မျိုးဆက်သွေးကိုစုပ်ယူခြင်း
Vol. 96 Ch. 1436
ကြယ်များကိုတုပ၍ မြေပြင်အနေအထားကို ပုံဖော်ထားပြီး ပင်မတောင်ထွတ်ခြောက်ခုသည် တောင်ပိုင်းတူနှစ်ကိုယ် ကြယ်ခြောက်စင်းကို ကိုယ်စားပြုလေသည်။ ဝင်္ကပါကို အသက်သွင်းလိုက်ခြင်းနှင့်အတူ တောင်ပိုင်းတူနှစ်ကိုယ် ကြယ်ခြောက်စင်းဝင်္ကပါ၏ စွမ်းအားက ၎င်း၏အကန့်အသတ်အထိ တိုးမြင့်လာခဲ့၏။
ကြယ်အလင်းများက အရမ်းကို သိပ်သည်းကျစ်လစ်လာခဲ့၏။
အစကတော့ အကြီးအကဲစန်းရှီနှင့် အခြားသွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၅ယောက်သည် အဲ့ဒါကို ခုခံနိုင်နေသေး၏။
သို့သော်လည်း ဝင်္ကပါသည် ကြယ်ခြောက်စင်းတောင်၏ မြေပြင်အနေအထားနှင့် ပြီးပြည့်စုံစွာ ပေါင်းစည်းသွားပြီး ကောင်းကင်ထက်ရှိကြယ်များက အဆက်မပြတ်လှည့်ပတ်၍ အရေအတွက်တိုးလာခဲ့၏။
တစ်စုံတစ်ယောက်သည် ဝင်္ကပါကို အတင်းအကျပ်မဖျက်ဆီးနိုင်သရွေ့ တောင်ပိုင်းတူနှစ်ကိုယ် ကြယ်ခြောက်စင်းဝင်္ကပါက ရပ်တန့်သွားလိမ့်မည် မဟုတ်ပေ။
အခြေအနေက ဤအတိုင်းဆက်သွားနေမည်ဆိုလျှင် အကြီးအကဲစန်းရှီနှင့် အခြားတစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများသည် ခြေကုန်လက်ပန်းကျ၍ သေဆုံးသွားရပေလိမ့်မည်။
နာရီဝက်ကြာပြီးနောက် အကြီးအကဲစန်းရှီနှင့် အခြားတစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများသည် မောဟိုက်၍ အားနည်းလာကြ၏။ အခြားသော သွေးနွယ်ပင်မျိုးနွယ်ဝင်များက ပို၍ပင်ဆိုးဝါးလေသည်။
တောင်ပိုင်းတူနှစ်ကိုယ် ကြယ်ခြောက်စင်းဝင်္ကပါနှင့် ရင်ဆိုင်ရချိန်တွင် သွေးနွယ်ပင်မျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်ဆယ်ယောက်ပင် မကျန်ရှိတော့ပေ။
ထောင်နှင့်ချီရှိခဲ့သော သွေးနွယ်ပင်မျိုးနွယ်ဝင်များမှ ထက်ဝက်ကျော်သည် သေဆုံးသွားခဲ့ပြီဖြစ်ပြီး ယခုအခါ အရေအတွက်တစ်ထောင်ပင် မကျန်ရှိတော့ပေ။ သူတို့သည် ကြယ်အလင်းရောင်များကို ရှောင်ရှားဖို့အတွက် ကြယ်ခြောက်စင်းတောင်ပေါ်မှာ လှည့်ပတ်၍ ပြေးလွှားနေကြ၏။ သို့သော်လည်း ကြယ်အလင်းရောင်များက မိုးပေါက်များကဲ့သို့ ပြွတ်သိပ်နေပြီး ဤနေရာမှာရှိသော လေဟာနယ်ကို ချိပ်ပိတ်ထားလေသည်။ သူတို့က မည်သို့ပုန်းရှောင်နိုင်ပါ့မလဲ။
