ပုန်းကွယ်နေသော ပညာရှင်
Vol. 96 Ch. 1431
“ငါမင်းကို အပိုင်းပိုင်းဆုတ်ဖြဲပြီး မင်းရဲ့အရိုးတွေကို ပြာချပစ်မယ်”
ထိုသည်ကိုမြင်သောအခါ ခုနှစ်ဆင့်သတ်ဖြတ်ခြင်းတောင်ထွတ်ရှိ သွေးနွယ်ပင်တစ်ပိုင်းမျိုးနွယ်စုဘိုးသည် သုန်မှုန်နေသော အမူအရာနှင့် အေးစက်နေသော အသံနှင့်အတူ ပြောဆိုလိုက်၏။
ဆူဇီမိုက ထိုတိုက်ခိုက်မှုကို ထုတ်ဖော်ပြီးနောက် ဆက်လက်၍ မထိန်းချုပ်နိုင်တော့ပေ။ သူသည် သူ၏လူသားသွင်ပြင်သို့ ပြောင်းလဲလိုက်ရပြီး လေထဲကနေဆင်းသက်ကာ ချွေးများစိုရွှဲ၍ အနည်းငယ်မောဟိုက်နေ၏။
ဤတစ်ကြိမ်မှာ သူသည် တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေး၆ယောက်၏ စိတ်ဝိညာဥ်အသိစိတ် ဖိအားနှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့ရ၏။
နောက်ဆုံးမှာတော့ သူသည် ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်ကာစသာရှိသေး၏။
အစောပိုင်းပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်အတွက် သူ့သုံးစွဲခဲ့ရသော စွမ်းအင်ပမာဏက အရမ်းကိုများပြားလေသည်။
ဆူဇီမိုသည် ကြယ်ခြောက်စင်းတောင်သို့ ဝင်ရောက်လာစဥ်ကတည်းက စတုရတီတာအိုမီးကို ထုတ်ဖော်ခဲ့၏။ အဲ့ဒီနောက် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၆ယောက်၏ ဖိအားကိုဆန့်ကျင်၍ ထန်လင်းကျီကို မရမကသတ်ဖြတ်ပြီးနောက် သူ၏အမြုတေစိတ်ဝိညာဥ်က ကြီးမားစွာ အားအင်ကုန်ခမ်းသွားခဲ့လေသည်။
ဖန်တီးခြင်းကြာခုံသည် သူ၏အမြုတေစိတ်ဝိညာဥ်ကို အားဖြည့်ပေးနေခြင်းကြောင့်သာမဟုတ်လျှင် သူက လဲပြိုကျသွားသည်မှာ ကြာနေလောက်လေပြီ။
သွေးနွယ်ပင်မျိုးနွယ်၏ တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေး ၆ ယောက်နှင့် စွမ်းအားကြီးပုဂ္ဂိုလ်အယောက် ၅၀ ချည်းကပ်လာနေသည်ကို တွေ့မြင်သောအခါ ဆူဇီမိုက ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်၏။
သူက ဤနေရာမှာ ဆက်လက်၍ မနေသင့်တော့ပေ။
သူက သွေးနွယ်ပင်မျိုးနွယ်နှင့် ဆက်လက်၍တိုက်ခိုက်မည်ဆိုလျှင် သူကဤနေရာမှာ သေရဖို့များလေသည်။
သူသည် ဤနေရာကနေ ထွက်ခွာသွားပြီး သူ၏စွမ်းရည်ကို ပြန်လည်ဖြည့်တင်းနိုင်သည်နှင့် တိုက်ခိုက်ဖို့အတွက် နောက်တစ်ခေါက် ပြန်လာနိုင်လေသည်။
ဒါ့အပြင် သူသည် ထန်လင်းကျီမသေခင် ထုတ်ဖော်ခဲ့သော သတ်ဖြတ်ခြင်းတံဆိပ်ပြားမှ ထူးခြားမှုတစ်စုံတစ်ရာကို မခံစားမိသော်လည်း အဲ့ဒါကို ပေါ့ပေါ့တန်တန်သဘောထားလို့ မရနိုင်ပေ။
သတ်ဖြတ်ခြင်းတံဆိပ်ပြားသည် အချိန်မရွေးပေါက်ကွဲထွက်လာနိုင်သည့် သေစေနိုင်သော အန္တရာယ်တစ်ခုဖြစ်နေနိုင်၏။
စွမ်းအားကြီးပုဂ္ဂိုလ်အယောက် ၅၀ က ရောက်ရှိလာခဲ့လေပြီ။
အခြားသော တောင်ထွတ် ၅ ခုမှ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများကလည်း ခုနှစ်ဆင့်သတ်ဖြတ်ခြင်းတောင်ထွတ်ဆီသို့ ဆင်းသက်လာကြ၏။
တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေး ၆ ယောက်နှင့် စွမ်းအားကြီးပုဂ္ဂိုလ်အယောက် ၅၀ သည် ခုနှစ်ဆင့်သတ်ဖြတ်ခြင်းတောင်ထွတ်ကို တင်းကျပ်စွာပိတ်ဆို့ဝန်းရံလိုက်ပြီး ခြင်တစ်ကောင်ပင်လျှင် ထွက်မပြေးနိုင်တော့ပေ။
ဆူဇီမိုက တည်ငြိမ်နေသော အမူအရာနှင့်ပင် သူ၏သိုလှောင်အိတ်ကိုပုတ်ပြီး ယိုယွင်းပျက်စီးနေသော တောကောင်သားရေတစ်ခုကို ထုတ်ယူလိုက်၏။ ထိုတောကောင်သားရေပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော ဝင်္ကပါအင်းကွက်များကို ရေးဆွဲထားလေသည်။
ကမ္ဘာဦးခေတ်က တည်နေရာရွှေ့ပြောင်းဝင်္ကပါတစ်ခု...
