တာအိုမီး၏ စွမ်းပကား
Vol. 97 Ch. 1451
နတ်ဆိုးမ ကျိသည် ယန်ပေးချန်ကို လှပသိမ်မွေ့ သတ်ဖြတ်ခြင်းဝင်္ကပါထဲကနေ ခေါ်ထုတ်လာခဲ့၏။ ယန်ပေးချန်သည် သူ၏ ရင်ထဲမှာ တလိပ်လိပ်တက်လာသော အမုန်းတရားနှင့် အမျက်ဒေါသများကို တစ်ချိန်လုံး ဖိနှိမ်ထားခဲ့ရ၏။
သူ၏ အမုန်းတရားများကို ခုတ်ချက်တစ်ချက်တည်းဖြင့် ထုတ်ဖော်လိုက်သည့်အခါ ပဟေဠိနန်းတော်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်က နေရာမှာတင် သတ်ဖြတ်ခံလိုက်ရ၏။
တကယ်တော့ ပဟေဠိနန်းတော်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသည် သေဆုံးသွားရသည့် အကြောင်းရင်းမှာ သူသည် ယခင်က ဆူဇီမိုနှင့် တိုက်ခိုက်နေခဲ့ရသောကြောင့် ဖြစ်၏။ ယခုအချိန်တွင် သူက သူ၏ အထွတ်အထိပ် အခြေအနေမှာ ရှိမနေတော့ပေ။ ဒါ့အပြင် သူ၏ စိတ်အာရုံက ဆူဇီမိုအပေါ်မှာ တစ်ချိန်လုံး ကျရောက်နေခဲ့၏။ အောက်ဘက်ကနေ ဤကဲ့သို့ ကြောက်စရာကောင်းလှသည့် ခုတ်ချက်တစ်ချက် ထွက်ပေါ်လာလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။
အဆူရာ ပေါ်ထွက်လာသည့် ခဏမှာပင် အခြေအနေက ချက်ချင်းပြောင်းလဲသွား၏။
ဆူဇီမို တစ်ယောက်တည်း တိုက်ခိုက်ခဲ့စဥ်က ပဟေဠိနန်းတော်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၁၀ ယောက်နှင့် ကောင်းကင်ဘုံလျှို့ဝှက်ချက်ကဲ့သို့ ပြန်ဝင်စား မွန်းစတားတစ်ယောက်သည် သူနှင့်အတူ မျှချေတစ်ခုမှာ လွန်ဆွဲတိုက်ခိုက်နေနိုင်ကြ၏။
ယခု သိပ်သည်းပြင်းထန်သော အမုန်းနှင့် ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုနှင့်အတူ အဆူရာက ပေါ်ထွက်လာသည့်အခါ ပဟေဠိနန်းတော်သည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီး သူတို့၏ အခြေအနေက စတင်ဆိုးရွားလာခဲ့၏။
“ကျမ.. မင်းကျန်ကို ကူညီပေးလိုက်မယ်”
နတ်ဆိုးမ ကျိသည် သူ၏ တိုက်ခိုက်ရည်ခွန်အားအရ သူမက ဆူဇီမိုကို ကူညီပေးမည်ဆိုလျှင်တောင် သူမအနေဖြင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများကို များစွာ ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ကြောင်း ကောင်းကောင်းသိထား၏။
တစ်ဖက်မှာတော့.. မင်းကျန်သည် ပဟေဠိနန်းတော်၏ စွမ်းအားကြီးပုဂ္ဂိုလ် ၁၀၀နှင့် တိုက်ခိုက်နေပြီး အနိုင်နိုင်သာ တောင့်ခံနေရ၏။
