ်ဖုန်းနှင့် အခြားသူများသည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားခဲ့ကာ စန်းရိအင်ပါယာထံသို့ ပျံသန်းသွားခဲ့လေသည်။ ပျံသန်းနေရင်းမှ ဝမ်ဖုန်းက တစ်ခဏကြာအောင်တွေးတောလိုက်ပြီး ပြောဆိုလိုက်သည်။
"လီပိုင်၊ ရှီကန်းတန် မင်းတို့နှစ်ယောက်က အကြီးအကဲတစ်ချို့ကို ခေါ်ယူပြီး မရဏမျိုးနွယ်စုနဲ့ အခြားအင်အားကြီးမျိုးနွယ်စုတွေကို နယ်စပ်မှာ ရင်ဆိုင်လိုက်ပါလေ။ မင်းတို့ လုပ်နိုင်မှာပါ။"
အဖွဲ့သားများကို နှစ်အုပ်စုခွဲခြင်းက အကျိုးအမြတ်များကို ပို၍ရရှိစေနိုင်သည်။
ဤကနေ့ သူ၏ကျင့်ကြံမှုဟာ ဂုဏ်ထူးဆောင်ဧကရာဇ်အထွတ်အထိပ်ကို ရောက်ရှိနေခဲ့ပြီဖြစ်သည်။ လီပိုင်နှင့်အခြားသူများ မပါရှိဘူးဆိုရင်တောင်မှ သူဟာ ထိုက်သင့်သလောက် ပြိုင်ဘက်ကင်းနေပြီးသားဖြစ်၏။
ဒါ့အပြင် ရှီကန်းတန်ဟာလည်း ကြယ်စင်ဧကရာဇ်အထွတ်အထိပ်ကို ရောက်ရှိနေသော တည်ရှိမှုတစ်ခုဖြစ်ကာ လီပိုင်ကတော့ ဂုဏ်ထူးဆောင်ဧကရာဇ်အထွတ်အထိပ်စွမ်းအားရှင်ဖြစ်သည်။ ရွှမ်းယွမ်ကလည်း ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်၌ ရှိနေသည်။ သူတို့၏ကျင့်ကြံမှုက ချိပ်ပိတ်ခံထားရင်တောင်မှ သူတို့၏ခွန်အားကို သာမန်စွမ်းအားရှင်များက လုံးဝရင်ဆိုင်နိုင်မှာ မဟုတ်ပါ။
"ကောင်းပါပြီ ဂိုဏ်းချုပ်။"
ဝမ်ဖုန်း၏စကားကို ကြားလိုက်ရသည့်အခါ လီပိုင်နှင့်အခြားသူများက တုံ့ဆိုင်းနေရဲခြင်းမရှိဘဲ လက်သီးဆုပ်ဂါရဝပြုလိုက်ကြသည်။
လီပိုင်တို့သည် ဝမ်ဖုန်း၏ခွန်အားအပေါ် ကျိန်းသေပေါက် ယုံကြည်မှုရှိလေသည်။ အထူးသဖြင့် ဝမ်ဖုန်းဟာ ဂုဏ်ထူးဆောင်ဧကရာဇ်အထွတ်အထိပ်အဆင့်ကို ရောက်ရှိသွားပြီးနောက်ဖြစ်သည်။ လီပိုင်ကတောင် ဝမ်ဖုန်း၏ပြိုင်ဘက်ဖြစ်နိုင်မည်ဟု သူ့ကိုယ်သူ မသေချာပါ။ ဒီမွန်မြတ်ဘုံလောကကြီးထဲမှာ ဘယ်သူကများ ဂိုဏ်းချုပ်ရဲ့ပြိုင်ဘက်ဖြစ်နိုင်မှာမလို့လဲ။
ဂါရဝပြုလိုက်ပြီးနောက် လီပိုင်တို့သည် ဝမ်ဖုန်းတို့အုပ်စုထံမှခွဲထွက်ကာ စန်းရိအင်ပါယာနယ်စပ်ထံသို့ ပျံသန်းသွားခဲ့သည်။ ဝမ်ဖုန်းဟာ သူ၏ရုတ်တရက်ဖြစ်ပေါ်လာသောအကြံအစည်က စန်းရိအင်ပါယာကြီးကို ကယ်တင်နိုင်ခဲ့လိမ့်မည်ဟု ဘယ်တုန်းကမှ တွေးထင်ထားခဲ့ခြင်းမရှိပါချေ။
လီပိုင်တို့ထွက်ခွာသွားတာကို ကြည့်ရှုလိုက်ပြီးနောက် ဝမ်ဖုန်းသည် မွန်မြတ်သောစန်းရိမြို့တော်သို့ပြန်ရန်ကို အလျင်မလိုခဲ့ဘဲ ဖြေးညှင်းစွာလမ်းလျှောက်နေခဲ့ကာ သာ့ယွမ်တောင်တန်းများ၏မြင်ကွင်းကို ရှုစားနေခဲ့လေသည်။
.....
