ကြီးမားသောတိုက်ပွဲ
Vol. 97 Ch. 1446
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် သူ၏မျက်လုံးကိ မှေးကျဥ်းလိုက်ပြီး ဝင်ရောက်လာသူကို ခန့်မှန်းမိသွားကာ တီးတိုးရေရွတ်လိုက်၏။
“အဲ့ဒါ... သူလား”
“ဟမ်”
ပဟေဠိနန်းတော်မှ လူတိုင်းက မျက်မှောင်အနည်းငယ်ကြုတ်လိုက်ကြ၏။ အဲ့ဒါသည် တလိပ်လိပ်တက်လာသော သွေးချီနှင့်အတူ ကြမ်းတမ်းခက်ထန်သော ဟိန်းဟောက်သံ ဖြစ်လေသည်။ သူတို့က ကီလိုမီတာ ထောင်ချီကွာဝေးသော်လည်း ဝင်ရောက်လာသူ၏ ခွန်အားကို ခန့်မှန်းမိနိုင်ဆဲ ဖြစ်၏။
“ဘာတွေဖြစ်နေတာလဲ... ဘယ်သူကများ ပဟေဠိနန်းတော်ကို ပြဿနာရှာဖို့ ရောက်လာရဲတာလဲ”
ပဟေဠိနန်းတော်၏ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က စိမ်းသက်သောအမူအရာများနှင့်အတူ ထိုဘက်အရပ်သို့ လှမ်းကြည့်လိုက်၏။
“ကြည့်ရတာတော့... ပဟေဠိနန်းတော်က ကျုပ်တို့ရဲ့ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းကို ထုတ်ပြရတော့မယ်နဲ့တူတယ်”
နောက်ထပ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က ဖြည်းဖြည်းချင်းပြောလိုက်၏။
“သွားကြမယ်”
ပဟေဠိနန်းတော်၏ စွမ်းအားကြီးပုဂ္ဂိုလ်က လေထဲသို့ ခုန်တက်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဘယ်သူက ကျူးကျော်ဝင်ရောက်လာတာလဲ... ကြည့်ရသေးတာပေါ့ မင်းက ပဟေဠိနန်းတော်ကို ပစ်မှတ်ထားဖို့အတွက် ဒီနေရာကို ရောက်လာတာဆိုရင် ရိုင်းစိုင်းတယ်ဆိုပြီး ငါ့ကိုအပြစ်မတင်နဲ့”
အခြားသော ပေါင်စည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကလည်း လေထဲသို့ခုန်တက်လိုက်၏။
“ကျုပ်ခင်ဗျားနဲ့ လိုက်ခဲ့မယ်”
စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်က မချင့်မရဲခံစားနေရ၏။ အရင်ရောက်ရှိလာသော အဆူရာယန်ပေးချန်ဖြစ်စေ... နောက်မှရောက်လာသော နတ်ဆိုးမကျိဖြစ်စေ... စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်သည် ထိုသူတို့ကို အနိုင်မယူနိုင်ပေ။
ယခု... လိမ္မာပါးနပ်မှုမရှိသော နောက်ထပ်လူတစ်ယောက်က ရောက်ရှိလာသည့်အခါ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်သည် ဟိန်းဟောက်သံ ထွက်ပေါ်လာရာဘက်သို့ ပြေးသွားလိုက်ကြလေသည်။
သို့သော်လည်း သူတို့နှစ်ယောက် ခပ်ဝေးဝေးမလျှောက်လှမ်းရသေးခင်မှာပင် သူတို့၏ ရှေ့တည့်တည့်ကနေ ပုံရိပ်နှစ်ခုက ထွက်ပေါ်လာပြီး တစ်ခဏချင်းမှာပင် သူတို့ရှေ့သို့ ရောက်ရှိလာခဲ့၏။
သူတို့ထဲမှတစ်ယောက်သည် အစိမ်းရောင်မီးအိမ်တစ်လုံးကို ကိုင်ဆွဲထားသည့် ငယ်ရွယ်သော ကိုယ်တော်တစ်ပါးဖြစ်လေသည်။ သူက ချောမောသော ရုပ်ရည်သွင်ပြင် ၊ ကြည်လင်သောမျက်လုံးများနှင့် တည်ငြိမ်သောအမူအရာတစ်ခုကို ပိုင်ဆိုင်ထား၏။
အခြားတစ်ယောက်ကတော့ အစိမ်းရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး အနက်ရောင်ဆံပင်ရှိကာ ကြော့ရှင်းနုနယ်သော စာပေသမားတစ်ယောက်နှင့် တူနေ၏။ သို့သော်လည်း စာပေသမား၏ မျက်လုံးထဲမှာ စူးရှသော အလင်းရောင်တစ်ခုရှိနေပြီး တုန်လှုပ်ချောက်ချားဖွယ်ရာ သတ်ဖြတ်လိုစိတ်တစ်ခုကို ဖြာထုတ်ပေးနေ၏။