ပေါ့ပါးဖျတ်လတ်သော ခြေလှမ်းများနှင့်အတူ သူမသည် တိုက်ပွဲနယ်မြေထဲသို့ ရောက်ရှိလာပြီး ပဟေဠိနန်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်များကို ပြုံးပြကာ ချိုအီသော မွှေးရနံ့ကို ရှူထုတ်လိုက်၏။
“အားလုံးပဲ.. ရှင်တို့က ကျွန်မနဲ့ တကယ်ပဲ ရန်သူတွေ ဖြစ်ကြတော့မလို့လား”
စင်ကြယ်အပျိုစင်သုတ္တန်ကို ကျင့်ကြံပြီးနောက်.. နတ်ဆိုးမ ကျိသည် ဖော်မပြတတ်ဘဲ ရပ်တန့်မရနိုင်သည့် ညှို့ငင်ဓာတ်တစ်ခုကို ဖြာထုတ်ပေးလာနိုင်၏။
အမျိုးသားများကို မပြောနှင့်.. အမျိုးသမီးများပင်လျှင် သူမထံသို့ စိတ်လွတ်လက်လွတ် ချဉ်းကပ်လာမိပေလိမ့်မည်။
အဲဒါသည် လောကတစ်ခုလုံးကို မှောက်လှန်ပစ်နိုင်သည့် အစစ်အမှန် ညှို့ငင်ဓာတ်ဖြစ်၏။
အခြားတစ်ဖက်မှာတော့… ယန်ပေးချန်က သူ၏မျက်လုံးထဲမှာ အခြား မည်သူ့ကိုမှ ဆက်လက်၍ မမြင်နိုင်တော့ပေ။
သူသည် သူ့ကိုယ်ပိုင်အမုန်းတရားထဲမှာ လုံးဝ နစ်မြုပ်သွားခဲ့ပြီဖြစ်၏။ အဲဒီမှာ သေခြင်း ရှင်ခြင်း သို့မဟုတ် သူ့နှလုံးသားထဲမှာ ငဲ့ကွက်ထိန်ချန်ခြင်းတို့ မရှိတော့ပေ။ အဲဒီမှာ အတွေးတစ်ခုသာလျှင် ရှိတော့၏။ အဲဒါက ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို သတ်ဖြတ်ပြီး ချင်ဖျန်ယန်အတွက် လက်စားချေဖို့ ဖြစ်၏။
ယန်ပေးချန်၏ မျက်လုံးများက ပိန်းပိတ်အောင် နက်မှောင်နေပြီး အမုန်းမိစ္ဆာချီဖြင့် ပကတိ ပြည့်လျှမ်းနေ၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် နက်မှောင်နေသော ထိုမိစ္ဆာမျက်လုံးများကို ကြည့်ပြီး ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာခဲ့၏။
ဤနေရာက ဘာပဲပြောပြော ပဟေဠိနန်းတော် ဖြစ်၏။
အဆူရာနှင့် အထီးကျန်သိုင်းသခင်ပင်လျှင် သူတို့က ပြဿနာ တစ်စုံတစ်ရာ ရှာနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း အဆူရာကဲ့သို့ ငမိုက်သားတစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် ကောင်းကင်ဘုံလျှို့ဝှက်ချက်က ရုတ်တရက် နောင်တရမိလိုက်၏။
အတိအကျဆိုရလျှင်.. ဒီဘက်မျိုးဆက်၏ အဆူရာကို မွေးထုတ်ပေးလိုက်သူက သူပင်ဖြစ်လေသည်။
ယန်ပေးချန်သည် လှပသိမ်မွေ့ သတ်ဖြတ်ခြင်းဝင်္ကပါထဲမှာ ခြေလှမ်း ၂၀၉ လှမ်း လှမ်းပြီးနောက် ဒဏ်ရာများဖြင့် ပြည့်နှက်နေခဲ့ပြီဖြစ်၏။ သို့သော်လည်း ထိုအခိုက်အတန့်တွင် သူသည် မည်သည့် နာကျင်မှုကိုမှ မခံစားရပေ။ သူသည် လေထဲသို့ ခုန်တက်ပြီး အမုန်းမိစ္ဆာဆေဘာနှင့်အတူ ကောင်းကင်ဘုံလျှို့ဝှက်ချက်ရှိရာသို့ ပြေးဝင်သွား၏။
