← Chapters

လှည့်စားခံရခြင်း

Vol. 97 Ch. 1450

လှည့်စားခံရခြင်း

Vol. 97 Ch. 1450

ကောင်းကင်ဖြန့်ကြက်တောင်ကျောရိုး၏ အနက်ပိုင်း ရှည်လျားသော မြေအောက်ဥမင်ထဲတွင် ခိုးကြောင်ခိုးဝှက် ပုံရိပ်နှစ်ခုက ဂရုတစိုက်ဖြင့် ရှေ့သို့ချဉ်းကပ်လာနေကြ၏။

ဖက်တီးလေးသည် ဘယ်ဘက်လက်မှာ မြေပုံတစ်ခု ၊ ညာလက်လက်မှာ မြေတိုင်းအိမ်မြှောင်တစ်ခုကို ကိုင်ဆွဲကာ ရှေ့ကနေ လျှောက်လှမ်းနေ၏။ မကြာမကြာဆိုသလို သူသည် မြေပုံနှင့်တိုက်ကြည့်ပြီး မြေကြီးများကို ဆက်လက်တူးထုတ်နေ၏။

“ပဟေဠိနန်းတော်က ရုတ်ရုတ်သဲသဲအခြေအနေတွေက ပိုပြီးတော့ ပြင်းထန်လာသလိုပဲ”

ရှစ်ကျန့်က နောက်ကနေလိုက်ပါလာပြီး တီးတိုးရေရွတ်လိုက်၏။

ထိုအခိုက်အတန့်တွင် သူတို့သည် မြေအောက်အနက်ပိုင်းထဲသို့ ရောက်ရှိနေပြီး အထက်မှလူသံများကို ဆက်လက်၍ မကြားနိုင်တော့ပေ။ သို့သော်လည်း တိုက်ပွဲသံများက မကြာမကြာဆိုသလို ထွက်ပေါ်လာတတ်၏။

မြေပြင်က တသိမ့်သိမ့်လှုပ်ခါသွားပြီး ရွှံ့ခဲများက မကြာမကြာ ဖွာလန်ကျဲသွားတတ်၏။ သူတို့သည် အုတ်ဂူအရိပ်အယောင်ကို ယခုအချိန်ထိ မတွေ့မြင်ရသေးသော်လည်း သူတို့၏မျက်နှာများက ရွှံ့အလိမ်းလိမ်းဖြင့် ညစ်ပေနေပြီဖြစ်၏။

“ဘယ်သူသိမလဲ... ယေဘုယျကျကျပြောရမယ်ဆိုရင် အဆူရာက လှပသိမ်မွေ့သတ်ဖြတ်ခြင်းဝင်္ကပါကြောင့် သတ်ဖြတ်ခံသွားရတာ ကြာလောက်ပြီ ။ ထူးခြားတာ တစ်ခုခုဆက်ပြီး ဖြစ်နေတာများလား။”

ရှစ်ကျန့်က ခေါင်းခါလိုက်၏။

ဆူဇီမိုနှင့် အခြားသူများ ရောက်ရှိလာသည့်အချိန်မှာ ရှစ်ကျန့်နှင့် ဖက်တီးလေးသည် မြေအောက်သို့ ရောက်ရှိနေကြပြီဖြစ်ပြီး အပေါ်တွင်ဖြစ်နေသည့်အရာများကို သူတို့က မသိနိုင်တော့ပေ။

သူတို့သည် အဆက်မပြတ်ထွက်ပေါ်လာသော တိုက်ပွဲသံများကိုသာ ကြားနေရ၏။

“သူတို့ကို ဘယ်သူက ဂရုစိုက်နေမှာလဲ... သူတို့ပိုပြီးတိုက်ခိုက်လေလေ ပိုကောင်းလေပဲ... အဲ့လိုဆိုရင် ငါတို့ရဲ့လမ်းကြောင်းက ပေါက်ကြားမှာ မဟုတ်တော့ဘူး”

ရှစ်ကျန့်က ခေါင်းခါ၍ ရတနာမြေပုံကို ဆက်လက်လေ့လာနေ၏။

“မင်းအဲ့ဒါကို လုပ်နိုင်တာသေချာရဲ့လား... ငါတို့ ဒီထဲကိုရောက်နေတာ ကြာလှပြီ ဒါပေမဲ့ ငါတို့က အုတ်ဂူရဲ့တစ်စွန်းတစ်စကိုတောင် အခုချိန်ထိမတွေ့ရသေးဘူး”

