စိတ်ရင်း
Vol. 45 Ch. 666
“အင်း”
ရဲ့လင်းချန်က အမှတ်တမဲ့ ပြန်ပြောလိုက်ပြီး အာရုံမစိုက်နိုင် ဖြစ်နေမှန်း သိသာလှသည်။
သူ၏ ခွန်အား ရုတ်တရက် တိုးလာခြင်းနှင့်အတူ သူ၏ လေ့ကျင့်ရေးက တဖြည်းဖြည်း နှေးကွေးလာ၏။ ထိုသို့သော အခြေအနေ၌ မည်သူမဆို မခံချိမခံသာ ဖြစ်ပေလိမ့်မည်။
*ငါ ဘယ်နား မှားသွားတာလဲ၊ ဒါ ပိတ်ဆို့မှုအဆင့်များလား*
ရဲ့လင်းချန် အသေအချာ စဉ်းစားနေ၏။
အစပိုင်း၌ သူသည် စနစ်ကို အသုံးပြု၍ သိုင်းပညာများ၏ ပညာရပ်များကို ကျွမ်းကျင်ခဲ့သည်။ ယင်းက သူ့အား ခန္ဓာကိုယ်ကို အသင့်တော်ဆုံး အနေအထားသို့ လေ့ကျင့်နိုင်စေခဲ့သည်။ အချိန်နှင့်အမျှ သူ၏ ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းများက သိသိသာသာ တိုးတက်လာပြီး gym သို့သွားခြင်း၌ ပို၍ အကျိုးရှိခဲ့သည်။ ထို့နောက် သူသည် သူ၏ ရေပန်းစားမှု အမှတ်များကို အသုံးပြု၍ သိုင်းပညာများကို နောက်တစ်ဆင့်သို့ အဆင့်မြှင့်ခဲ့ပြီး ဆယ်စုနှစ်များစွာ လေ့ကျင့်ပြီးမှ ရနိုင်သည့် လေ့ကျင့်ရေး နည်းလမ်းများကို ရရှိခဲ့သည်။ ယင်းက သူ၏ လေ့ကျင့်ရေးကို ပို၍ ထိရောက်စေခဲ့ပြီး ခွန်အား၌ နှစ်ဆ တိုးတက်လာစေသည်။
လက်ရှိတွင် သူ၏ လေ့ကျင့်ရေး နည်းလမ်းများက အကောင်းဆုံး ဖြစ်နေဆဲ ဖြစ်သော်လည်း အကြီးမားဆုံး ကွာခြားချက်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ အတွင်းအား ချီစွမ်းအင်ကို မူလစိတ်ဝိညာဉ် ချီစွမ်းအင်အဖြစ် ပြောင်းလဲရန် စိတ်ဝိညာဉ် စွမ်းအင်ပမာဏ များပြားစွာ သုံးစွဲရန် လိုအပ်နေခြင်း ဖြစ်သည်။
လေ့ကျင့်ရေး နည်းလမ်းနှင့် သိုင်းကွက်များက အကောင်းဆုံး ဖြစ်နေသော်လည်း ပြဿနာမှာ စိတ်ဝိညာဉ် စွမ်းအင်ကို ပြောင်းလဲခြင်း၌ မူတည်နေသည်။ သူ့ပတ်ဝန်းကျင်မှ စိတ်ဝိညာဉ် စွမ်းအင်များက နည်းပါးနေ လေသလော။
ထိုသို့ ဖြစ်နိုင်ချေ အလွန် များပြားသည်။ သိုင်းပညာများက ကျဆင်းနေပြီ ဖြစ်သည်။ လေထု ညစ်ညမ်းမှု ကြီးမားခြင်းနှင့်အတူ သူ စုပ်ယူသော လေက စိတ်ဝိညာဉ်စွမ်းအင်အစား မြူများ ဖြစ်နိုင်လောက်သည်။