“မိစ္ဆာ.. သေစမ်း”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးသည် ဟိန်းဟောက်၍ သူ၏ သိုလှောင်အိတ်ကို ပုတ်လိုက်၏။ ရွှေရောင်အလင်းတန်းတစ်ခုက ပျံသန်းထွက်ပေါ်လာပြီး ယန်ပေးချန် ရှိရာသို့ ပြေးဝင်သွားလေသည်။
ရွှေရောင်အလင်းတန်းက ဓမ္မလက်နက်တစ်ခု မဟုတ်ဘဲ သက်ရှိတစ်ကောင် ဖြစ်၏။
အဲဒါက ဂမ္ဘီရလိပ်ချိုး ငှက်တစ်ကောင်ဖြစ်သည်ကို ဆူဇီမိုက ရှင်းလင်းစွာ မြင်လိုက်ရ၏။
ဂမ္ဘီရလိပ်ချိုးသည် မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်တစ်ကောင်ဖြစ်ပြီး ခြေသုံးချောင်း ရွှေကျီးကန်း၏ မျိုးဆက်သွေးကို ပိုင်ဆိုင်ထား၏။ ၎င်း၏ အကန့်အသတ်ထိ ကျင့်ကြံပြီးသောအခါ.. ၎င်းသည် အစစ်အမှန် ခြေသုံးချောင်း ရွှေကျီးကန်းတစ်ကောင်အဖြစ်သို့ပင် အသွင်ပြောင်းလဲနိုင်၏။
ဤ ဂမ္ဘီရလိပ်ချိုးသည် အလွန်တရာ မြန်ဆန်ပြီး စွမ်းအားကြီးမားသော မျိုးဆက်သွေးတစ်ခုရှိ၏။ ၎င်း၏ ခန္ဓာကိုယ်က ရွှေရောင်မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး ကြည့်ရသည်မှာ ၎င်းက အသွင်ပြောင်းလဲတော့မည့်ဆဲဆဲ ဖြစ်၏။
ယန်ပေးချန်သည် ဂမ္ဘီရလိပ်ချိုးကို လုံးဝ မတွေ့မြင်သည့်အလား သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်ခြင်း မရှိပေ။
အခြားသော တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများကလည်း တိုက်ခိုက်လိုက်ကြ၏။
ယန်ပေးချန်သည် သူ၏ အမုန်းတရားများနှင့် သတ်ဖြတ်ခြင်း စိတ်ဆန္ဒများကနေ သူ့ကိုယ်သူ ရုန်းမထွက်နိုင်သော်လည်း သူက ဆူဇီမိုကို ပကတိ ယုံကြည်လေသည်။
ဆူဇီမိုသည် သူ့အတွက် အခြားသူများကို တားဆီးပေးလိမ့်မည် ဖြစ်ကြောင်း သူက သိထား၏။
ဆူဇီမိုက လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်၏။
ဆူဇီမို၏ နောက်ကျောပေါ်တွင် တောင်ပံတစ်စုံက ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် မိုးကြိုးလျှပ်စီးများက တဖျပ်ဖျပ်လက်လာ၏။ ကန့်သတ်မဲ့ ရွှေအလင်းကို ထုတ်ဖော်ပြီး သူ၏ အမြန်နှုန်းက အကန့်အသတ်ထိ ရောက်ရှိသွား၏။
သူ၏ လှုပ်ရှားမှု နည်းစနစ်သည် ဂမ္ဘီရလိပ်ချိုးထက်ပင် ပိုမိုမြန်ဆန်ပြီး သူ၏ လက်ဖဝါးကို ဖြန့်ကာ ထိုသတ္တဝါကို ဖမ်းဆွဲလိုက်၏။
ဂမ္ဘီရလိပ်ချိုးသည် သံရှည်တစ်ချက်ဆွဲ၍ အော်မြည်လိုက်ပြီး ၎င်း၏ အကြည့်က ကြမ်းကြုတ်ခက်ထန်လာ၏။ ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များက သိပ်သည်းကျစ်လစ်လာပြီး ၄င်း၏ ထက်ရှသော လက်သည်းများကို ထုတ်ကာ ဆူဇီမို၏ လက်ဖဝါးကို ဆုတ်ဖြဲပစ်ချင်နေ၏။
