← Chapters

ဝိညာဥ်ရှာဖွေခြင်း

Vol. 96 Ch. 1438

ဝိညာဥ်ရှာဖွေခြင်း

Vol. 96 Ch. 1438

ကိုယ်တော်တာမင်းသည် ရှေ့သို့တက်လှမ်းပြီး သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသုံးယောက်၏ အမြုတေစိတ်ဝိညာဥ်များကိုလည်း ဖမ်းချုပ်လိုက်၏။

ထိုအခိုက်အတန့်တွင် သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၆ယောက်၏ အမြုတေစိတ်ဝိညာဥ်များသည် ကိုယ်တော်တာမင်း၏ အကျဥ်းချခြင်းကို ခံထားရလေပြီ။

ကိုယ်တော်တာမင်းသည် ထူးမခြားနားအမူရာတစ်ခုရှိပြီး သူ၏လက်ဖဝါးထဲမှာ ကြည်လင်နေသော အလင်းလုံးတစ်လုံးကို ဖြစ်ပေါ်လာစေ၏။ အကြီးအကဲစန်းရှီနှင့် အခြားသွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများ၏ အမြုတေစိတ်ဝိညာဥ်များသည် ထိုအထဲမှာ အကျဥ်းချခံထားရ၏။

ရုတ်တရက်ဆိုသလို...

အနက်ရောင်မိစ္ဆာချီက အလင်းလုံး၏ မျက်နှာပြင်ပေါ်မှာ ပေါ်ထွက်လာပြီး သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၆ ယောက်၏ အမြုတေစိတ်ဝိညာဥ်များကို အသိစိတ်ရှိနေသည့်အလား ရစ်ပတ်လိုက်၏။

တစ်ခဏအတွင်းမှာပင် အနက်ရောင်မိစ္ဆာချီများစွာသည် သွေးနွယ်ပင်တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၆ ယောက်၏ အမြုတေစိတ်ဝိညာဥ်များ၏ ဘေးပတ်လည်မှာ ရစ်ပတ်လာပြီး သူတို့ကို ချိန်ကြိုးများကဲ့သို့ ချုပ်နှောင်လိုက်၏။

“ဝိညာဥ်ရှာဖွေခြင်းအတတ်”

ဆူဇီမိုက အံအားတသင့် ရေရွတ်လိုက်၏။

ယခုအချိန်မှာ ကိုယ်တော်တာမင်းထုတ်ဖော်နေသည့်အရာသည် တာအိုနှလုံးသားမိစ္ဆာမျိုးစေ့သုတ္တန်မှ ဝိညာဥ်ရှာဖွေခြင်း လျှို့ဝှက်အတတ်ဖြစ်၏။

တာအိုအမွေအနှစ်ကုန်းမြေမှာတုန်းက ဆူဇီမိုသည် တာအိုသက်ရှိမိုးကြိုးလေပြေ၏ မှတ်ဉာဏ်များထဲမှ အစိမ်းရောင်မိုးကြိုးကျမ်းကို ရရှိဖို့အတွက် ထိုလျှို့ဝှက်အတတ်ကို အသုံးပြုခဲ့ပြီး ပြီးပြည့်စုံသော မဟာဗလာနယ်စိတ်ဝိညာဥ်သန့်စင်ခြင်းအပိုင်းကို ရရှိစေဖို့ အဲ့ဒါကို ပေါင်းစည်းခဲ့လေသည်။

ယခု ကိုယ်တော်တာမင်းသည်လည်း မိစ္ဆာဂိုဏ်းများ၏ ထိုလျှို့ဝှက်အတတ်ကို တတ်ကျွမ်းနေလေသည်။

သူသည် ကိုယ်တော်တာမင်းနှင့် ပိုမိုထိတွေ့ဆက်ဆံရလေလေ ဤပုဂ္ဂိုလ်က ဘယ်လောက်တောင်ကြောက်စရာကောင်းသလဲ သိလာရလေလေဖြစ်၏။

တကယ်ဆို... ကိုယ်တော်တာမင်းသည် သူ၏ တိုက်ခိုက်ရည်ခွန်အားကို ထိန်ချန်ထားဆဲဖြစ်သည်ဟု ဆူဇီမိုက သံသယဝင်မိ၏။

“သူက... ဘာကိုလိုချင်နေတာလဲ”