အဲ့ဒါကို အသက်သွင်းလိုက်သည်နှင့် ၎င်းသည် ဆူဇီမိုကို ကီလိုမီတာ သန်းချီအကွာအဝေးသို့ ပို့ဆောင်ပေးနိုင်၏။
တကယ်တော့... တည်နေရာရွှေ့ပြောင်းဝင်္ကပါသည် ပြီးပြည့်စုံမှုမရှိပဲ ၎င်းပို့ဆောင်ပေးမည့် တည်နေရာကလည်း တိကျမှုမရှိပေ။ အဲ့ဒါက ကြုံရာကျပန်းပို့ဆောင်ပေးလိုက်မည်သာဖြစ်၏။ ဆူဇီမိုသည် မင်းကျန်ကို အရင်ပို့ဆောင်ဖို့ ပြင်ဆင်လိုက်၏။
သူသည် ဤနေရာမှာ ခဏမျှ ခုခံတိုက်ခိုက်ပြီးနောက် အခွင့်အလမ်းတစ်ခုကိုရှာဖွေကာ တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှလူတိုင်းကိုလည်း ပို့ဆောင်ပေးရမည်ဖြစ်၏။
မင်းကျန်သည် ဤနေရာကနေထွက်သွားနိုင်သည်နှင့်အမျှ သူ၏ကျင့်ကြံမှုအဆင့် ၊ ကမ္ဘာ့ကွန်ချာဗုဒ္ဓ၏ အမွေအနှစ်နှင့် အစိမ်းရောင်မီးအိမ်အရ သူသည် သေချာပေါက် ပြန်လည်သက်သာကောင်းမွန်လာပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် ဆူဇီမိုသည် မင်းကျန်ကို ဖေးမပေးထားပြီး ထိုသူ၏ အော်ရာက မတည်မငြိမ်ဖြစ်လာသည်ကို ရှင်းလင်းစွာခံစားမိနိုင်၏။ သူက အဆင့်ချိုးဖျက်တက်လှမ်းတော့မည့် လက္ခဏာဖြစ်၏။
အစကတော့ မင်းကျန်သည် ဓမ္မဝိသေသအဆင့်မှာသာ ရှိနေခဲ့၏။ သို့သော်လည်း တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ လူတိုင်းကို ကယ်တင်ဖို့အတွက် သူသည် ဤနေရာသို့ တစ်ယောက်တည်းရောက်လာခဲ့ပြီး ထန်လင်းကျီ၏ ဖိနှိမ်ခြင်းကို ခံရကာ ထိုသူ၏ သွေးဘူးတောင်းထဲမှာ ဆယ်နှစ်ကြာအောင် ပိတ်မိနေခဲ့၏။
ပြီးခဲ့သည့်ဆယ်နှစ်အတွင်း မင်းကျန်သည် သွေးဘူးတောင်းထဲမှာ အတက်မပြတ်ခုခံတိုက်ခိုက်နေခဲ့ရ၏။
သူက စိတ်ကိုအနည်းငယ်လျှော့ချလိုက်သည်နှင့် သူက သွေးရည်အိုင်တစ်ခုအဖြစ်သို့ အရည်ပျော်ကျသွားပေလိမ့်မည်။
သူသည် အဲ့ဒါကို မခုခံနိုင်သည််နှင့်အမျှ သူက သေရပေလိမ့်မည်။
မည်သည့်ဖိအားကမှ ထိုကဲ့သို့သော အခြေအနေတစ်ခုကို ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။
ထိုကဲ့သို့ သိပ်သည်းပြင်းထန်သောဖိအားအောက်ကနေ ယခု.. မင်းကျန် လွတ်မြောက်လာသောအခါ ပြီးခဲ့သည့်ဆယ်နှစ်အတွင်း သူတွေ့ကြုံခံစားခဲ့ရသော ဆင်းရဲဒုက္ခများသည် သူအဆင့်ချိုးဖျက်တက်လှမ်းဖို့အတွက် စွမ်းအင်အထောက်အပံ့ဖြစ်လာခဲ့၏။
ဒါ့အပြင် မင်းကျန်၏ ခရီးစဥ်မှာ ကမ္ဘာ့ကွန်ချာဗုဒ္ဓ၏ အကြင်နာမေတ္တာနှင့် ရဲဝံ့မှုတို့ ပါလာခဲ့လေသည်။
အမှားအယွင်းတစ်စုံတစ်ရာမရှိလျှင် သူသည် ပေါင်းစည်းခန္ဓာအဆင့်သို့ သေချာပေါက် တက်လှမ်းနိုင်ပေလိမ့်မည်။