“မင်းဘယ်သူလဲ”
ပဟေဠိနန်းတော်၏ စွမ်းအားကြီးပုဂ္ဂိုလ်က ဟိန်းဟောက်လိုက်၏။
“အထီးကျန်သိုင်းသခင်”
အစိမ်းရောင်ဝတ်ကျင့်ကြံသူသည် သူ၏ခြေလှမ်းကိုရပ်တန့်ခြင်းမရှိပဲ ကမ္ဘာတုန်လောက်သော စကားတစ်ခွန်းကိုပြောလိုက်၏။
ပဟေဠိနန်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားကြ၏။
အဲ့ဒါက စွမ်းအားကြီးပုဂ္ဂိုလ် အထီးကျန်သိုင်းသခင်ဖြစ်နေ၏။
သူတို့သည် ပဟေဠိနန်းတော်၏ အနက်ပိုင်းထဲမှာ နေထိုင်ပြီး ကျင့်ကြံရေးလောကသို့ သွားရောက်လည်ပတ်ခဲသော်လည်း သူတို့သည် ဤနှစ်များအတွင်း အထီးကျန်သိုင်းသခင်နှင့်ပတ်သက်သည့် ကောလာဟလများစွာကို ကြားဖူးထားကြလေသည်။
အထီးကျန်သိုင်းသခင်၏ အမည် ထွက်ပေါ်လာသည့်အချိန်မှာပင် စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်၏ အော်ရာက ကြေမွပျက်စီးသွား၏။
“ဒါက... ပဟေဠိနန်းတော်ပဲ”
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ့ကိုယ်သူ ဣန္ဒြေဆည်ကာ လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ခင်ဗျားက... အထီးကျန်သိုင်းသခင်ဆိုရင်တောင် အထဲကို အတင်းဝင်ရောက်လို့ မရဘူး... မဟုတ်ရင် ခင်ဗျားကို သနားညှာတာမှုမရှိ သတ်ဖြတ်ရလိမ့်မယ်”
သမိုင်းတစ်လျှောက်တွင် မည်သူကမှ ပဟေဠိနန်းတော်ထဲသို့ အတင်းအကျပ်မဝင်ရောက်နိုင်ခဲ့ပေ။
ကျင့်ကြံရေးလောက၏ အကြီးမားဆုံး ဂိုဏ်းတစ်ဂိုဏ်းအနေဖြင့် ပဟေဠိနန်းတော်၏ အခြေခံအုတ်မြစ်သည် ကြောက်စရာကောင်းပြီး ပြိုင်စံရှားနှင့် ပြန်ဝင်စားမွန်းစတား တစ်ယောက်နှစ်ယောက်က ကိုင်လှုပ်နိုင်လိမ့်မည် မဟုတ်ပေ။
ပဟေဠိနန်းတော်၏ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်သည် သူတို့၏နောက်မှာ သူတို့၏ဂိုဏ်းသားအဖော်များနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဆယ်ယောက်ရှိနေသည်ကို သတိရသွားပြီး သူတို့က တဖြည်းဖြည်းစိတ်အားမာန်တက်ကြွလာ၏။
“လစ်စမ်း”
ဆူဇီမို၏ အကြည့်က ရွေ့လျားသွား၏။ ယန်ပေးချန်နှင့် နတ်ဆိုးမကျိက လှပသိမ်မွေ့သတ်ဖြတ်ခြင်းဝင်္ကပါထဲမှာ ပိတ်မိနေပြီး အန္တရာယ်နှင့်ရင်ဆိုင်နေရသည်ကို သူတွေ့မိသောအခါ သူ၏အမူအရာက အေးစက်လာပြီး သူ၏သတ်ဖြတ်လိုစိတ်က ထကြွလာခဲ့၏။
“အတင့်ရဲလှချေလား”
ပဟေဠိနန်းတော်၏ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်က ညိုမည်းသွားသော အမူအရာများနှင့်အတူ အော်ငေါက်လိုက်ကြ၏။
ပဟေဠိနန်းတော်၏ နောက်ခံရှိထားသည့် စွမ်းအားကြီးပုဂ္ဂိုလ်များအနေဖြင့် သူတို့သည် ဤကဲ့သို့သော ဆူပူကြိမ်းမောင်းမှုမျိုးကို တစ်ခါမှမခံခဲ့ရဖူးပေ။
“အတင့်ရဲတာက... မင်းတို့တွေပဲ”
ဆူဇိမို၏အကြည့်က မိုးကြိုးလျှပ်စီးကဲ့သို့ ဖြစ်လာပြီး သူတို့နှစ်ယောက်နှင့် အချိန်ဖြုန်းနေလိုစိတ်မရှိတော့ပေ။ သူက ရပ်တန့်ခြင်းမရှိပဲ ရှေ့သို့ပြေးဝင်လာပြီး သူတို့နှစ်ယောက်ဆီသို့ လက်သီးနှစ်ဖက်ကို ပစ်ထိုးလိုက်၏။
“မင်း...”