*သေစမ်းကွာ*
*စမ်းကြည့်ဖို့ ဆေးပင်တချို့ ရှာချိန် တန်ပြီပဲ၊ နှစ်တစ်ထောင် ဂျင်ဆင်းကို ငါ စားသင့်သလား*
*အဲ့ဒါက အရမ်း ဖြုန်းတီးရာကျသွားမလား၊ အဲ့ဒါက အလုပ်တောင် ဖြစ်ပါ့မလား*
ရဲ့လင်းချန်သည် ဆုံးဖြတ်ချက် မပြတ်မသား ဖြစ်နေ၏။
“ဟဲ့ ရဲ့လင်းချန်”
ရဲ့လင်းချန်က အချိန်တစ်ချို့အထိ တိတ်ဆိတ်နေပြီး သူမအား လျစ်လျူရှုထားသည်ကို မြင်ပြီး ဟောင်ယွင်က အော်ငေါက်လာသည်။
ရဲ့လင်းချန်က သူ့နားကို ပွတ်၍ သူမအား ဇဝေဇဝါ အကြည့်ဖြင့် ပြန်ကြည့်လိုက်သည်။
“အင်း … ဘာပြောချင်လို့လဲ”
“ကိုရီးယားနိုင်ငံက အရှုံးပေးလာပြီလို့ ငါ ပြောလိုက်တယ်လေ”
ဟောင်ယွင်က မကျေမနပ်နှင့် အကြည့်လွှဲသွားသည်။
*နင်က ငါ ပြောတဲ့စကားကို နားတောင် မထောင်ဘူး*
“ဪ အဲ့ဒါပဲလား၊ အဲ့ဒါက ငါတို့ မျှော်လင့်ထားတဲ့ကိစ္စပဲ မဟုတ်ဘူးလား”
ရဲ့လင်းချန်က အေးအေးလူလူ လက်ကို ဝှေ့ယ၎င်း်းလိုက်သည်။
သူ၏ ဗိုင်းရပ်စ်သည် ကိုရီးယားကို သင်ခန်းစာ ပေးရန်သက်သက်သာ ပြုလုပ်ထားခြင်း မဟုတ်ပေ။ အရင်ဆုံး သူတို့က မလေးမစား ပြုလုပ်ပြီး လှောင်ပြောင်ခဲ့ကာ ဟက်ကာများက ကျူးကျော်လာခဲ့ခြင်း ဖြစ်သည်။
*သူတို့က ငါ့ကိုများ ပစ်မှတ်ထားရဲတယ်ပေါ့လေ*
ထိုအရာအားလုံးကို တစ်ခုတည်းကိုသာ ဦးတည်နေ၏။
“ဟဲဟဲ သေချင်နေတာကိုး”
*ငါက အဲ့လောက် လွယ်တဲ့သူလို့ မင်းတို့က ထင်နေတာလား၊ မင်းတို့ ဒုက္ခိတ မဖြစ်သွားတာ ကံကောင်းတယ်မှတ်*
သို့သော် ရဲ့လင်းချန်က သူ့ဖုန်းကို ထုတ်ကြည့်ဆဲပင်။
တရုတ်နိုင်ငံအတွင်းမှ သတင်းများတောင်မှ ဟက်ကာဝိုင်နှင့် ပတ်သက်သော သတင်းများ ဖြစ်နေပြီး မရေတွက်နိုင်သော ခေါင်းစီးများ ထွက်ပေါ်နေသည်။ သူနှင့် ပတ်သက်သော သတင်းများက မရေတွက်နိုင်သော မှတ်ချက်များနှင့်အတူ ဆက်တိုက် ထွက်ပေါ်နေသည်။
