ဗြဟ္မာ၏ အမျက်ဒေါမာန် အကြည့်က ကမ္ဘာ့ကွန်ချာဗုဒ္ဓ၏ နှိမ့်ချထားသော အကြည့်ကို မယှဉ်နိုင်ပေ
Vol. 97 Ch. 1441
ကောင်းကင်ဘုံလျှို့ဝှက်ချက်အပေါ် ယန်ပေးချန်၏ အမုန်းတရားသည် ချင်ဖျန်ယန်၏ သေဆုံးမှုကနေ အစပျိုးလာခဲ့ခြင်း ဖြစ်၏။
ချင်ဖျန်ယန်ကို ထိခိုက်အောင် လုပ်ခဲ့သည့် မည်သူ့ကိုမဆို သူက ခွှင့်လွှတ်မည် မဟုတ်ကြောင်း ပြောခဲ့ဖူးလေသည်။
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ချင်ဖျန်ယန်ကို သတ်ဖြတ်ခဲ့သူများထဲမှ တစ်ယောက်ဖြစ်၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ ဗေဒင်တွက်ချက်မှု မရှိဘဲ ယန်ပေးချန်နှင့် ချင်ဖျန်ယန်၏ တည်နေရာက ပေါက်ကြားသွားလိမ့်မည် မဟုတ်ပေ။ အင်မော်တယ်ဓားကလည်း ထိုအခွင့်အလမ်းကို ချိန်ဆကာ သူတို့ကို တိုက်ခိုက်လာနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
အဲဒါကြောင့် ကောင်းကင်ဘုံလျှို့ဝှက်ချက်က မည်သည့်နောက်ခံပင် ရှိသည်ဖြစ်ပါစေ… အဲဒါက ပဟေဠိနန်းတော်ကဲ့သို့ ကြီးမားသည့် အဖွဲ့အစည်းတစ်ခု ဖြစ်နေမည်ဆိုလျှင်တောင် ယန်ပေးချန်သည် သူတို့ကို သေချာပေါက် ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။
ယန်ပေးချန်သည် ဤတစ်ခေါက် ပဟေဠိနန်းတော်ကို တိုက်ခိုက်မည်ဆိုလျှင် သူသည် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို သေချာပေါက် စတင်ရမည်ဖြစ်ပြီး ကြီးမားသော တိုက်ပွဲတစ်ခုက ဖြစ်ပွားလာပေလိမ့်မည်။
ဆူဇီမိုသည် ပဟေဠိနန်းတော်သို့ ချက်ချင်းသွားရောက်ချင်သည်မှာ ယန်ပေးချန်၏ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်သောကြောင့် မဟုတ်ပေ။
သူက ယန်ပေးချန်၏ ဘေးကင်းလုံခြုံမှုကို စိုးရိမ်ပူပန်သောကြောင့် ဖြစ်၏။
ယန်ပေးချန်သည် အဆူရာဘွဲ့ကို ရရှိထားသော်လည်း သူ့ကို မိစ္ဆာဂိုဏ်းများ၏ တစ်စုံတစ်ယောက်အဖြစ် ဆက်လက်၍ မသတ်မှတ်နိုင်တော့ပေ။
သူသည် ဒုတိယမိစ္ဆာဧကရာဇ်အမုန်း ဖြစ်လာပြီး တစ်လောကလုံးကို မုန်းတီးကာ တစ်ယောက်တည်း ရပ်တည်နေသည့်သူ ဖြစ်၏။ သူသည် မည်သည့်ဂိုဏ်း၊ မည်သည့်အဖွဲ့အစည်းနှင့်မှ ပါဝင်ပတ်သက်ခြင်း မရှိတော့ပေ။
သူ့အတွက်တော့ သူအလေးထားသည့် တစ်ခုတည်းသောအရာမှာ အမုန်းတရားသာ ဖြစ်၏။
သူသည် မိစ္ဆာနည်းစနစ်နှစ်ခုဖြစ်သော အမုန်းသုတ္တန်နှင့် အဆူရာသုတ္တန်ကို ဆက်ခံရရှိထားသော်လည်း ယန်ပေးချန်အနေနှင့် ပဟေဠိနန်းတော်ကို တစ်ယောက်တည်း စိန်ခေါ်ဖို့က မဖြစ်နိုင်ပေ။