ရှစ်ကျန့်က လျှောက်လှမ်းလာပြီး မကျေမနပ်ရေရွတ်လိုက်၏။

ဖက်တီးလေးက ချွေးများဖြင့် စိုရွှဲနေပြီး ရှက်ကိုးရှက်ကန်းဟန်ဖြင့် ပြောလိုက်လေသည်။

“အုတ်ဂူရဲ့ တည်နေရာက ထောက်လှမ်းဖို့အတွက် တကယ်ကိုခက်ခဲနေတယ်... နောက်ပြီး ဒီနေရာမှာ ချိပ်စည်းတွေအများကြီးရှိနေတယ်... လမ်းတစ်လျှောက်မှာ ငါတို့က ချိပ်စည်းပေါင်းများစွာကို ချိုးဖြတ်ခဲ့ရ​ပြီးပြီ”

ဒီကောင်းကင်ဖြန့်ကြက်တောင်ကျောရိုးက တကယ့်ကိုထူးဆန်းနေတာအမှန်ပဲ... ငါတို့ဝင်ရောက်လာကတည်းက ငါ့ရဲ့ မြေတိုင်းသံလိုက်အိမ်မြှောင်က သုံးစားလို့ မရတော့ဘူး... ငါက ဘယ်ဘက်အရပ်လဲတောင် မခွဲနိုင်တော့ဘူး”

“ငါတို့လမ်းပျောက်နေပြီလား”

ရှစ်ကျန့်က တုန်လှုပ်သွား၏။

“အဲ့လိုတော့ မဟုတ်သေးပါဘူး”

ဖက်တီးလေးက သူ၏ခေါင်းကို အလောတကြီးခါပြလိုက်၏။

“မပူနဲ့... မြေပုံရဲ့ တည်နေရာအရဆို ငါတို့က အဲ့ဒီနားကို ရောက်လုနီးပါးဖြစ်နေပြီ... ဒီလိုဏ်ဂူက ချိပ်စည်းအထပ်ထပ်နဲ့ ကာထားတာဆိုတော့ အထဲမှာသေချာပေါက် ရတနာတွေရှိနေလိမ့်မယ်”

“မြန်မြန်ကြိုးစားလိုက်ကြတာပေါ့”

ဖက်တီးလေးက လောဆော်လိုက်၏။ ရှစ်ကျန့်သည် ဒြပ်စင်ငါးမျိုး ရုပ်သေးရုပ်များကို ထိန်းချုပ်ပြီး ဖက်တီးလေး၏ ညွှန်ကြားအချက်အရ ရှေ့သို့ဆက်လက်တူးထုတ်နေ၏။

ရုပ်သေးရုပ်များကို အသုံးပြုပြီး လမ်းကြောင်းဖော်ခြင်းသည် အချိန်နှင့်စွမ်းအင်ကို သက်သာစေ၏။ ဒါ့အပြင် သူနှင့် ဖက်တီးလေးသည် အန္တရာယ်တစ်ခုခုရှိလာလျှင် အရင်ဆုံးထိခိုက်ခံရတော့မည် မဟုတ်ပေ။

ခဏနေပြီးနောက် ဖက်တီးလေးက အော်ပြောလိုက်၏။

“ရပ်လိုက်တော့”

ရှစ်ကျန့်၏ စိတ်ဝိညာဥ်အသိစိတ်သည် လှုပ်ရှားသွားပြီး ဒြပ်စင်ငါးမျိုး ရုပ်သေးရုပ်များက ရပ်တန့်သွားကြ၏။

“အဲ့ဒီနေရာကို ကြည့်စမ်း... အဲ့ဒါက ဒီဘယ်ဘက်နားမှာပဲ ဖြစ်ရမယ်... အဲ့ဒါကို ငါကိုယ်တိုင် လုပ်မယ်”

သူ၏ ဝဝဖိုင့်ဖိုင့် လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်ပြီး ဖက်တီးလေးက ဂေါ်ပြားတစ်လက်ကို ဆွဲထုတ်ကာ ဘယ်ဘက်ခြမ်းကို စတင်တူးထုတ်လိုက်၏။