[ငါတို့ လေ့လာကြည့်ရသလောက်ဆိုရင် ဝိုင်ဗိုင်းရပ်စ်ရဲ့ ကိုရီးယားကို ကျူးကျော်မှုက အရမ်းမြန်တဲ့ အရှိန်နဲ့ ပျံ့နှံ့တာပဲ၊ အသုံးပြုသူတွေ အများကြီး ကူးစက်ခံရတာ၊ ငါတို့ရဲ့ အတွင်းပိုင်း ပညာရှင်တွေ သုံးသပ်ချက်အရဆို ဝိုင်ဗိုင်းရပ်စ်မှာ ပုံစံနှစ်မျိုး ရှိတယ်၊ တစ်ခုက ပျံ့နှံ့မှုကို တာဝန်ယူပြီး အာရုံကို ဖမ်းစားထားတဲ့အချိန် ဒုတိယတစ်ခုက ပုန်းကွယ်နေတယ်၊ အဲ့ဒါက အရမ်း အဖျက်အား ကြီးပြီးတော့ အလွယ်တကူ ပျံ့နှံ့တာ၊ ပြီးတော့ ဒီဗိုင်းရပ်စ်ရဲ့ ကြောက်စရာ အကောင်းဆုံးအပိုင်းက တစ်ခုခုမှ ကပ်တွယ်နေပြီး ပုန်းအောင်းနေနိုင်တဲ့ အရည်အချင်းပဲ၊ အဲ့ဒါက website ပေါင်းစုံနဲ့ ပေါင်းစပ်နိုင်ပြီးတော့ ရှင်းပစ်ဖို့ မဖြစ်နိုင်သလို ရှာဖို့လဲ ခက်တယ်၊ အခုလက်ရှိအထိ ဘယ်ဗိုင်းရပ်စ် တားဆီးရေး ဆော့ဖ်ဝဲလ်တွေကမှ ဝိုင်ဗိုင်းရပ်စ်အပေါ် အလုပ်မဖြစ်ဘူး]
[ဒီဟက်ကာဝိုင်က တကယ်ပဲ ဘယ်လိုလူပါလိမ့်၊ သူ့ကွန်ပျူတာ အရည်အချင်းက အံ့ဩဖို့ကောင်းတယ်၊ သူက သေချာပေါက် အမည်မသိလူ မဖြစ်နိုင်ဘူး]
[လန့်စရာ သတင်းဟေ့၊ ကိုရီးယားနိုင်ငံက သတင်းထောက်တွေရဲ့ သတင်းအရဆို အင်တာနက်ကွန်ရက် ပုံစံပေါင်းစုံကို ပိတ်ဆို့နေပြီးတော့ ကူးစက်ခံရတဲ့ ကွန်ပျူတာတွေက တွက်လို့တောင် မရတော့ဘူးတဲ့]
ဝိုင်ဗိုင်းရပ်စ် တစ်ခုတည်းကပင် ကမ္ဘာပေါ်ရှိ ကွန်ပျူတာ ပညာရှင်များအားလုံးကို နင်းချေနိုင်ခဲ့သည်။
တရုတ်နိုင်ငံ၏ သတင်းမီဒီယာများနှင့် အင်တာနက်တွင် သတင်းခေါင်းစီးများနှင့် ပြည့်နှက်နေပြီး လူအများက ဟက်ကာဝိုင်အပေါ် အားပေးချီးကျူးသံများနှင့် ပြည့်နှက်နေ၏။
ထိုသို့သော သတင်းများစွာ တက်နေပြီး ရဲ့လင်းချန်က တစ်ချက်မျှသာ အသာ ကြည့်လိုက်ပြီး နောက်ဆုံးတွင် သူ၏ အကြည့်က အသစ်ဆုံးနှင့ နာမည်အကြီးဆုံး သတင်းပေါ် ကျရောက်သွားသည်။
ပထမဆုံးမှာ ကိုရီးယားနိုင်ငံ၏ အနုပညာလောကဘက်မှ ကြေညာချက် ပြုလုပ်လာခြင်း ဖြစ်သည်။
