← Chapters

လှပသိမ်မွေ့ သတ်ဖြတ်ခြင်း ဝင်္ကပါ

Vol. 97 Ch. 1443

လှပသိမ်မွေ့ သတ်ဖြတ်ခြင်း ဝင်္ကပါ

Vol. 97 Ch. 1443

ယန်ပေးချန်၏ အကြည့်သည် မလှမ်းမကမ်းရှိ ကျောက်တိုင်ပေါ်သို့ ရွေ့လျားဆင်းသက်သွား၏။

“လူသားဧကရာဇ်.. လူသားဧကရာဇ်.. ဟီးဟီးဟီးဟီး”

ယန်ပေးချန်က အငြိုးအတေးကြီးသော အမူအရာတစ်ခု ရှိပြီး ခါးသီးစွာဖြင့် ရယ်မောလိုက်၏။

“ခင်ဗျားက အကျိုးအကြောင်း ဘာမှမသိဘဲနဲ့များ ဘာလို့ ကျုပ်ကို တားချင်နေရတာလဲ”

“ခင်ဗျားက ဂျီးတက်နေတဲ့ ကျောက်တိုင်တစ်ခုပေါ်က လက်ရေးစာလုံးနှစ်လုံးနဲ့ ကျုပ်ကို တကယ်ပဲ တားချင်နေတယ်ပေါ့”

ယန်ပေးချန်သည် ဟိန်းဟောက်၍ နက်မှောင်နေသော အမုန်းမိစ္ဆာချီများက သူ၏ ခန္ဓာကိုယ်ကနေ ဖြန့်ကြက်ထွက်ပေါ်လာ၏။ သူက ကျောက်တိုင်၏ စွမ်းပကားကို ခုခံပြီး တစ်လှမ်းပြီးတစ်လှမ်း ရှေ့သို့ လျှောက်လှမ်းလာခဲ့၏။

အမုန်းသုတ္တန်နှင့် ပတ်သက်ပြီး ကြောက်စရာကောင်းသည့်​ အချက်မှာ လူတစ်ယောက်၏ နှလုံးသားထဲရှိ အမုန်းတရားက ပို၍ နက်ရှိုင်းလာလေလေ… နှိုးဆွပေးနိုင်သော စွမ်းအားကလည်း ပို၍ သန်မာလာလေလေ ဖြစ်၏။

“အဲဒီအော်ရာက တော်တော်စိတ်ရှုပ်စရာကောင်းတာပဲ”

ယန်ပေးချန်၏ အကြည့်က အေးစက်လာပြီး ခက်ထန်ကြမ်းကြုတ်သော အော်ရာတစ်ခုနှင့်အတူ မလှမ်းမကမ်းရှိ ကျောက်တိုင်ကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လိုက်၏။

မိစ္ဆာဧကရာဇ်အမုန်းသည် ရှေးဟောင်းခေတ်၏ နံပါတ်တစ် မိစ္ဆာဧကရာဇ်တစ်ပါး ဖြစ်ခဲ့၏။ သူသည် မရေမတွက်နိုင်သော ကမ္ဘာဦးမျိုးနွယ်များကို သတ်ဖြတ်ခဲ့သော်လည်း အင်မော်တယ်များနှင့် မိစ္ဆာများသည် အမြဲတမ်းလိုလို ရန်ဘက်ဖြစ်ခဲ့ကြလေသည်။

ယန်ပေးချန်သည် အမုန်းသုတ္တန်ကို ကျင့်ကြံထားပြီး အမုန်းမိစ္ဆာဆေဘာကို အမွေဆက်ခံရရှိထား၏။ အဲဒါကြောင့် ကျောက်တိုင်ကနေ ထွက်ပေါ်လာသော လူသားဧကရာဇ်၏ အော်ရာသည် သူ့ကို အလွန်တရာ ခုခံဆန့်ကျင်နေသည်မှာ သဘာဝကျလေသည်။

“မင်းက ငါ့ကို တားချင်တယ်ဆိုမှတော့ ငါ မင်းကိုလည်း သတ်မယ်”

ယန်ပေးချန်သည် ကျောက်တိုင်ရှေ့သို့ ရောက်ရှိလာပြီး သူ၏လက်ကို လွှဲယမ်းလိုက်၏။ အမုန်းမိစ္ဆာဆေဘာသည် အေးစက်စက် အလင်းတစ်ချက်နှင့်အတူ လေထုကို ဆုတ်ဖြဲပြီး ကျောက်တိုင်ပေါ်သို့ ခုတ်ပိုင်းကျဆင်းလာ၏။

ချွမ်း..