“သူက သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၆ ယောက်ရဲ့ မှတ်ဉာဏ်တွေကို ရှာဖွေနေတယ်ဆိုတာ... အဲ့ဒါက လျှို့ဝှက်ချက်တချို့ကြောင့်လား ဒါမှမဟုတ် သူက ကျင့်ကြံရေးနည်းစနစ်တချို့ကို ရယူချင်နေတာကြောင့်လား”

​ဆူဇီမိုက တွေဝေရှုပ်ထွေးသွား၏။

ကိုယ်တော်တာမင်း၏ ပြုမူလှုပ်ရှားမှုသည် ယခုမှ ရုတ်တရက် ဆုံးဖြတ်ချက်ချလိုက်ခြင်းနှင့် မတူပေ။ သူက အဲ့ဒါကို ကြိုတင်စီစဥ်ထားပုံရလေသည်။

အစကနေ ယခုအချိန်ထိ သူသည် သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများ၏ အမြုတေစိတ်ဝိညာဥ်များကို သတ်ဖြတ်ခဲ့ခြင်းမရှိပေ။

သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၆ ယောက်၏ အမြုတေစိတ်ဝိညာဥ်များက လျင်မြန်စွာ ညိုးခြောက်လာခဲ့၏။

ရုတ်တရက်ဆိုသလို...

သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ အမြုတေစိတ်ဝိညာဥ်က ပေါက်ကွဲထွက်သွားပြီး တစ်စစီကြေမွသွားလေသည်။

ဝိညာဥ်ရှာဖွေခြင်းအတတ်က ကျရှုံးသွားဖို့ အခွင့်များလေသည်။

အမြုတေစိတ်ဝိညာဥ်သည် ဝိညာဥ်ရှာဖွေခြင်းကို အဆက်မပြတ်ခုခံပြီး ထိုဖြစ်စဥ်အပေါ် သက်ရောက်စေမည်ဆိုလျှင် အဲ့ဒါက ကျရှုံးသွားပေလိမ့်မည်။

သိပ်မကြာခင် အကြီးအကဲစန်းရှီ၏ အမြုတေစိတ်ဝိညာဥ်ကလည်ဲ ပေါက်ကွဲသွားပြီး သူကသေဆုံးသွားလေသည်။

သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်၏ အမြုတေစိတ်ဝိညာဥ်များသည် ဆက်တိုက်သေဆုံးသွားပြီး ကိုယ်တော်တာမင်းသည် သူတို့၏ မှတ်ဉာဏ်များမှ မည်သည့်အရာကိုမှ မရရှိခဲ့သည်မှာ သိသာနေ၏။

သို့သော်လည်း သူ၏အမူအရာက တည်ငြိမ်နေပြီး ဝိညာဥ်ရှာဖွေခြင်းကို ဆက်လက်ဆောင်ရွက်ကာ သူ၏မျက်နှာပေါ်တွင် မကျေမနပ်ဖြစ်မှု သို့မဟုတ် စိတ်ပျက်လက်ပျက်ဖြစ်မှု တစ်စွန်းတစ်စမျှရှိမနေပေ။

အဲ့ဒီနောက် ပိုမိုအံ့အားသင့်စရာကောင်းသည့်အရာ ဆက်ရှိမလာတော့ပေ။

ကိုယ်တော်တာမင်းသည် သူ၏မျက်လုံးနှစ်ဖက်ကို မှိတ်ပြီး သူလိုချင်သည့်အရာအတွက် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်၏ မှတ်ဉာဏ်များကို ဆက်လက်ရှာဖွေနေ၏။

ခုနှစ်ဆင့်သတ်ဖြတ်ခြင်းတောင်ထွတ်တွင်...

အချိန်တိုအတွင်းမှာပင် ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်နှင့် ဓမ္မစွမ်းအားများက သိသိသာသာအားပြည့်လာခဲ့ပြီဖြစ်၏။ သူသည် ထန်လင်းကျီသေဆုံးခဲ့သောနေရာသို့ ရောက်ရှိလာခဲ့ပြီး မသတီစရာအလောင်းပုံတစ်ခုပေါ်မှ ထိုသူ၏ သိုလှောင်အိတ်ကို ကောက်ယူလိုက်၏။

သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို လှည့်ပတ်ရင်း ဆူဇီမိုသည် သိုလှောင်အိတ်ပေါ်ရှိ စိတ်ဝိညာဥ်အမှတ်အသားကို ဖျက်ဆီးကာ ၎င်းကိုဖွင့်ကြည့်လိုက်၏။