သိပ်မကြာခင် သူက ဂေါ်ပြားကို ကိုင်မြှောက်လိုက်၏။

ဖက်တီးလေး၏ မျက်လုံးက ဝင်းလက်သွားပြီး သွားဖြဲလိုက်လေသည်။

“အောင်မြင်ပြီ... ငါတို့နောက်ဆုံး အဲ့ဒါကို တူးထုတ်နိုင်သွားပြီ”

“ငါအရင်ဝင်ပြီး ငါ့ရဲ့ရတနာကို အရင်ယူရမယ်”

ရှစ်ကျန့်က အားမာန်တက်ကြွစွာဖြင့် ဖက်တီးလေးကို အလောတကြီးတွန်းဖယ်ထုတ်လိုက်၏။ သူက အပေါက်၏ ပတ်လည်ကို အကြိမ်ရေအနည်းငယ် တူးထုတ်ပြီးနောက် အထဲသို့ ဝင်ရောက်လိုက်လေသည်။

သူသည် အထဲသို့ကိုယ်တစ်ဝက်ဝင်သွားပြီး သူ၏ခေါင်းကိုမော့ကြည့်ကာ ကြောင်အ,မှင်တက်သွား၏။

ဖက်တီးလေးသည် နောက်ကနေစောင့်ဆိုင်းနေ၏။ ရှစ်ကျန့်က အုတ်ဂူအပေါက်ကနေ တစ်ပိုင်းတစ်လစ်နှင့် ရပ်တန့်နေသည်ကို မြင်သောအခါ သူကမနေနိုင်ပဲ လောဆော်လိုက်၏။

“ဝင်စရာရှိတာမြန်မြန်ဝင်လေ... အဲ့ဒီအတိုင်းကြီးရပ်မနေနဲ့”

ဆက်လက်၍မစောင့်နိုင်တော့ပဲ ဖက်တီးလေးက ရှစ်ကျန့်ကို လက်ဖြင့်အထဲသို့တွန်းပို့ကာ သူက လိုက်ပါဝင်ရောက်လိုက်၏။

အုတ်ဂူထဲသို့ ဝင်ရောက်လာပြီးနောက် ဖက်တီးလေးသည် ပြူးကျယ်သောမျက်လုံးများနှင့်အတူ စိတ်လှုပ်ရှားစွာဖြင့် ဘေးပတ်လည်ကို လှည်လှယ်ကြည့်ရှုလိုက်၏။

အခန်းက အနည်းငယ်ထူးဆန်းလေသည်။ အဲ့ဒါက သိပ်၍မကြီးမားပဲ တစ်ချက်ကြည့်လိုက်ရုံဖြင့် ရှင်းလင်းစွာမြင်နိုင်လေသည်။ အထဲမှာ လူတစ်ယောက်ကလွဲ၍ တခြားဘာမှရှိမနေပေ။

“ဟမ်...”

ဖက်တီးလေးသည် ကြောင်အ,မှင်တက်သွားပြီး မျက်လုံးပြူးမျက်ဆံပြူးဖြင့် သူ့ရှေ့ကလူကို စိုက်ကြည့်လိုက်၏။

ဒီနေရာမှာ ဘာ့ကြောင့် လူတစ်ယောက်ရှိနေရတာလဲ...

ထိုလူက သူတို့ကို ကျောပေးထားပြီး အသက်ဓာတ်အားတစ်ခုဖြာထွက်နေ၏။ ထိုသူက လူသေတစ်ယောက်မဟုတ်ပဲ သက်ရှိတစ်ယောက်ဖြစ်သည်မှာ သိသာနေ၏။

ထိုစဥ်မှာပင် ထိုလူက သူတို့ဘက်သို့ ဖြည်းဖြည်းချင်း လှည့်လာပြီး သက်ပြင်းချလိုက်၏။

“မင်းတို့တွေ နောက်ဆုံးတော့ ဒီနေရာကို ရောက်လာပြီပေါ့”

“လင်းရွှမ်ကျီ “

ဖက်တီးလေးနှင့် ရှစ်ကျန့်က အော်ခေါ်လိုက်၏။

အခန်းထဲရှိလူသည် သူတို့နှစ်ယောက်ကို ဤအုတ်ဂူကို တူးဖော်ဖို့ ဖိတ်ခေါ်ခဲ့သော လင်းရွှမ်ကျီပင်ဖြစ်၏။

