သွေးမိစ္ဆာ၏ ဇာစ်မြစ်
Vol. 96 Ch. 1439
“ဘာလို့လဲ”
ဆူဇီမိုက မေးလိုက်၏။
သူထင်တာမမှားဘူးဆိုလျှင် ကိုယ်တော်တာမင်းသည် သူ၏ မိစ္ဆာနည်းစနစ်ကို ကြောက်စရာကောင်းသော အဆင့်တစ်ခုထိ ကျင့်ကြံထားခဲ့ပြီဖြစ်ပြီး မျိုးဆက်သွေးနယ်မြေတစ်ခုကိုပင် ဆင်းသက်လာစေခဲ့၏။
တကယ်ဆို ထိုမျိုးဆက်သွေးနယ်မြေသည် ကိုယ်တော်တာမင်း၏ ဗုဒ္ဓကျောင်းတော်များ၏ နယ်မြေဖြစ်စဥ်ထက်ပင် သာလွန်နေခဲ့ပြီဖြစ်၏။
ကိုယ်တော်တာမင်းအနေဖြင့် ဆူဇီမိုက မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို အသုံးပြုသောကြောင့် သူက သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်လာသည်ဆိုလျှင် အဲ့ဒါက အတော်လေးရယ်စရာကောင်းသည့် အကြောင်းပြချက်တစ်ခုဖြစ်၏။
ကိုယ်တော်တာမင်းသည် ခဏမျှတိတ်ဆိတ်ငြိမ်သက်နေပြီး ဆူဇီမို၏ မေးခွန်းကို တိုက်ရိုက်ပြန်ဖြေခြင်း မရှိပေ။
သူက အဓိပ္ပါယ်ပါပါဖြင့်သာ ပြောလိုက်၏။
“မင်းက အဲ့ဒီမိစ္ဆာနည်းစနစ်ကို မေ့ပျောက်သွားပြီလို့ သဘောထားလိုက်... အဲ့ဒါကို ဘယ်တော့မှ အသုံးမပြုစေနဲ့”
ကိုယ်တော်တာမင်း၏ သတိပေးမှုမရှိလျှင်တောင် ဆူဇီမိုက ထိုကဲ့သို့ သဘောထားခဲ့သည်မှာ ကြာခဲ့လေပြီ။
အဲ့ဒါကြောင့် သူသည် သားရဲတစ်ထောင်တောင်ကြားကနေ ထွက်လာပြီးကတည်းက သူက အသက်ဘေးနှင့် ရင်ဆိုင်နေရလျှင်တောင် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို အသုံးပြုဖို့အတွေး သူ၏စိတ်ထဲမှာ ပေါ်ထွက်မလာတော့ပေ။
“ဒီမိစ္ဆာနည်းစနစ်က သွေးနွယ်ပင်မျိုးနွယ်ရဲ့ ကျင့်ကြံရေးနည်းစနစ်နဲ့ လျှို့ဝှက်အတတ်တွေနဲ့ ဆင်တူနေသလိုပဲ”
ဆူဇီမိုသည် သူ၏စိတ်ထဲမှာ စောစောကဖြစ်ပေါ်လာခဲ့သော ကြောက်စရာကောင်းသည့် ထင်မြင်ယူဆချက်တစ်ခုကို အမှတ်ရသွားပြီး အတည်ပြုကြည့်လိုက်၏။
ကိုယ်တော်တာမင်းက ပြောလိုက်လေသည်။
“အစကတည်းက.. သွေးနွယ်ပင်မျိုးနွယ်ရဲ့ ကျင့်ကြံရေးနည်းစနစ်တွေနဲ့ လျှို့ဝှက်အတတ်တွေကနေ မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ဖန်တီးထားတာပဲ... ဒါပေမဲ့လို့ အဲ့ဒါက သွေးနွယ်ပင်မျိုးနွယ်ရဲ့ ကျင့်ကြံရေးနည်းစနစ်တွေထက် အများကြီးပိုပြီးသန်မာတယ်”
“သွေးနွယ်ပင်မျိုးနွယ်က သွေးဆာရက်စက်ပေမဲ့လို့ သူတို့က လတ်ဆတ်တဲ့သွေးကို လိုအပ်တယ်... အဲ့ဒါကြောင့်ပဲ သူတို့က တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းက ကျင့်ကြံသူတွေကို မွေးမြူထားပြီး သူတို့အလိုရှိတဲ့အချိန်တိုင်း လတ်ဆတ်တဲ့သွေးကို စုပ်ယူဖို့အတွက် ထိန်းသိမ်းထားတာပဲ”
