ပကတိဖိနှိမ်ခံရခြင်း
Vol. 96 Ch. 1437
တစ်ခဏအတွင်းမှာပင် သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး၏ မျိုးဆက်သွေးသည် ကိုယ်တော်တာမင်း၏ သန့်စင်စုပ်ယူခြင်းကို ခံလိုက်ရ၏။
ကိုယ်တော်တာမင်း၏ မျက်လုံးက အေးစက်စွာဖြင့် တဖျတ်ဖျတ်လက်နေ၏။
သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး၏ ဦးခေါင်းသည် အလွန်တရာထက်ရှသော တစ်စုံတစ်ရာဖြင့် ထိုးခွဲခြင်းခံလိုက်ရသည့်အလား တဖြည်းဖြည်းချင်း ကွဲထွက်သွားပြီး အထဲမှာ အမြုတေစိတ်ဝိညာဥ်က ထွက်ပေါ်လာ၏။
ကိုယ်တော်တာမင်းသည် သူ၏ လက်ကို ဆန့်တန်းပြီး ထိုအမြုတေစိတ်ဝိညာဥ်ကို ဖမ်းဆွဲကာ အခြားသော သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၄ ယောက်ကို ဆက်လက်၍ အမဲလိုက်လေသည်။
ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်လေသည်။
ကိုယ်တော်တာမင်းသည် ကြင်နာတတ်သောလူတစ်ယောက် သေချာပေါက်မဟုတ်ပေ။ သို့သော်လည်း သူသည် သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး၏ အမြုတေစိတ်ဝိညာဥ်ကို သတ်ဖြတ်လိုက်ခြင်းမရှိပေ။ အဲ့ဒီမှာ ပိုမိုလေးနက်သော အဓိပ္ပါယ်တစ်စုံတစ်ရာရှိနေပုံရ၏။
ဘန်း... ဘန်း... ဘန်း...
အကြီးအကဲစန်းရှီနှင့် အခြားသွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သုံးယောက်သည် ကြယ်ခြောက်စင်းတောင်၏ အာကာသချိပ်စည်းကို ချေဖျက်ချင်သည့်အလား ရူးသွပ်စွာဖြင့် တိုက်ခိုက်လိုက်ကြ၏။
သို့သော်လည်း သူတို့သည် အာကာသဆုံမှတ်များကို မရှာဖွေနိုင်ကြပေ။ သူတို့သည် ခွန်အားသက်သက်ဖြင့် အဲ့ဒါကို ချိုးဖျက်ချင်သည်ဆိုလျှင် အနည်းဆုံး နှစ်ရက်လောက်အချိန်ယူရပေလိမ့်မည်။
ကိုယ်တော်တာမင်းသည် သူ၏လက်တစ်ဖက်ကို နောက်ပစ်ပြီး လေထဲကနေ ပျံသန်းလာ၏။ သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်၏ အမြုတေစိတ်ဝိညာဥ်များကို သူ၏လက်ထဲမှာ ဆုပ်ကိုင်ထားပြီး အေးအေးလူလူလျှောက်လှမ်းလာ၏။
“အားလုံးပဲ... အသေအကြေတိုက်ခိုက်လိုက်ကြရအောင်”
အကြီးအကဲစန်းရှီသည် ပျက်ယွင်းနေသောအမူအရာနှင့်အတူ လေးနက်စွာဖြင့် ပြောဆိုလိုက်၏။ အခြားသော သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သုံးယောက်သည် တံတွေးကိုမျိုချပြီး ခေါင်းညိတ်လိုက်ကြ၏။ သူတို့သည် သုန်မှုန်နေသောအမူအရာနှင့် အတူတကွလျင်မြန်စွာ စုစည်းလိုက်ကြပြီး ကိုယ်တော်တာမင်းကို မမှိတ်မသုန်စိုက်ကြည့်လိုက်ကြ၏။
“တာအိုရောင်းရင်း... ကျုပ်တို့က ခင်ဗျားကို လုံးဝမသိဘူး... ခင်ဗျားက ဘာလို့ကျုပ်တို့ကို သတ်ဖို့ကြိုးစားနေတာလဲ”
အကြီးအကဲစန်းရှီ၏ လေသံက နောက်ဆုံးမှာ ပျော့ပျောင်းသွား၏။
“မင်းတို့တွေကရော... ဒီမှာရှိတဲ့ ကျင့်ကြံသူတွေကိုကော သိကြလို့လား... မင်းတို့တွေက သူတို့ကို ဘာ့ကြောင့်သတ်ခဲ့တာလဲ”
ကိုယ်တော်တာမင်းက ပြန်လှန်မေးလိုက်၏။
“ခင်ဗျားက သူတို့နဲ့ မတူဘူးလေ... သူတို့က ပုရွက်ဆိတ်တွေပဲ”
အကြီးအကဲစန်းရှီက ဆက်လက်၍ ဖျောင်းဖျလိုက်၏။
“ခင်ဗျားက ပေါင်စည်းခန္ဓာအဆင့်မှာတင် ဒီလိုမျိုး တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်နေပြီ... ခင်ဗျားက သွေးနွယ်ပင်မျိုးနွယ်ရဲ့ လေးစားမှုကို ရရှိဖို့ သေချာပေါက်ထိုက်တန်တာပေါ့”
“အို...”