အမုန်းမိစ္ဆာဆေဘာသည် ကျောက်တိုင်နှင့် ပြင်းထန်စွာ ထိတွေ့ရိုက်ခတ်သွားပြီး မီးပွားများကို လွင့်စင်ထွက်စေကာ စူးစူးရှရှ မြည်သံတစ်သံက ထွက်ပေါ်လာ၏။

ကျောက်တိုင်ပေါ်ရှိ စကားလုံးနှစ်လုံးသည် ဝင်းလက်တောက်ပလာပြီး အလွန်တရာ ကြောက်စရာကောင်းသော တန်ပြန်ကန်အားတစ်ခုကို ထုတ်ဖော်ကာ အမုန်းမိစ္ဆာဆေဘာထဲသို့ တလိပ်လိပ် တိုးဝင်လာစေ၏။

ထိုစွမ်းအားသည် အမုန်းမိစ္ဆာဆေဘာ၏ ကြမ်းကြုတ်ခက်ထန်မှုကို ပို၍ပင် နှိုးဆွမိသွားစေ၏။

အမုန်းမိစ္ဆာဆေဘာ၏ အော်ရာက တလိပ်လိပ် ထိုးတက်လာပြီး အတောမသတ်နိုင်သော အမုန်းမိစ္ဆာချီများကို ဆင်းသက်ထွက်ပေါ်လာစေ၏။ အဲဒါက မင်ကဲ့သို့ နက်မှောင်နေပြီး သိပ်သည်းပြင်းထန်သော အမုန်းတရားနှင့် ပြည့်နှက်ကာ ကျောက်တိုင်ကို အဆက်မပြတ် ဝါးမျိုနေ၏။

စွမ်းအင်နှစ်ခုက အားပြိုင်နေကြလေသည်။

အဲဒါသည် အမုန်းမိစ္ဆာဆေဘာနှင့် ကျောက်တိုင်ကြားက တိုက်ပွဲတစ်ပွဲအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။

ဖျောက်.. ဖျောက်.. ဖျောက်…

မိစ္ဆာချီများထံမှ တဖျောက်ဖျောက်မြည်သံများ ထွက်ပေါ်လာ၏။

နောက်ဆုံးမှာတော့… အမုန်းမိစ္ဆာဆေဘာက အသာစီးရရှိသွားလေပြီ။

နောက်ဆုံးမှာတော့.. ကျောက်တိုင်သည် လူသားဧကရာဇ် ချန်ထားရစ်ခဲ့သော ပစ္စည်းတစ်ခုသာ ဖြစ်ပြီး အမုန်းမိစ္ဆာဆေဘာကတော့ အစစ်အမှန် ဧကရာဇ်လက်နက်တစ်ခု ဖြစ်ခဲ့၏။

ယန်ပေးချန်သည် အမူအရာ ကင်းမဲ့နေပြီး အမုန်းမိစ္ဆာဆေဘာကို ဒရွတ်တိုက်ဆွဲကာ သူ့ရှေ့တွင်ရှိသော တာအိုနန်းတော်များစွာဆီသို့ ဆက်လက်လျှောက်လှမ်းလာ၏။

သူ၏ နောက်ဘက်ရှိ မိစ္ဆာချီက ပျက်ပြယ်သွားပြီး ပြန့်ကျဲကျဆင်းနေသော ကျောက်သားအပိုင်းအစများကို ထွက်ပေါ်လာစေ၏။

လူသားဧကရာဇ်၏ လက်ရေးစာလုံးများနှင့် ထာဝရ တည်တံ့ခဲ့သော ကျောက်တိုင်သည် အမုန်းမိစ္ဆာဆေဘာကြောင့် ပျက်စီးသွားခဲ့ပြီဖြစ်၏။

“ရိုင်းစိုင်းလိုက်တဲ့ မိစ္ဆာ”

ဟိန်းဟောက်သံတစ်သံက ထွက်ပေါ်လာ၏။

အလွန်တရာ စွမ်းအားကြီးမားသော အော်ရာများသည် တာအိုနန်းတော် တစ်ခုချင်းစီကနေ ရုန်းကန်ထွက်ပေါ်လာကြ၏။