သိုလှောင်အိတ်ထဲမှာ ဆေးလုံးများနှင့် ဓမ္မလက်နက်များစွာရှိနေ၏။

ကျင့်ကြံရေးလောကမှာဆိုလျှင် ထိုအရာများက သာလွန်အဆင့် ရတနာများဖြစ်၏။

သို့သော်လည်း အဲ့ဒါတွေက ဆူဇီမိုကို စိတ်ဝင်စားမှု မဖြစ်စေပေ။

သူ၏ခန္ဓာကိုယ်သည် အဆင့်-၇ ဖန်တီးခြင်းကြာပဒုမ္မာဖြစ်လေသည်။

ဘယ်ဓမ္မလက်နက်ကများ အဲ့ဒါကို ယှဥ်နိုင်ပါ့မလဲ။

ထန်လင်းကျီ၏ သွေးဘူးတောင်းပင်လျှင် ဖန်တီးခြင်းကြာပဒုမ္မာကြောင့် ပျက်စီးသွားခဲ့လေသည်။

ရုတ်တရက်ဆိုသလို...

ဆူဇီမိုက သစ်သားပိုင်းတစ်ပိုင်းကို အာရုံစိုက်၍ ကြည့်လိုက်၏။

သစ်သားပိုင်းသည် အလွန်တရာအိုဟောင်း၍ ဆယ်ပေကျော်ရှည်လျားလေသည်။ အဲ့ဒါက ရေစည်တစ်လုံးကဲ့သို့ တုတ်ခိုင်ပြီး နွေးထွေးသော စွမ်းအင်အငွေ့အသက်နှင့်အတူ သိပ်သည်းပြင်းထန်သော အသက်ဓာတ်ပမာဏတစ်ခုကို ဖြာထုတ်ပေးနေ၏။

ဒါ့အပြင် ဆူဇီမိုသည် ထိုသစ်သားပိုင်းနှင့် ဖော်မပြတတ်သော ရင်းနှီးကျွမ်းဝင်မှုတစ်ခုရှိနေ၏။

အဲ့ဒါက အသောကသစ်သားဖြစ်သည်မှာ မှားစရာမရှိပေ။

အသောကပန်းသည် သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားခဲ့သည်မှာ ကြာခဲ့လေပြီ။

အဲ့ဒါကြောင့် သူသည် အသောကသစ်သားနှင့် တွေ့ကြုံချိန်မှာ ရင်းနှီးကျွမ်းဝင်သော ခံစားချက်တစ်ခုကိုရရှိနေ၏။ ကြီးမားသော သစ်သားပိုင်းကိုကြည့်ရင်း ဆူဇီမိုသည် စိတ်လှုပ်ရှားကာ သက်ပြင်းချလိုက်၏။

အကြောင်းမှာ ထိုသစ်သားပိုင်းကြောင့်ပင် တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းက ဖျက်ဆီးခံလိုက်ရပြီး သိန်းနှင့်ချီသော ကျင့်ကြံသူများက နာကြည်းမှုများနှင့်အတူ ဤနေရာမှာ မြှုပ်နှံခံခဲ့ရသောကြောင့်ဖြစ်၏။

ထိုစဥ်မှာပင် ဆူဇီမိုက တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး မော့ကြည့်လိုက်၏။

ကိုယ်တော်တာမင်းသည် တည်ငြိမ်သောအမူအရာနှင့်ပင် ဝိညာဥ်ရှာဖွေခြင်းဖြစ်စဥ်ကို ပြီးမြောက်သွားခဲ့ပြီဖြစ်၏။ ကိုယ်တော်တာမင်းက သူလိုသည့်အရာကို ရရှိခဲ့သလား ဆူဇီမိုပင် မသိရှိပေ။

ကိုယ်တော်တာမင်း ဘာကိုတွေးနေသလဲ မည်သူကမှ မသိရှိပေ။

ကိုယ်တော်တာမင်း၏ အစီအစဥ်က ဘာဖြစ်သည်ကိုလည်း မည်သူကမှ မသိရှိပေ။

ဝိညာဥ်ရှာဖွေခြင်း ပြီးဆုံးသွားပြီးနောက် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်၏ အမြုတေစိတ်ဝိညာဥ်များကလည်း သေဆုံးသွားခဲ့ပြီဖြစ်၏။

အခြားသော သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်ကတော့ သူတို့၏ အမြုတေစိတ်ဝိညာဥ်များသည် ငေးငိုင်၍ သူတို့၏ မှတ်ဉာဏ်များကို ဆုံးရှုံးသွားရ၏။ သူတို့သည် လုံးဝ ကြောင်အ,မှင်တက်နေကြ၏။