ကိုယ်တော်တာမင်းက သူ၏ခြေလှမ်းကို ရပ်တန့်ခြင်းမရှိပဲ မှင်သေသေဖြင့် ပြောလိုက်၏။
“ဒါပေမဲ့လို့... မင်းတို့တွေကလည်း ငါ့အတွက်တော့ ပုရွက်ဆိတ်တွေပဲ”
ကမ္ဘာဦးမျိုးနွယ်ဝင်အဖြစ် သွေးနွယ်ပင်မျိုးနွယ်သည် အခြားသူ၏ ပုရွက်ဆိတ်အဖြစ် ရှုမြင်ခြင်းကို ပထမဆုံးအကြိမ်ခံလိုက်ရခြင်းဖြစ်၏။
ဤလောကမှာ ထိုစကားကို ပြောဆိုရဲဖို့ အဆင့်မီသောသူ များစွာမရှိပေ။
“တိုက်ကြ”
ရုတ်တရက် အကြီးအကဲစန်းရှီက အော်ပြောလိုက်၏။
စကားအနည်းငယ် အပြန်လှန်ပြောဆိုပြီးနောက် သူ့အနေဖြင့် သူတို့ကိုခွင့်လွှတ်ပေးရန် ဤလူကို တောင်းပန်၍ရတော့မည်မဟုတ်ကြောင်း နားလည်လိုက်၏။
သူတို့အသက်ရှင်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းမှာ သူတို့၏ အသက်နှင့်ရင်းပြီး တိုက်ခိုက်ရဖို့ဖြစ်၏။
အကြီးအကဲစန်းရှီသည် မည်သည့်ဓမ္မအတတ်ကိုမှ ထုတ်ဖော်ခြင်းမရှိပေ။ သို့သော် သူက အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တစ်ခုကို ချက်ချင်းပင်ထုတ်ဖော်လိုက်၏။
အခြားသော သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသုံးယောက်သည်လည်း အလိုလိုနားလည်မှုရယူကာ သူတို့၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များကို အသက်သွင်း၍ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။
အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များကနေ စုဖွဲ့ထားသော သွေးနီရောင်ဘူးတောင်းလေးခုသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးလေးယောက်၏ အသိစိတ်ထဲကနေ ထွက်လာပြီး ကိုယ်တော်တာမင်းဆီသို့ ပစ်ဝင်သွားကြ၏။
ဇီ....
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးလေးယောက်ထံမှ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များသည် တိတ်တဆိတ်ထွက်ပေါ်လာသော်လည်း လေဟာနယ်က လှုပ်ခါသွား၏။
ကိုယ်တော်တာမင်းသည် ကျောက်ရုပ်ဖြစ်သွားပြီး စိတ်ဝိညာဥ်အသိစိတ် သွေးဘူးတောင်းလေးခုကို သူ၏နှာရောင်ထဲသို့ ဝင်ရောက်ခွင့်ပေးလိုက်သည့်အလား မလှုပ်မယှက်ရှိနေ၏။
“ငါတို့အဲ့ဒါကို လုပ်နိုင်ပြီ”
သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးလေးယောက်၏ မျက်လုံးများက ဝင်းလက်သွားပြီး ရွှင်ပျသောအမူအရာများ ထွက်ပေါ်လာကြ၏။
ကိုယ်တော်တာမင်းသည် အဲ့ဒါကို မတုံ့ပြန်နိုင်ပဲ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်လေးခု၏ ထိခတ်ခြင်းကို ခံလိုက်ရသကဲ့သို့ထင်ရ၏။ သူတို့က ထိုမြင်ကွင်းကို လုံးဝထင်မှတ်မထားခဲ့ပေ။
အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တစ်ခုသည် လူတစ်ယောက်၏ စိတ်ထဲသို့ ဝင်ရောက်သွားသည်နှင့် အဲ့ဒါကို အမြုတေစိတ်ဝိညာဥ်နှင့် တိုက်ရိုက်ရင်ဆိုင်ရပေတော့မည်။
သူ့မှာ အမြုတေစိတ်ဝိညာဥ် ခုခံရေးဓမ္မလက်နက်တစ်ခုခုရှိမည်ဆိုရင်တောင် အဲ့ဒါသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးလေးယောက်၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များကို ခုခံဖို့ ခဲယဥ်းလေသည်။
ရုတ်တရက်ဆိုသလို...