ပဟေဠိနန်းတော်၏ ပညာရှင်များစွာက ရောက်ရှိလာကြလေပြီ။

တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့က အယောက် ၁၀၀ကျော် ရှိနေ၏။

သူတို့ကြားမှာ တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးများပင်လျှင် ၁၀ယောက် ရှိလေသည်။

ကျန်ရှိသော သူများက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ ဖြစ်ကြ၏။

ပို၍ အရေးကြီးသည်မှာ ဤအစုအဖွဲ့သည် ပဟေဠိနန်းတော်၏ ခွန်အားအပြည့်အဝ မဟုတ်သေးပေ။

“အဆူရာ… ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ပဟေဠိနန်းတော်က မင်းကို မသတ်ခဲ့ဘူး.. မင်းက ကောင်းမှန်း ဆိုးမှန်း နားမလည်ဘဲ ဒီကို ပြန်လာရဲသေးတယ်ပေါ့”

ပဟေဠိနန်းတော်၏ တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်က တင်းမာခက်ထန်သော အမူအရာနှင့်အတူ အော်ငေါက်လိုက်၏။ သူက ပဟေဠိနန်းတော်၏ တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေး ချန်ထျန်း ဖြစ်၏။

နောက်ထပ် ပဟေဠိနန်းတော်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက အေးစက်စွာဖြင့် ပြောလိုက်၏။

“မင်းက လူသားဧကရာဇ် ရေးထွင်းထားတဲ့ ပဟေဠိနန်းတော်ရဲ့ ကျောက်တိုင်ကို​ ဖျက်ဆီးပစ်ခဲ့တယ်.. မင်းက အဲဒီပြစ်မှုအတွက် တကယ်ပဲ သေသင့်သေထိုက်တယ်”

သူက ပဟေဠိနန်းတော်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုး ဖြစ်လေသည်။

(လိပ်ချိုး - ချိုးငှက်တစ်မျိုး။ ဂျိုးငှက်ဟုလည်း အသံထွက်သည်။ တကယ်တော့ လိပ်ချိုးဆိုတဲ့ အခေါ်အဝေါ်က မြန်မာစကားမှာ မရှိပါဘူး။ အဆင်ပြေအောင် နာမည်တစ်ခု ပေးလိုက်ခြင်းသာ ဖြစ်ပါသည်။)

“အဆူရာ… မင်းက ကြီးမားတဲ့ ကပ်ဘေးတစ်ခုနဲ့ ကြုံတွေ့ပြီး ဒီအခြေအနေထိ ရောက်ရှိလာခဲ့တာပဲ”

နောက်ထပ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး လီဟန်က နာကျင်စိတ်ပျက်သော အမူအရာတစ်ခုနှင့်အတူ ပြောလိုက်၏။

“အစကတော့ ငါ မင်းကို သနားနေခဲ့တာ… မင်းက နောင်တရမလာဘဲ ပဟေဠိနန်းတော်ကိုတောင် ပြဿနာရှာဖို့ ပြန်လာခဲ့တယ်ဆိုတော့…”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သုံးယောက်သည် ပဟေဠိနန်းတော်မှာ အလွန်တရာ မြင့်မားသော အဆင့်အတန်းရှိပြီး တိုက်ခိုက်ရည်ခွန်အား အသန်မာဆုံး ဖြစ်ကြ၏။

ပဟေဠိနန်းတော်မှ ပညာရှင် ၁၀၀ကျော်နှင့် ရင်ဆိုင်နေရလျှင်တောင် ယန်ပေးချန်သည် အကြောက်အလန့် ကင်းမဲ့ပြီး စိတ်ခံစားချက် ကင်းမဲ့စွာဖြင့် ပြောလိုက်၏။

“ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို ထုတ်ပေး.. အဲ့ဒါဆို ငါ ထွက်သွားမယ်”

“မိုက်ရိုင်းလိုက်တာ”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးက အော်ငေါက်လိုက်၏။

“ကောင်းကင်ဘုံလျှို့ဝှက်ချက်က အခု ပဟေဠိနန်းတော်ရဲ့ သခင်လေး ဖြစ်နေပြီ.. သူက မြင့်မြတ်တဲ့ ဂုဏ်အဆင့်အတန်းရှိတယ်.. မင်းက သူ့ကို ဘယ်လိုရန်စနိုင်မှာလဲ”

“သမိုင်းတစ်လျှောက်မှာ ဘယ်သူကမှ ပဟေဠိနန်းတော်ကို အခုလိုမျိုး စိန်မခေါ်ရဲခဲ့ဘူး.. မင်းက ပထမဆုံးပဲ အဆူရာ”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်းက အေးစက်စွာဖြင့် ပြောလိုက်၏။

