ငါက နတ်ဆိုးအားလုံးရဲ့ ဘုရင်ပဲ။
Vol. 44 Ch. 620
ဤအချိန်တွင် မဟာနတ်ဆိုးကြီးရွှမ်ရှသည် အင်မတန်မှသနားစရာကောင်းနေခဲ့သည်။ သူ၏ခန္ဓာကိုယ်ဟာ ဒဏ်ရာများဖြင့် ပြည့်နှက်နေခဲ့ပြီး ရင်ဘက်ပေါ်တွင်လည်း ဧရာမလက်ဖဝါးရာကြီးရှိနေခဲ့သည်။ အရိုးဖြူများကိုတောင် ခပ်ရေးရေးမျှ တွေ့မြင်နေရပြီး သွေးများကလည်း ယိုစိမ့်ထွက်နေကာ သူ၏ဝတ်ရုံကို အနီရောင်ခြယ်မှုန်းခဲ့လေသည်။
သူ့မျက်နှာတစ်ခုလုံးမှာ ဖြူဖျော့နေပြီး သူဟာ တုန်တုန်ယင်ယင်ဖြစ်နေခဲ့ကာ လေထုအတွင်းမှ အချိန်မရွေးပြုတ်ကျသွားတော့မလိုမျိုး ဖြစ်နေခဲ့၏။ သို့ပါသော်လည်း သူ၏မျက်ဝန်းများအတွင်း၌တော့ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် သန်မာသောစိတ်ဆန္ဒတစ်ခုရှိနေခဲ့ကာ လန်လဲ့ကို စူးစိုက်ကြည့်နေခဲ့သည်။
သူ့တွင် ကပ်ေဘးတာအိုနတ်ဆိုးနတ်ဘုရား၏ အမွေအနှစ်ရှိနေသော်လည်း သူ၏ကျင့်ကြံမှုမှာ အင်မတန်နိမ့်ကျနေသေး၏။ မင်းသားလန်လဲ့၏ လက်ဖဝါးတစ်ချက်ကတောင် သူ့ကို ဒဏ်ရာအပြင်းအထန်ရရှိစေခဲ့သည်။ ဒါပေမယ့် သူဟာ လုံးဝကြောက်လန့်ခဲ့ခြင်းမရှိပါ။ သူ့ခန္ဓာကိုယ်မှအရှိန်အဟုန်များက ပို၍ပို၍ပြင်းထန်လာခဲ့သည်!
ဤမြင်ကွင်းကြောင့် အဝေးတစ်နေရာရှိ တော်ဝင်ဦးရီးတော်များအားလုံး၏မျက်ဝန်းများသည် တုန်လှုပ်သွားကြကာ သူတို့၏မျက်နှာများက မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်လာကြသည်။
ဒါက ရှန်ရှန်ကျုံ့ဂိုဏ်းရဲ့ခွန်အားလား။
စောနက တော်ဝင်မိသားစု၏ မူလဧကရာဇ်အထွတ်အထိပ်စွမ်းအားရှင်သည် ပထမမင်းသားလန်လဲ့၏တိုက်ခိုက်မှုကို ခံစားခဲ့ရကာ သေသလား၊ရှင်သလားမသိတော့ပါ။ သို့သော်လည်း မဟာနတ်ဆိုးကြီးရွှမ်ရှကတော့ မူလဧကရာဇ်အထွတ်အထိပ်သို့တောင်မရောက်သေးဘဲ ပထမမင်းသား၏ ပြင်းထန်သောတိုက်ကွက်ကို ခုခံနိုင်ခဲ့သည်။
ဤသိသာထင်ရှားသောဖြစ်ရပ်သည် လူအများကို မဟာနတ်ဆိုးရွှမ်ရှ၏ ထိတ်လန့်ဖွယ်စွမ်းအားအကြောင်း ပို၍သတိချပ်မိစေခဲ့သည်။
ပြီးတော့ မဟာနတ်ဆိုးရွှမ်ရှက ရှန်ရှန်ကျုံ့အပြင်စည်းဂိုဏ်းရဲ့ အကြီးအကဲချုပ်ပဲ ရှိသေးတာလေ။ ဒါဆို ရှန်ရှန်ကျုံ့တစ်ဂိုဏ်းလုံးရဲ့စွမ်းအားရှင်တွေက ဘယ်လောက်များ ထိတ်လန့်ဖို့ကောင်းလိုက်မလဲ။
ဤအချိန်တွင် လန်လဲ့၏မျက်ဝန်းများကတောင် မှေးကျဥ်းသွားခဲ့သည်။ သူက မဟာနတ်ဆိုးကြီးရွှမ်ရှကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်သည်။ ရှန်ရှန်ကျုံ့ဂိုဏ်းက သူ ထင်ထားသလို ရိုးရှင်းခြင်းမရှိကြောင်း သတိပြုမိလိုက်တော့သည်။
မူလဧကရာဇ်အဆင့် စွမ်းအားရှင်တစ်ယောက်က ကောင်းကင်ဘုံကိုအံတုနိုင်သော တိုက်ပွဲဝင်စွမ်းအားကို ပိုင်ဆိုင်ထားချေသည်။ ဒါဆိုရင် တစ်ခြားသူတွေကရော။
"ဘုန်း!"