မထင်မှတ်ထားသော တစ်စုံတစ်ရာ မရှိခဲ့ဘူးဆိုလျှင် ယန်ပေးချန်၏ ကျင့်ကြံမှုအဆင့်က ပေါင်းစည်းခန္ဓာအဆင့်မှာသာ ရှိနေပေဦးမည်။
ပဟေဠိနန်းတော်သည် ကျင့်ကြံရေးလောကမှာ လျှို့ဝှက်ဆန်းကြယ်မှု အရှိဆုံးနှင့် အကြီးဆုံး ဂိုဏ်းတစ်ဂိုဏ်း ဖြစ်၏။ ထိုဂိုဏ်းကို ရှေးဟောင်းခေတ်မှာ နတ်မိမယ် လင်းလုံက တည်ထောင်ခဲ့ပြီး ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့၏။
သမိုင်းတစ်လျှောက်မှာ များပြားလှစွာသော ထိပ်သီးဂိုဏ်းကြီးများသည် အချိန်ကာလ၏ တိုက်စားမှုဖြင့် တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားခဲ့ကြ၏။
သို့သော်လည်း ပဟေဠိနန်းတော်က ဆက်လက်ရပ်တည်နေနိုင်ဆဲ ဖြစ်၏။
ပဟေဠိနန်းတော်သည် ကျင့်ကြံရေးလောကရှိ အရေးကိစ္စများမှာ ပါဝင်ပတ်သက်ခဲသော်လည်း ကျင့်ကြံရေးလောကရှိ ထိပ်သီးဂိုဏ်းကြီးများ အားလုံးသည် အင်မော်တယ်ဂိုဏ်း ၉ဂိုဏ်း၊ မိစ္ဆာဂိုဏ်း ၇ဂိုဏ်း သို့မဟုတ် ဗုဒ္ဓကျောင်းတော် ၆ကျောင်း အပါအဝင် မည်သည့်ဂိုဏ်းကမှ ပဟေဠိနန်းတော်ကို သွားရောက်ရန်စလိုခြင်း မရှိကြပေ။
ပဟေဠိနန်းတော်၏ ဩဇာတိက္ကမနှင့် ဂုဏ်အဆင့်အတန်းသည် ကျင့်ကြံရေးလောကမှာ ကိုင်လှုပ်၍ မရနိုင်တော့ပေ။
နတ်မိမယ် လင်းလုံသည် လူသားဧကရာဇ်၏ ဇနီး ဖြစ်လေသည်။
ပဟေဠိနန်းတော်သည် လူသားမျိုးနွယ်၏ အထွတ်အမြတ်ကုန်းမြေတစ်ခုနှင့် ပိုတူ၏။
ယန်ပေးချန်က ဘယ်သူပါလဲ…။
သူသည် သတ်ဖြတ်ခြင်းဖြင့် သူ၏ တာအိုကို ရရှိထားသော အဆူရာ သို့မဟုတ် မိစ္ဆာတစ်ကောင် ဖြစ်လေသည်။
မိစ္ဆာတစ်ကောင်က လူသားမျိုးနွယ်၏ အထွတ်အမြတ်ကုန်းမြေတစ်ခုကို သွားရောက်စိန်ခေါ်မည်ဆိုလျှင် ဖြစ်ပေါ်လာမည့် ရလဒ်ကို စဉ်းစားကြည့်နိုင်၏။
ပဟေဠိနန်းတော်၏ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ပေါ်ထွက်မလာလျှင်တောင် ပဟေဠိနန်းတော်၏ အခြေခံ အုတ်မြစ်ကပင်လျှင် အဆူရာတစ်ယောက်တည်း ရင်ဆိုင်ခုခံနိုင်သော တစ်စုံတစ်ရာ မဟုတ်ပေ။
ပို၍ အရေးကြီးသည်မှာ ကောင်းကင်ဘုံလျှို့ဝှက်ချက်က အလွန်တရာ ကြောက်စရာကောင်းသော ပြိုင်ဘက်တစ်ယောက် ဖြစ်၏။
ကောင်းကင်နှင့်မြေကြီးတောင်ကြားမှာတုန်းက ကိုယ်တော်တာမင်း၏ ရုတ်တရက် ပေါ်ထွက်လာမှုကြောင့်သာ မဟုတ်လျှင် လူတိုင်းသည် ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ စစ်တုရင်အရုပ်များ ဖြစ်နေခဲ့ပေလိမ့်မည်။
