← Chapters

မီးကျွမ်းသွားသောတောင်

Vol. 96 Ch. 1426

မီးကျွမ်းသွားသောတောင်

Vol. 96 Ch. 1426

အခြောက်တိုက်ဖျောင်းဖျခြင်းနှင့် နှစ်သိမ့်ပေးခြင်းသည် တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းက ကျင့်ကြံသူများကို သူတို့၏ အကြောက်တရားကနေ ရုန်းထွက်စေနိုင်လိမ့်မည် မဟုတ်ပေ။

ပြီးခဲ့သည့်ဆယ်နှစ်အတွင်း ထိုအကြောက်တရားသည် သူတို့၏နှလုံးသားထဲမှာ အမြစ်တွယ်သွားခဲ့လေပြီ။

တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်း၏ ဤကျင့်ကြံသူများသည် သွေးနွယ်ပင်မျိုးနွယ်များ၏ သေကြေပျက်စီးမှုကို တွေ့မြင်မျှသာလျှင် သူတို့၏ စိတ်က ယိမ်းယိုင်လာပေလိမ့်မည်။

ထိုအချိန်ကျလျှင် သွေးနွယ်ပင်မျိုးနွယ်ဝင်များသည် ကမ္ဘာဦးမျိုးနွယ် ၉စု၏ တစ်စိတ်တစ်ပိုင်းဖြစ်သော်လည်း သူတို့သည်လည်း ပြိုင်ဘက်မကင်းကြောင်း ဤကျင့်ကြံသူများက နားလည်သွားကြပေလိမ့်မည်။

ဆူဇီမို၏အကြည့်က သိပ်သည်းစုဖွဲ့လာပြီး ဓမ္မစွမ်းအားများက တလိပ်လိပ်တက်လာကာ သူ၏လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကို လှုပ်ရှားလိုက်၏။

အစက သူ့ကိုဝန်းရံနေသော တာအိုမီးသုံးခုသည် လျင်မြန်စွာ ပေါင်းစည်းသွားပြီး ချောက်ချားစရာကောင်းသော အော်ရာတစ်ခု ဖြာထုတ်ပေးနေသည့် သုံးရောင်စပ်မီးတောက်တစ်ခုကို ဖြစ်ပေါ်လာစေ၏။

သမာဓိတာအိုမီး...

တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ လူတိုင်းသည် စိုးရိမ်ထိတ်လန့်နေသော အမူအရာများနှင့်အတူ မြူးထူးခုန်ပေါက်နေသော မီးတောက်ကိုကြည့်ရှုပြီး တစ်စုံတစ်ရာပြောဆိုရဲခြင်း မရှိပေ။

“သွား..”

ဆူဇီမိုက ရှေ့သို့ဖြည်းဖြည်းချင်းတက်ပြီး သူ့လက်ထဲရှိ သုံးရောင်စပ် သမာဓိတာအိုမီးကို ကြယ်ခြောက်စင်းတောင်ရှိရာဘက်သို့ ​ပစ်ထုတ်လိုက်၏။

တစ်ချိန်တည်းမှာပင် သူ၏နှာရောင်ထဲကနေ အမြုတေစိတ်ဝိညာဥ် မီးတောက်တစ်ခုက ထွက်ပေါ်လာပြီး သုံးရောင်စပ်မီးတောက်ထဲသို့ ဝင်ရောက်သွား၏။

အလျှံညီးညီးမီးတောက်များက တလိပ်လိပ်ထိုးတက်လာခဲ့၏။

စတုရတီတာအိုမီး...