မဟာနတ်ဆိုးရွှမ်ရှ၏ မျက်ဝန်းများသည် အေးစက်၍ စူးရှလာခဲ့သည်။ ယင်းနောက် အလွန်အမင်းသန့်စင်သောမှော်စွမ်းအားများသည် သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့သည်။ ၎င်းမှော်စွမ်းအားများအတွင်း၌ မသန့်စင်မှုဟူ၍ စိုးစင်းမျှရှိမနေခဲ့ပါ။
နတ်ဆိုးစွမ်းအင်သည် ဆိုးယုတ်ခြင်း၏ဖွဲ့တည်မှုတစ်ခုဖြစ်ပြီး ၎င်းဟာ ကောင်းကင်နှင့်ကမ္ဘာမြေပြင်အကြားရှိ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်လေသည်။ ၎င်းသည် လူသားတစ်ယောက်၏ ခန္ဓာကိုယ်အတွင်းသို့ နတ်ဆိုးစွမ်းအင်မျိုးစုံကို ပေါင်းစည်းပေးနိုင်သည်။
မဟာနတ်ဆိုးရွှမ်ရှထံမှ သန်မာသောနတ်ဆိုးစွမ်းအားများ စိမ့်ထွက်လာခဲ့ပြီး ကောင်းကင်ကြီးတစ်ခုလုံးကို ဖုံးကာထားလိုက်ကာ နန်းတော်ကြီးတစ်ခုလုံး၏အလင်းရောင်ကို မိန်ဖျော့သွားစေခဲ့၏။
"နတ်ဆိုးတစ်သောင်း မှော်ဝင်လမ်းစဥ်!"
မဟာနတ်ဆိုးရွှမ်ရှ၏နှုတ်ဖျားမှ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီးတစ်သံထွက်ပေါ်လာခဲ့ကာ ၎င်းအသံလှိုင်းကြီးက ကောင်းကင်နှင့် ကမ္ဘာမြေပြင်ကို တုန်ယင်သွားစေခဲ့သည်။ ယင်းနောက် အဆုံးအစမဲ့သော နတ်ဆိုးစွမ်းအားများလည်း မြင့်တက်လာခဲ့ကာ နဂါးတစ်ကောင်ကဲ့သို့ နတ်ဆိုးအရိပ်တစ်ခုကို ဖြစ်တည်စေခဲ့၏။
မျက်တောင်တစ်ခတ်အတွင်းမှာပဲ လျှို့ဝှက်ဆန်းကြယ်သော နဂါးပုံသဏ္ဌာန်အရိပ်သည် မဟာနတ်ဆိုးရွှမ်ရှ၏နောက်ကျောဘက်မှ ပြေးထွက်သွားခဲ့သည်။ အဆိုပါအရိပ်နဂါးကြီးသည် ကောင်းကင်ယံထက်၌ ပျံဝဲကခုန်နေခဲ့ကာ မြင့်မြတ်သောနဂါးအရှိန်အဝါကလည်း အရပ်လေးမျက်နှာသို့ ပျံ့လွှင့်လျက် ကောင်းကင်နှင့်ကမ္ဘာမြေကို တုန်ယင်စေခဲ့လေသည်။