ဆယ့်ငါးမိနစ်မကြာခင်မှာပင် ကျန်ရှိနေသော သွေးနွယ်ပင်စွမ်းအားကြီးပုဂ္ဂိုလ်များသည် ကြယ်ခြောက်စင်းတောင်မှာ မြှုပ်နှံခံကြရပေလိမ့်မည်။
ထိုသည်ကိုမြင်သောအခါ ဆူဇီမိုက စိတ်လှုပ်ရှားလာခဲ့၏။
ကိုယ်တော်တာမင်း၏ တိုက်ခိုက်ရည်ခွန်အားအရ သူသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၆ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မည်ဆိုလျှင်တောင် အနိုင်ရရှိနိုင်ကောင်းလေသည်။
သို့သော်လည်း သူသည် ပို၍သက်တောင့်သက်သာရှိသောနည်းလမ်းကို အသုံးပြုဖို့ ရွေးချယ်ခဲ့၏။ သူသည် သွေးနွယ်ပင်မျိုးဝင်များအားလုံးကို ဤနေရာမှာ သတ်ဖြတ်ဖို့အတွက် ပြင်ပအားတစ်စုံတစ်ရာကို အသုံးပြုခဲ့လေသည်။
တကယ်ဆို... ကိုယ်တော်တာမင်းသည် ဤနေရာသို့ ရောက်ရှိနေခဲ့သည်မှာ ကြာမြင့်ပြီဟု ဆူဇီမိုက ထင်မိ၏။
သို့သော်လည်း ကိုယ်တော်တာမင်းသည် သူနှင့် သွေးနွယ်ပင်မျိုးနွယ်ဝင်များတိုက်ခိုက်နေခဲ့သည်ကို စောင့်ဆိုင်းနေခဲ့ပြီးမှ ပေါ်ထွက်လာခဲ့၏။
လူတိုင်းသည် သူ့အစီအစဥ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သည့်အလားပင်။
ကိုယ်တော်တာမင်းက အဲ့ဒါကို ဘာအတွက်လုပ်ခဲ့တာလဲ။
သူက ကြယ်ခြောက်စင်းတောင်မှာ သွေးနွယ်ပင်မျိုးနွယ်ဝင်များ၏ မျိုးဆက်သွေးကို သန့်စင်ဖို့ကြိုးစားနေတာလား။
အဲ့ဒါသည် သူက အကြင်နာမေတ္တာကြီးမားပြီး တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ လူတိုင်းကို ကယ်တင်ချင်သောကြောင့်လား။
အဲ့ဒါက အသောကသစ်သားအတွက်လား။
သူ့မှာ တခြားရည်ရွယ်ချက်တွေရှိနေသေးလား။
ဆူဇီမိုက ဘာကိုမှ သေချာမပြောနိုင်ပေ။
သို့သော်လည်း မည်သို့ပင်ဆိုစေ ကိုယ်တော်တာမင်းသည် ယခုတစ်ခေါက်တွင် လူသားမျိုးနွယ်ဘက်မှာ ရပ်တည်ခဲ့ပုံရ၏။ သူသည် မိစ္ဆာလမ်းကြောင်းပေါ်သို့ ရောက်ရှိသွားသည်ဆိုလျှင်တောင် သူသည် သတ္တိကြောင်သော ကျင့်ကြံသူအများစုထက်တော့ များစွာပိုမိုသန်မာလေသည်။
ဒီပင်္ကရာကျောင်းတော်သည် သွေးနွယ်ပင်မျိုးနွယ်ကို ရန်မစရဲခဲ့ပေ။
သို့သော်လည်း ကိုယ်တော်တာမင်းကတော့ အဲ့ဒါကို ပြုလုပ်ရဲလေသည်။ ထိုမျှသာမက သူသည် ကြယ်ခြောက်စင်းတောင်ပေါ်မှာ သွေးနွယ်ပင်မျိုးနွယ်ဝင်များအားလုံးကိုပင် သတ်ဖြတ်ချင်နေ၏။
တိုက်ပွဲနယ်မြေတွင်...
