← Chapters

နတ်ဆိုးမိစ္ဆာတို့၏ ရှင်ဘုရင်

Vol. 44 Ch. 619

နတ်ဆိုးမိစ္ဆာတို့၏ ရှင်ဘုရင်

Vol. 44 Ch. 619

ရောက်လာသောလူကို တွေ့မြင်လိုက်ရသည့်အခါ မင်းသားလန်လဲ့၏မျက်ဝန်းများအတွင်း၌ သတ်ဖြတ်လိုစိတ်များ ရစ်သိုင်းလာခဲ့သည်။ ရှန်ရှန်ကျုံဂိုဏ်းကို သူတောင်ပြဿနာမရှာရသေးခင်မှာ ရှန်ရှန်ကျုံဂိုဏ်းသားတွေက တံခါးဝအထိ ရောက်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ သူတကယ့်ကို သတ်ဖြတ်ချင်နေပြီ !

" မူလဧကရာဇ်အဆင့်တစ်ယောက်က ဒီဧကရာဇ်ရဲ့ရှေ့မှာ လေသံကျယ်ကျယ်နဲ့ ပြောရဲတယ်လား။ "

မဟာနတ်ဆိုးရွှမ်ရှ၏ကျင့်ကြံမှုကို အာရုံခံမိလိုက်သည့်အခါ လန်လဲ့၏မျက်နှာထက်၌ အထင်အမြင်သေးသောအမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး အေးစက်စွာ လှောင်ပြောင်လိုက်သည်။

မဟာနတ်ဆိုးရွှမ်ရှ၏ကျင့်ကြံမှုက မူလဧကရာဇ်အထွတ်အထိပ်မှာတောင် ဟုတ်မနေခဲ့ပါ။ ဒီလိုလူတစ်ယောက်ကို သူ့လက်တစ်ဖက်နဲ့တောင် အမှုန့်ခြေပစ်လိုက်နိုင်တယ်။

မနီးမဝေးတွင်ရှိနေသော တော်ဝင်ဦးရီးတော်များကလည်း ခေါင်းကိုခါယမ်းလိုက်ကြပြီး သူတို့၏အမူအရာက ပူဆွေးဝမ်းနည်းနေခဲ့ကြသည်။ မဟာနတ်ဆိုးရွှမ်ရှရောက်ရှိကူညီလာခြင်းက သူတို့အားလုံး၏ထင်မြင်ချက်များကို ကျော်လွန်နေခဲ့သည်။

သတ္တိရှိတာ ကောင်းပါတယ်...ဒါပေမဲ့ အခုအခြေအနေမှာတော့ သေတာထက်ပိုမကောင်း နိုင်ဘူး...မဟုတ်လား။

" အဲ့ဒီတော့ ဘာဖြစ်လဲ။ ဒါကတောင် မင်းကို ရင်ဆိုင်နိုင်တာထက် ကျော်နေပြီ....ကွ ! "

မဟာနတ်ဆိုးရွှမ်ရှက မောက်မာစွာ ပြောဆိုလိုက်သည်။ သူ၏ပုံနေဟန်ထားက ပြိုင်ဖက်ကင်းသောနတ်ဆိုးဘုရင်တစ်ပါး၏ မာန်မာနကို သယ်ဆောင်ထားခဲ့ချေသည်။

မဟာနတ်ဆိုးကြီးရွှမ်ရှသည် အပြင်ပန်း၌သာမောက်မာနေခဲ့သော်လည်း နှလုံးသားအတွင်း၌တော့ တိုးတိတ်စွာ ငိုယိုနေခဲ့လေသည်။ ပထမမင်းသားလန်လဲ့က ရက်အနည်းငယ်အတွင်းမှာ ဒီလောက်ထိအစွမ်းထက်သွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာတုန်း။

ထိုသူ့ထံမှ ဘယ်အရှိန်အဝါကိုမှ မခံစားခဲ့ရသော်လည်း မဟာနတ်ဆိုးရွှမ်ရှ၏စိတ်ဝိညာဥ်တစ်ခုလုံးက ရုတ်တရက် တုန်ယင်နေခဲ့ရသည်။ သူ၏နှလုံးသားကလည်း ကြီးမားသောဘေးဒုက္ခကြီးနဲ့ ရင်ဆိုင်နေရသည်ဟု အဆက်မပြတ် ပြောဆိုနေခဲ့သည်။ ဒါပေမဲ့ သူထွက်လာခဲ့ပြီးပြီလေ။ အခုမှတော့ ပြန်လှည့်ပြေးလို့ ရပါ့မလား။

အဲ့တာက အရမ်းကို ရှက်စရာကောင်းမှာ !