နတ်ဆိုးတစ်သောင်းလမ်းစဥ်၏ နဂါးအရိပ်ကြီး ထွက်ပေါ်လာခြင်းနှင့်အတူ မဟာနတ်ဆိုးရွှမ်ရှပတ်ပတ်လည်ရှိ လေဟာပြင်သည် ပကတိမဲမှောင်အေးစက်သွားခဲ့ရသည်။ ထိုနေရာအတွင်း၌ရှိနေကြသောလူအများသည် စိတ်ပျက်အားလျော့မှုကို ခံစားခဲ့ရပြီး နတ်ဆိုးလောကအတွင်းသို့ နှစ်ဝင်သွားခဲ့ရချေသည်။
အဆိုပါစွမ်းအားသည် မနီးမဝေးတွင်ရှိနေသော တော်ဝင်ဦးရီးတော်များကို ထိတ်လန့်သွားစေခဲ့ကာ သူတို့၏ခန္ဓာကိုယ်များက အဆက်မပြတ် တုန်ယင်လာခဲ့ကြသည်။ ဧကရာဇ်နှလုံးသားအထွတ်အထိပ်တွင်ရှိနေသော တော်ဝင်ဦးရီးတော်များတောင် ခြွင်းချက်မဟုတ်ခဲ့ပါ။
သူတို့၏မျက်နှာများဟာ မယုံကြည်နိုင်သောအမူအယာများကို လှစ်ဟပြနေခဲ့လေသည်။ မူလဧကရာဇ်အဆင့်သာရှိသေးသော မဟာနတ်ဆိုးရွှမ်ရှဖော်ထုတ်ခဲ့သည့် တိုက်ကွက်သည် သူတို့မျှော်လင့်ထားသည်ထက် များစွာကျော်လွန်နေခဲ့လေသည်။
"ဘုန်း!"
ရုတ်တရက်ဆိုသလို မဟာနတ်ဆိုးရွှမ်ရှ၏ မျက်ဝန်းများသည် သွေးနီရောင်တောက်ပသွားခဲ့ကာ သူ၏လက်နှစ်ဖက်ကို ဆန့်တန်းထုတ်လိုက်လေသည်။ သူ့နောက်ဘက်ရှိ နဂါးအရိပ်ကြီးကလည်း ကျယ်လောင်စွာ အော်ဟစ်ဟိန်းဟောက်လိုက်လေသည်။
ထိတ်လန့်ဖွယ်ကောင်းသော နဂါးဟိန်းသံကြီးသည် မွန်မြတ်သောမြို့တော်အတွင်း ပဲ့တင်ထပ်သွားခဲ့ကာ ကျင့်ကြံသူများအားလုံး၏နားစည်များကို နာကျင်သွားစေခဲ့သည်။ လူတိုင်းသည် ခန္ဓာကိုယ်များ တုန်ယင်သွားကြကာ နန်းတော်ကြီးရှိရာသို့ တညီတညွတ်တည်း စူးစိုက်ကြည့်မိလိုက်ကြသည်။
မှော်စွမ်းအားမှာ အံ့သြဖို့ကောင်းပြီး နဂါးစွမ်းအားက မှင်တက်ဖို့ကောင်းလေသည်!
နတ်ဆိုးတစ်သောင်းနဂါးအရိပ် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် မဟာနတ်ဆိုးရွှမ်ရှရှေ့မှောက်ရှိ လေဟာပြင်သည် ရုတ်တရက် တစ်စစီစုတ်ပြဲသွားရသည်။ မှော်စွမ်းအားကြီးသက်ဆင်းမလာခင်ကတည်းက ကမ္ဘာလောကကြီးတစ်ခုလုံးသည် ပြိုကျသွားတော့မည့်အလား အဆက်မပြတ်ခါယမ်းနေခဲ့၏။
"ဟမ့်!"