ထိုသို့ဖြင့် ဆူဇီမိုသည် မင်းကျန်ကို အရင်ပို့ဆောင်ပေးရပေလိမ့်မည်။
“အခြေအနေမကောင်းတော့ဘူး....အထီးကျန်သိုင်းသခင်က ထွက်ပြေးဖို့ ကြိုးစားနေပြီ”
“လေဟာနယ်ကို ချိပ်ပိတ်ဖို့ မြန်မြန်လုပ်ကြ”
“မရတော့ဘူး... နောက်ကျသွားပြီ”
သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးးများသည် ဆူဇီမိုက တောကောင်သားရေကို ထုတ်ယူလိုက်သည်ကို တွေ့မြင်သောအခါ သူတို့က တစ်စုံတစ်ရာကို နားလည်သွားလေသည်။
သို့သော်လည်း သူတို့တုံ့ပြန်လိုက်သည့်အချိန်မှာ ဆူဇီမိုက တောကောင်သားရေပေါ်ရှိ တည်နေရာရွှေ့ပြောင်းဝင်္ကပါကို အသက်သွင်းလိုက်ပြီဖြစ်၏။
တောကောင်သားရေသည် ဝင်းလက်တောက်ပလာပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်အတက်အကျတစ်ခုကို ဖြာထုတ်ပေးလာ၏။
“ဟမ်..”
ရုတ်တရက် ဆူဇီမို၏အမူအရာက ပြောင်းလဲသွား၏။
တောကောင်သားရေပေါ်ရှိမပြီးပြည့်စုံသော တည်နေရာရွှေပြောင်းဝင်္ကပါသည် အပြည့်အဝအသက်ဝင်လာပြီး ကြွယ်ဝသောဓမ္မစွမ်းအားများက ၎င်း၏ပတ်လည်မှာ ရစ်သိုင်းလာခဲ့၏။ သို့သော်လည်း ၎င်းသည် စွမ်းအားကြီးမားသော အဟန့်အတားတစ်ခုနှင့် တွေ့ဆုံသွားပုံရပြီး ဆက်လက်၍ စုဖွဲ့မလာနိုင်တော့ပေ။
ဆူဇီမိုသည် ဤကဲ့သို့သော အခြေအနေနှင့် အရင်က တွေ့ကြုံခဲ့ဖူးလေသည်။
ကောင်းကင်နှင့်မြေကြီး တောင်ကြားမှာတုန်းက သူ့ကိုသတ်ဖြတ်ဖို့အတွက် ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်များသည် ညဝိညာဥ်ကို ဖမ်းဆီးပြီး မထိုးဖောက်နိုင်သော ထောင်ချောက်တစ်ခုကို ခင်းကျင်းကာ ထိုနေရာရှိ လေဟာနယ်ကို ကြိုတင်ချိပ်ပိတ်ထားခဲ့၏။ အဲ့ဒီနောက် ကိုယ်တော်တာမင်းက တိတ်တဆိတ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် ဤအစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ ၊ နဂါးအစစ်အမှန်ခန္ဓာနှင့် ညဝိညာဥ်ကပင်လျှင် ကောင်းကင်နှင့်မြေကြီး တောင်ကြားမှာ သေခဲ့ရပေလိမ့်မည်။
သို့သော် ယခုအခါ ကြယ်ခြောက်စင်းတောင်ပတ်လည်ရှိ လေဟာနယ်ကလည်း ချိပ်ပိတ်ခံထားရလေသည်။
ဆူဇီမိုသည် ဤကဲ့သို့သော ထိခိုက်ခံစားရမှုနှင့် တွေ့ကြုံထားဖူးလေသည်။
အဲ့ဒါကြောင့် သူသည် ကြယ်ခြောက်စင်းတောင်သို့ အရင်ဆုံးရောက်ရှိလာစဥ်က သူသည် ဤနေရာကိုအရင်ဆုံး ကြိုတင်၍ စစ်ဆေးကြည့်ရှုခဲ့ပြီး ဤနေရာမှာရှိသော လေဟာနယ်က ချိပ်ပိတ်ခံထားရခြင်း မရှိသည်ကို တွေ့ရှိခဲ့ရလေသည်။
တစ်နည်းအားဖြင့်ဆိုလျှင် တစ်စုံတစ်ယောက်သည် စောစောက သူတို့တိုက်ခိုက်ခဲ့သည့် အချိန်တိုအတွင်း ကြယ်ခြောက်စင်းတောင်ပတ်လည်ရှိ လေဟာနယ်ကို ချိပ်ပိတ်လိုက်ခြင်းဖြစ်လေသည်။