[ကင်ဟျွန်းမင်ရဲ့ တရုတ်နိုင်ငံတွင်းက အပြုအမူတွေအတွက် ကျုပ်တို့ အလေးအနက် စိတ်မကောင်း ဖြစ်မိပါတယ်၊ ကျုပ်တို့ ဒီကနေ တရုတ်လူမျိုးတွေကို စိတ်ရင်းနဲ့ တောင်းပန်ပါတယ်၊ ကင်ဟျွန်းမင်ရဲ့ အပြုအမူက သူ့ကိုယ်ပိုင် လုပ်ရပ် ဖြစ်ပြီး ကိုရီးယားနိုင်ငံကို ကိုယ်စားမပြုပါဘူး၊ သူရဲ့ ဆိုးရွားတဲ့ လုပ်ရပ်တွေအတွက် ကျုပ်တို့ ကင်ဟျွန်းမင်ကို အနုပညာလောကကနေ ထုတ်ပယ်ပြီး သူ့ကို ထာဝရ ပိတ်ပင်သွားမှာပါ]
နောက်ထပ် သတင်းကြီးတစ်ခုမှာ ကိုရီးယားနိုင်ငံ၏ ဟက်ကာများမှ ထုတ်ပြန်လာခြင်း ဖြစ်သည်။
ဘုရင်ကြီးဟု နာမည်ပြောင်ပေးထားသူက [ငါက Poker အဖွဲ့ရဲ့ ခေါင်းဆောင် ဘုရင်ကြီးပါ၊ တရုတ်နိုင်ငံရဲ့ အင်တာနက် ကွန်ရက်ကို တိုက်ခိုက်ခဲ့တာက ငါတို့အဖွဲ့ပဲ၊ ငါ ဒီကနေ တရုတ်နိုင်ငံသား အားလုံးကို တောင်းပန် ချင်ပါတယ်၊ ဟက်ကာဝိုင်၊ မင်းက ကမ္ဘာ့ထိပ်တန်း ဟက်ကာပါပဲ၊ ဆုံးရှုံးမှု ကြီးကြီးမားမား ခံစားလိုက်ရတဲ့ သာမန်လူတွေ အများကြီး ရှိနေတာမို့လို့ မင်းဘက်က အလျော့ပေးနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်၊ သူတို့က အပြစ်ကင်းပါတယ်၊ ငါတို့အမှားကို မင်း ခွင့်လွှတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်]
ပြဿနာ၏ အရင်းအမြစ် ကင်ဟျွန်းမင်ကို ပိတ်ပင်ပြီးနောက် ဟက်ကာအဖွဲ့၏ ခေါင်းဆောင်ထံမှ တောင်းပန်စာ ရရှိလာခဲ့သည်။
ယင်းကား ကြီးမားသော အလျှော့ပေးမှုပင်။ ကြေညာချက်က တစ်ကမ္ဘာလုံးကို ထုတ်ပြန်ခြင်း ဖြစ်သည်။ ဤသို့ အရှုံးပေးခြင်းက အလွန်အမင်း ရှက်ရွံ့ဖွယ် ကောင်းလှသည်။
သို့သော် သူတို့၏ ဆုံးရှုံးမှုက ကြီးမားလွန်းသဖြင့် သူတို့တွင် အရှုံးပေးရုံမှတပါး အခြား ရွေးချယ်စရာ မရှိပေ။
တစ်ကမ္ဘာလုံးက ဟက်ကာဝိုင်၏ တုံ့ပြန်မှုကို စောင့်နေကြသည်။
တရုတ်နိုင်ငံတွင် အောင်ပွဲခံမှုများနှင့် ပြည့်နှက်နေပြီး ဖြစ်ပြီး လူတိုင်း၌ စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်နှက်နေကာ အောင်ပွဲခံသော အော်သံများက နေရာတိုင်း၌ ထွက်ပေါ်နေ၏။
၎င်းက အလွန် သက်တောင့်သက်သာ ရှိလွန်းလှပြီး မယုံနိုင်စရာကောင်းသော ခံစားချက်ကို ပေးစွမ်းနေသည်။ နှစ်ပေါင်းများစွာ သူတို့ ပျော်ရွှင်မှုတို့နှင့် ပြည့်နှက်သလို မခံစားရသည်က ကြာပြီ ဖြစ်သည်။