သူ့လို ရှန်ရှန်ကျုံဂိုဏ်းရဲ့ အပြင်စည်းအကြီးအကဲချုပ်က ဒီလိုဂုဏ်သက္ခာမဲ့တဲ့အပြုအမူမျိုး ဘယ်လိုလုပ် လုပ်ရဲမှာလဲ။ ဘာဘဲဖြစ်ဖြစ် လန်လဲ့နဲ့စကားပြောပြီး အချိန်ဆွဲထားရမယ်။

ဒါ့အပြင် လက်ရှိမဟာနတ်ဆိုးကြီးရွှမ်ရှက ရှေးဟောင်းကမ္ဘာအတွင်းရှိ မဟာနတ်ဆိုးကြီးရွှမ်ရှနဲ့ မတူညီတော့ပါ။ ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကကို ရောက်ရှိလာပြီးနောက် ယဲ့မုချင်ပေးအပ်ခဲ့သောအမွေအနှစ်သည် အစွမ်းပြလာခဲ့သည်။ ဝမ်ဖုန်းကတောင် မဟာနတ်ဆိုးရွှမ်ရှ၏လျို့ဝှက်ခွန်အားများကို မသိရှိခဲ့ပါချေ !

" သေချင်နေတာလား ! "

မဟာနတ်ဆိုးရွှမ်ရှ၏စကားလုံးများက လန်လဲ့ကို သည်းခံမှုများ ဆုံးရှုံးသွားစေခဲ့သည်။ လန်လဲ့၏မိုးခြိမ်းသံလို ဟစ်အော်သံကြီးသည် ကမ္ဘာလောကအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။ ၎င်းအသံလှိုင်းလုံးကြီးနဲ့အတူ ကြောက်မက်ဖွယ်အရှိန်အဝါကြီးကလည်း လန်လဲ့ထံမှ ပေါက်ကွဲထွက်လာခဲ့ကာ လောကကြီးကို တုန်ယင်သွားစေခဲ့၏။

လန်လဲ့ပတ်လည်ရှိလေထုသည် တွန့်လိမ်ပုံပျက်နေခဲ့ရတော့သည်!

" ဘုန်း...! "

လန်လဲ့ဟာ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည့်အခါ ကောင်းကင်နဲ့ကမ္ဘာမြေအတွင်းရှိစွမ်းအားများသည် ရုတ်တရက် ဆွဲစုခံလိုက်ရကာ လန်လဲ့ထံသို့ စုရုံးသွားခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း၌ စွမ်းအားများသည် လန်လဲ့၏ရှေ့မှောက်၌ ဧရာမလက်ဖဝါးကြီးတစ်ခုအဖြစ် သိပ်သည်းသွားခဲ့သည်။ အဆိုပါလက်ဖဝါးကြီး၏မျက်နှာပြင်ထက်မှ တလက်လက်တောက်ပနေသောအရောင်များ ထုတ်လွှတ်နေခဲ့ကာ မူလက မှောင်မဲနေသောလောကကြီးကို နေ့အချိန်ကဲ့သို့ လင်းလက်သွားစေခဲ့၏။

" ဘုန်း....! "

အေးစက်သောမျက်ဝန်းများဟာ မှေးကျဥ်းသွားခဲ့ပြီး ကြီးမားသောလက်ဖဝါးကြီးဟာ ရိုက်ထုတ်ခံလိုက်ရသည်။ ၎င်းက မဟာနတ်ဆိုးရွှမ်ရှထံသို့ ပြင်းထန်စွာ ပြေးဝင်သွားခဲ့သည်။ လက်ဖဝါးကြီးဖြတ်သန်းသွားသည့်နေရာတိုင်းတွင် လေဟာပြင်က ပေါက်ကွဲသွားခဲ့ကာ ကြီးမားသောအက်ကြောင်းရာကြီးများကို ချန်ရစ်ခဲ့သည်။

သန်မာသောစွမ်းအားအရိပ်အငွေ့များက နန်းတော်ကြီးများကို အဆက်မပြတ် တုန်ယင်လာစေခဲ့သည်။ နန်းတော်ဂိတ်ပေါက်ဝ၌ တိုက်ခိုက်နေကြသော စစ်သည်တော်များသည်လည်း ၎င်းစွမ်းအား၏သက်ရောက်မှုကို ခံခဲ့ရကာ နန်းတော်အလယ်ဗဟိုရှိရာသို့ သံသယများဖြင့် စိုက်ကြည့်မိခဲ့ကြသည်။