အခြေအနေသည် ဆူဇီမို၏ ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်လာခဲ့လေပြီ။ သူ၏အစွမ်းအစအရ သူသည် အာကာသဆုံမှတ်များကို သေချာပေါက်ရှာဖွေနိုင်မည့် လုံလောက်သည့်အချိန်ရှိပါက လေဟာနယ်ချိပ်စည်းကိုပင် ချေဖျက်နိုင်လေသည်။
သို့သော်လည်း လက်ရှိအခြေအနေအရ သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးများနှင့် စွမ်းအားကြီးပုဂ္ဂိုလ်များသည် သူ့ကို ထိုသို့ပြုလုပ်ဖို့အတွက် အချိန်နှင့် အခွင့်အရေး ပေးစရာအကြောင်းမရှိပေ။
သူက ထွက်မပြေးနိုင်တော့ဘူးဆိုမှတော့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရုံသာ ရှိတော့လေသည်။
“ခင်ဗျားတို့တွေက တကယ်ပဲ တော်ပါပေတယ်”
ဆူဇီမိုသည်အံကိုကြိတ်ပြီးအေးစက်စွာဖြင့် ပြောဆိုကာ တောကောင်သားရေကို တစ်ဖန်ပြန်လည်သိမ်းဆည်းလိုက်၏။
တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေး ၆ယောက်သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့၏မျက်လုံးများထဲတွင် တုန်လှုပ်မှုနှင့် တွေဝေရှုပ်ထွေးမှုတို့က ဖြစ်ပေါ်လာ၏။
သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေး ၆ယောက်သည် ဤနေရာရှိလေဟာနယ်ကို ချိပ်ပိတ်ခဲ့သူများ မဟုတ်သည့်အလားပင်။
“အဲ့ဒါက သူ့တို့ ၆ ယောက် မဟုတ်ဘူးလား”
ဆူဇီမိုသည် မျက်မှောင်ကြုတ်၍ သွေးနွယ်ပင်မျိုးနွယ်၏ စွမ်းအားကြီးပုဂ္ဂိုလ်များကို ကြည့်လိုက်၏။
သွေးနွယ်ပင်မျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်တချို့သည် သူ၏လှုပ်ရှားကွက်ကို ကြိုတင်ခန့်မှန်းခဲ့ပြီး ဤနေရာရှိလေဟာနယ်ကို ကြိုတင်ချိပ်ပိတ်လိုက်တာများလား။
အဲ့ဒါကလည်း မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ ဘာပဲပြောပြော ကောင်းကင်နှင့်မြေကြီး တောင်ကြားတိုက်ပွဲမှာတုန်းက သူသည် ဤတောကောင်သားရေပေါ်ရှိ တည်နေရာရွှေ့ပြောင်းဝင်္ကပါကို အသုံးပြုပြီး ထွက်ပြေးလွတ်မြောက်ခဲ့လေသည်။
တစ်စုံတစ်ယောက်အနေဖြင့် သူ၏ဤလှုပ်ရှားကွက်ကို ကြိုတင်စဥ်းစားမိသည်မှာ ယုတ္တိတန်လေသည်။ သို့သော်လည်း ဆူဇီမိုသည် လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်ပြီးနောက် ဝိုးတဝါးနားလည်လိုက်လေသည်။
သွေးနွယ်ပင်မျိုးနွယ်မှ မည်သည့်စွမ်းအားကြီးပုဂ္ဂိုလ်ကမှ အူမြူးအားရသော အမူအရာရှိမနေကြပေ။
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။