ဤသည်ကား တကယ့် အောင်ပွဲပင်တည်း။
တချို့က ပို့စ်ကို screenshot ရိုက်၍ သတင်းကို မျှဝေကြသည်။ လူတိုင်းက တိုက်ရိုက် ထုတ်လွှင့်မှုအပေါ် မျက်လုံး ကော်ကပ်မတတ် ကြည့်နေကြသည်။
အနုပညာရှင် တော်တော်များများကလည်း ယခင်က ကိုရီးယားနိုင်ငံမှ ဟက်ကာများထံမှ သူတို့၏ အကောင့်များ အဟက်ခံရသဖြင့် သတင်းကို ပြန်မျှဝေနေကြသည်။ သူတို့သည် ယခုအထိ မကျေမနပ် ဖြစ်နေဆဲ ဖြစ်သဖြင့် လက်တုံ့ပြန်ချင်နေကြသည်။
[ဝါးဟားဟားဟား … ဝါးဟားဟားဟား …]
[လခွမ်း၊ သူတို့မှာ နောက်ခံ နည်းနည်းလောက် ရှိမယ်လို့ ငါ ထင်နေတာ၊ အရှုံးပေးတာ မြန်လှချည်လား]
[အခု မင်းတို့ရဲ့ မာနတွေ ဘယ်ရောက်သွားပြီလဲ၊ ငါတို့ကို တိုက်ခိုက်ဖို့ ဟက်ကာတွေ လွှတ်ပြီးတော့ အရည်အချင်း ရှိတဲ့သူတွေ မရှိဘူးလို့ အနိုင်ကျင့်တယ်လေ]
[ဝိုး … Poker အဖွဲ့တဲ့လား၊ ကမ္ဘာ့ နာမည်ကြီး ထိပ်တန်း ဟက်ကာအဖွဲ့ပဲ၊ အံ့ဩဖို့ ကောင်းလိုက်တာ၊ ဘုရင်ကြီးက ဖမ်းရခက်တယ်လို့ ကောလာဟလတွေ ရှိတယ်၊ ဒါတောင် သူက ငါတို့ ဟက်ကာဝိုင်ကို အရှုံးပေးလိုက်ရတာပဲ]
[လာလာလာ …. အခုတော့ ငါ သီချင်းလေး ညည်းချင်နေပြီ၊ အထီးကျန်တာက ပြိုင်ဘက်ကင်းလိုက်တာ]
[မင်းတို့က အဲ့အဆင့်လောက်လေးနဲ့ တရုတ်ကို စိန်ခေါ်ရဲတယ်ပေါ့လေ၊ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ]
[မင်းတို့က အခု တောင်းပန်ပြီလား၊ ကျစ် … လက်မခံဘူးကွ]
[သူတို့ ကင်ဟျွန်းမင်ကို အစကတည်းက ပိတ်ပင်သင့်တာ၊ သူက ဘာမို့လို့လဲ၊ သူတို့ နောက်ဆုံးတော့ စိတ်ရင်းကို ပြလာပြီပေါ့လေ]
[ဟက်ကာဝိုင်၊ ဆက်တိုက်ပါ၊ ငါတို့ရဲ့ သူရဲကောင်းကြီးက မိုက်လိုက်တာကွာ]
အင်တာနက် ကွန်ရက် တိုက်ပွဲသည် ပုံမှန်အားဖြင့် သာမန်လူများ မမြင်ရချေ။ သူတို့ မြင်ချင်လျင်တောင်မှ ၎င်းကို မြင်နိုင်ခွင့် မရှိပါ။ နိုင်ခြင်း၊ ရှုံးခြင်းက ပြဿနာ မဟုတ်ပေ။ တစ်ဖက်က ပိုကောင်းလျင် ဘာလုပ်နိုင်မည်နည်း။ သူတို့ ထွက်ပြေးရုံသာ ရှိသည်။ အင်တာနက်ပေါ်မှ ဖြစ်ပျက်သမျှ အရာအားလုံးနှင့် ပတ်သက်၍ တစ်ဖက်က လုပ်နိုင်တာ ဘာမှမရှိသောကြောင့်ပင်။