ယခု ဆူဇီမိုသည် ပေါင်းစည်းခန္ဓာအဆင့်သို့ ရောက်ရှိနေပြီး စတုရတီတာအိုမီး၏ စွမ်းအားသည် တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးများပင်လျှင် ခံနိုင်ရည်မရှိသောတစ်စုံတစ်ရာဖြစ်လေသည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် သူ၏သတ်ဖြတ်လိုစိတ်က အပြည့်အဝထွက်ပေါ်လာခဲ့ပြီး သူသည် ကြယ်ခြောက်စင်းတောင်မှ သွေးနွယ်ပင်မျိုးနွယ်ဝင်များအားလုံးကို သတ်ဖြတ်ချင်လေသည်။ သူက ထိန်ချန်ထားမည့် စိတ်ကူးမရှိဘဲ သူ၏အစွမ်းကုန်ကို ထုတ်ဖော်လိုက်၏။

ရွှစ်....

ဒေါသူပုန်ထနေသော မီးတောက်များက တလိပ်လိပ်ထိုးတက်လာ၏။

ဆူဇီမိုသည် သူ၏အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး ဓမ္မစွမ်းအားများကို တလိပ်လိပ်တက်လာစေကာ စတုရတီတာအိုမီးကို ဖြန့်ကြက်၍ အဆက်မပြတ်လောင်ကျွမ်းစေလိုက်၏။

လူသားသွင်ပြင်သို့ မပြောင်းလဲနိုင်သော သွေးနွယ်ပင်မျိုးနွယ်ဝင်များသည် စတုရတီတာအိုမီးလောင်ကျွမ်းလာသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေရ၏။ သူတို့သည် စူးစူးဝါးဝါး အော်ဟစ်၍ လှုပ်ရှားရုန်းကန်ရင်း ပြာအဖြစ်လောင်ကျွမ်းသွားကြ၏။

သွေးနွယ်ပင်မျိုးနွယ်ဝင်အချို့သည် သူတို့၏ လူသားသွင်ပြင်ဖြင့် ထွက်ပြေးလွတ်မြောက်ချင်လေသည်။ သို့သော်လည်း စတုရတီတာအိုမီးသည် အလွန်တရာစွမ်းအားကြီးမားပြီး သူတို့ပေါ်သို့ မီးပွားတစ်စက်ကျဆင်းလာလျှင်တောင် သူတို့က အဲ့ဒါကို ခံနိုင်ရည် မရှိကြပေ။

ဆူဇီမိုသည် သူ့အမြုတေစိတ်ဝိညာဥ်ကို ၎င်း၏အကန့်အသတ်ထိ တွန်းတင်လိုက်၏။

စတုရတီတာအိုမီး၏ အရှိန်အဟုန်ကလည်း အလွန်တရာမြန်ဆန်လေသည်။

တုံ့ပြန်မှုနှေးကွေးသွားသော သွေးနွယ်ပင်မျိုးနွယ်ဝင်အချို့သည် စတုရတီတာအိုမီး၏ လိုက်မီခြင်းကို ခံရပြီး ပြာအဖြစ်လောင်ကျွမ်းသွားကြ၏။

တစ်ခဏအတွင်းမှာပင် ကြယ်ခြောက်စင်းတောင်က မီးတောက်ပင်လယ်တစ်ခုဖြင့် လွှမ်းခြုံခြင်းခံလိုက်ရ၏။

တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ လူတိုင်းသည် မျက်လုံးပြူးမျက်ဆံပြူးဖြင့် ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေကြ၏။ သူတို့က ဆက်လက်၍ စကားမပြောဆိုနိုင်ကြတော့ပေ။

ဤမြင်ကွင်းသည် သူတို့အတွက် အရမ်းကိုတုန်လှုပ်စရာကောင်းလေသည်။

အစက ပြိုင်ဘက်ကင်းသည်ဟု သူတို့တွေးထင်ထားသော ၊ ကြမ်းကြုတ်ခက်ထန်၍ သွေးဆာရက်စက်သော သွေးနွယ်ပင်မျိုးနွယ်ဝင်များ၏ ထက်ဝက်ကျော်သည် ထိုမီးတောက်များဖြင့် လောင်ကျွမ်းပြာကျသွားခဲ့လေပြီ။