“အဆူရာ… ပဟေဠိနန်းတော်က မင်းစိတ်ရှိတိုင်း ဝင်ချင်ဝင် ထွက်ချင်ထွက်လို့ရတဲ့ နေရာလို့ တကယ်ပဲ ထင်နေတာလား”

သူသည် ပဟေဠိနန်းတော်မှ ပညာရှင်များ၏ သတိပေးချက်ကို နားမလည်နိုင်သည့်အလား ယန်ပေးချန်သည် ထူးမခြားပုံစံဖြင့်သာ မေးလိုက်၏။

“မင်းတို့တွေက ငါ့ကို တားကြမှာလား”

“အဲ့လိုဆိုရင်တော့ ပဟေဠိနန်းတော်မှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို စတင်တဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့တော့”

ယန်ပေးချန် ထိုသို့ပြောလိုက်သောအခါ သူ့လက်ထဲရှိ အမုန်းမိစ္ဆာဆေဘာသည် တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး အလွန်တရာ စိတ်လှုပ်ရှားတက်ကြွစွာဖြင့်​ တဇီဇီအော်မြည်လာ၏။

“တကယ့်ကို မျှော်လင့်ချက်ကင်းမဲ့နေတာပဲ”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး လီဟန်က သူ၏ခေါင်းကို ခါယမ်း၍ သက်ပြင်းချလိုက်၏။

“အဆူရာက သူ့ရဲ့ လူစိတ်ကို ဆုံးရှုံးသွားပြီး ပကတိ မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲသွားပါပြီလို့ ကျုပ်ပြောခဲ့သားပဲ”

ထိုစဉ်မှာပင်.. အသံတစ်သံက ဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။

“ဒီလိုမျိုး မိစ္ဆာတစ်ကောင်ကို ကြီးထွားခွင့်ပေးထားမယ်ဆိုရင် သူက လူသားမျိုးနွယ်အတွက် ကပ်ဘေးတစ်ခု ဖြစ်လာပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကြီးဆီကို အတောမသတ်နိုင်တဲ့ ပြဿနာတွေ ယူဆောင်ပေးလာလိမ့်မယ်”

တာအိုနန်းတော်များ ရှိရာဘက်ကနေ လူတစ်ယောက်က ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။

သူ၏ ဝတ်ရုံစက တဖျပ်ဖျပ် လှုပ်ခါ၍ သူက ခေါင်းပေါ်မှာ ကွန်ဖြူးရှပ် သရဖူတစ်ခုကို ဆောင်းထား၏။ ချောမောလှပသော ရုပ်ရည်သွင်ပြင်နှင့်အတူ သူ၏ လက်ထဲမှာ ခေါက်ယပ်တောင်တစ်ချောင်းကို ဆုပ်ကိုင်ထားပြီး သူ၏ မျက်နှာပေါ်တွင် ခပ်ယဲ့ယဲ့ အပြုံးတစ်ခုက တစ်ချိန်လုံး ရှိနေ၏။

ယန်ပေးချန်သည် ထိုသူကို မြင်သောအခါ သူ၏ ခန္ဓာကိုယ်မှ အမုန်းတရား မိစ္ဆာချီများက တစ်လွှာပြီးတစ်လွှာ ဆင်းသက်ထွက်ပေါ်လာ၏။ သူ့မျက်လုံးထဲရှိ အမုန်းတရားက ၎င်း၏ အကန့်အသတ်ထိ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး မုန်းတီးစွာဖြင့် အော်လိုက်လေသည်။

“ကောင်းကင်ဘုံလျှို့ဝှက်ချက်”

“အဆူရာ.. မင်း တကယ်ကို ရဲတင်းနေတာပဲ”

ကောင်းကင်ဘုံလျှို့ဝှက်ချက်က ထူးမခြားနား ပြုံး၍ တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

“ဒါပေမဲ့ ပဟေဠိနန်းတော်က မင်းစိန်ခေါ်နိုင်တဲ့ နေရာတစ်ခု မဟုတ်ဘူး.. မင်းက ပဟေဠိနန်းတော်ကို ဆန့်ကျင်ဖို့ ဆုံးဖြတ်ထားခဲ့ပြီဆိုမှတော့ ဒီနေရာမှာ သေဖို့သာ ပြင်ထားပေတော့”

“သတ်…”