မွန်မြတ်သောစန်းရိမြို့တော်၏ တော်ဝင်နန်းတော်အထက်ဘက်၌ ပထမမင်းသားလန်လဲ့သည် လက်နှစ်ဖက်ကိုနောက်ပစ်ကာ လေဟာပြင်ထက်၌ မတ်တပ်ရပ်နေခဲ့သည်။ သူ၏ခန္ဓာကိုယ်မှ ဧကရာဇ်တစ်ပါးကဲ့သို့ ပြိုင်ဘက်ကင်းသော အရှိန်အဟုန်ကိုဖော်ထုတ်နေခဲ့ကာ တော်ဝင်ဦးရီးတော်များကို ဖိအားများစွာ ပေးအပ်နေခဲ့သည်။
ဦးရီတော်များ၏ နဖူးပြင်များသည် ချွေးများဖြင့်စိုရွှဲနေခဲ့ကာ သူတို့၏မျက်နှာကလည်း မဲမှောင်၍ မရေမရာဖြစ်နေခဲ့သည်။ သူတို့၏မျက်ဝန်းများက လန်လဲ့ကို စူးစိုက်ကြည့်နေခဲ့သည်။ လန်လဲ့ထုတ်ဖော်ခဲ့သော စွမ်းအားကြီးသည့် တိုက်ပွဲဝင်စွမ်းအားက တော်ဝင်ဦးရီးတော်များကို တုန်ယင်သွားစေခဲ့သည်။
ဒါ့ကြောင့်ပဲ သူတို့ဟာ လန်လဲ့၏စကားလုံးများကို ပိုင်းခြားဆင်ခြင်နေခဲ့သည်။ လန်လဲ့ဟာ ဘယ်လိုပဲ ပုန်ကန်မှုကိုလုပ်ဆောင်ခဲ့ပါစေ၊ သူဟာ တော်ဝင်မိသားစုအဖွဲ့ဝင်တစ်ယောက်ဖြစ်နေဆဲသာ။
လန်လဲ့တစ်ယောက် ရာဇပလ္လင်ကိုလုယူခဲ့ရင်တောင်မှ အရေးမပါ ပါချေ။ သူသာ မြင့်မြတ်တဲ့စန်းရိအင်ပါယာကို ပိုမိုသန်မာအောင်လုပ်ဆောင်ပေးနိုင်သ၍ ရာဇပလ္လင်ကို ယူခြင်းမယူခြင်းက သူတို့အတွက် အတူတူသာဖြစ်ပေလိမ့်မည်။
ဒါ့အပြင် လက်ရှိဧကရာဇ်စန်းရိကလည်း အဆိပ်မိနေသေးသည်။ သူက မင်းသားလန်လဲ့ကို တားဆီးနိုင်ပါ့မလားဆိုတာကိုလည်း မသိကြပါ။ သူတို့က တကယ်ပဲ ဧကရာဇ်စန်းရိအတွက် လန်လဲ့ကို သေသည်အထိ တိုက်ခိုက်ရမှာလား။
လန်လဲ့၏ခွန်အားကသာ သူတို့လောက်မသန်မာပါက သူတို့ဟာလည်း ထိုကဲ့သို့အတွေးမျိုးကို တွေးမိမှာမဟုတ်ပါ။ သို့ပါသော်လည်း လန်လဲ့၏လက်ရှိခွန်အားက သူတို့၏ခုခံမှုကို တဖြည်းဖြည်းဖြင့် လျှော့ရဲလာစေခဲ့သည်။ သူတို့ကိုယ်သူတို့ ကာကွယ်လိုသည့် စိတ်ဆန္ဒများသည် ထိန်းချုပ်မရထွက်ပေါ်လာခဲ့သည်။
ဧကရာဇ်စန်းရိ၏ဘေးနားတွင်ရှိနေသောအဘိုးအိုနှင့် ကြင်ယာတော်ယဲ့တို့ ထုတ်ဖော်ခဲ့သော ခွန်အားများကြောင့်သာမဟုတ်ပါက သူတို့သည် မင်းသားလန်လဲ့၏အစွမ်းကို တွေ့မြင်ပြီးကတည်းက အရှုံးပေးမိခဲ့ပေလိမ့်မည်။