စတုရတီတာအိုမီးဖြင့် လောင်ကျွမ်းခံလိုက်ရသော သွေးနွယ်ပင်မျိုးနွယ်ဝင်အများစုသည် ကျင့်ကြံမှုအဆင့်နိမ့်သူများဖြစ်ကြ၏။

ထိုသို့ဆိုလျှင်တောင် တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ လူတိုင်း၏ မျက်လုံးထဲတွင် မျှော်လင့်ချက်ရောင်ခြည် ခပ်ပါးပါးသန်းလာကြ၏။

စတုရတီတာအိုမီးသည် အဆက်မပြတ် ဖြန့်ကြက်သွားပြီး ကြယ်ခြောက်စင်းတောင်ဒေသတစ်ခုလုံးကို လွှမ်းခြုံအုပ်မိုးသွားလေသည်။

သို့သော်လည်း မီးတောက်များသည် ကြယ်ခြောက်စင်းတောင်ခြေရင်းသို့ ရောက်ရှိလာသောအခါ သူတို့သည် ရှေ့ဆက်မတက်နိုင်ကြတော့ပေ။ သူတို့သည် စွမ်းအားကြီးမားသော အင်အားတစ်စုံတစ်ရာဖြင့် ဟန့်တားခြင်းခံလိုက်ရသည့်အလားပင်။

အဲ့ဒီမှာ အဓိကတောင်ထွတ်ခြောက်ခုရှိရာသို့ ထွက်ပြေးတိမ်းရှောင်သွားသော သွေးနွယ်ပင်မျိုးနွယ်ဝင်များ ထောင်နှင့်ချီပြီးရှိလေသည်။

ဆူဇီမို၏အမူအရာက သုန်မှုန်လာခဲ့၏။

အစစ်အမှန်တိုက်ပွဲသည် ယခုမှစတင်မှာဖြစ်ကြောင်း သူကသိရှိလိုက်၏။

ပင်မတောင်ထွတ်ခြောက်ခုကို ဤကမ္ဘာဦးမျိုးနွယ်၏ ထိပ်တန်းအဆင့်ပညာရှင်များက သေချာပေါက်စောင့်ကြပ်နေပေလိမ့်မည်။

ဘန်း... ဘန်း....ဘန်း..

စွမ်းအားကြီးမားသောပုံရိပ်များသည် လေထဲသို့တစ်ယောက်ပြီးတစ်ယောက် ပျံတက်လာကြ၏။

သွေးနွယ်ပင်မျိုးနွယ်၏ ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က ပေါ်ထွက်လာခဲ့လေပြီ။

ဆူဇီမိုက တစ်ချက်ဝေ့ကြည့်လိုက်ပြီး တစ်ခဏအတွင်းမှာပင် နောက်ထပ်ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် နှစ်ဆယ်ကျော်က သိပ်သည်းပြင်းထန်သော သွေးချီများနှင့်အတူ လေထဲသို့ ရောက်ရှိလာကြ၏။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အယောက်နှစ်ဆယ်ကျော်၏ စိတ်ဝိညာဥ်အသိစိတ် ဖိအားဖြင့် ရင်ဆိုင်ရချိန်တွင် စတုရတီတာအိုမီးသည် ကြီးမားစွာဖိနှိမ်ခံလိုက်ရပြီး ၎င်း၏ မီးတောက်များက အချိန်မရွေး ငြိမ်းသေတော့မည့်အလား တဖျပ်ဖျပ်ဖြစ်လာ၏။

ဓမ္မပညာရပ်တစ်ခုသည် သိပ်သည်းကျစ်လှစ်နေမှသာ ၎င်း၏ စွမ်းအားကို အကန့်အသတ်ထိ ထုတ်ဖော်နိုင်ပေလိမ့်မည်။

ဆူဇီမို၏ စတုရတီတာအိုမီးကတော့ ဤကဲ့သို့ ကြီးမားသောဧရိယာတစ်ခုတွင် ၎င်းကိုဖြန့်ကြက်ထားပြီးနောက် ၎င်း၏စွမ်းအားက သိသိသာသာလျော့ကျသွားခဲ့၏။ သွေးနွယ်ပင်မျိုးနွယ်မှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ပင်လျှင် အဲ့ဒါကို ဖိနှိမ်နိုင်လေသည်။