ယခင်က ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ယန်ပေးချန်၏ အမဲလိုက်ခြင်းကို ခံခဲ့ရပြီး ပဟေဠိနန်းတော်သို့ ထိတ်လန့်တကြား ထွက်ပြေးသွားခဲ့၏။ သူက ကြိုတင်ပြင်ဆင်ထားခြင်း မရှိသောကြောင့် ယန်ပေးချန်ကို ဒဏ်ရာရရှိစေရုံမျှသာ ဖြစ်ခဲ့၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ ဉာဏ်ရည်ထက်မြက်မှုအရ… သူသည် ယန်ပေးချန် ပြန်လာမည်ကို သေချာပေါက် မျှော်လင့်ထားပေလိမ့်မည်။ သူသည် ယန်ပေးချန်ကို ပဟေဠိနန်းတော်မှာ မြုပ်နှံနိုင်ဖို့အတွက် စောင့်ဆိုင်းရင်း အရာရာတိုင်းကို ကြိုတင်တွက်ချက်ပြင်ဆင်ကာ ထောက်ချောက်တစ်ခုကို ခင်းကျင်းထားပေလိမ့်မည်။
ယန်ပေးချန်ကလည်း အရူးမဟုတ်ပေ။
သူက အဲဒါကို မတွေးမိဘဲ နေမည်မဟုတ်ပေ။
သို့သော်လည်း.. သူသည် မိစ္ဆာလမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူ့နှလုံးသားထဲရှိ အမုန်းတရားက ကြီးစိုးနေခဲ့ပြီဖြစ်၏။
အဲဒါကြောင့် ရှေ့မှာ အတောမသတ်နိုင်သော အန္တရာယ်များ ရှိနေမည်ကို သူက သိရှိထားသည်ဆိုလျှင်တောင်.. သူက အစိတ်စိတ်အမွှာမွှာ ဖိချေခံရပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံရမည် ဆိုလျှင်တောင်.. သူသည် ချင်ဖျန်ယန်အတွက် လက်စားချေဖို့ ပဟေဠိနန်းတော်ကို သွားရောက်သတ်ဖြတ်လိမ့်မည် ဖြစ်၏။
အဆူရာ၏ နှလုံးသားထဲတွင် အမုန်းတရားသာလျှင် ရှိတော့ပြီး သေခြင်း ရှင်ခြင်း မရှိတော့ပေ။
အဲဒါကြောင့် ဆူဇီမိုသည် ပဟေဠိနန်းတော်ကို သွားရောက်ရပေမည်။
တစ်ဖက်မှာတော့… လင်းရွှမ်ကျီထံမှ မည်သည့်သတင်းမှ မရရှိတော့သည့်အတွက် သူသည် ပဟေဠိနန်းတော်သို့ ရောက်ရှိသည့်အခါ အဲဒါနှင့် ပတ်သက်၍ မေးမြန်းနိုင်လေသည်။
တကယ်တော့ သွေးနွယ်ပင်မျိုးနွယ်၏ သတ်ဖြတ်ခြင်း တံဆိပ်ပြားကို ချေဖျက်ဖို့အတွက် နည်းလမ်းတစ်ခု ပဟေဠိနန်းတော်မှာ ရှိနေနိုင်သည်ဟု ကိုယ်တော်တာမင်းက ယခုတင် ပြောဆိုခဲ့လေသည်။
မည်သို့ပင်ဆိုစေ… သူက ပဟေဠိနန်းတော်သို့ သွားရောက်ရမည်သာ ဖြစ်၏။
ထိုစဉ်မှာပင်.. အလွန်တရာ စွမ်းအားကြီးမားသော အော်ရာတစ်ခုက မင်းကျန်၏ ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်ပေါ်လာ၏။
မင်းကျန်၏ ခန္ဓာကိုယ်ထဲမှာ နောက်ထပ် အချုပ်အနှောင်တစ်ခုက ကျိုးပျက်သွားသည့်အလားပင်။
ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်ပြီးနောက်… သူသည် ကောင်းကင်နှင့်မြေကြီး၏ အချုပ်အနှောင်ကို နောက်တစ်ဖန် ချိုးဖျက်ကာ သူ၏ ဘဝသက်တမ်းက နှစ်နှစ်သောင်းအထိ ရှိလာခဲ့ပြီ ဖြစ်၏။
အစကတော့.. မင်းကျန်သည် ပိန်လှီ၍ အင်အားချည့်နဲ့နေခဲ့၏။ ယခု သူသည် ပေါင်းစည်းခန္ဓာအဆင့်သို့ ရောက်ရှိလာပြီး သူ၏ အသားများက တဖြည်းဖြည်း ပြန်လည်ပြည့်ဝလာကာ သူ၏ ညိုးခြောက်နေသော မျက်နှာကလည်း တဖြည်းဖြည်း ပြန်လည်စိုပြည်လာခဲ့၏။
မင်းကျန်၏ အသက်ဓာတ်အားက သိပ်သည်းစုဖွဲ့လာခဲ့လေပြီ။
သူသည် သူ၏ လက်ဖဝါးထဲမှာ အစိမ်းရောင် မီးအိမ်တစ်လုံးကို ကိုင်ဆွဲထား၏။ အစိမ်းရောင် မီးအိမ်ပေါ်ရှိ မီးတောက်က တဖြည်းဖြည်း တည်ငြိမ်လာပြီး မင်းကျန်၏ အော်ရာနှင့် ပေါင်းစည်းနိုင်မည့် ခပ်ဖျော့ဖျော့ အရောင်အဝါတစ်ခုကို ဖြာထုတ်ပေးလိုက်၏။
ကိုယ်တော်တာမင်း၏ အကြည့်သည် မင်းကျန်ပေါ်သို့ ရောက်ရှိသွားပြီး သူ၏မျက်လုံးက ဝင်းလက်သွား၏။
“ဘယ်လောက်တောင် သန့်စင်လိုက်တဲ့ ဗုဒ္ဓအော်ရာလဲ”
ကိုယ်တော်တာမင်းသည် အံ့အားတသင့် ရေရွတ်လိုက်မိ၏။ သူသည် ဂရုတစိုက် စစ်ဆေးကြည့်ရှုပြီး အံ့အားသင့်သွားရ၏။
“သူက ကမ္ဘာ့ကွန်ချာဗုဒ္ဓရဲ့ အမွေအနှစ်ကို တကယ်ဆက်ခံရရှိထားတာပဲ”
“ဟုတ်တယ်”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
“အဲဒါ တကယ့် အံ့မခန်းပဲ”
ကိုယ်တော်တာမင်းက ခေါင်းညိတ်ပြလိုက်၏။
“ကြီးမားတဲ့ အကြင်နာမေတ္တာ၊ သဘောထား ကြီးမြတ်မှုနဲ့ ရဲဝံ့မှုတို့ မရှိဘဲ သူက ကမ္ဘာ့ကွန်ချာဗုဒ္ဓရဲ့ အသိအမှတ်ပြုမှုကို ရရှိနိုင်မှာ မဟုတ်ဘူး.. ဒီကိုယ်တော်လေးက မဆိုးဘူး.. သူ့ရဲ့ အနာဂတ် အောင်မြင်ထွန်းပေါက်နိုင်မှုက အကန့်အသတ်မဲ့ပဲ”
ကိုယ်တော်တာမင်းထံမှ ဤကဲ့သို့ ချီးကျူးစကား ကြားရသည်မှာ ထူးထူးခြားခြား ဖြစ်လေသည်။
ထိုစဉ်မှာပင်.. မင်းကျန်က သူ၏မျက်လုံးနှစ်ဖက်ကို ဖွင့်ပြီး ခပ်ဖျော့ဖျော့ အပြုံးတစ်ခုနှင့်အတူ ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်၏။
သူ၏ မျက်လုံးများက မည်သည့် ညစ်နွမ်းမှုမှ မရှိဘဲ ကြည်လင်တောက်ပနေ၏။
ထိုမျက်လုံးများသည် အမြင့်မြတ်ဆုံး စွမ်းအားတစ်ခုနှင့် လူတစ်ယောက်၏ စိတ်နှလုံးကို တည်ငြိမ်အေးချမ်းစေနိုင်သည့် အဆုံးစွန် အကြင်နာမေတ္တာဓာတ်ကို ပိုင်ဆိုင်ထားပုံရ၏။