ယန်ပေးချန်သည် ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို တွေ့မြင်သောအခါ သူသည် ဆက်လက်၍ မချုပ်တည်းနိုင်တော့ဘဲ သူ့လက်ထဲရှိ အမုန်းမိစ္ဆာဆေဘာနှင့်အတူ ထိုသူထံသို့ ပြေးဝင်သွား၏။

ပဟေဠိနန်းတော်မှ ပညာရှင်များစွာသည် လှောင်ပြောင်သရော်လိုသော အကြည့်များနှင့်အတူ အဝေးကနေ ယန်ပေးချန်ကို ကြည့်ရင်း မလှုပ်မယှက် ရှိနေကြ၏။

“ဟီးဟီး”

ကောင်းကင်ဘုံလျှို့ဝှက်ချက်က ရယ်မောလိုက်၏။

“ပဟေဠိနန်းတော်က လူသားမျိုးနွယ်ရဲ့ အထွတ်အမြတ် နေရာတစ်ခုပဲ.. မင်းလိုမျိုး သွေးပေစွန်းနေတဲ့ မိစ္ဆာတစ်ကောင်က ဝင်ရောက်နိုင်မှာ မဟုတ်ဘူး”

သူသည် လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကို လှုပ်ရှားပြီး သူ၏ ခြေထောက်အောက်ဘက်က မြေပြင်ကို ညင်သာစွာ တုန်ခါသွားစေ၏။

“အသက်ဝင်စမ်း”

ဇီး….

နတ်ဘုရားဆန်ဆန် အလင်းတန်းများသည် ကောင်းကင်ဖြန့်ကြက်တောင်ကြောရိုးပေါ်ရှီ တာအိုနန်းတော်များကနေ ရုန်းကန်ထွက်ပေါ်လာပြီး ယန်ပေးချန်၏ ခြေထောက်အောက်ရှိ ​မြေပြင်ဆီသို့ ဝင်ရောက်သွားကြ၏။

အဲဒီနောက် ချက်ချင်းပင် ဝင်္ကပါအင်းကွက်များက တောက်ပလာပြီး နေရာတစ်ခွင် ထိန်ထိန်လင်းသွားစေ၏။

ရှေးဟောင်း ဝင်္ကပါတစ်ခုက အသက်ဝင်လာခဲ့ပြီး ယန်ပေးချန်က ချက်ချင်းပင် ထိုအထဲမှာ ပိတ်မိသွားလေသည်။

ယန်ပေးချန်၏ လှုပ်ရှားမှုက အေးခဲရပ်တန့်သွား၏။

သူ၏ မြင်ကွင်းတွင် ပဟေဠိနန်းတော်၊ ​ ကောင်းကင်ဘုံလျှို့ဝှက်ချက်နှင့် အခြားသူများက ပျောက်ကွယ်သွားခဲ့လေပြီ။

သူ၏ ရှေ့မှာ မြူခိုးအလွှာများသာလျှင် ရှိတော့လေသည်။

သူက အမုန်းမိစ္ဆာဆေဘာကို လွှဲယမ်းကာ သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို လှည့်ပတ်ပြီး ဓမ္မစွမ်းအားများကို ထွက်ပေါ်လာစေသော်လည်း သူ့ရှေ့ရှိ မြူခိုးများက ပျက်ပြယ်မသွားပေ။

သူ၏ စွမ်းအားများ အားလုံးသည် ပင်လယ်ထဲသို့ နစ်မြုပ်သွားသော ကျောက်တုံးတစ်တုံးကဲ့သို့ မြူခိုးများကြားမှာ ပျောက်ကွယ်သွားလေသည်။

“ကောင်းကင်ဘုံလျှို့ဝှက်ချက်… ထွက်လာခဲ့စမ်း”

ယန်ပေးချန်သည် ဟိန်းဟောက်၍ သူ့မျက်လုံးထဲရှိ သိပ်သည်းပြင်းထန်သော အမုန်းတရားနှင့်အတူ သူ၏ ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုလိုက်၏။

သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်၏။

ရုတ်တရက်ဆိုသလို…

အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက ဆင်းသက်လာပြီး ယန်ပေးချန် ရှိရာသို့ ခုတ်ပိုင်းကျဆင်းလာ၏။

ယန်ပေးချန်က အေးစက်စွာ နှာတစ်ချက်မှုတ်၍ အမုန်းမိစ္ဆာဆေဘာကို လွှဲယမ်းလိုက်၏။ သူက ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်ပြီး ထိုစွမ်းအားကို ကြေမွသွားစေ၏။