ဤစွမ်းအားက အင်မတန် ထိတ်လန့်ဖို့ကောင်းသော်လည်း လန်လဲ့ကတော့ လုံးဝကြောက်လန့်မနေခဲ့ပါ။ သူက အေးစက်စွာနှာမှုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်၌ အံ့အားသင့်ဖို့ကောင်းသော စွမ်းအားများဖြင့် ပြည့်နှက်လာခဲ့သည်။
မဟာနတ်ဆိုးရွှမ်ရှ၏ ကျင့်ကြံမှုကသာ ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်သို့ ရောက်ရှိသွားပါက သူဟာ အနည်းငယ်သတိထားနေမှာဖြစ်သော်လည်း လက်ရှိမဟာနတ်ဆိုးရွှမ်ရှ၏ကျင့်ကြံမှုသည် သူ့ထက် အများကြီး နိမ့်ကျသေးသည်ဖြစ်ရာ သူ၏ပြိုင်ဘက် အဘယ်မှာဖြစ်နိုင်မည်နည်း။
သို့ပါသော်လည်း သူဟာ မဟာနတ်ဆိုးရွှမ်ရှထုတ်ဖော်ပြသခဲ့သော တိုက်ပွဲဝင်စွမ်းအားကို အင်မတန်မှ စိတ်ဝင်စားခဲ့လေသည်။ ဒီလိုထိတ်လန့်ဖို့ကောင်းတဲ့ တိုက်ပွဲဝင်စွမ်းအားကိုထုတ်ဖော်နိုင်တဲ့အထိ မဟာနတ်ဆိုးကြီးရွှမ်ရှက ဘယ်လိုအမွေအနှစ်မျိုးကို ရရှိပိုင်ဆိုင်ထားတာလဲ။
ထိုအကြောင်းကိုတွေးမိလိုက်သည့်အခါ လန်လဲ့၏မျက်ဝန်းများက လှုပ်ရှားသွားခဲ့ပြီး လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။ ခမ်းနားကြီးကျယ်သော စွမ်းအားသည် လက်သီးလုံးအတွင်းသို့ စိမ့်ဝင်သွားခဲ့သည်။ တောက်ပနေသော နေမင်းကြီးအလား ဧရာမလက်သီးလုံးကြီးသည် ပြေးထွက်သွားခဲ့လေသည်။ ၎င်းက ကမ္ဘာလောကကြီးကို တစ်စစီခြေမွခဲ့ကာ လူအများကို တုန်ယင်သွားစေခဲ့သည်။
"ဘုန်း!"
လက်သီးလုံးကြီးသည် နေမင်းကြီးသက်ဆင်းလာသည့်အလား ကျဆင်းလာခဲ့ကာ ထိတ်လန့်ဖွယ်ကောင်းသောစွမ်းအားများကို ဖော်ထုတ်ခဲ့လေသည်။ မွန်မြတ်သောမြို့တော်အတွင်းရှိ ကျင့်ကြံသူများအားလုံး၏နှလုံးအိမ်များသည် တုန်ယင်သွားခဲ့ကြကာ ကမ္ဘာလောကကြီးကလည်း အဆိုပါလက်သီးလုံးကြီး၏ ဖျက်ဆီးခံလိုက်ရသည့်အလား ဖြစ်နေခဲ့၏။
"ဘုန်း!"