“ဒါပေမဲ့လို့... မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကတော့ မတူဘူး... အဲ့ဒါကို မင်းလည်းသိမှာပါ”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်နှင့် ပတ်သက်သည့် ကြောက်စရာကောင်းသောအချက်မှာ ၎င်းသည် မျိုးဆက်သွေးများအားလုံးကို သူ့ကိုယ်ပိုင်အဖြစ် ချက်ချင်းစုပ်ယူသန့်စင်နိုင်ခြင်းဖြစ်၏။
မရေမတွက်နိုင်သော ကျင့်ကြံသူများ သေဆုံးခဲ့သည့် တိုက်ပွဲနယ်မြေမှာပင်လျှင် ၎င်းသည် သူတို့ကို ၎င်း၏ ကိုယ်ပိုင်စွမ်းအားအဖြစ် သန့်စင်ကာ ပြောင်းလဲနိုင်ဆဲဖြစ်၏။ ဆူဇီမိုသည် ကိုယ်တော်တာမင်းကို စိုက်ကြည့်ပြီး တစ်ဖန်ထပ်မေးလိုက်၏ ။
“တာအိုအရှင်သွေးမိစ္ဆာက သွေးနွယ်ပင်မျိုးနွယ်ရဲ့ ကျင့်ကြံရေးနည်းစနစ်တွေနဲ့ လျှို့ဝှက်အတတ်တွေကို ဘယ်လိုသင်ယူနိုင်ခဲ့တာလဲ”
“မင်းရဲ့ဦးနှောက်နဲ့ဆို မင်းအဲ့ဒါကို တွေးမိထားမှာပါ... ဟုတ်တယ်မလား”
ကိုယ်တော်တာမင်းသည် ကြီးမားသော လျှို့ဝှက်ချက်တစ်ခုကို ထုတ်ဖော်ပြောဆိုနေရလျှင်တောင် သူ၏လေသံက တည်ငြိမ်နေဆဲ ဖြစ်၏။
“သွေးမိစ္ဆာက အစကတည်းက သွေးနွယ်ပင်ကလန်သားတစ်ပိုင်းပဲ... သူက သွေးနွယ်ပင်မျိုးနွယ်ရဲ့ ကပြားတစ်ယောက်ပဲ”
တကယ်ကိုပင်...
စောစောက တာအိုအရှင်သွေးမိစ္ဆာသည် သွေးနွယ်ပင်မျိုးနွယ်နှင့် ဆက်စပ်မှုရှိနေမည်ဟု ဆူဇီမိုက စဥ်းစားတွေးတောနေခဲ့၏။
တာအိုအရှင်သွေးမိစ္ဆာသည် သွေးနွယ်ပင်မျိုးနွယ်၏ သွေးနှောကပြားတစ်ယောက်ဖြစ်နေလေသည်။
“သူက အသက်ရှင်နေသေးလား”
ဆူဇီမိုက နောက်ဆုံးမှာတော့ သူ၏စိတ်ထဲမှာရှိနေသည့် အရေးကြီးဆုံး မေးခွန်းကို ထုတ်မေးလိုက်၏။
ကိုယ်တော်တာမင်းက တိတ်တဆိတ်ဖြင့် သူ၏ခေါင်းကို အနည်းငယ်ငုံ့လိုက်၏။
“ငါမသိဘူး”
အတန်ကြာပြီးနောက် ကိုယ်တော်တာမင်းက တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုနှင့်အတူ တိုးတိတ်စွာပြောလိုက်၏။
“ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”
သူသည် ထိုကိစ္စနှင့် ပတ်သက်၍ ပြောချင်ပုံမရပဲ စကားလမ်းကြောင်းပြောင်းလိုက်၏။
“တခြားမေးခွန်းရှိသေးလား”
ကိုယ်တော်တာမင်း၏ အမူအကျင့်အရ သူက ဤကိစ္စကို ဆက်လက်၍ မေးမြန်းမည်ဆိုလျှင်တောင် အခြေတစ်ခုကို ရရှိတော့မည်မဟုတ်ကြောင်း ဆူဇီမိုက သိလိုက်၏။
ခဏမျှစဥ်းစားပြီးနောက် ဆူဇီမိုက မေးလိုက်၏။
“တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းက ကျင့်ကြံသူတွေက ဘယ်ရောက်သွားတာလဲ”
“သူတို့အဆင်ပြေပါတယ်”
ကိုယ်တော်တာမင်းက ပြောလိုက်၏။
“ငါမတိုက်ခိုက်ခင် ငါက မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းကိုသုံးပြီး သူတို့ကို ကြယ်ခြောက်စင်းတောင်ကနေ ခေါ်ထုတ်သွားခဲ့တယ်.. သူတို့က ထွက်ပြေးလွတ်မြောက်သွားခဲ့တာ ကြာလောက်ပြီ”
“မင်းကျန်ကရော... ဘယ်မှာလဲ”
ဆူဇီမိုကထပ်မေးလိုက်၏။
“ကျုပ်ဘေးမှာရှိခဲ့တဲ့ ကိုယ်တော်လေးလေ”
“မင်းဘယ်လိုထင်လို့လဲ”
ကိုယ်တော်တာမင်းသည် ပြုံးစစဖြင့် ပြန်မေးလိုက်၏။
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး လွှတ်ခနဲပြောဆိုလိုက်၏။
“မင်းကျန်က လုံးဝထွက်မသွားပဲ ဒီနေရာမှာပဲရှိနေသေးတယ်”
“အမှန်ပေါ့”
ကိုယ်တော်တာမင်းက ခေါင်းညိတ်လိုက်၏ သူ၏အင်္ကျီလက်စကို ဝေ့ယမ်းလိုက်၏။
ရုတ်တရက် ဆူဇီမို၏ ဘေးပတ်လည်ရှိလေဟာနယ်က ရေပြင်ကဲ့သို့ လှိုင်းဂယက်ထလာ၏။
မင်းကျန်၏ပုံရိပ်က တဖြည်းဖြည်းပေါ်ထွက်လာ၏။
ထိုအခိုက်အတန့်တွင် မင်းကျန်သည် သူ၏နှုတ်ခမ်းကို တင်းတင်းစေ့ထား၏။ သူက အဆင့်ချိုးဖျက်တက်လှမ်းတော့မည့်ဆဲဆဲ ဖြစ်ပြီး သူ၏ပိန်လှီနေသော ခန္ဓာကိုယ်က ချွေးများဖြင့် စိုရွှဲနေ၏။
“တကယ့်ကို အံမခန်းအစွမ်းအစပဲ”
ဆူဇီမိုက ချီးကျူးလိုက်ရလေသည်။
တကယ်တော့... ဆူဇီမိုသည် အဲ့ဒါနှင့်ပတ်သက်၍ အမြဲတမ်း သံသယရှိနေခဲ့၏။
ကိုယ်တော်တာမင်းသည် တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ လူတိုင်းကို တိတ်တဆိတ်ဖြင့် ရွှေ့ပြောင်းသွားနိုင်သည်မှာ ယုတ္တိတန်လေသည်။ ဘာပဲပြောပြော ထိုစဥ်တုန်းက သူသည် သွေးနွယ်ပင်မျိုးနွယ်ဝင်များနှင့် တိုက်ခိုက်နေခဲ့၏။
တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ လူတိုင်းသည် အဝေးမှာထိန်းသိမ်းခံထားရပြီး မည်သူကမှ သူတို့ကို ဂရုစိုက်ကြည့်မနေကြပေ။ အဲ့ဒါကြောင့်ပင် ကိုယ်တော်တာမင်းက ဤမျှများပြားလှသည့်လူများကို ကြယ်ခြောက်စင်းတောင်ကနေ ခေါ်ထုတ်သွားနိုင်ခဲ့ခြင်းဖြစ်၏။
သို့သော်လည်း မင်းကျန်သည် သူ၏ဘေးမှာရှိနေခဲ့ပြီး ဤနေရာတွင် သွေးနွယ်ပင်မျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများလည်း ရှိနေခဲ့၏။ ကိုယ်တော်တာမင်းက မင်းကျန်ကို ဘယ်လိုလုပ်ပြီး တိတ်တဆိတ် ခေါ်ထုတ်သွားနိုင်ပါ့မလဲ။
ယခု ဆူဇီမိုက နောက်ဆုံးမှာ နားလည်သွား၏။