မြင့်မြတ်သောမြို့တော်အတွင်းရှိ ကျင့်ကြံသူများအားလုံးကလည်း အသက်ရှူများအောင့်ထားလိုက်မိကြပြီး ရွှေရောင်လက်ဖဝါးကြီးနဲ့ အနက်ရောင်ပုံရိပ်တို့ကို စိုက်ကြည့်နေခဲ့မိကြသည်။

အိပ်ဆောင်အတွင်း၌လည်း အဖိုးအိုနဲ့ကြင်ယာတော်ယဲ့တို့က အပြင်ဖက်အခြေအနေများကို စဥ်ဆက်မပြတ်ထောက်လှမ်းနေခဲ့သည်။ သို့ပါသော်လည်း သူတို့၏နှလုံးသားထဲ၌တော့ ဘယ်မျှော်လင့်ချက်မှ ရှိမနေခဲ့ပါ။ မင်းသားလန်လဲ့၏ခွန်အားက ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်နဲ့ရင်ဆိုင်ရန် လုံလောက်လေသည် ။မဟုတ်သေးဘူး...ပိုပြီးတော့တောင် သန်မာသေးတယ်။ ဒါပေမဲ့ မဟာနတ်ဆိုးရွှမ်ရှက မူလဧကရာဇ်အဆင့်မှာပဲ ရှိနေတာလေ။ မင်းသားလန်လဲ့နဲ့ အဆင်တူတောင် မဟုတ်ဘူး။ မင်းသားလန်လဲ့ရဲ့တိုက်ခိုက်မှုကို မခုခံနိုင်တော့မှာကိုတောင် စိုးရိမ်မိပါရဲ့ !

" ဘုန်း....! "

လန်လဲ့၏အစွမ်းထည်သောတိုက်ခိုက်မှုနဲ့ရင်ဆိုင်လိုက်ရသည့်အခါ မဟာနတ်ဆိုးရွှမ်ရှ၏မျက်နှာဟာ အေးစက်တင်းမာသွားခဲ့သည်။ ခမ်းနားကြီးကျယ်သော နတ်ဆိုးစွမ်းအားများက သူ့ထံမှ ပေါက်ကွဲထွက်ပေါ်လာခဲ့ကာ ကောင်းကင်ကြီးတစ်ဝက်နီးပါးခန့်ကို မဲမှောင်သွားစေခဲ့သည်။ နတ်ဆိုးလမ်းစဥ်၏ထူထပ်များပြားသော သင်္ကေတများကလည်း မဟာနတ်ဆိုးရွှမ်ရှ၏ပတ်လည်၌ ဝဲလွှင့်လာခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း၌ သင်္ကေတများအားလုံးသည် စုပေါင်းသွားခဲ့ကာ မဟာနတ်ဆိုးရွှမ်ရှ၏နောက်ဖက်၌ မြင့်မားသောပုံရိပ်ယောင်ကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

အဆိုပါပုံရိပ်ယောင်ကြီး၏ထွက်ပေါ်လာမှုနဲ့အတူ မဟာနတ်ဆိုးထံမှထုတ်လွှတ်နေသောမှော်စွမ်းအားများသည် ပိုမို၍ထိတ်လန့်ဖွယ် ကောင်းလာခဲ့သည်။

" နတ်ဆိုးတစ်သောင်းချိတ်ပိတ်ခြင်း ! "

မဟာနတ်ဆိုးရွှမ်ရှ၏နှုတ်ဖျားမှ ကျယ်လောင်သော ဟစ်အော်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ အဆိုပါအော်ဟစ်သံကြီးနဲ့အတူ သူ့ခန္ဓာကိုယ်နောက်ဖက်ရှိ ပုံရိပ်ယောင်ကြီးကလည်း လက်များကို အဆက်မပြတ်ဝှေ့ယမ်းလိုက်သည်။ ထူထပ်များပြားသေင်္ကေတများက ပုံရိပ်ယောင်ကြီး၏လက်အတွင်းစုစည်းလာခြင်းနဲ့အတူ နက်မှောင်နေသောတံဆိပ်တုံးလေးတစ်ခုသည် ရုတ်တရက် လက်ဖဝါးကြီးအတွင်း၌ ထွက်ပေါ်လာခဲ့သည်။