လေထဲတွင် သွေးနွယ်ပင်မျိုးနွယ်မှ ပေါင်စည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ အရေအတွက်က တိုးလာနေဆဲ ဖြစ်၏။

သိပ်မကြာခင် အဲ့ဒီမှာအယောက် ၅၀ ရှိလာခဲ့၏။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အယောက် ၅၀ ကျော်သည် ကြယ်ခြောက်စင်းတောင်တစ်ခုတည်းမှာ စုစည်းနေကြ၏။ ကမ္ဘာဦးမျိုးနွယ် ၉စုထဲမှ တစ်စုဖြစ်သော သွေးနွယ်ပင်မျိုးနွယ်၏ အခြေခံအုတ်မြစ်က ဘယ်လောက်တောင်ကြောက်စရာကောင်းသလဲ စဥ်းစားကြည့်နိုင်၏။

အဲ့ဒါသည် သွေးနွယ်ပင်မျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်များသာဆိုလျှင် ဆူဇီမိုက သိပ်ပြီးအရေးလုပ်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ကြယ်ခြောက်စင်းတောင်တွင် ပို၍ပင်သန်မာသော တည်ရှိမှုတစ်ခုက ပုန်းကွယ်နေပြီး ထောင့်တစ်နေရာကနေ စောင့်ကြည့်နေသည်ဟု သူက ဝိုးတဝါးခံစားမိနိုင်၏။

သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်...

ဒါ့အပြင် အဲ့ဒီမှာတစ်ယောက်ထပ်ပို၍ ​ရှိနေဖို့များလေသည်။

“နောက်ပိုင်း... တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလာခဲ့ရင် မင်းရဲ့ ဂိုဏ်းသားအ​ဖော်တွေနဲ့အတူ ဒီနေရာကနေ တတ်နိုင်သမျှ မြန်မြန်ထွက်သွား”

ဆူဇီမိုက ထန်ရှစ်ယွင်ထံသို့ အသံတစ်ခုကို ပို့လွှတ်လိုက်၏။

ကြယ်ခြောက်စင်းတောင်ပေါ်ရှိ သွေးနွယ်ပင်မျိုးနွယ်မှ ပညာရှင်များသည် သူတွေးထင်ထားခဲ့သည်ထက် ပို၍ပင်များပြားနေ၏။

ကြီးမားသည့်တိုက်ပွဲဖြစ်ပေါ်လာသည်နှင့် သူ့ကိုယ်သူပင် အနိုင်နိုင်ကာကွယ်ရမည်ဖြစ်လေသည်။ သူ့အနေဖြင့် ထန်ရှစ်ယွင်နှင့် အခြားသူများကို ကာကွယ်ပေးဖို့က ခဲယဥ်းသွားပေလိမ့်မည်။

“မင်းဘယ်သူလဲ... မင်းက သွေးနွယ်ပင်မျိုးနွယ်ရဲ့ပိုင်နက်ထဲကို ဘယ်လိုတောင်ကျူးကျော်ရဲပြီး ငါတို့ရဲ့မျိုးနွယ်ဝင်တွေကို သတ်ဖြတ်ရဲရတာလဲ”

သွေးနွယ်ပင်မျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က ငေါက်ငမ်းလိုက်လေသည်။

ဆူဇီမိုက လှောင်ရယ်လိုက်၏။

“သွေးနွယ်ပင်မျိုးနွယ်က ငါ့အပေါ်မှာ သတ်ဖြတ်ခြင်းတံဆိပ်ပြားတစ်ခုကို ထုတ်ပြန်ခဲ့တယ် မဟုတ်ဘူးလား... ဒါတောင် မင်းတို့က ငါ့ကို မမှတ်မိဘူးလား”

“ဟမ်...”