တော်ဝင်ဦးရီးတော်များအနေဖြင့် သူတို့ဟာ မြင့်မြတ်သောစန်းရိအင်ပါယာကြီး၏ အခြေခံအုတ်မြစ်ဖြစ်ကြသည်။ ဘယ်သူပဲ ရာဇပလ္လင်ပေါ်တက်လှမ်းပါစေ၊ သူတို့ကတော့ ဆန့်ကျင်မှာမဟုတ်ပါ။ ဤသည်ကလည်း သူတို့တုံ့ဆိုင်းနေရသည့် အကြောင်းအရာတစ်ခုဖြစ်လေသည်။
ဧကရာဇ်စန်းရိအတွက်တော့ လန်လဲ့၏လုပ်ရပ်က တရားလွန်နေခဲ့သော်လည်း သူတို့အတွက်တော့ အနည်းငယ်မိုက်ရူးရဲဆန်ရုံမျှသာဖြစ်လေသည်။ သူသာ လုံလောက်အောင်သန်မာသ၍ ရာဇပုလ္လင်ကိုလည်း ပိုင်ဆိုင်သင့်တယ် မဟုတ်လား။
သန်မာသူတွေက လေးစားခံရတယ်။ ဒါက ကမ္ဘာတည်ကတည်းကရှိခဲ့တဲ့ သီအိုရီပဲလေ။
"ဟားဟားဟား.. မင်းလိုလူမမယ်လေးတစ်ယောက်က ရာဇပလ္လင်ကို လုယူချင်နေတာလား။"
တော်ဝင်ဦးရီးတော်များ တုံ့ဆိုင်းနေကြစဥ်မှာ လှောင်ပြောင်အော်ဟစ်သံကြီးက နန်းတော်တစ်ခွင်ဟိန်းထွက်သွားခဲ့ကာ မင်းသားလန်လဲ့၏အမူအယာကို အေးစက်သွားစေခဲ့သည်။ သူတို့အားလုံးသည် အသံလာရာဘက်သို့ လှည့်ကြည့်မိလိုက်ကြသည်။
တော်ဝင်ဦးရီးတော်များကလည်း အသံလာရာဘက်သို့ တစ်ယောက်ပြီးတစ်ယောက် စိုက်ကြည့်မိလိုက်ကြသည်။ လန်လဲ့က ဒီလောက်ထိတ်လန့်ဖို့ကောင်းတဲ့ခွန်အားကို ပြသခဲ့တာတောင် ဘယ်သူကများ လန်လဲ့ကို ဒီလိုမျိုးပြောရဲရသေးတာလဲ။
"ဘုန်း!"
လန်လဲ့တို့၏အကြည့်များအောက်တွင် မဟာနတ်ဆိုးကြီးရွှမ်ရှ၏ပုံရိပ်က အဝေးတစ်နေရာမှ တဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။ သူဟာ သန်မာသောနတ်ဆိုးစွမ်းအားများရစ်သိုင်းနေသောခန္ဓာကိုယ်ဖြင့် လေထုအတွင်းတစ်လှမ်းချင်းလျှောက်လှမ်းလာခဲ့ရာ နတ်မိစ္ဆာဆိုးတစ်ပါးအဖြစ်တောင် ထင်မှတ်မှားရလေသည်။
အဆိုပါထိတ်လန့်ဖို့ကောင်းသောမှော်စွမ်းအားသည် ကောင်းကင်ကြီးတစ်ခုလုံးကို တုန်ယင်သွားစေခဲ့ကာ ကမ္ဘာလောကအတွင်း၌ တိမ်မဲများ ရုတ်တရက်အုံ့ဆိုင်းလာခဲ့ရသည်။ လန်လဲ့အပေါ် ထွန်းလင်းတောက်ပနေသောအလင်းရောင်ကြောင့်သာမဟုတ်ပါက လောကကြီးတစ်ခုလုံးသည် အမှောင်အတိ ဖုံးလွှမ်းသွားခဲ့ပေလိမ့်မည်။