ကိုယ်တော်တာမင်းသည် သူ၏လက်ကို ညင်သာစွာပွတ်ချေပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်၏ အမြုတေစိတ်ဝိညာဥ်များကို သတ်ဖြတ်ကာ ခုနှစ်ဆင့်သတ်ဖြတ်ခြင်းတောင်ထွတ်ရှိရာသို့ လျှောက်လှမ်းလာခဲ့လေသည်။

ထိုသို့ဆိုလျှင် ကိုယ်တော်တာမင်းက ယခုအချိန်မှာ လူကောင်းလားလူဆိုးလား ၊ ဗုဒ္ဓလား မိစ္ဆာလား သို့မဟုတ် ရန်သူလား မိတ်ဆွေလားပင် သူမသိတော့ပေ။

သူက မည်သည့်အရာကိုမှ အတည်ပြုနိုင်ခြင်း မရှိပေ။

ကောင်းခြင်းဆိုးခြင်း ၊ ဗုဒ္ဓ၊ မိစ္ဆာနှင့် ဖြောင့်မတ်မှန်ကန်ခြင်းတို့သည် မည်သည့်အခုအခံမှမရှိပဲ ဤလူနှင့်အတူ ပြီးပြည့်စုံစွာ ပေါင်းစည်းနေသည့်အလားပင်။

ကိုယ်တော်တာမင်းသည် စောစောက သူ့ကိုကူညီပေးခဲ့သော်လည်း ကိုယ်တော်တာမင်းသည် အခုခဏ၌ သူ့ကိုသတ်ဖြတ်ဖို့ ကြိုးစားလာမည်ဆိုလျှင် သူက အံ့အားသင့်မိလိမ့်မည် မဟုတ်ပေ။

ထိုသို့ဆိုလျှင်တောင် ဆူဇီမိုက ဤနေရာကနေ ထွက်ခွာမသွားပေ။

သူ၏စိတ်ထဲမှာ မေးခွန်းများစွာရှိနေ၏။ သူသည် ကိုယ်တော်တာမင်းထံကနေ အဖြေတစ်ခုကို ရရှိကောင်းရရှိနိုင်လေသည်။

“မင်းမှာ... မေးစရာမေးခွန်းတွေ အများကြီးရှိနေတဲ့ပုံပဲ”

ထိုစဥ်မှာပင် ကိုယ်တော်တာမင်းက အမျှော်အမြင်ရှိသော အကြည့်နှင့်အတူ ခုနှစ်ဆင့်သတ်ဖြတ်ခြင်းတောင်ထွတ်ပေါ်သို့ ခြေချလာခဲ့၏။

သူသည် ဆူဇီမို၏စိတ်ကို ဖတ်မိသည့်အလား ပြုံးစစဖြင့် မေးလိုက်၏။

“ဟုတ်တယ်”

ဆူဇီမိုက သူ၏စိတ်ကိုဖုံးကွယ်ထားခြင်းမရှိပဲ တည့်တည့်မေးလိုက်၏။

“ခင်ဗျားက ကိုယ်တော်တာမင်းလား”

ကိုယ်တော်တာမင်း၏ သရုပ်သကန်နှင့်ပတ်သက်သည့် အရာရာတိုင်းသည် ဆူဇီမို၏ ထင်မြင်ယူဆချက်များအဖြစ်သာရှိနေသေး၏။

အဲ့ဒါကြောင့် သူက ဤကိစ္စကို အရင်အတည်ပြုရပေမည်။

“ဟုတ်တယ်... ငါပဲ”

ကိုယ်တော်တာမင်းက ညင်သာစွာ ပြုံး၍ အဲ့ဒါကိုဖုံးကွယ်ထားခြင်း မရှိပေ။

အဲ့ဒါက ဝန်ခံလိုက်ခြင်းဖြစ်၏။

ဆူဇီမိုက ခေါင်းညိတ်၍ ထပ်မေးလိုက်၏။

“ကောင်းကင်နဲ့မြေကြီး တောင်ကြားတိုက်ပွဲမှာတုန်းက ပညာရှင်တစ်ယောက်က အမှောင်ထဲမှာ ပုန်းကွယ်နေခဲ့တယ်... သူက တစ်ချိန်လုံး ပေါ်ထွက်မလာခဲ့ပေမဲ့ သူက ကြိမ်ဖန်များစွာတိုက်ခိုက်ခဲ့တယ်... အဲ့ဒီသူကလည်း ခင်ဗျားပဲဖြစ်ရမယ်”

“အင်း..”