သူက နောက်ထပ် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်၏။

ရွှစ်…

ပို၍ပင် ကြောက်စရာကောင်းသော ဓားအလင်းတန်းတစ်ခုက ဆင်းသက်လာခဲ့၏။

အမုန်းမိစ္ဆာဆေဘာသည် ထိုဓားအလင်းတန်းကို ခုခံနိုင်ခဲ့သော်လည်း ယန်ပေးချန်၏ လက်က အနည်းငယ် ထုံကျင်သွား၏။

ပဟေဠိနန်းတော်မှာ ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် သူ၏လက်နှစ်ဖက်ကို နောက်ပစ်၍ တည်ငြိမ်သော အမူအရာနှင့် ခပ်ယဲ့ယဲ့ အပြုံးတစ်ခုနှင့်အတူ မတ်တတ်ရပ်နေ၏။

“အဆူရာ… လှပသိမ်မွေ့ သတ်ဖြတ်ခြင်းဝင်္ကပါထဲ ကျဆင်းသွားပြီးမှ.. အသက်ရှင်လျက် ထွက်လာဖို့ စဉ်းစားမနေနဲ့တော့”

လှပကြော့ရှင်း ဝင်္ကပါ…

ရှေးဟောင်းခေတ်မှာတုန်းက… ထိုဝင်္ကပါသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ နံပါတ်တစ် သတ်ဖြတ်ခြင်း ဝင်္ကပါ ဖြစ်ခဲ့၏။

ထိုဝင်္ကပါကြောင့်ပင်.. နတ်မိမယ် လင်းလုံက ကမ္ဘာတစ်ဝှမ်း နာမည်ကြီး ကျော်ကြားခဲ့ခြင်း ဖြစ်၏။

လှပကြော့ရှင်း ဝင်္ကပါသည် ရှုပ်ထွေးနက်နဲပြီး ခြေလှမ်း တစ်လှမ်းချင်းစီက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေ၏။

ခြေတစ်လှမ်း မှားသွားသည်နှင့် ထိုသူသည် ဝင်္ကပါ၏ အနက်ပိုင်းထဲသို့ နစ်မြုပ်သွားမည် ဖြစ်ပြီး သတ်ဖြတ်ခြင်း ဝင်္ကပါထံမှ အဆက်မပြတ် သတ်ဖြတ်ကွက်များကို ဆွဲဆောင်မိပေလိမ့်မည်။

သမိုင်းတစ်လျှောက်တွင်.. ထိပ်တန်းအဆင့် ဝင်္ကပါ မဟာသခင်များပင်လျှင် လှပကြော့ရှင်း ဝင်္ကပါကို မချေဖျက်နိုင်ကြပေ။

လှပကြော့ရှင်း ဝင်္ကပါကို ချေဖျက်ဖို့အတွက် နည်းလမ်းတစ်ခုသာလျှင် ရှိလေသည်။ လှပကြော့ရှင်း ဝင်္ကပါမှာ စုစုပေါင်း ခြေလှမ်း ၃၈၀ ရှိလေသည်။

ခြေလှမ်း ၃၈၀မှာ ခြေလှမ်း တစ်လှမ်းချင်းစီကို မှန်ကန်စွာ လျှောက်လှမ်းရပေမည်။

ခြေတစ်လှမ်း မှားသွားသည်နှင့် ထိုသူသည် ထာဝရ ပျက်သုဉ်းခြင်းဆီသို့ ဦးတည်သွားပေလိမ့်မည်။

ရှေးဟောင်းခေတ် စစ်ပွဲမှာတုန်းက ဤလှပသိမ်မွေ့ သတ်ဖြတ်ခြင်း ဝင်္ကပါသည် ကမ္ဘာဦးမျိုးနွယ်မှ မရေမတွက်နိုင်သော ပညာရှင်များကို သတ်ဖြတ်ခဲ့လေသည်။

သမိုင်းတစ်လျှောက်တွင် မည်သည့်ဂိုဏ်း မည်သည့် အဖွဲ့အစည်းကမှ မဟေဠိနန်းတော်ကို ရန်မစရဲခဲ့သည့် အကြောင်းရင်းမှာ လှပသိမ်မွေ့ သတ်ဖြတ်ခြင်း ဝင်္ကပါကြောင့်လည်း အဓိက ပါဝင်လေသည်။

All Chapters