“တောကောင်.. ငါ့ရှေ့မှာ မင်း ဘယ်လိုတောင် မထီမဲ့မြင်ပြုရဲတာလဲ”
ဆူဇီမိုက ဟိန်းဟောက်လိုက်၏။
“မင်းက ရွှေကျီးကန်းတစ်ကောင်အဖြစ် အသွင်မပြောင်းလဲနိုင်သေးတာကို မပြောနဲ့ဦး.. မင်းက အစစ်အမှန် ခြေသုံးချောင်း ရွှေကျီးကန်းတစ်ကောင်ဆိုရင်တောင် ငါက မင်းကို သတ်ဖြတ်နိုင်တယ်”
ကောင်းကင်နှင့်မြေကြီးတောင်ကြား တိုက်ပွဲမှာတုန်းက ဤအစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်သည် အမှန်တကယ်ပင် ရွှေကျီးကန်းမျိုးနွယ်မှ သက်ရှိများကို သတ်ဖြတ်ခဲ့လေသည်။
ဂမ္ဘီရလိပ်ချိုး၏ ထက်ရှသော လက်သည်းများနှင့် ရင်ဆိုင်ရချိန်တွင် ဆူဇီမို၏ လက်ဖဝါးက ရှောင်တိမ်းဖို့ စိတ်ကူးမရှိဘဲ အပေါ်ကနေ အုပ်မိုး၍ ဖမ်းဆွဲလိုက်၏။
ဂမ္ဘီရလိပ်ချိုး၏ လက်သည်းများက ဘယ်လောက်ပင် ထက်ရှသည်ဖြစ်ပါစေ… သူတို့သည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ထိခိုက်စေနိုင်ခြင်း မရှိပေ။
လှစ်ခနဲဆို.. ဆူဇီမိုက ဂမ္ဘီရလိပ်ချိုးကို သူ၏လက်ဖဝါးထဲမှာ ဖမ်းဆုပ်ပြီး သူ၏ခွန်အားကို စိုက်ထုတ်လိုက်၏။
“ဂါး…”
ဂမ္ဘီရလိပ်ချိုးက ကောင်းကင်ထက်သို့ စူးစူးဝါးဝါး အော်ဟစ်လိုက်၏။
၎င်းသည် အလွန်သေးငယ်ပြီး ဆူဇီမို၏ လက်ဖဝါးအရွယ်အစားလောက်ပင် မရှိပေ။ ၎င်းက သူ၏ ရုန်းကန်ပေါက်ကွဲအားကို ဘယ်လိုလုပ် ခုခံနိုင်ပါ့မလဲ။
“အထီးကျန်သိုင်းသခင်… မင်း ဘယ်လိုတောင် လုပ်ရဲတာလဲ”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးက ဟိန်းဟောက်လိုက်၏။
သူ စတင်ကျင့်ကြံခဲ့ကတည်းက ထိုဂမ္ဘီရလိပ်ချိုးသည် နှစ်ပေါင်းများစွာကြာအောင် သူ၏ ဘေးမှာ အတူရှိနေခဲ့၏။
သူ၏ တာအိုဘွဲ့ကပင်လျှင် ဂမ္ဘီရလိပ်ချိုး ဖြစ်၏။
ဤဂမ္ဘီရလိပ်ချိုးသည် သူ့အတွက် မည်သည့်အရာထက်မဆို ပို၍ အရေးပါလေသည်။
သို့သော်လည်း သူက အထီးကျန်သိုင်းသခင်နှင့် ရင်ဆိုင်နေရခြင်းဖြစ်၏။
အထီးကျန်သိုင်းသခင်သည် သူ၏ ခြိမ်းခြောက်မှုကို လုံးဝ မကြောက်ရွံ့ပေ။
သူ့လက်ထဲရှိ ခွန်အားကို စိုက်ထုတ်ပြီး ဆူဇီမိုသည် ဂမ္ဘီရလိပ်ချိုးကို ချေမွဖျက်ဆီးကာ လတ်ဆတ်သော သွေးများကို ပန်းထွက်လာစေ၏။
၎င်း၏ အမြုတေစိတ်ဝိညာဉ်ပင် ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိဘဲ ဆူဇီမို၏ လက်ဖဝါးထဲမှာ သတ်ဖြတ်ခြင်း ခံလိုက်ရ၏။