ပဟေဠိနန်းတော်၏ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်သည် မျက်လုံးပြူးသွားကြပြီး သူတို့၏သွေးချီနှင့် ဓမ္မစွမ်းအားများကို အလောတကြီးလှည့်ပတ်ကာ ခုခံဖို့အတွက် သူတို့၏လက်နှစ်ဖက်ကို မြှောက်လိုက်ကြ၏။
ဆူဇီမိုသည် အဆူရာထက်ပင် ပို၍စီးပိုးခြယ်လှယ်မှုရှိပြီး စကားတစ်ခွန်းမှမပြောပဲ တိုက်ခိုက်လာလိမ့်မည်ဟု သူတို့က ထင်မှတ်မထားခဲ့ပေ။
ဘန်း... ဘန်း... ဘန်း...
ပဟေဠိနန်းတော်၏ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်က ဆူဇီမို၏လက်သီးကို ပိတ်ဆို့တားဆီးလိုက်၏။
သို့သော်လည်း သူတို့နှစ်ယောက်၏ မျက်နှာက ပြင်းထန်သည့်နာကျင်မှုကို ထုတ်ဖော်ပြသလာ၏။
ဖျောက်...
အရိုးများကျိုးပဲ့သံက ထွက်ပေါ်လာခဲ့၏။
သူတို့၏လက်များက ဆူဇီမို၏လက်သီးချက်ဖြင့် သွင်သွင်ကျိုးသွားခဲ့လေပြီ။
ထိုထိုးချက်၏စွမ်းအားသည် ကြောက်စရာကောင်းနေဆဲ ဖြစ်ပြီး သူတို့၏ ချိုးဖြတ်ကာ သူတို့၏ ရင်ဘတ်များပေါ်သို့ဆင်းသက်လာ၏။
ဖောက်...
သူတို့၏နောက်ကျောကနေ သွေးများက ပန်းထွက်လာ၏။
သူတို့၏ ရင်ဘတ်များက ဆူဇီမို၏လက်သီးချက်ဖြင့် ထိုးဖောက်ခြင်းခံလိုက်ရပြီး သူတို့၏နှလုံးများက ပေါက်ကွဲထွက်သွား၏။
သူတို့၏သွေးချီက ချက်ချင်းပင်ခန်းခြောက်လာခဲ့၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် ဓမ္မစွမ်းအားများကို လှည့်ပတ်ခြင်းဖြင့် ပြတ်တောက်သွားသော ခြေလက်များကို ပြန်ပေါက်စေနိုင်၏။
သို့သော်လည်း ထိုထိုးချက်သည် သူတို့၏ ခန္ဓာကိုယ်ကို စုတ်ပြဲစေလုနီးပါးဖြစ်ခဲ့ပြီး သူတို့၏ ဒဏ်ရာများက အတော်လေးပြင်းထန်ကာ အချိန်တိုအတွင်းမှာ ပြန်လည်သက်သာလာလိမ့်မည် မဟုတ်ပေ။
ပဟေဠိနန်းတော်၏ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်က ဖြူဖပ်ဖြူရော်အမူအရာများနှင့်အတူ လေထဲကနေ ပြုတ်ကျလာခဲ့၏။
တကယ်ဆို... သူတို့နှစ်ယောက်ထဲ မည်သူကမှ ဆူဇီမိုကို လုံးဝမတားဆီးနိုင်ခဲ့ပေ။
“ဇီမို... ဒီဝင်္ကပါထဲကို ဝင်မလာနဲ့”
ထိုစဥ်မှာပင် နတ်ဆိုးမကျိ၏ အသံက ထွက်ပေါ်လာ၏။
“နင်က တခြားသူတွေကို တားဆီးနိုင်တာနဲ့... ငါက ယန်ပေးချန်ကို ခေါ်ထုတ်ပေးလာနိုင်တယ်”
“ကောင်းပြီလေ”
ဆူဇီမိုက သဘောတူစွာ ခေါင်းညိတ်ပြလိုက်၏။
သူသည် လှပသိမ်မွေ့သတ်ဖြတ်ခြင်းဝင်္ကပါနှင့် ပတ်သက်သည့်အကြောင်းကို ကြားဖူးထားခဲ့ပြီဖြစ်၏။
သူ၏တိုက်ခိုက်ရည်ခွန်အားအရ သူသည်လည်း ထိုဝင်္ကပါထဲမှာ ကျဆင်းသွားမည်ဆိုလျှင် ရုန်းထွက်နိုင်လိမ့်မည်မဟုတ်ပဲ မြှုပ်နှံခံရပေလိမ့်မည်။
“အထီးကျန်သိုင်းသခင်”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး လီဟန်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“မင်းက ထိပ်သီးဂိုဏ်းကြီးတွေအများကြီးနဲ့ နက်ရှိုင်းတဲ့ ရန်ငြိုးရန်စရှိနေခဲ့ပြီးသား... ဒါတောင် မင်းက ပဟေဠိနန်းတော်ကို ရန်လာစရဲသေးတယ်ပေါ့”