အခြေအနေက ကြီးသွားလျင် မတူတော့ချေ။ ဥပမာအားဖြင့် နိုင်ငံတကာ သမိုင်း၌ မှတ်တမ်းတင်ထားသည့် ကြီးကျယ်သော ဟက်ကာ စစ်ပွဲ သို့မဟုတ် ကိုရီးယားနိုင်ငံ၏ ဟက်ကာများအား လူသိရှင်ကြား တောင်းပန်မှု ထုတ်ပြန်ရအောင် လုပ်နိုင်သည့် ရဲ့လင်းချန်၏ အောင်မြင်မှုတို့ ဖြစ်သည်။
ကိုရီးယားနိုင်ငံတွင်း၌ နိုင်ငံသား တော်တော်များများသည် မျက်နှာများ မည်းမှောင်၍ သုန်မှုန်နေ၏။
အနုပညာလောကက ထုတ်ပြန်သည့် ကြေညာချက်ကို သူတို့ မြင်သွားကြသည်။ ချက်ချင်းဆိုသလိုပင် သူတို့သည် ခံပြင်းမှုများနှင့် ပြည့်နှက်လာပြီး ရှက်ရွံ့မှုကြောင့် မျက်နှာပင် ပူလောင်လာသလို ခံစားလာရသည်။
ထိုသို့သော တောင်းပန်မှုက ရှက်စရာ ကောင်းသော အရာတစ်ခု ဖြစ်ပြီး ကြံရာမရသဖြင့် ပြုလုပ်သော အရာတစ်ခု ဖြစ်သည်။
*ဆိုးဆိုးရွားရွား ရှုံးနိမ့်မှုတစ်ခုပါလား*
သူတို့သည် တောင်းပန်စာကို မတတ်သာသဖြင့် ထုတ်ပြန်ရပြီး လှောင်ပြောင်ခံရသလို ခံစားနေရသည်။ သို့သော် သူတို့သည် ဘယ်လိုမှ မယှဉ်နိုင်သဖြင့် သည်းခံရုံသာ တတ်နိုင်လေသည်။
ရဲ့လင်းချန်သည် အင်တာနက်ပေါ်သို့ ကြည့်နေပြီး ဘာမှမခံစားရချေ။ ယခင်အတိုင်းသာဆိုလျင် သူသည် ကိုရီးယားနိုင်ငံကို အချိန်တစ်အခုအထိ ဆက်၍ ကစားမိလောက်သည်။ သို့သော် ယခုအခါတွင် ငရဲတံခါး၏ တည်ရှိမှုကို သိလိုက်ရသဖြင့် ထိုသို့သော ဆူညံမှုများက အဓိပ္ပါယ် ကင်းမဲ့ကာ စိတ်ဝင်စားစရာ မကောင်းတော့သလို ခံစားလိုက်ရသည်။
[မင်းတို့ တောင်းပန်စာကို ငါ ရရှိတယ်]
ရဲ့လင်းချန်က တုံ့ပြန်စကားတစ်ခွန်းဆိုပြီးနောက် ကင်ဟျွန်းမင်နှင့် သူ အလုပ်လုပ်သော အနုပညာ ကုမ္ပဏီ၏ မကောင်းသော လျှို့ဝှက်ချက်များ အားလုံးကို တရုတ်နိုင်ငံနှင့် ကိုရီးယားနိုင်ငံမှ website ကြီးများ၌ တင်လိုက် လေသည်။