ဂမ္ဘီရလိပ်ချိုး သေဆုံးသွားလျှင်ပင်.. ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များက ငြိမ်းသေသွားခြင်း မရှိဘဲ ဆူဇီမို၏ လက်ဖဝါးကို ဆက်လက်လောင်ကျွမ်းနေ၏။
“အထီးကျန်သိုင်းသခင်.. ဂမ္ဘီရလိပ်ချိုးရဲ့ မီးတောက်တွေက ဘယ်တော့မှ မငြိမ်းသေဘူး.. ဂမ္ဘီရလိပ်ချိုးရဲ့ မီးတောက်တွေက မင်းကို ပြာအဖြစ် လောင်ကျွမ်းသွားလိမ့်မယ်.. မင်းက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာဆိုရင်တောင် ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးက အေးစက်စွာ ပြောလိုက်၏။
“မလိုပါဘူး”
ဆူဇီမိုက လှောင်ရယ်၍ သူ၏ မီးစွဲနေသော လက်ဖဝါးနှင့်အတူ လက်ဟန်ချိပ်စည်းများကို လျင်မြန်စွာ လှုပ်ရှားလိုက်၏။
ရွှစ်…
ရုတ်တရက် မီးတောက်သုံးခုက ဆူဇီမို၏ လက်ဖဝါးထဲမှာ လောင်ကျွမ်းလာ၏။
သွေးနီရောင်… အင်မော်တယ်တာအိုမီး..
ရွှေရောင်… ဗုဒ္ဓတာအိုမီး..
အနက်ရောင်… မိစ္ဆာတာအိုမီး…
တာအိုမီး သုံးခုသည် လောင်ကျွမ်းလာပြီး ဆူဇီမို၏ လက်ဖဝါးထဲရှိ ဂမ္ဘီရလိပ်ချိုး၏ မီးတောက်များကို ဖိနှိမ်ကာ ၎င်းကို တစ်စွန်းတစ်စ မကျန်အောင် ချက်ချင်းဝါးမျိုလိုက်၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်းနှင့် အခြားသူများ၏ တိုက်ခိုက်မှုများကလည်း ဆင်းသက်လာ၏။
ဆူဇီမို၏ အမူအရာက အေးစက်လာသော်လည်း သူ၏မျက်လုံးများသည် မီးတောက်နှစ်ခုဖြင့် လောင်ကျွမ်းနေသည်ဟု ထင်ရ၏။ သူသည် သူ့လက်ထဲရှိ တာအိုမီး သုံးခုကို ပစ်ထုတ်လိုက်ပြီး ဟိန်းဟောက်လိုက်၏။
“စတုရတီ တာအိုမီး”
သူ့စကား မဆုံးသေးခင်မှာပင်.. အမြုတေစိတ်ဝိညာဉ် မီးတောက်တစ်ခုသည် ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်ထဲကနေ ရုန်းကန်ထွက်ပေါ်လာပြီး တာအိုမီး သုံးခုနှင့် ပေါင်းစည်းသွား၏။
မီးတောက်များက သိပ်သည်းကျစ်လစ်လာပြီး ကောင်းကင်ထက်သို့ တလိပ်လိပ် ထိုးတက်ကာ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်းနှင့် အခြားသူများကို လွှမ်းခြုံသွား၏။
စတုရတီ တာအိုမီး၏ စွမ်းပကားသည် အလွန်တရာ သန်မာပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများကို ခြိမ်းခြောက်နိုင်လေသည်။
ကြယ်ခြောက်စင်းတောင်မှာတုန်းက စတုရတီ တာအိုမီးသည် အလွယ်တကူ ဖိနှိမ်ခံခဲ့ရသည့် အကြောင်းရင်းမှာ ၄င်းသည် လုံလောက်အောင် သိပ်သည်းကျစ်လစ်မှု မရှိခဲ့သောကြောင့် ဖြစ်၏။