မင်းကျန်က ဤနေရာကနေ လုံးဝထွက်ခွာမသွားခဲ့ပေ။ သို့သော်လည်း ကိုယ်တော်တာမင်းသည် ဆူဇီမိုနှင့် သွေးနွယ်ပင်မျိုးနွယ်မှ ပညာရှင်များ တိုက်ခိုက်နေသည့် အချိန်ကို အသုံးချကာ မင်းကျန်ကိုဖုံးကွယ်ထားဖို့အတွက် ပုံရိပ်ယောင်နည်းစနစ်တစ်ခုကို ထုတ်ဖော်ခဲ့လေသည်။
ကိုယ်တော်တာမင်း၏ ပြောင်မြောက်လှသော ပုံရိပ်ယောင်နည်းစနစ်ကို မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းမှာတုန်းက ဆူဇီမိုက ကိုယ်တိုင်တွေ့မြင်ခဲ့ဖူး၏။
သို့သော်လည်း ထိုသူသည် သွေးနွယ်ပင်မျိုးနွယ်မှ များပြားလှစွာသော စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် သူ့ကို လှည့်စားနိုင်ခဲ့သည့်အတွက် အဲ့ဒါက အထင်ကြီးစရာကောင်းနေဆဲ ဖြစ်၏။
တကယ်တော့... ဆူဇီမိုက သွေးနွယ်ပင်မျိုးနွယ်မှ ပညာရှင်များနှင့် တိုက်ခိုက်မနေခဲ့လျှင် ကိုယ်တော်တာမင်းသည် အရာရာတိုင်းကို ဖုံးကွယ်ဖို့နေနေသာ တိုက်ခိုက်ဖို့အခွင့်အရေးတစ်ခုပင် ရရှိခဲ့လိမ့်မည် မဟုတ်ပေ။
“တောင်ပိုင်းတူနှစ်ကိုယ် ကြယ်ခြောက်စင်းဝင်္ကပါကရော ဘယ်လိုလဲ”
ဆူဇီမိုက မေးလိုက်၏။
“ကြယ်ခြောက်စင်းတောင်ကို သွေးနွယ်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတွေက စောင့်ကြပ်နေခဲ့တယ်... ခင်ဗျားရဲ့နည်းလမ်းတွေက ထူးခြားဆန်းပြားနေမယ်ဆိုရင်တောင် ခင်ဗျားအနေနဲ့ ဒီနေရာကို တိတ်တဆိတ်ထိုးဖောက်ဝင်ရောက်ပြီး သွေးနွယ်ပင်မျိုးနွယ်က တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတွေ မထောက်လှမ်းနိုင်အောင် ဒီလိုမျိုး လျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကြီးမားတဲ့ ဝင်္ကပါတစ်ခုကို ခင်းကျင်းဖို့က မဖြစ်နိုင်ဘူး”
အစီအရင်ဝင်္ကပါတစ်ခုကို အသက်သွင်းဖို့အတွက် ကြိုတင်ခင်းကျင်းထားရပေလိမ့်မည်။
အဲ့ဒါသည် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ စွမ်းအားအများစုကို သုံးစွဲရသည့် အလွန်တရာကြီးမားသော လုပ်ငန်းစဥ်တစ်ခုဖြစ်၏။
တောင်ပိုင်းတူနှစ်ကိုယ်ကြယ်ခြောက်စင်းဝင်္ကပါသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကိုပင် အလွယ်တကူသတ်ဖြတ်နိုင်၏။
တစ်နှစ်လောက်အချိန်မယူပဲ အဲ့ဒါကို ခင်းကျင်းနိုင်ဖို့က ခဲယဥ်းလေသည်။
ထို့ကြောင့်ပင်လျှင် ဆူဇီမိုက တွေဝေရှုပ်ထွေးနေခဲ့ခြင်းဖြစ်၏။
“တောင်ပိုင်းတူနှစ်ကိုယ်ကြယ်ခြောက်စင်းဝင်္ကပါကတော့...”