အလွန်တရာကြောက်စရာကောင်းသော စွမ်းအင်အတက်အကျတစ်ခုသည် ကိုယ်တော်တာမင်း၏ နှာရောင်ကနေ ရုန်းကန်ထွက်ပေါ်လာ၏။
ညင်သာသောလေပြေတစ်ချက်တိုက်ခတ်သွားပြီး သူ့နဖူးထက်ရှိ ဆံပင်များကို ကြွတက်သွားစေကာ သူ့နှာရောင်ပေါ်မှာ ပါးလွှာသော သွေးအမာရွတ်တစ်ခုကို ထွက်ပေါ်လာစေ၏။
ထိုအခိုက်အတန့်တွင် သွေးနီရောင်မျက်လုံးတစ်လုံး ပွင့်လာတော့မည့်အလား သွေးအမာရွတ်က ပို၍ပင်နီရဲလာသည်ဟု ထင်ရ၏။
ကိုယ်တော်တာမင်းက အဆင်ပြေလေသည်။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး လေးယောက်၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များသည် ကိုယ်တော်တာမင်း၏ နှာရောင်ထဲသို့ ဝင်ရောက်သွားသော်လည်း သူတို့သည် သွေးအမာရွတ်ကြောင့် လုံးဝပျက်ပြယ်သွားသည့်အလားပင်။
ဆူဇီမိုက ထိုမြင်ကွင်းမှာ အံအားသင့်သွားခြင်း မရှိပေ။
မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းထဲမှာတုန်းက သူ၏အစိမ်းရောင်ကြာပန်းဓားသည် ကိုယ်တော်တာမင်း၏ နှာရောင်ထဲသို့ ဝင်ရောက်သွားစဥ်ကပင် အဲ့ဒါက အချည်းနှီးသာ ဖြစ်ခဲ့ရ၏။
ရုတ်တရက်ဆိုသလို...
ဆူဇီမိုက အလွန်တရာအရေးကြီးသော တစ်စုံတစ်ရာကို လျစ်လျူရှုထားမိသည်ဟု ခံစားရပြီး မျက်မှောင်ကြုတ်လိုက်၏။
“မင်း... မင်းက ကောင်းကင်ဘုံ...”
အကြီးအကဲစန်းရှီသည် တစ်စုံတစ်ရာကိုရှာဖွေတွေ့ရှိသွားသည့်အလား ကိုယ်တော်တာမင်းကို လက်ညိုးထိုးပြီး သူ၏အသံကကြောက်ရွံ့မှုဖြင့် တုန်ယင်နေ၏။
ကိုယ်တော်တာမင်းသည် ညင်သာစွာပြုံး၍ သူ၏လက်ဖဝါးကို ဆန့်ထုတ်ပြီး လေဟာနယ်ကိုဖြတ်ကျော်၍ အကြီးအကဲစန်းရှီကို ညင်သာစွာ ဖမ်းဆုပ်လိုက်၏။
အကြီးအကဲစန်းရှီ၏ခန္ဓာကိုယ်သည် မမြင်နိုင်သောလက်တစ်စုံဖြင့် ဖျစ်ညှစ်ခြင်းခံလိုက်ရသည်ဟုထင်ရပြီး ချက်ချင်းပင်ပေါက်ကွဲထွက်ကာ သွေးမြူတစ်ခုအဖြစ်ပြောင်းလဲသွား၏။
သူ၏အမြုတေစိတ်ဝိညာဥ်က ကိုယ်တော်တာမင်း၏ ဖမ်းယူခြင်းကိုခံလိုက်ရ၏။
ကိုယ်တော်တာမင်းသည် ရှေ့သို့လျှောက်လှမ်းလာပြီး သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသုံးယောက်ဘေးသို့ ရောက်ရှိလာ၏။ သူက သူ၏လက်တစ်ဖက်ကို မြှောက်လိုက်ရုံသာဖြစ်ပြီး သူတို့သုံးယောက်ကို ဖိနှိမ်ဖို့အတွက် သူ၏လက်ဖဝါးကို လှုပ်ရှားလိုက်၏။
သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသုံးယောက်သည် အန္တရာယ်ကို အာရုံခံမိသွားပြီး သူတို့၏ အမြုတေစိတ်ဝိညာဥ်ဓမ္မစွမ်းအားများကို အရူးများပမာလှည့်ပတ်ကာ များစွာသော အဆောင်လက်ဖွဲ့များ ၊ ဓမ္မပညာရပ်များနှင့် ဓမ္မလက်နက်များကို ထုတ်ဖော်လိုက်ကြ၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများသည် သူတို့မသေခင် နောက်ဆုံးအလောင်းအစားတစ်ခုကို ပြုလုပ်လိုက်ကြခြင်းဖြစ်၏။
ကိုယ်တော်တာမင်း၏ ခန္ဓာကိုယ်သည် အန္တိမဓမ္မဝိသေသ လေးခုနှင့် ပေါင်းစည်းပြီးနောက် အရမ်းကိုကြောက်စရာကောင်းလာခဲ့၏။
သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသုံးယောက်၏ ရူးသွပ်သောတိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရလျှင်တောင် သူသည် ရှောင်တိမ်းဖို့ သို့မဟုတ် နောက်ဆုတ်ဖို့ စိတ်ကူးမရှိပေ။ သူသည် သူ၏မျိုးဆက်သွေးကို လှည့်ပတ်ပြီး ဆူနာမီအသံတစ်ခုကို တလိပ်လိပ်ထွက်ပေါ်လာစေ၏။
ကိုယ်တော်တာမင်း၏ အော်ရာက လျင်မြန်စွာမြင့်တက်လာ၏။
သိပ်မကြာခင် သူ၏အော်ရာသည် အထွတ်အထိပ်ဆုံမှတ်တစ်ခုကို ဖြတ်ကျော်သွားလေသည်။
ကိုယ်တော်တာမင်း၏နောက်တွင် ဗြဟ္မာ လေးဦး၏ ပုံရိပ်ယောင်များက တောက်လောင်နေသော အကြည့်များနှင့်အတူ ကြောက်မက်ဖွယ်ရာကောင်းစွာ ထွက်ပေါ်လာ၏။
“မျိုးဆက်သွေးနယ်မြေလား”
သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသုံးယောက်က အံ့အားတသင့်ရေရွတ်လိုက်ကြ၏။
သူတို့၏ ဓမ္မပညာရပ်များသည် ဗြဟ္မာ လေးဦးနှင့် ရင်ဆိုင်ရချိန်တွင် ချက်ချင်းပင်ဖျက်ဆီးခြင်းခံလိုက်ရ၏။
ထိုစဥ်မှာပင် ဆူဇီမို၏အကြည့်က အေးခဲရပ်တန့်သွား၏။
ကိုယ်တော်တာမင်းသည် နာကျင်နေသောအမူအရာတစ်ခုနှင့်အတူ မျက်မှောင်ကြုတ်နေသည်ကို သူကရှင်းလင်းစွာ မြင်လိုက်ရ၏။
ကိုယ်တော်တာမင်း သူ့ကိုပေးခဲ့သော ခံစားချက်သည် ထိုသူက ဉာဏ်ရည်ထက်မြက်၊ နူးညံ့သိမ်မွေ့၊ အံ့မခန်းဖြစ်ပြီး စိတ်ခံစားချက်ကင်းမဲ့သည်ဟူ၍ဖြစ်၏။
သူက မည်သည့်နာကျင်မှုနှင့် တွေ့ကြုံရသည်ဖြစ်စေ ကိုယ်တော်တာမင်းက ထိုကဲ့သို့သောအမူအရာကို ထုတ်ဖော်ပြသလိမ့်မည် မဟုတ်ပေ။
ထိုသို့ဆိုလျှင် ကိုယ်တော်တာမင်းသည် သူ၏မျိုးဆက်သွေးနယ်မြေကို အသက်သွင်းလိုက်သောအခါ ဘာကြောင့် နာကျင်သည့်အမူအရာတစ်ခုကို ထုတ်ဖော်ပြသရသည်လဲ..။
ရုတ်တရက်ဆိုသလို...