အဆိုပါတံဆိပ်တုံးလေးထွက်ပေါ်လာသည်နဲ့တပြိုင်နက် နတ်ဆိုးတစ်သောင်းကလည်း ကမ္ဘာလောကအတွင်း၌ အော်ဟစ်ငိုကြွေးနေကြသည်။ ထိတ်လန့်ဖွယ်ကောင်းသောမှော်စွမ်းအားက ကောင်းကင်နဲ့ကမ္ဘာမြေကြီးကို အဆက်မပြတ်ခါယမ်းစေခဲ့ကာ မွန်မြတ်သောမြို့တော်အတွင်း၌ ရှိနေသော ကျင့်ကြံသူများအားလုံး၏ စိတ်ဝိညာဥ်များကို တုန်ယင်သွားစေခဲ့သည်။ သူတို့ဟာ ထူးဆန်းသောမှော်တံဆိပ်တုံးကြီး၏ ဝါးမြိုခြင်းခံရတော့မည့်အလား ထင်မှတ်နေခဲ့ရသည်။

အဆိုပါတံဆိပ်တုံးလေးသည် သာမာန်ဖြစ်ပုံပေါ်သော်လည်း နတ်ဆိုးလမ်းစဥ်၏ကြီးမြတ်မှုများကို သယ်ဆောင်ထားခဲ့သည်။ ၎င်းတွင် ကမ္ဘာမြေကိုကွဲအက်စေနိုင်သော နတ်ဆိုးစွမ်းအားများကိန်းဝပ်နေပြီး မဟာနတ်ဆိုးရွှမ်ရှ၏ မူလဧကရာဇ်နယ်ပယ်ကျင့်ကြံမှုကလည်း ဘုံနန်းရှင်ဧကရာဇ်အဆင့်နဲ့ရင်ဆိုင်နိုင်သည်အထိ မြှင့်တက်သွားခဲ့သည်။

အဆိုပါနတ်ဆိုးတစ်သောင်းချိတ်ပိတ်ခြင်းစွမ်းအားသည် ယဲ့မုချင်မှ မဟာနတ်ဆိုးကြီးရွှမ်ရှကို လက်ဆင့်ကမ်းပေးခဲ့သော လျို့ဝှက်နည်းတစ်နည်း ဖြစ်လေသည်။ ၎င်းတွင် ထူးမြတ်သောစွမ်းအားကို ပိုင်ဆိုင်ထားလေသည်။

အစ၌ မဟာနတ်ဆိုးကြီးရွှမ်ရှက ကျင့်ကြံရေး၌ အားနည်းနေခဲ့သည်။ သူဟာအမွေအနှစ်ကို ရရှိခဲ့သော်လည်း စစ်မှန်သောစွမ်းအားကိုတော့ မထုတ်ဖော်နိုင်ခဲ့ပါ။ သို့သော်လည်း ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်ကို ရောက်ရှိသွားပြီးနောက် သူသည် အမွေအနှစ်၏စစ်မှန်သောစွမ်းအားကို တဖြည်းဖြည်းထုတ်ဖော်လာနိုင်ခဲ့သည်။

မဟာနတ်ဆိုးရွှမ်ရှပိုင်ဆိုင်ထားသောအမွေအနှစ်သည် ကပ်ဘေးတာအိုနတ်ဆိုးနတ်ဘုရား၏ အမွေအနှစ်တစ်ရပ်လည်း ဖြစ်လေသည်။ ၎င်းက ဟုန်မာန်နတ်ဘုရားဘုံလောကအတွင်းရှိ ကြီးမြတ်သောနတ်ဘုရားများအနက် တစ်ပါးဖြစ်လေသည်။ ကပ်ဘေးတာအိုနတ်ဆိုးနတ်ဘုရားသည် ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံနတ်ဆိုးနတ်ဘုရားနဲ့ ရင်ဆိုင်နိုင်သော တည်ရှိမှုကြီး ဖြစ်ချေသည်။

ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံနတ်ဆိုးနတ်ဘုရားသည် သန့်စင်သော နတ်ဆိုးလမ်းစဥ်ဆယ်ပါးကို ကျင့်ကြံသည်။ ကပ်ဘေးတာအိုနတ်ဆိုးနတ်ဘုရားကတော့ နတ်ဆိုးတစ်သောင်းတာအိုကို ကျင့်ကြံလေသည်။

နတ်ဆိုးလမ်းစဥ်ကျင့်ကြံသူဖြစ်သော မဟာနတ်ဆိုးကြီးရွှမ်ရှသည် ကပ်ဘေးတာအိုနတ်ဆိုးနတ်ဘုရား၏ အမွေအနှစ်ကို ရရှိသွားပြီးနောက် ထိတ်လန့်ဖွယ်ကောင်းသောမှော်စွမ်းအားများကို ရရှိပိုင်ဆိုင်နိုင်ခဲ့သည်။ မှော်စွမ်းအားများ၏သန့်စင်မှုအရာ၌ မွန်မြတ်ဘုံလောကအတွင်းရှိ ဘယ်သူကမှ သူနဲ့ မရင်ဆိုင်နိုင်ပါ !