နောက်ဆုံးမှာတော့ သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုခြောက်ယောက်ယောက်က ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။ သူတို့သည် သူတို့၏ လူသားသွင်ပြင်သို့ ပြောင်းလဲပြီး ကြယ်အလင်းရောင်များကို ရှောင်တိမ်းရန် အဝေးသို့ ပြေးထွက်လိုက်ကြ၏။
သူတို့သည် သူတို့၏ အစစ်အမှန်ပုံစံဖြင့် မြေပြင်မှာ အမြစ်တွယ်ရပ်တည်နေမည်ဆိုလျှင် သူတို့သည် အတောမသတ်နိုင်သော ကြယ်အလင်းရောင်းများကြောင့် သေသည့်တိုင်အောင် ဖိနှိမ်ခံရပေလိမ့်မည်။
ထိုသည်ကိုမြင်သောအခါ ဆူဇီမိုက ညင်သာစွာခေါင်းခါယမ်းလိုက်၏။
အဲ့ဒါက ပြီးသွားခဲ့လေပြီ။
အကြီးအကဲစန်းရှီနှင့် အခြားသူများသည် လူသားသွင်ပြင်သို့ ပြောင်းလဲလိုက်မည်ဆိုလျှင် သူတို့သည် ပို၍ပင် မြန်မြန်ဆန်ဆန် သေရပေလိမ့်မည်။
လူသားသွင်ပြင်သို့ ပြောင်းလဲပြီးနောက် အကြီးအကဲစန်းရှီနှင့် အခြားသူများသည် ပို၍ပေါ့ပါးဖျတ်လတ်လာမည်ဖြစ်သော်လည်း သူတို့၏တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာလျော့ကျသွားပေလိမ့်မည်။
သူတို့သည် ကိုယ်တော်တာမင်းကို ရင်ဆိုင်ရာမှာ ကူကယ်ရာမဲ့လုနီးပါးဖြစ်သွားပေလိမ့်မည်။
ဒါ့အပြင် ဤနေရာမှာရှိသောလေဟာနယ်ကို ချိပ်ပိတ်ထားခဲ့ပြီဖြစ်ပြီး အကြီးအကဲစန်းရှီအနေဖြင့် အချိန်တိုအတွင်းမှာ အဲ့ဒါကိုချေဖျက်ဖို့က မဖြစ်နိုင်ပေ။
သို့သော်လည်း အကြီးအကဲစန်းရှီနှင့် အခြားသူများသည် သူတို့၏ အစစ်အမှန်ပုံစံမှာ ဆက်နေမည်ဆိုလျှင်လည်း သူတို့သည် အနည်းငယ်ပို၍ကြာကြာ တောင့်ခံနိုင်ရုံသာ ရှိပေလိမ့်မည်။
အဲ့ဒါက ကိုယ်တော်တာမင်း၏ ကြောက်မက်ဖွယ်ရာကောင်းမှုဖြစ်၏။ သူသည် သွေးနွယ်ပင်မျိုးနွယ်ကို မည်သည့်ထွက်လမ်းမှ ပေးမထားပေ။
ကိုယ်တော်တာမင်းသည် အကြီးအကဲစန်းရှီနှင့် အခြားသူများ လူသားသွင်ပြင်သို့ ပေါင်းလဲလိုက်သည်ကို တွေ့မြင်သောအခါ သူ၏အမူအရာက တည်ငြိမ်နေ၏။ လှစ်ခနဲလှုပ်ရှားလိုက်ပြီး သူ၏အမြန်နှုန်းက တုန်လှုပ်စရာကောင်းကာ သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးကို တစ်ခဏအတွင်း လိုက်မီသွား၏။
အဲ့ဒါက အရမ်းကိုမြန်ဆန်၏။
ဆူဇီမိုသည် ကန့်သတ်မဲ့ရွှေအလင်းကဲ့သို့ ထွက်ပြေးခြင်းနည်းစနစ်များကို ကျင့်ကြံထားခဲ့၏။ သူတို့အားလုံးကို အတူတကွပေါင်းစည်းခြင်းဖြင့် သူသည် ကိုယ်တော်တာမင်း၏ အမြန်နှုန်းကို ယှဥ်နိုင်ရုံမျှသာ ရှိပေလိမ့်မည်။
သူ၏ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ နားလည်ဆင်ခြင်ထားသော ဧရာမရွှေငှက်၏ ပင်ကိုနတ်ဘုရားစွမ်းအားကသာလျှင် ကိုယ်တော်တာမင်းထက် သာလွန်နိုင်ပေလိမ့်မည်။
“မင်း...”
သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသည် ကိုယ်တော်တာမင်းက သူ့ရှေ့သို့ ဤမျှအထိ မြန်မြန်ဆန်ဆန် ရောက်ရှိလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ထိတ်လန့်တကြားဖြင့် သူကတိုက်ခိုက်လိုက်၏။
“သွေးအသွင်ပြောင်းလဲခြင်း”
သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသည် အော်ဟစ်၍ သူ၏ထက်ရှသောလက်သည်းများကို လှုပ်ရှားကာ သူ၏လက်ကောက်ဝတ်ကို လှီးဖြတ်ပြီး သူ၏ အဆီအနှစ်သွေးများကို ကိုယ်တော်တာမင်းထံသို့ ပန်းထွက်သွားစေ၏။
ထိုအဆီအနှစ်သွေးမှာ သူ၏အလွန်တရာနက်ရှိုင်းသော ကျင့်ကြံမှုတို့ ပါဝင်၏။ မည်သည့်သက်ရှိမဆို ထိုအဆီအနှစ်သွေးနှင့် ထိတွေ့မိသည်နှင့် သူက သူ၏လျှို့ဝှက်အတတ်ကို အသက်သွင်းလိုက်မည်ဖြစ်၏။ ထိုအခါသူသည် ထိုသက်ရှိ၏ မျိုးဆက်သွေးကို ခန်းခြောက်သည်အထိ စုပ်ယူနိုင်မည်ဖြစ်၏။
ကိုယ်တော်တာမင်းသည် ညင်သာစွာ ပြုံး၍ သူ၏မျက်လုံးထဲမှာ ထူးဆန်းသောသွေးရောင်အလင်းက ဖျတ်ခနဲလက်သွား၏။
ရုတ်တရက်ဆိုသလို...