ကိုယ်တော်တာမင်း၏ မျက်လုံးများက အောက်မေ့တမ်းတမှုဖြင့် ပြည့်နှက်လာပြီး သူက ဝမ်းနည်းသော အမူအရာတစ်ခုနှင့်အတူ ဖြည်းဖြည်းချင်း ပြောလိုက်၏။
“တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းရဲ့ မြေပြင်အနေအထားက တစ်မူထူးခြားတယ်... ပင်မတောင်ထွတ် ၆ခုက သဘာဝအလျောက် ပေါ်ထွက်လာခဲ့ပြီး အစကတည်းက သူတို့က ကောင်းကင်မှာရှိတဲ့ကြယ်တွေနဲ့ လိုက်ဖက်ညီနေခဲ့တယ်... လွန်ခဲ့တဲ့ နှစ်လေးသောင်းက တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းရဲ့ တည်ထောင်သူသခင်က ဒီနေရာကိုရောက်လာပြီး ထူးဆန်းတဲ့ ဒီနေရာကို ရှာဖွေတွေ့ရှိခဲ့တယ်... အဲ့ဒီနောက်သူက သူ့ရဲ့ဂိုဏ်းကို ဒီနေရာမှာ တည်ထောင်ခဲ့တယ်”
တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်း၏ တည်ထောင်သူသခင်အကြောင်း ပြောဆိုချိန်တွင် ကိုယ်တော်တာမင်းက ညင်သာစွာ သက်ပြင်းချလိုက်၏။
“ငါက သူနဲ့... အတော်လေးရင်းနှီးမှုရှိပြီး သူက ငါ့ကိုဖိတ်ခေါ်ခဲ့တယ်... ငါတို့က ဒီတောင်ပိုင်းတူနှစ်ကိုယ် ကြယ်ခြောက်စင်းဝင်္ကပါကို အတူပူးပေါင်းခင်းကျင်းခဲ့ကြတဲ့သူတွေပဲ”
“ကံဆိုးစွာနဲ့ပဲ ငါ့ရဲ့မိတ်ဆွေဟောင်း ကွယ်လွန်သွားပြီးတဲ့နောက် တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှာ အရိုက်အရာဆက်ခံသူ ပေါ်ထွက်မလာတော့ဘူး... ဂိုဏ်းမှာရှိတဲ့ဘယ်သူကမှ ဒီဝင်္ကပါကို အသက်မသွင်းနိုင်ကြတော့ဘူး”
ကိုယ်တော်တာမင်းက ဝမ်းနည်းစွာဖြင့် သက်ပြင်းချလိုက်၏။
ထိုသို့ဆိုလျှင် ဤဝင်္ကပါကို တကယ်ပင် ကိုယ်တော်တာမင်းက ခင်းကျင်းထားခဲ့ခြင်းဖြစ်၏။
သို့သော်လည်း အဲ့ဒါကို လွန်ခဲ့သည့်နှစ်လေးသောင်းက ခင်းကျင်းခဲ့ခြင်းဖြစ်၏။
နှစ်လေးသောင်းကြာပြီးနောက် ကိုယ်တော်တာမင်းသည် ဤနေရာဟောင်းသို့ ပြန်လည်ရောက်ရှိလာခဲ့၏။ သို့သော်လည်း အခြေအနေများက ပြောင်းလဲသွားပြီး လောကကလည်း ပြောင်းလဲသွားခဲ့လေပြီ။ ထိုဝမ်းနည်းမှုနှင့် ဆုံးရှုံးမှုသည် မည်သူကမှနားမလည်နိုင်သည့် တစ်စုံတစ်ရာဖြစ်၏။