ကိုယ်တော်တာမင်းက ပြုံးပြလိုက်၏။

“မယုံနိုင်စရာအစွမ်းအစပဲ”

ဆူဇီမိုက ပြောလိုက်၏။

“လောကမှာ ရှိတဲ့ပညာရှင်တွေအကုန်လုံးက ခင်ဗျားရဲ့ထိန်းချုပ်မှုအောက်မှာရှိနေခဲ့ပြီး ခင်ဗျားကတော့ ဘာမှမဟုတ်သလို ထွက်သွားခဲ့တယ်... အထင်ကြီးစရာပဲ”

ခဏမျှရပ်တန့်ပြီးနောက် သူကဆက်ပြောလိုက်၏။

“ဒါပေမဲ့... ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားရဲ့အကူအညီအတွက် ကျုပ်က ကျေးဇူးတင်ပါတယ်”

“အဲ့ဒါက ဘာမှ မဟု​တ်ဘူး... ဒီတိုင်းအခန့်သင့်သွားတဲ့ ကိစ္စတစ်ခုပဲ”

ကိုယ်တော်တာမင်းက ပြုံးပြလိုက်၏။

“ဒီနေ့လည်း အတူတူပဲ... ငါက ဒီနေရာကို ရောက်လာတယ်ဆိုတာ ငါ့မှာတခြားရည်ရွယ်ချက်ရှိနေလို့ပဲ... အဲ့ဒါကြောင့် အခန့်သင့်လို့ ငါက မင်းကိုကူညီပေးလိုက်တာ”

“အို...”

ဆူဇီမိုက မျက်ခုံးပင့်ပြီး မေးလိုက်၏။

“ကျုပ်ထင်တာမမှားဘူးဆိုရင် ခင်ဗျားက ဒီနေရာကိုရောက်နေတာ ကြာနေပြီပဲ ဟုတ်တယ်မလား... ကျုပ်က သွေးနွယ်ပင်မျိုးနွယ်နဲ့ နောက်ဆုံးအချိန်ထိတိုက်ခိုက်ပြီးမှ ခင်ဗျားက ဘာလို့ထွက်လာရတာလဲ”

တကယ်တော့ အဲ့ဒါက ရှင်းပြဖို့လွယ်ကူလေသည်။

ဆူဇီမိုသည် သွေးနွယ်ပင်မျိုးနွယ်နှင့် ခြေကုန်လက်ပမ်းကျသည့်အထိ တိုက်ခိုက်မည့်အချိန်ကို ကိုယ်တော်တာမင်းက စောင့်နေခဲ့ပြီးမှ ထွက်ပေါ်လာခဲ့လေသည်။ ထိုသို့ဖြင့် သူက အခြေအနေကို လွယ်ကူစွာထိန်းချုပ်သွားနိုင်ပေလိမ့်မည်။

သို့သော်လည်း ကိုယ်တော်တာမင်းမှာ တခြားရည်ရွယ်ချက်တစ်ခုရှိနေသည်ဟု ဆူဇီမိုက ခံစားမိနေ၏။

ကိုယ်တော်တာမင်းမှာ နောက်ထပ်ရည်ရွယ်ချက်တစ်ခုရှိနေရပေမည်။

ထင်မှတ်ထားသည့်အတိုင်းပင်...

ဆူဇီမို၏ မေးခွန်းကို ကြားရပြီးနောက် ကိုယ်တော်တာမင်းက ခဏမျှငြိမ်သက်သွား၏။

ခဏနေပြီးနောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“မင်းက... နောက်ဆုံးထွက်ပေါက်မရှိတော့တဲ့အချိန်မှာ မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို အသုံးပြုလာမလား ငါကသိချင်လို့ပဲ”

“ကျုပ်က အဲ့ဒါကို လုပ်ခဲ့မယ်ဆိုရင်ရော”

ဆူဇီမိုက သူ၏မျက်လုံးကိုမှေးကျဥ်းပြီးပြောလိုက်၏။

“အဲ့ဒါဆို ငါမင်းကို သတ်မိလိမ့်မယ်”

ကိုယ်တော်တာမင်းက ထူးမခြားနားပုံစံဖြင့် ပြန်ဖြေလိုက်၏။

ကိုယ်တော်တာမင်းက စနောက်နေခြင်းမဟုတ်ကြောင်း ဆူဇီမိုက ခံစားမိလေသည်။

All Chapters