သွေးနွယ်ပင်မျိုးနွယ်ဝင်များ၏ အမူအရာများက ပြောင်းလဲသွားကြ၏။

“မင်းက... အထီးကျန်သိုင်းသခင်လား”

သွေးနွယ်ပင်မျိုးနွယ်ဝင်အချို့က ခပ်တိုးတိုးရေရွတ်လိုက်ကြ၏။

“ဟားဟားဟားဟား”

ထိုစဥ်မှာပင် ကြယ်ခြောက်စင်းတောင်ထွတ်မှ ရယ်မောသံတစ်သံက ထွက်ပေါ်လာခဲ့၏။

ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။ သူက သွေးနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သူ၏ လျှာနီနီဖြင့် သူ၏နှုတ်ခမ်းကိုသပ်ပြီး အေးအေးလူလူပုံစံဖြင့် ပြောလိုက်လေသည်။

“ငါတို့ မင်းကိုရှာဖွေခဲ့တာတွေက အချည်းနှီးဖြစ်ခဲ့တာပဲ... အထီးကျန်သိုင်းသခင် မင်းက ကိုယ်တိုင်ကိုယ်ကျရောက်လာတယ်ဆိုမှတော့ ငါတို့ကို အချိန်ကုန် လူပင်ပန်း သက်သာသွားစေတာပေါ့”

“သခင်လေး”

သွေးနွယ်ပင်မျိုးနွယ်မှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် ဝင်ရောက်လာသူကို တွေ့မြင်သောအခါ ဦးညွှတ်လိုက်ကြ၏။

“မင်းက... ထန်လင်းကျီပဲဖြစ်ရမယ် ဟုတ်တယ်မလား”

ဆူဇီမို၏အမူအရာက အေးစက်နေပြီး ဖုံးကွယ်မထားသော သတ်ဖြတ်လိုစိတ်နှင့်အတူ သွေးနီရောင်ဝတ်လူငယ်ကိုစိုက်ကြည့်လိုက်၏။

“ဟုတ်တယ်.. ငါပဲ”

ထန်လင်းကျီက မကောင်းဆိုးဝါးဆန်ဆန်ပြုံးလိုက်၏။

“ဘာလို့လဲ... သမိုင်းတစ်လျှောက် နာမည်ကြီး အသန်မာဆုံးပြန်ဝင်စားမွန်းစတား... ပေါင်းစည်းခန္ဓာ အထီးကျန်သိုင်းသခင်က ငါ့ရဲ့နာမည်ကို ကြားဖူးနေတာလား”

“မင်းကျန်ကို သတ်ခဲ့တဲ့သူက မင်းလား”

ဆူဇီမိုက အေးစက်စွာဖြင့် မေးလိုက်၏။

“မင်းကျန်က ဘယ်သူလဲ”

ထန်လင်းကျီက သူ၏ခေါင်းကို ခါပြလိုက်၏။

“လူသားမျိုးနွယ်က ပုရွက်ဆိတ်တွေရဲ့နာမည်ကို ငါအရေးလုပ်ပြီး မှတ်သားမနေခဲ့ဘူး... အဲ့ဒါက ငါ့ရဲ့စွမ်းအင်ကို ဖြုန်းတီးရာကျတယ်”

“သူတို့စားခဲ့တဲ့ အစာရဲ့နာမည်ကို ဘယ်သူက မှတ်ထားပါ့မလဲ”

သူသည် သွေးပေနေသော သွားများနှင့်အတူ ဆူဇီမိုကိုပြုံးပြပြီး ငရဲမှတက်လာသော ဆိုးယုတ်တစ္ဆေတစ်ကောင်နှင့် ဆင်တူနေ၏။

“အာ... မင်းကျန်ဆိုတာက...”