“ငါတော့... ဒီတစ်ခေါက်လည်း ကံဆိုးပြန်ပြီ”

ရှစ်ကျန့်က မကျေမနပ်ဖြင့် အော်ပြောလိုက်၏။

“ဒီငနဲက ငါတို့ကို တစ်ပတ်ရိုက်လိုက်ပြန်ပြီ... ငါတို့ရဲ့ အချိန်တွေနဲ့ ကြိုးစားအားထုတ်မှုတွေက အလကားဖြစ်သွားပြီပေါ့”

“တစ်ခုခုတော့လွဲနေပြီ”

ဖက်တီးလေးက မျက်မှောင်ကြုတ်လိုက်၏။

သူက ဘေးပတ်လည်ကို ကြည့်ရှုပြီး တစ်စုံတစ်ရာလွဲမှားနေသည်ကို ခံစားမိလိုက်၏။

“ဒါက အုတ်ဂူအခန်းတစ်ခုမဟုတ်ဘူး”

ရှစ်ကျန့်ကလည်း တဖြည်းဖြည်းသတိဝင်လာပြီး ဗလုံးပထွေးရေရွတ်လိုက်၏။

“ဒါက... အကျဥ်းထောင်တစ်ခုနဲ့ တူနေတယ်”

လင်းရွှမ်ကျီက ရှက်ကိုးရှက်ကန်းအမူအရာဖြင့် ညင်သာစွာ ချောင်းဟန့်လိုက်၏။

တဖြည်းဖြည်းနှင့် ဖက်တီးလေးသည် တစ်စုံတစ်ရာကို နားလည်သွားပြီး အော်ပြောလိုက်၏။

“လင်းရွှမ်ကျီ.... သေစမ်း မင်းက ငါတို့နှစ်ယောက်ကို လှည့်စားဖို့အတွက် ဒီနေရာမှာချုပ်နှောင်ခံပြီး ရတနာမြေပုံတစ်ခုကို သက်သက်ဖန်တီးခဲ့တာပဲ”

ဖက်တီးလေးက နီရဲနေသောမျက်လုံးများနှင့် ဒေါသတကြီး အမူအရာနှင့်အတူ ရှေ့သို့ပြေးတက်လာ၏။ သူက လင်းရွှမ်ကျီကို အ​သေသတ်ချင်နေသည့်အလား ထိုသူ၏လည်ပင်းကို တင်းကျပ်စွာဖမ်းညှစ်လိုက်၏။

“လခွမ်းပဲ... လင်းရွှမ်ကျီ မင်းတော်တော်မကောင်းတဲ့ကောင်ပဲ”

ရှစ်ကျန့်ကလည်း ငေးငိုင်နေရာကနေ သတိဝင်လာပြီး ကျိန်ဆဲလိုက်လေသည်။

“နေကြပါဦး... နေကြပါဦး အဲ့လောက်ဆို တော်လောက်ပါပြီ”

လင်းရွှမ်ကျီက ခဏမျှရုန်းကန်ပြီးနောက် စိတ်သက်သာစွာသက်ပြင်းချကာ အမောတကောဖြင့် ပြောလိုက်၏။

“ငါလိမ်ခဲ့တာမဟုတ်ဘူး... ဒီနေရာမှာ တကယ်ပဲ ရတနာတွေရှိနေတယ်”

“ဘယ်မှာလဲ... အဲ့ဒါကို ထုတ်ပေးစမ်းပါ”

ဖက်တီးလေးက သူ၏လက်နှစ်ဖက်ကိုဖြန့်ပြီး ဒေါသတကြီးတောင်းဆိုလိုက်၏။

ကြည့်ရသည်မှာ လင်းရွှမ်ကျီသည် ရတနာတစ်ခုခုကိုထုတ်မပေးနိုင်လျှင် သူက ထိုသူကို အသေသတ်တော့မည့်အလားပင်။

လင်းရွှမ်ကျီက ချောင်းဟန့်၍ သူ့ကိုယ်သူလက်ညိုးထိုးကာ ​ဖြောင့်မှတ်မှန်ကန်သယောင်ဖြင့် ပြောလိုက်၏။

“ငါက အကြီးမားဆုံးရတနာပဲ... ဒီကမ္ဘာမှာ ဘယ်ရတနာကများ ငါ့ထက်ပိုပြီး တန်ဖိုးရှိဦးမှာလဲ”