ကြယ်ခြောက်စင်းတောင်ပတ်လည်ရှိ လေဟာနယ်ကို ချိပ်ပိတ်ခဲ့သူက တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေး ၆ ယောက်နှင့် စွမ်းအားကြီးပုဂ္ဂိုလ်အယောက် ၅၀ မဟုတ်ပဲ အခြားတစ်ယောက်များ ဖြစ်နေမလား။
ကိစ္စက ထိုသို့ဆိုလျှင် အဲ့ဒါက အရမ်းကို ကြောက်စရာကောင်းလေသည်။
ဤနေရာမှာ နောက်ထပ်ပညာရှင်တစ်ယောက်က ပုန်းလျှိုးနေပြီး သူ၏အသိစိတ်ကနေပင် တိမ်းရှောင်ထားနိုင်သည်ဟု ဆိုလိုလေသည်။
ဒါ့အပြင် ဤပညာရှင်သည် သူလှုပ်ရှားတတ်သည့်နည်းလမ်းများကို ကြိုတင်ခန့်မှန်းတွက်ချက်ထားပြီး တိတ်တဆိတ်လှုပ်ရှားခဲ့လေသည်။ ထိုသူက သူနောက်ဆုတ်မည့် ဖြစ်နိုင်သမျှနည်းလမ်းများအားလုံးကို ပိတ်ဆို့ဖြတ်တောက်ထားလေသည်။
ဆူဇီမိုသည် ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွား၏။
အဲ့ဒါက တကယ့်ကိုသန်မာသောရန်သူတစ်ယောက်ဖြစ်၏။
ထိုသူသည် သူ့ကိုယ်သူရုပ်လုံးထွက်ပြခြင်းမရှိပဲ အရာရာတိုင်းကို ထိန်းချုပ်ထားလေသည်။
ကြယ်ခြောက်စင်းတောင်ပေါ်တွင် သွေးနွယ်ပင်မျိုးနွယ်၏ မဟာယာန မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ပုန်းကွယ်နေတာများလား။
ဆူဇီမိုက ထိုထင်မြင်ယူဆချက်ကို ချက်ချင်းပင် ပယ်ချလိုက်၏။
သွေးနွယ်ပင်မျိုးနွယ်မှ မဟာယာနမျိုးနွယ်စုခေါင်းများတစ်ယောက် ဤနေရာမှာရှိနေမည်ဆိုလျှင် သူက သူ၏လက်ချောင်းတစ်ချောင်းဖြင့် ဆူဇီမိုကို ဖိနှိမ်နိုင်လေသည်။
ဆူဇီမိုက သွေးနွယ်ပင်မျိုးနွယ်၏ သခင်လေးကို သတ်ဖြတ်နေသည်ကို သူက ကြည့်နေခဲ့စရာအကြောင်းမရှိပေ။
အဲ့ဒါက ဘယ်သူဖြစ်နိုင်မလဲ...။
ဆူဇီမို၏အတွေးများက ရူးသွပ်စွာခုန်ပေါက်နေစဥ် သွေးနွယ်ပင်မျိုးနွယ်၏ တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေး ၆ ယောက်နှင့် စွမ်းအားကြီးပုဂ္ဂိုလ်အယောက် ၅၀ ကတော့ ကျေနပ်နှစ်ခြိုက်နေကြ၏။
ဤနေရာရှိလေဟာနယ်ကို ဘယ်သူချိပ်ပိတ်ထားသလဲ သူတို့မသိရှိသော်လည်း အဲ့ဒါက သူတို့အတွက် ဆိုးသည့်အရာမဟုတ်ပေ။ အနည်းဆုံးတော့ အထီးကျန်သိုင်းသခင်က ထွက်မပြေးနိုင်တော့ပေ။
“ဟားဟားဟားဟား”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်က ရယ်မောလိုက်လေသည်။
“အထီးကျန်သိုင်းသခင်... အို အထီးကျန်သိုင်းသခင်... မင်းက အရာအားလုံးကို ကြိုတင်တွက်ချက်ထားတာတောင်မှ ခြေတစ်လှမ်းလိုသွားတုန်းပဲ”
“အထီးကျန်သိုင်းသခင်... မင်းက ဒီနေရာမှာသေရဖို့ ကံပါလာပြီးသားပဲ... မင်းမှာ အတောင်ပံတွေရှိနေမယ်ဆိုရင်တောင် မင်းကဒီနေ့ ထွက်ပြေးနိုင်မှာ မဟုတ်တော့ဘူး”