သူသည် တစ်စုံတစ်ရာကိုတွေးမိသွားသည့်အလား မျက်ခုံးပင့်ပြီး မေးလိုက်၏။

“မင်းက... ဟိုဘုန်းကြီးလေးကို ပြောနေတာလား”

ဆူဇီမိုက သူ၏မျက်လုံးကို မှေးကျဥ်းလိုက်၏။

ထန်လင်းကျီသည် ဆူဇီမို၏ ထူးဆန်းသောအမူအရာကို တွေ့မြင်သောအခါ သူက ခေါင်းညိတ်လိုက်၏။

“ဟုတ်တာပေါ့... သူပဲဖြစ်ရမယ်”

“အဲ့ဒီဘုန်းကြီးလေးရဲ့သွေးချီက တကယ့်ကိုသန်မာပြီးတော့ သန့်စင်နေတာပဲ... အဲ့ဒါကြောင့် ငါက သူ့ကို သန့်စင်ဖို့အတွက် ငါ့ရဲ့ သွေးဘူးတောင်းထဲမှာ ထည့်သိမ်းထားတယ်”

ထိုသို့သူပြောရင်း သူက သွေးနီရောင်ဘူးတောင်းတစ်ခုကိုထုတ်ယူပြီး သူ၏လက်ဖဝါးထဲမှာ ဆုပ်ကိုင်ထားလိုက်၏။

“ဒီသွေးဘူးတောင်းက ငါ့ရဲ့မူပိုင်ဓမ္မလက်နက်ပဲ... လူသားမျိုးနွယ်က တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်တောင် ဒီထဲကိုစုပ်ယူခံရမယ်ဆိုရင် သူက တစ်နှစ်ထက်ပိုကြာအောင် ရှင်သန်နိုင်မှာမဟုတ်ဘူး”

“ဒါပေမဲ့လို့... အဲ့ဒီဘုန်းကြီးလေးကတော့ တကယ့်ကိုအံ့မခန်းပဲ... သူက ဓမ္မဝိသေသအဆင့်နဲ့တင် ငါ့ရဲ့ဘူးတောင်းထဲမှာ အခုချိန်ထိ တောင့်ခံနိုင်နေသေးတယ်ဆိုတော့”

“ဟမ့်...”

ဆူဇီမို၏မျက်လုံးက ဝမ်းသာပျော်ရွှင်မှုဖြင့် ဝင်းလက်သွား၏။

မင်းကျန်က မသေသေးဘူးလား...။

“မင်း သိပ်လည်းဝမ်းသာမနေနဲ့ဦး”

ထန်လင်းကျီက ပြုံးစစဖြင့် ပြောလိုက်၏။

“အဲ့ဒီဘုန်းကြီးလေးက သိပ်ကြာကြာတောင့်ခံနိုင်မှာ မဟုတ်တော့ဘူး... ငါထင်တာတော့.. နောက်ထပ်တစ်နှစ်​လောက်ပဲ.. အဲ့ဒီအချိန်ကျရင် သူက သွေးရည်တစ်ခုအဖြစ်ပြောင်းလဲပြီး ငါ့ရဲ့သွေးဘူးတောင်းအတွက် စွမ်းအင်အထောက်အပံတစ်ခု ဖြစ်သွားလိမ့်မယ်”

“အဲ့ဒီတစ်နှစ်က မလိုတော့ဘူး”

ဆူဇီမို၏အကြည့်က တလက်လက်တောက်ပလာပြီး ခက်ထန်ကြမ်းကြုတ်စွာဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ဒီနေ့... ငါမင်းကို ငရဲကို ပို့ပေးမယ်”

“ဟားဟားဟားဟား”

ထန်လင်းကျီသည် ရွှင်မြူးစရာကောင်းသည့် တစ်စုံတစ်ရာကိုကြားလိုက်သည့်အလား မကောင်းဆိုးဝါးဆန်ဆန်ပြောလိုက်၏။

“အထီးကျန်သိုင်းသခင်... ဘာမှမပူနဲ့ မင်းကိုလည်းငါက သွေးဘူးတောင်းထဲကိုထည့်ပြီး တမလွန်ကို သွားဖို့အတွက် သူနဲ့အတူ အဖော်အဖြစ် ထည့်ပေးလိုက်မယ်”

All Chapters