ထိုစဉ်တုန်းက စတုရတီ တာအိုမီး၏ စွမ်းအားကို ကြယ်ခြောက်စင်းတောင်တစ်ခုလုံးမှာ ဖြန့်ကြက်ထားရပြီး အဲဒါက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် တစ်ပိုင်းမျိုးနွယ်စု ပညာရှင်များကို မခြိမ်းခြောက်နိုင်ခဲ့ပေ။
သို့သော်လည်း ယခု အခြေအနေက ကွဲပြားခြားနားသွားလေပြီ။ စတုရတီ တာအိုမီးသည် မိုးပေါက်များကဲ့သို့ ကျဆင်းလာပြီး ပဟေဠိနန်းတော်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၉ယောက်ကိုသာလျှင် ပစ်မှတ်ထားလေသည်။
“ဟမ့်”
ပဟေဠိနန်းတော်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်က ၎င်းကို ဓမ္မပညာရပ်တစ်ခုနှင့် ထိပ်တိုက်ရင်ဆိုင်ချင်လေသည်။
သို့သော်လည်း.. သူ၏ ဓမ္မပညာရပ်သည် ထုတ်ဖော်လိုက်သည့် ခဏမှာပင် ဘာမှမကျန်အောင် လောင်ကျွမ်းသွားလိမ့်မည်ဟု သူက ထင်မှတ်မထားမိပေ။
သူ၏ မူပိုင်ဓမ္မလက်နက်ပင်လျှင် မီးတောက်ပင်လယ်ထဲမှာ မှေးမှိန်သွားရ၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသည် တစ်စုံတစ်ရာ လွဲမှားနေသည်ကို နားလည်သွားပြီး နောက်သို့ ဆုတ်ချင်သော်လည်း နောက်ကျသွားခဲ့လေပြီ။
မီးပွားများက လွင့်စင်လာပြီး သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာ၏။ တစ်ခဏအတွင်းမှာပင် ထိုမီးပွားများက လေကိုဆန်၍ ဖြန့်ကြက်သွားပြီး သူ့ကို လူပုံသဏ္ဌာန် မီးလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားစေ၏။
“အား.. အ… အား..”
ပဟေဠိနန်းတော်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက ရုန်းကန်၍ နာကျင်စွာ အော်ဟစ်လိုက်၏။
သူက သူ့မျိုးဆက်သွေး၏ ဓမ္မစွမ်းအားကို ဘယ်လိုပင် လှည့်ပတ်သည်ဖြစ်ပါစေ… သူ့ခန္ဓာကိုယ်ပေါ်ရှိ စတုရတီ တာအိုမီးသည် ငြိမ်းသေသွားခြင်း မရှိပေ။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ အသက်ဓာတ်က အရမ်းကို ပေါကြွယ်ဝလေသည်။
သာမန် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သာဆိုလျှင် သူတို့သည် တစ်ခဏအတွင်းမှာပင် ပြာအဖြစ် လောင်ကျွမ်းသွားပေလိမ့်မည်။
ပဟေဠိနန်းတော်မှ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး၏ ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များသည် အသက် ဆယ်ရှိုက်စာကျော်အောင် ကြာမြင့်ခဲ့ပြီးနောက် တဖြည်းဖြည်း ငြိမ်းသေသွား၏။ အဲဒီနောက် လေထဲတွင် ပြန့်ကျဲကျဆင်းလာသော ပြာမှုန်များသာလျှင် ကျန်ရစ်ခဲ့လေသည်။