သူသည် တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်း၏ တည်ထောင်သူသခင်နှင့် မိတ်ဆွေဟောင်းများဖြစ်ခဲ့၏။
ထို့ကြောင့်ပင်လျှင် သူသည် တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ ကျင့်ကြံသူများကို ကယ်တင်ပေးခဲ့ခြင်းဖြစ်နိုင်လေသည်။
“တောင်ပိုင်းတူနှစ်ကိုယ် ကြယ်ခြောက်စင်းဝင်္ကပါမှာ ဝင်္ကပါမျက်လုံးတွေ မရှိဘူး”
ကိုယ်တော်တာမင်းက ရုတ်တရက်မေးလိုက်၏။
“မင်းက အစီအရင်ဝင်္ကပါပညာမှာလည်း အတော်အတန်တတ်မြောက်ထားတယ်လို့ ငါကြားမိတယ်... မင်းက တောင်ပိုင်းတူနှစ်ကိုယ်ကြယ်ခြောက်စင်းဝင်္ကပါထဲမှာ ကျဆင်းသွားမယ်ဆိုရင် အဲ့ဒါကို ဘယ်လိုချေဖျက်မလဲ”
သူ၏မေးခွန်းက စမ်းသပ်ချက်တစ်ခုနှင့် တူလေသည်။
ခဏမျှစဥ်းစားပြီးနောက် ဆူဇီမိုက ပြောလိုက်၏။
“တောင်ပိုင်းတူနှစ်ကိုယ် ကြယ်ခြောက်စင်းဝင်္ကပါက ပင်မတောင်ထွတ်ခြောက်ခုကို ကြားခံအဖြစ် အသုံးပြုပြီး ကောင်းကင်ထက်က ကြယ်တွေရဲ့စွမ်းအားကို ဆွဲယူလိုက်တာပဲ... အပေါ်ယံမှာကြည့်မယ်ဆိုရင်တော့ အဲ့ဒီမှာ ဝင်္ကပါမျက်လုံးတွေ မရှိဘူး... ဒါပေမဲ့ ပင်မတောင်ထွတ် ၆ခုကို ဝင်္ကပါမျက်လုံးတွေနေရာမှာ အစားထိုးထားတာပဲ”
“ကျုပ်က ဘယ်တောင်ထွတ်ကိုမဆို ဖျက်ဆီးနိုင်တာနဲ့... ဝင်္ကပါကလည်း သူ့ဘာသာသူ ပျက်ပြယ်သွားလိမ့်မယ်”
“ကောင်းတယ်ကွာ... ကောင်းတယ် ကောင်းတယ်”
ကိုယ်တော်တာမင်းက ထပ်တလဲလဲ ခေါင်းညိတ်လိုက်၏။
“မင်းက သမိုင်းတစ်လျှောက် အသန်မာဆုံးပြန်ဝင်စားမွန်းစတားဆိုတဲ့အတိုင်း မင်းရဲ့နာမည်ဂုဏ်သတင်းနဲ့ တကယ်ပဲ လိုက်ဖက်ပါပေတယ်”
ကိုယ်တော်တာမင်းသည် အစကတည်းက အံ့မခန်းပြန်ဝင်စားမွန်းစတားတစ်ယောက်ဖြစ်ပြီး သူ့ထံမှ ဤကဲ့သို့သော ချီးကျူးစကားကို ရရှိနိုင်သည့်သူက မရှိသလောက်ပင်။
တကယ်တော့... သူတို့နှစ်ယောက်သည် သူတို့၏ရင်ထဲကနေ တစ်ယောက်ကိုတစ်ယောက် အထင်ကြီးလေးစားနေကြ၏။