ကိုယ်တော်တာမင်း၏ နောက်ဘက်မှာ ယခုတင် ဆင့်ခေါ်ထားသော ဗြဟ္မာလေးဦးသည် အတူတကွပေါင်းစည်းသွားပြီး နယ်မြေဖြစ်စဥ်အသစ်တစ်ခုကို ဖြစ်ပေါ်လာစေ၏။
ပုံမှန်အားဖြင့်ဆိုလျှင် ဗြဟ္မာလေးဦး၏ ပေါင်းစည်းခြင်းသည် ပို၍ပင် မြင့်မြတ်ထည်ဝါပြီး ခံ့ညားလာရမည်ဖြစ်၏။
သို့သော်လည်း ထိုအခိုက်အတန့်တွင် သွေးသံရဲရဲနှင့် သိပ်သည်းပြင်းထန်သော မိစ္ဆာချီတစ်ခုက ကိုယ်တော်တာမင်း၏ နောက်မှာ ပေါ်ထွက်လာ၏။
“ဂါး...”
ထိုပုံရိပ်က ဝေဝါးသော ပုံပန်းသဏ္ဌာန်များရှိပြီး ၎င်း၏ ရုပ်ရည်သွင်ပြင်ကို ရှင်းလင်းစွာမတွေ့မြင်နိုင်ပေ။ ၎င်းသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သုံးယောက်ထံသို့ ဝင်ရောက်လာပြီး ကျယ်လောင်သောဟိန်းဟောက်သံကို ထုတ်ဖော်လိုက်၏။
ကိုယ်တော်တာမင်း၏ မျက်လုံးနှစ်ဖက်က မှိတ်ထားပြီး သူသည် ပြင်းထန်သောညင်းပန်းနှိပ်စက်မှုတစ်ခုကို တွေ့ကြုံနေရသည့်အလား သူ၏ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်နေ၏။
ရုတ်တရက်... ထိုပုံရိပ်က လှုပ်ရှားသွားပြီး သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသုံးယောက်ဆီသို့ ခုန်ဝင်သွားလေသည်။ လေထဲတွင် ၎င်းသည် ဧရာမသွေးသံရဲရဲ လူသားမျက်နှာတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသုံးယောက်ကို ဝါးမျိုရန် ၎င်း၏ သွေးသံရဲရဲ ပါးစပ်ကို ဖွင့်ဟလိုက်၏။
လေထဲရှိဓမ္မလက်နက်များသည် ဧရာမပါးစပ်၏ ဝါးမျိုခြင်းကိုခံရပြီး တစ်ခဏအတွင်းမှာပင် အရောင်မှိန်ကျသွား၏။ သူတို့သည် လေထဲကနေပြုတ်ကျလာပြီး သတ္တုပျက်များဖြစ်ကုန်ကြလေသည်။
“အား...”
သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသုံးယောက်က စူးစူးဝါးဝါး အော်ဟစ်လိုက်ကြ၏။ သို့သော်လည်း သူတို့သည် မည်သို့ပင် ရုန်းကန်ခုခံပါစေ အချည်းနှီးသာဖြစ်ရ၏။ သူတို့သည် သွေးရောင်လူသားမျက်နှာ၏ ဝါးမျိုခြင်းကို ခံလိုက်ရဆဲဖြစ်၏။
ဂလု... ဂလု...
သွေးရောင်လူသားမျက်နှာက သွေးများကို ပါးစပ်အပြည့်ဝါးမျိုနေ၏။
သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသုံးယောက်၏ ခန္ဓာကိုယ်များသည် မြင်နိုင်သောနှုန်းထားဖြင့် ညိုးခြောက်လာခဲ့၏။
ထိုစဥ်မှာပင် ကိုယ်တော်တာမင်းသည် သူ၏နှာရောင်ကို ညင်သာစွာထိပြီး ဂါထာမန္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။ ရုတ်တရက်... သူ၏မျက်လုံးနှစ်ဖက်က ပွင့်လာပြီး သူတို့သည် နဂိုမူလအတိုင်း ပြန်လည်၍ ကြည်လင်သန့်စင်လာခဲ့၏။
သူ၏မျိုးဆက်သွေးနယ်မြေနှင့် သွေးရောင်လူသားမျက်နှာက တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့၏။
အချိန်တိုအတွင်းမှာပင် သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသုံးယောက်သည် သူတို့၏မျိုးဆက်သွေးများ ခန်းခြောက်အောင် စုပ်ယူခံလိုက်ရပြီး သူတို့၏ အရေ ၊ အရိုးများနှင့် တုန်လှုပ်ချောက်ချားနေသော အမြုတေစိတ်ဝိညာဥ်များသာလျှင် ကျန်ရစ်ခဲ့ကြ၏။