မဟာနတ်ဆိုးရွှမ်ရှ၏စွမ်းအင်ထုတ်ဖော်မှုနဲ့အတူ နတ်ဆိုးစွမ်းအားများကိန်းဝပ်နေသော တံဆိပ်တုံးကြီးသည် နတ်ဆိုးနတ်ဘုရား၏လက်တံကြီးများအလား လက်ဖဝါးရာကြီးရှိရာသို့ ရုတ်တရက် ဖိနှိပ်ချလိုက်သည်။ လူအများ၏အကြည့်များအောက်တွင် ပြင်းထန်သောတိုက်ခိုက်မှုနှစ်ခုသည် အတူတကွ ပွတ်တိုက်မိခဲ့ကြသည်။

" ဘုန်း ...! "

နားကွဲလုမတတ်ကျယ်လောင်သောပေါက်ကွဲသံကြီးသည် မွန်မြတ်သောစန်းရိမြို့တော်အတွင်း ပဲ့တင်ထပ်သွားခဲ့ကာ ထိတ်လန့်ဖွယ်ကောင်းသောစွမ်းအင်ဖိအားကလည်း အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားခဲ့သည်။ စွမ်းအားလှိုင်းဖြတ်သန်းသွားသမျှ နေရာတိုင်းရှိ အရာအားလုံးသည် ဖျက်စီးခံခဲ့ရသည်။

လေဟာပြင်တစ်ခုလုံးသည် ရုတ်တရက် ပြိုကျသွားခဲ့ပြီး နတ္ထိအခြေအနေသို့ ရောက်ရှိနေသောတွင်းပေါက်ကြီးများကို လှစ်ဟပြနေခဲ့ကာ ကောင်းကင်ကြီးကလည်း ပြိုကျလုမတတ် ဖြစ်နေခဲ့သည်။ မွန်မြတ်သောစန်းရိမြို့တော်ကြီးကိုယ်တိုင်က ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်အဆင့်လက်နက်တစ်ခုမဟုတ်ပါက ဤတိုက်ခိုက်မှုကတောင် မြို့တော်ကြီးတစ်ခုလုံးကို ဖျက်စီးပစ်လိုက်နိုင်၏။

ထိုသို့ဆိုရင်တောင်မှ နန်းတော်အတွင်းရှိ များပြားသောအဆောက်အဦးများသည် အပြင်းအထန်ထိခိုက်ခံခဲ့ရသည်။

တော်ဝင်ဦးရီးတော်များသည် အသက်ရှူအောင့်ထားလိုက်မိကြပြီး ပိန်းပိန်းအောင်နက်မှောင်နေသော နတ်ဆိုးမြူငွေ့များရှိရာသို့ စူးစိုက်ကြည့်နေခဲ့ကြသည်။ သူတို့ကိုယ်တိုင်ကတောင် မဟာနတ်ဆိုးရွှမ်ရှထုတ်ဖော်ခဲ့သောတိုက်ခိုက်မှုကြောင့် အံ့သြနေခဲ့ရသည်။ မဟာနတ်ဆိုးကြီးရွှမ်ရှက ဒီလောက်မြင့်မားသောတိုက်ခိုက်မှုကို ထုတ်လွှတ်နိုင်လိမ့်မည်ဟု သူတို့တောင် တွေးထင်မထားခဲ့ပါ။

" ဘုန်း....! "

တော်ဝင်ဦးရီးတော်များ၏ အကြည့်များအောက်တွင် ပုံရိပ်ကလေးတစ်ခုသည် မြူခိုးမြူငွေ့များအတွင်းမှ လွင့်စင်ထွက်လာခဲ့ပြီး လေဟာပြင်အတွင်း၌ အပတ်ပေါင်းများစွာ လိမ့်သွားခဲ့သည်။ ထို့နောက်မှာ ပုံရိပ်ဟာ ပြန်လည်၍ တည်ငြိမ်သွားခဲ့သည်။

အဆိုပါပုံရိပ်သည် မဟာနတ်ဆိုးရွှမ်ရှမှတပါး အခြားမဟုတ်ပါချေ။

All Chapters