“ချီးပဲကွာ”

ဖက်တီးလေးနှင့် ရှစ်ကျန့်သည် အော်ဂလီဆန်လာပြီး နေရာမှာတင် အော့အန်လုမတက် ဖြစ်သွားကြ၏။

သူတို့နှစ်ယောက်သည် ဤကဲ့သို့သော အရှက်မဲ့သည့်လူတစ်ယောက်နှင့် စကားဆက်လက်ပြောချင်စိတ် မရှိတော့ပေ။

“အရူးကျန့်... မင်းက ပထမဆုံးတွေတဲ့ ရတနာကို ယူမယ်လို့ တတွတ်တွတ်ပြောနေခဲ့တာ မဟုတ်ဘူးလား... ဒီမဟာရတနာက မင်းအတွက်ပဲ”

ဖက်တီးလေးက လင်းရွှမ်ကျီကို လက်ညိုးထိုးပြလိုက်၏။

ရှစ်ကျန့်၏ မျက်နှာက အကြောက်အကန်ငြင်းဆန်သည့်ပုံပေါက်သွားပြီး အထင်သေးစွာဖြင့် ပြောလိုက်၏။

“အဲ့ဒါကြီးကိုတော့ ငါမလိုချင်ဘူး... ဒီငနဲကြီးက တော်တော်များသွားပြီ... သူက မင်းထက်တောင်မှ ​ပိုပြီးကလိမ်ကျနေသေးတယ်”

“ညီကိုတို့ ငါ့မှာတကယ်ပဲ ရွေးချယ်စရာမရှိခဲ့လို့ပါကွာ”

လင်းရွှမ်ကျီက ရှင်းပြလိုက်၏။

“ငါက ငါ့ဂိုဏ်သားအ​ဖော်တွေရဲ့ အကောက်ကြံတာကိုခံရပြီး ဒီနေရာမှာ ချုပ်နှောင်ခံထားရတယ်... ငါ့မှာ ဘယ်လိုမှ ထွက်ပေါက်မရှိခဲ့ဘူး”

“အဲ့ဒါဆိုရင် ရတနာမြေပုံတစ်ခုကို ဘယ်လိုထုတ်ပေးလိုက်တာလဲ”

ဖက်တီးလေးက မျက်စောင်းတစ်ချက်ထိုးလိုက်၏။

“ငါ့မှာလည်း လှည့်ကွက်တချို့တော့ ရှိသေးတာပေါ့... ငါ့အတွက် အပြင်ဘက်ကို သတင်းအချက်အလက်တစ်ခုပေးပို့ဖို့က သိပ်တော့အခက်အခဲမရှိဘူး”

လင်းရွှမ်ကျီက ပြောလိုက်၏။

“ငါအဲ့ဒါကို ဘယ်လိုပဲစဥ်းစားစဥ်းစား ဒီလောကမှာ ငါ့ကိုကယ်နိုင်တာ မင်းတို့နှစ်ယောက်ပဲရှိတယ်... ညီကိုတို့ မင်းတို့တွေက အုတ်ဂူဖောက်တဲ့လုပ်ငန်းကို နှစ်ပေါင်းများစွာလုပ်ခဲ့ပြီး အတွေ့အကြံလည်းကြွယ်ဝနေပြီ... အဲ့ဒီနေရာမှာ ဘယ်သူကမှ မင်းတို့ကို ယှဥ်နိုင်မှာမဟုတ်ဘူး”

“အဲ့ဒါက ပေါင်းစည်းခန္ဓာတစ်ယောက်ရဲ့ အုတ်ဂူပဲဖြစ်ဖြစ် ၊ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ရဲ့ အုတ်ဂူပဲဖြစ်ဖြစ် မင်းတို့နှစ်ယောက်က စိတ်ရှိတိုင်း ဝင်ချင်ဝင် ထွက်ချင်ထွက်နိုင်ကြတယ်... ဒီနေရာမှာ ချိပ်စည်းတွေကို အထပ်ထပ်ချထားပြီး ဘယ်သူကမှ တည်နေရာကို မဆုံးဖြတ်နိုင်ဘူး ညီကိုတို့... မင်းတို့နှစ်ယောက်ကတော့ အဲ့ဒီအခက်အခဲအတားအဆီးတွေကို ကျော်ဖြတ်ပြီး နောက်ဆုံးဒီနေရာကို ရှာဖွေနိုင်ခဲ့တယ်.. တကယ့်ကို လက်ဖျားခါချင်စရာပဲ”