“ကျုပ်က ပဟေဠိနန်းတော်နဲ့ ဘာရန်ငြိုးရန်စမှမရှိဘူး... ကျုပ်က ခင်ဗျားတို့တွေနဲ့ ရန်သူဖြစ်လာဖို့လည်း တစ်ခါမှမတွေးခဲ့ဘူး”
ဆူဇီမိုက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ဒါပေမဲ့လို့ ကောင်းကင်ဘုံလျှို့ဝှက်ချက်က ကောင်းကင်နဲ့မြေကြီး တောင်ကြားမှာ ထောင်ချောက်တစ်ခုကိုခင်းကျင်းပြီး ကျုပ်အသက်ကို ရန်ရှာခဲ့တယ်... ကျုပ်သတ်ချင်တဲ့သူက သူတစ်ယောက်တည်းပဲ”
“ဟာသပဲ... ကောင်းကင်ဘုံလျှို့ဝှက်ချက်က ပဟေဠိနန်းတော်ရဲ့ သခင်လေးဖြစ်နေပြီ”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး လီဟန်က မျက်မှောင်ကြုတ်လိုက်၏။
“မင်းက သူ့ကိုသတ်ချင်တယ်ဆိုရင်... မင်းက ပဟေဠိနန်းတော်ကို ဆန့်ကျင်တာနဲ့အတူတူပဲ”
“ကျုပ်မှတ်မိတာ မမှားဘူးဆိုရင် ပဟေဠိနန်းတော်ရဲ့ မည်ကာမတ္တတပည့်က လင်းရွှမ်ကျီပဲ... သူက သခင်လေးဖြစ်လာဖို့အတွက် နံပါတ်တစ်လျာထားခံရသူပဲ”
ဆူဇီမိုက အေးစက်စွာဖြင့် မေးမြန်းလိုက်၏။
“လင်းရွှမ်ကျီဘယ်မှာလဲ... သူ့ကိုခေါ်ထုတ်ပြီး ကျုပ်နဲ့ပေးတွေ့လိုက်”
ဆူဇီမိုက အော်ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်... မင်းက တစ်ကိုယ်ကောင်းဆန်တဲ့ အကြံအစည်ရှိပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို အုပ်စိုးဖို့အတွက် ကမ္ဘာဦးတဗူးတစ်ကောင်နဲ့ ပူးပေါင်းပြီး လူသားမျိုးနွယ်ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ်”
ကောင်းကင်ဘုံလျှို့ဝှက်ချက်က ညင်စာစွာ ပြုံးလိုက်၏။
“လင်းရွှမ်ကျီက မင်းနဲ့ အရမ်းကိုရင်းနှီးမှုရှိတယ်... သူက အဲ့ဒီကိစ္စမှာ မပါတာမဖြစ်နိုင်ဘူး... နန်းတော်ရဲ့ စည်းမျဥ်းစည်းကမ်းအောက်ကနေ သူ့ကိုဖိနှိမ်ထားခဲ့တာ ကြာခဲ့ပြီ”
“ဟုတ်ပြီလေ “
ဆူဇီမိုကခေါင်းညိတ်လိုက်၏။
“ဒီလိုဆိုမှတော့လည်း... အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောနေစရာမလိုတော့ဘူး”
သူ့စကားမဆုံးသေးခင်မှာပင် ဆူဇီမိုက ရှေ့သို့တက်လှမ်းပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ကျိုးနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်းရှေ့သို့ ချက်ချင်းဆိုသလို ရောက်ရှိလာကာ ဂါထာမန္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။
“ဥုံ... မာ... ဏီ... ပါ... မီ.... ဟုန်”
တာမင်းမန္တန်၏ စကားလုံး ၆လုံးက တစ်ပြိုင်နက်တည်းထွက်ပေါ်လာ၏။
ဆူဇီမို၏လက်နှစ်ဖက်က လျင်မြန်စွာလှုပ်ရှားသွားပြီး မျက်တစ်မှိတ်မှာပင် တာမင်းဓမ္မချိပ်စည်း ၆ ခုက ရုန်းကန်ထွက်ပေါ်ကာ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်ကို ဖိနှိမ်လိုက်၏။
“မင်းကတော့ သေချင်နေပြီပဲ”