ကိုယ်တော်တာမင်းသည် မင်းကျန်၏ မျက်လုံးနှင့် ခဏမျှ ဆုံမိပြီးနောက်.. သူ၏မျက်နှာကို အလိုလို တစ်ဖက်သို့ လွှဲလိုက်ရ၏။
“ဗြဟ္မာရဲ့ အမျက်ဒေါမာန် အကြည့်က ကမ္ဘာ့ကွန်ချာဗုဒ္ဓ၏ နှိမ့်ချထားတဲ့ အကြည့်ကို မယှဉ်နိုင်ဘူးတဲ့.. အခု ဒီနေ့မှပဲ ငါ အဲဒါကို ကိုယ်တိုင်မြင်တွေ့ရတော့တယ်”
ကိုယ်တော်တာမင်းက ညည်းတွားရေရွတ်လိုက်၏။
အဲဒါသည် ဗုဒ္ဓကျောင်းတော်များ၏ ဂန္ထဝင်ဆိုရိုးစကားတစ်ခု ဖြစ်၏။
ဗြဟ္မာ၏ အမျက်ဒေါမာန်အကြည့်သည် မိစ္ဆာတစ်အုပ်စုကို နှိမ်နင်းနိုင်လေသည်။ သို့သော်လည်း ကမ္ဘာ့ကွန်ချာဗုဒ္ဓ၏ နှိမ့်ချထားသော အကြည့်သည် ပြန်ဝင်စားခြင်း လမ်းခြောက်သွယ်တစ်လျှောက် မေတ္တာဓာတ်ကို ဖြန့်ကြက်ပေးနိုင်လေသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင်.. ကိုယ်တော်တာမင်းက ဗြဟ္မာလေးဦးနယ်မြေဖြစ်စဉ်ကို ကျင့်ကြံထား၏။
မင်းကျန်ကတော့ ကမ္ဘာ့ကွန်ချာဗုဒ္ဓ၏ အမွေအနှစ်ကို ဆက်ခံရရှိထား၏။
ကိုယ်တော်တာမင်းသည် မင်းကျန်၏ အကြည့်နှင့် တွေ့ဆုံမိပြီးနောက်.. သူ၏ မျက်နှာကို အလိုလို လွှဲလိုက်မိသည့်အတွက်ကြောင့် အဲဒါကို နားလည်သဘောပေါက်သွားခြင်း ဖြစ်၏။
အဲဒါသည် မင်းကျန်၏ တိုက်ခိုက်ရည်ခွန်အားက ကိုယ်တော်တာမင်းကို ယှဉ်နိုင်သည်ဟု မဆိုလိုပေ။ သို့သော်လည်း ကိုယ်တော်တာမင်းသည် ဗုဒ္ဓဝါဒအပေါ် နားလည်သဘောပေါက်နိုင်စွမ်းမှာ ရှုံးနိမ့်သွားရလေသည်။
“မင်းတို့တွေ သွားလို့ရပြီ.. ငါကတော့ ဒီနေရာမှာ လောလောဆယ် နေဦးမယ်”
ကိုယ်တော်တာမင်းသည် ခုနှစ်စင်းသတ်ဖြတ်ခြင်းတောင်ထွတ်ပေါ်မှာ မတ်တတ်ရပ်ပြီး အဝေးတစ်နေရာသို့ ငေးမျှော်ကြည့်ကာ လက်ကာပြလိုက်၏။
ဤနေရာတွင် စွမ်းအားကြီးပုဂ္ဂိုလ်များစွာနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၆ယောက် အပါအဝင် သွေးနွယ်ပင်မျိုးနွယ်ဝင်ပေါင်း တစ်သောင်းကျော်က သေဆုံးခဲ့လေသည်။ ကိုယ်တော်တာမင်းသည် ဤကဲ့သို့သော မျိုးဆက်သွေး ပမာဏကို လက်လွတ်ခံစရာ အကြောင်းမရှိပေ။
ဆူဇီမိုက စဉ်းစားတွေးတောနေစဉ်မှာ ကိုယ်တော်တာမင်းက ရုတ်တရက် ပြောလိုက်လေသည်။
“နောက်ပြီး မင်းက အခုက စပြီး မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံထားတဲ့ သူတွေကို သတိကြီးကြီးထားရမယ်”
“ဟမ်”
ဆူဇီမိုက သူ၏မျက်လုံးကို အနည်းငယ်မှေးကျဉ်းပြီး မေးလိုက်လေသည်။
“ခင်ဗျားရော ပါလား”
“ငါလည်း ပါတယ်”
ကိုယ်တော်တာမင်းက မှင်သေသေဖြင့် ပြန်ဖြေလိုက်၏။