“ညီကိုတို့... မင်းတို့တွေက ဓမ္မဝိသေသတာအိုအရှင်တွေဆိုပေမဲ့ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေနဲ့ မဟာယာန မျိုးနွယ်စုခေါင်းဆောင်တွေတောင် ဒီလိုမျိုး မင်းတို့ရဲ့နည်းလမ်းတွေကို ယှဥ်နိုင်မှာမဟုတ်ဘူး “

“မင်းတို့ရဲ့အစွမ်းအစနဲ့ဆို... မင်းတို့နှစ်ယောက်ရဲ့နာမည်က သမိုင်းမှတ်တမ်းထဲမှာ သေချာပေါက်ကျန်ရစ်ခဲ့လိမ့်မယ်……………..”

လင်းရွှမ်ကျီက လျှာစောင်းထက်ပြီး ဖက်တီး​လေးနဲ့ရှစ်ကျန့်ကို ဆက်လက်၍ မြှောက်ပင့်ပြောဆိုလိုက်လေသည်။

ရှစ်ကျန့်က ထိုစကားလုံးများမှာ လုံးဝနစ်မျောသွားပြီး သူ၏နာမည် သမိုင်းတွင်ကျန်ရစ်မည့်အကြောင်းကို စိတ်ကူးယဥ်နေ၏။

ဖက်တီးလေးကသာလျှင် သူ့ကိုယ်သူအကောင်းဆုံးထိန်းချုပ်ထားနိုင်၏။

ဒါတောင် သူ၏မျက်လုံးများက ဘဝင်ခိုက်မှုကို ထင်ဟပ်ပြသနေ၏။

“အဟမ့်”

နောက်ဆုံးမှာတော့ ဖက်တီးလေးက ညင်သာစွာ ချောင်းဟန့်၍ ဟိတ်ဟန်တစ်ခွဲသားနှင့် လက်ကာပြလိုက်၏။

“ဒီလိုကိစ္စမျိုးဆိုတာ... နှိမ့်နှိမ့်ချချနေတာပဲ ကောင်းတယ်... အဲ့ဒါကို ခင်ဗျားသိထားရင် လုံလောက်နေပါပြီ... တခြားသူတွေကို လျှောက်ပြောမနေနဲ့တော့”

“ကျုပ်တို့က ညီကိုတွေပဲ... နာမည်ဂုဏ်သတင်းနဲ့ အခွင့်အလမ်းတွေကို မမက်မောတဲ့လူတွေပဲ”

ရှစ်ကျန့်က ထပ်ပြောလိုက်၏။

“ဟုတ်.. ဟုတ်... ဟုတ်တာပေါ့”

လင်းရွှမ်ကျီက ခေါင်းညိတ်ပြလိုက်၏။

“ကျုပ်သိထားတဲ့လူတွေထဲမှာ ခင်ဗျားတို့နှစ်ယောက်က လောကီရေးရာတွေနဲ့ အကင်းကွာဆုံး နေတတ်တဲ့သူတွေပဲ”

“ညီကိုတို့... ခင်ဗျားတို့က ဖြောင့်မတ်မှန်ကန်တဲ့စိတ်နေစရိုက်ရှိပြီး တရားမျှတမှုကို ချစ်ခင်မြတ်နိုးတဲ့သူတွေပဲ……”

ဖက်တီးလေးနှင့် ရှစ်ကျန့်သည် စိတ်အားမာန်တက်ကြွလာပြီး သူတို့၏မျက်နှာများက ပြုံးဖြီးလာကြ၏။ ရုတ်တရက် ဤခရီးစဥ်သည် သူတို့အတွက် လုံးဝထိုက်တန်မှုရှိသည်ဟု ခံစားလာရ၏။

လင်းရွှမ်ကျီက မျက်လုံးစွေကြည့်လိုက်၏။ သူတို့နှစ်ယောက် လက်ခံလာစေဖို့အတွက် သူသည် မြှောက်လုံးပင့်လုံးများကို အဆက်မပြတ်ပြောဆိုနေရပြီး သူ၏လည်ချောင်းများက ကွဲလုမတတ်ပင်ဖြစ်နေလေပြီ။

All Chapters