သူက သူ၏ပါးစပ်ကိုဖွင့်ပြီး ဝင်ရောက်လာသော အဆီအနှစ်သွေးများကိုစုပ်ယူလိုက်၏။
အဆီအနှစ်သွေးသည် ကိုယ်တော်တာမင်း၏ ပါးစပ်ထဲသို့ တိုးဝင်သွားလေသည်။
ထိုမျှသာမက ကိုယ်တော်တာမင်း၏ ပြုမူလှုပ်ရှားမှုသည် သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး၏ လက်ကောက်ဝတ်ပေါ်ရှိဒဏ်ရာကို ရုတ်တရက် စုတ်ပြဲထွက်သွားစေ၏။ အတောမသတ်နိုင်သောသွေးများက ရေကာတာတစ်ခုကျိုးပေါက်သွားသကဲ့သို့ အရှိန်အဟုန်ဖြင့် ပန်းထွက်လာ၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် သူတို့၏ပြတ်တောက်သွားသော ခြေလက်များကို ပြန်ပေါက်စေနိုင်၏။
သေးငယ်သောဒဏ်ရာတစ်ခုကို တစ်ခဏအတွင်းမှာ ကုသနိုင်လေသည်။
သို့သော်လည်း ကိုယ်တောတာမင်း၏ စုပ်ယူအားသည် သွေးများကို အဆက်မပြတ်စီးထွက်လာစေ၏။
အသက်ရှုချိန်အနည်းငယ်မျှနှင့် သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး၏ မျက်နှာက မနှိုင်းယှဥ်သာအောင် ဖြူဖပ်ဖြူရော်ဖြစ်လာပြီး သူ၏ခန္ဓာကိုယ်က လျင်မြန်စွာညိုးခြောက်လာ၏။
သူ့အဆီအနှစ်သွေးထက်ဝက်ကျော်သည် ကိုယ်တော်တာမင်း၏ စုပ်ယူခြင်းကို ခံလိုက်ရလေသည်။
ဆူဇီမိုသည် ထိုသည်ကိုတွေ့မြင်သောအခါ နားလည်သဘောပေါက်သွား၏။
အရင်တုန်းက ကိုယ်တော်တာမင်း ကျောက်သားခေါင်းတလားထဲကနေ တွားသွားထွက်လာစဥ်က သူ့ရှေ့တွင်ဖြစ်ပေါ်ခဲ့သော ဆင်တူသည့်မြင်ကွင်းတစ်ခုကို သူက ပြန်လည်အမှတ်ရလာ၏။
သို့သော်လည်း ကိုယ်တော်တာမင်းသည် အရင်ကထက် များစွာပို၍သန်မာလာခဲ့၏။
“သွေးနွယ်ပင်မျိုးနွယ်က အရမ်းကိုသွေးဆာရက်စက်ပြီး သူတို့ရဲ့ ဓမ္မပညာရပ်တွေက မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်နဲ့ ဆင်တူနေတာပဲ”
ဆူဇီမိုက စိတ်ထဲကနေ ညည်းတွားရေရွတ်လိုက်၏။
“ဒါပေမဲ့လို့ မျိုးဆက်သွေးအရာမှာဆိုရင် သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်တောင် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံထားတဲ့ ကိုယ်တော်တာမင်းကို ခုခံနိုင်မှာမဟုတ်ဘူး”
ရုတ်တရက်ဆိုသလို...
ဆူဇီမို၏စိတ်ထဲသို့ အတွေးတစ်ခုက ဖျတ်ခနဲဝင်ရောက်လာ၏။ သူသည် တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား သူ၏မျက်လုံးကိုမှေးကျဥ်းလိုက်၏။
တိုက်ပွဲနယ်မြေတွင်...
သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသည် ထိတ်လန့်တကြားဖြစ်နေပြီး သူ၏မျက်လုံးများက ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေ၏။
ခံညားထည်ဝါ၍ ဗုဒ္ဓဝါဒမှာကျွမ်းကျင်ပိုင်နိုင်သော ဤလူသည် ရုတ်တရက် သွေးဆာရက်စက်သော မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု သူကလုံးဝထင်မှတ်မထားခဲ့ပေ။
အသက်ဆယ်ရှိုက်စာကျော် ကြာသွား၏။
သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး၏ သွေးချီသည် ကိုယ်တော်တာမင်း၏ စုပ်ယူခြင်းခံရပြီးနောက် ခန်းခြောက်သွားခဲ့လေသည်။ သူ၏အော်ရာက အားနည်းသွားပြီး သူက အရိုးစုတစ်ခုနီးပါးဖြစ်လာခဲ့၏။
ထိုအခိုက်အတန့်တွင် သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသည် သူ၏အစစ်အမှန်ပုံစံသို့ပင် ပြောင်းလဲနိုင်ခြင်း မရှိတော့ပေ။
ရွှစ်...
အမြုတေစိတ်ဝိညာဥ်တစ်ခုက ရုန်းကန်ထွက်ပေါ်လာပြီး အဝေးတစ်နေရာသို့ ပြေးထွက်လိုက်၏။
ကိုယ်တော်တာမင်းသည် ခြေတစ်လှမ်းလှမ်း၍ ထိုအမြုတေစိတ်ဝိညာဥ်ကို လှမ်းဆွဲလိုက်လေသည်။ သူ၏လက်ဖဝါးကိုဖြန့်ပြီး ထိုသူကို သတ်ဖြတ်ခြင်းမရှိပဲ သူ၏အမြုတေစိတ်ဝိညာဥ်ကို ဖမ်းချုပ်ထားလိုက်၏။
အဲ့ဒီနောက်... ကိုယ်တော်တာမင်းသည် ရပ်တန့်ခြင်း မရှိပဲ သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်နောက်သို့ ဆက်လိုက်သွားလေသည်။
သွေးနွယ်ပင်မျိုးနွယ်၏ အမြန်နှုန်းက ကိုယ်တော်တာမင်းကို မယှဥ်နိုင်ပေ။ ဒါ့အပြင် ကြယ်ခြောက်စင်းတောင်သည် ချိပ်ပိတ်ခံထားရပြီဖြစ်၏။
အခြားသော တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများက ဘယ်နေရာသို့ ထွက်ပြေးနိုင်ပါ့မလဲ။
သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသည် သူက မထွက်ပြေးနိုင်တော့ဘူးဆိုတာကို သိလိုက်ရသောအခါ သူကနောက်သို့ပြန်လှည့်ပြီး သူ၏မူပိုင်ဓမ္မလက်နက်ကို ဆင့်ခေါ်ထုတ်ကာ ကိုယ်တော်တာမင်းဆီသို့ ပြေးဝင်လိုက်၏။
ကိုယ်တော်တာမင်းသည် ရုတ်တရက် သူ၏လက်ကိုဆန့်ထုတ်ပြီး သွေးဘူးတောင်းကို ဖမ်းဆွဲလိုက်၏။
သူက သူ့လက်ဖဝါးဆီသို့ ခွန်အားကို ပို့လွှတ်လိုက်၏။
ခွမ်း...
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဓမ္မလက်နက်သည် ကိုယ်တော်တာမင်း၏ ဖိချေခြင်းကို ခံလိုက်ရ၏။
ဖွီး...
သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး၏ အမြုတေစိတ်ဝိညာဥ်သည် သက်ရောက်ခြင်းခံလိုက်ရပြီး သူက မိုးကြိုးပစ်ချခံလိုက်ရသည့်လား တဆတ်ဆတ်တုန်ယင်ကာ ပါးစပ်အပြည့်သွေးများကို ထွေးထုတ်လိုက်ရ၏။
ကိုယ်တော်တာမင်း၏ မျက်လုံးထဲရှိ သွေးရောင်အလင်းက တစ်ဖန်ပြန်လက်လာခဲ့၏။
ဝေါ...
သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး၏ မျိုးဆက်သွေးသည် အထိန်းအကွပ်မဲ့စွာ တလိပ်လိပ်တက်လာပြီး သူ၏မွေးညင်းပေါက်များထဲကနေ စိမ့်ထွက်ကာ ကိုယ်တော်တာမင်းဆီသို့ တိုးဝင်လာခဲ့၏။
အဲ့ဒါက အလွန်တရာကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ မျိုးဆက်သွေးကို ကိုယ်တော်တာမင်းသည် လျှို့ဝှက်အတတ်တစ်ခုကို အသုံးပြု၍ အတင်းအကျပ်စုပ်ယူလိုက်ပြီး ထိုသူ၏ခန္ဓာကိုယ်ကို စုတ်ပြဲထွက်သွားစေလေသည်။