“ကျုပ် သိပြီ”
ဆူဇီမိုက ခေါင်းညိတ်၍ ထွက်ခွာဖို့ ပြင်ဆင်လိုက်၏။
ထိုစဉ်မှာပင်.. ညင်သာသော လေပြေတစ်ချက်က တိုက်ခတ်သွားပြီး ကိုယ်တော်တာမင်း၏ ဆံပင်ရှည်များကို လှုပ်ရှားသွားစေကာ သူ၏ နှာရောင်ပေါ်မှာ ပါးလွှာသော သွေးအမာရွတ်တစ်ခုကို ထွက်ပေါ်လာစေ၏။
ဆူဇီမိုသည် တစ်စုံတစ်ရာကို ရုတ်တရက် တွေးမိသွားပြီး မျက်မှောင်ကြုတ်လိုက်၏။
ကိုယ်တော်တာမင်းနှင့် ပတ်သက်သည့် အလွန်တရာ ရဲရင့်သည့် ခန့်မှန်းချက်တစ်ခုကို သူက ရုတ်တရက် တွေးမိသွားလေသည်။
“ဂျူနီယာညီလေး.. သွားကြရအောင်”
ထိုစဉ်မှာပင် မင်းကျန်က ပြောလိုက်၏။
ဆူဇီမိုက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး သူ့နှလုံးသား အနက်ပိုင်းထဲရှိ ထင်မြင်ယူဆချက်ကို ဖုံးကွယ်ကာ နောက်မှ စစ်ဆေးဖော်ထုတ်ဖို့ ပြင်ဆင်လိုက်၏။
“ဟုတ်ပြီလေ”
ဆူဇီမိုက ပြန်ဖြေလိုက်ပြီး မင်းကျန်နှင့်အတူ လှည့်ထွက်သွားလေသည်။
“ဂျူနီယာညီလေး.. မင်းစိတ်ထဲမှာ တစ်ခုခုရှိလို့လား”
ဆူဇီမိုက စိတ်အာရုံပျံ့လွင့်နေသည်ကို တွေ့မြင်သောအခါ မင်းကျန်က တစ်ချက်ကြည့်ပြီး သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။
“အထွေအထူးတော့ မဟုတ်ပါဘူး”
ဆူဇီမိုက ခေါင်းခါပြပြီး ကိုယ်တော်တာမင်းအကြောင်းကို ထပ်မံ၍ မစဉ်းစားတော့ပေ။ သူက လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ငါက ပဟေဠိနန်းတော်ကို သွားဖို့ ပြင်ဆင်ထားတယ်.. အခုက စပြီး မင်းမှာ ဘာအစီအစဉ်ရှိလဲ”
“အထွေအထူးတော့ မရှိဘူး.. ငါက ဆရာ့ကို ဂါဝရပြုဖို့အတွက် နဂါးသင်္ချိုင်းတောင်ကြားကို အလည်အပတ် သွားချင်ရုံပဲ”
မင်းကျန်က လေးနက်သော အသံဖြင့် ပြောလိုက်၏။
“အဲဒါက လောနေစရာတော့ မလိုပါဘူး… ငါက ဘေးကင်းလုံခြုံတဲ့အကြောင်း ဒီပင်္ကရာကျောင်းတော်ကို သတင်းပေးပို့ပြီး ပဟေဠိနန်းတော်ကို သွားဖို့ မင်းနဲ့ အဖော်ပြုပေးမယ်”
ဆူဇီမိုက အရေးကြီးသော ကိစ္စတစ်စုံတစ်ရာအတွက် ပဟေဠိနန်းတော်သို့ သွားရောက်မည်ဖြစ်ကြောင်း သူက ပြောနိုင်လေသည်။ ထိုသို့ဖြင့် သူကလည်း အကူအညီ တစ်စုံတစ်ရာ ပေးနိုင်ရန် အတူတကွ သွားရောက်ဖို့ ဆုံးဖြတ်လိုက်၏။
“ကောင်းပြီလေ”
ဆူဇီမိုက ငြင်းဆန်ခြင်း မရှိပေ။
သူတို့နှစ်ယောက်သည် သူတို့၏ ဓမ္မစွမ်းအားများကို လှည့်ပတ်ပြီး သူတို့၏ အစွမ်းကုန်ကို ထုတ်ဖော်ကာ ခရီးစထွက်လိုက်ကြလေသည်။