လူအများ၏ စောင့်ကြည့်နေသော မျက်ဝန်းများအောက်တွင် အဆိုပါဧရာမလက်သီးကြီးသည် နဂါးပုံစံအရိပ်ကြီးနှင့် ပွတ်တိုက်မိသွားကာ ကမ္ဘာလောကကြီးက ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ဤအချိန်၌ ရှိရှိသမျှလူတိုင်းသည် ဆွံ့အသွားကြပုံပေါ်ကာ ဘယ်အသံကိုမှ မကြားရတော့ပါ။
များမကြာမီတွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ကာ လောကကို တုန်ယင်စေခဲ့၏။ ထိတ်လန့်ဖွယ်ကောင်းသောစွမ်းအားလှိုင်းများ ကိန်းဝပ်နေသည့်အသံလှိုင်းကြီးသည် အရပ်လေးမျက်နှာသို့ ပျံ့လွှင့်တိုက်ခတ်သွားခဲ့သည်။
အဆိုပါမုန်တိုင်းကြီးနှင့်တူသော အသံလှိုင်းကြီးသည် နန်းတော်အတွင်း ထပ်ကာထပ်ကာ ပဲ့တင်ထပ်နေခဲ့သည်။
မွန်မြတ်သောမြို့တော်အတွင်း၌ နန်းဆောင်ကြီးများသည် အခိုင်ခံ့ဆုံးဖြစ်သော်လည်း ဤအချိန်၌ အဆိုပါစွမ်းအားလှိုင်းလုံးကြီး၏အောက်တွင် တစ်စစီကွဲကြေသွားခဲ့ရသည်။
မွန်မြတ်မြို့တော်အတွင်းရှိ ကျင့်ကြံသူများအားလုံးကလည်း ကျူးကျော်ရောက်ရှိလာကြသောစွမ်းအားများကို ခံစားလိုက်ရကာ အလျှင်စလို စွမ်းရည်များကို လှည့်ပတ်၍ မိမိကိုယ်ကို ကာကွယ်လိုက်ကြရသည်။ သို့သော်လည်း သတိလက်လွတ်ရှိနေခဲ့ကြသည့် လူအများသည် အဆိုပါစွမ်းအင်မုန်တိုင်း၏တိုက်ခတ်ခြင်းကို ခံခဲ့ရကာ လွှင့်စင်ထွက်သွားခဲ့၏။
တော်ဝင်မိသားစုဦးရီးတော်များကလည်း အနောက်ဘက်ကို ခြေလှမ်းအနည်းငယ်ဆုတ်ခွာသွားခဲ့ရပြီး တိုက်ပွဲမြေပြင်ကို စူးစိုက်ကြည့်နေခဲ့သည်။
"ဘုန်း!"
အားလုံး၏အကြည့်များအောက်တွင် မဟာနတ်ဆိုးရွှမ်ရှသည် မှော်စွမ်းအင်မြူခိုးထုအတွင်းမှ ရုတ်တရက်ပြေးထွက်လာခဲ့ကာ မင်းသားလန်လဲ့ဆီ တဟုန်ထိုးပြေးဝင်သွားခဲ့သည်။ မှော်စွမ်းအားများမှာလည်း ထိတ်လန့်ဖို့ကောင်းလောက်အောင် ပြင်းထန်လာချေသည်။
ပြေးထွက်လာသောသူ၏ပုံရိပ်ဟာ သာမန်ထက်ပိုမိုမြင့်မြတ်နေခဲ့ပုံပေါ်ကာ စစ်ပွဲဘုရင်တစ်ပါးကဲ့သို့ ရှိရှိသမျှလူတိုင်း၏နှလုံးသားကို သိမ်းပိုက်သွားခဲ့ချေသည်!
"ပုရွတ်ဆိတ်လေးတစ်ကောင်က မိုးကောင်းကင်ကြီးကို ဘယ်လိုလုပ် ရင်ဆိုင်နိုင်မှာလဲ။"
မဟာနတ်ဆိုးရွှမ်ရှ၏ တိုက်ခိုက်မှုကို တွေ့ကြုံလိုက်ရသည့်အခါ မင်းသားလန်လဲ့က လှောင်ရယ်လိုက်ပြီး မဟာနတ်ဆိုးရွှမ်ရှကို ထပ်မံ၍ ထိုးနှက်လိုက်သည်။
"ငါက နတ်ဆိုးပဲကွ။ ပြီးတော့ ငါက ပြိုင်ဘက်ကင်း။ကမ္ဘာလောကအတွင်းက နတ်ဆိုးအားလုံးရဲ့ ဘုရင်လည်းဟုတ်တယ်!"
မင်းသားလန်လဲ့၏ ရယ်မောသံကို ကြားလိုက်ရသည့်အခါ မဟာနတ်ဆိုးရွှမ်ရှက ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။ နတ်ဆိုးစွမ်းအားများသည် သူ့ခန္ဓာကိုယ်အတွင်းမှ ကြောက်လန့်ဖွယ်ကောင်းလောက်အောင် စိမ့်ထွက်လာခဲ့သည်။