“ရိုင်းစိုင်းလိုက်တာ”
ပဟေဠိနန်းတော်၏ ပညာရှင်များစွာက ကျိန်ဆဲလိုက်ကြ၏။
ဤနေရာမှာ ရပ်နေကြသော တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး စုစုပေါင်းဆယ်ယောက်ရှိ၏။
အဲ့ဒီမှာ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကလည်း အယောက်တစ်ရာကျော်လေသည်။
မဟာယာနမျိုးနွယ်စုခေါင်းများတစ်ယောက် ပေါ်ထွက်မလာသရွေ့ ဤကဲ့သို့ ကြောက်စရာကောင်းသည့် အင်အားအစုအဖွဲ့သည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် ယှဥ်ပြိုင်နိုင်သည့်တစ်စုံတစ်ရာ မဟုတ်ပေ။
အဲ့ဒါသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ကျိုးနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်းတို့သာလျှင် မဟုတ်ပဲ အခြားသော တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများကလည်း အထီးကျန်သိုင်းသခင်ကို ဖိနှိမ်ဖို့အတွက် ချက်ချင်းပင်တိုက်ခိုက်လိုက်ကြ၏။
တစ်ချိန်တည်းမှာပင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အယောက်တစ်ရာကလည်း သူ့ကိုဝိုင်းပတ်လာကြ၏။
“ဂျူနီယာညီလေး.. ဒီပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေကို ငါ့အတွက်ထားလိုက်”
မင်းကျန်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
သူ့စကားမဆုံးသေးခင်မှာပင် မင်းကျန်သည် သူ၏ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုပြီး ဗုဒ္ဓတရားစာတစ်ခုကို ရွတ်ဆိုလိုက်၏။ သူက လက်ဟန်ချိပ်စည်းများကို ဆင့်ခေါ်ပြီး ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကို တိုက်ခိုက်လိုက်၏။
“ငရဲဖိနှိမ်ချိပ်စည်း”
အဲ့ဒါသည် ကမ္ဘာ့ကွန်ချာဗုဒ္ဓ၏ အမွေအနှစ် ဓမ္မချိပ်စည်းဖြစ်၏။
ထိုချိပ်စည်းသက်ဆင်းလာမှုက ငရဲကိုဖိနှိမ်နိုင်လေသည်။
ဧရာမချိပ်စည်း ဆင်းသက်လာသည့်အချိန်မှာပင် ပဟေဠိနန်းတော်၏ စွမ်းအားကြီးပုဂ္ဂိုလ်များသည် မွန်းကျပ်ဖွယ်ရာ စွမ်ပကားတစ်ခုကို ခံစားရပြီး သူတို့၏ အမူအရာများက ပြောင်းလဲသွားကြ၏။
တကယ်တော့... ပဟေဠိနန်းတော်မှာ စွမ်းအားကြီးပုဂ္ဂိုလ်များစွာရှိကြလေသည်။ ငရဲဖိနှိမ်ချိပ်စည်းက စွမ်းအားကြီးမားသော်လည်း မင်းကျန်၏ ကျင့်ကြံမှုအဆင့်က ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ရာကို ဖိနှိမ်ဖို့အတွက် အနည်းငယ် နိမ့်ကျနေဆဲ ဖြစ်၏။ သူသည် ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်လာသည်မှာမကြာသေးပေ။
အခြားတစ်ဘက်မှာတော့...
ဆူဇီမိုသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဆယ်ယောက်နှင့် တိုက်ခိုက်လိုက်သည့်ခဏမှာပင် သူက လုံးဝ ထိန်ချန်ထားခြင်း မရှိဘဲ ကြီးမားသည့်တိုက်ပွဲက ထွက်ပေါ်လာလေသည်။ တောင်တန်းများက လှုပ်ခါလာပြီး ရာသီဉတုက ပြောင်းလဲသွား၏။