ပြိုင်ဘက်ကင်းသည်
Vol. 97 Ch. 1454
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီသည် သူ၏ သွေးချီကို လှည့်ပတ်ပြီး ဆူဇီမို၏ လက်သီးကို တန်ပြန်ထိုးနှက်လိုက်၏။
ဘန်း…
လက်သီးနှစ်လုံးက ထိတွေ့ရိုက်ခတ်သွား၏။
တကယ်ဆို.. သူနှင့် ဆူဇီမို နှစ်ယောက်စလုံးသည် သူတို့၏ အရိုးများနှင့် အသားကြိတ်ချေသည့် အသံများကိုပင် ကြားလိုက်ကြရ၏။
အဲဒါက ညီတူမျှတူ ဖြစ်၏။
သိပ်သည်းပြင်းထန်သော ပြန်ကန်အားက ပေါက်ကွဲထွက်ပေါ်လာ၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီ၏ မျက်လုံးထဲတွင် လှောင်ပြောင်သရော်လိုရိပ်က ဖြတ်ပြေးသွား၏။
ပြန်ကန်အားကို သုံးပြီး သူက နောက်သို့ အလျင်အမြန်ဆုတ်ကာ ဆူဇီမိုနှင့် အကွာအဝေးတစ်ခု ခွာထားချင်လေသည်။
ရုတ်တရက်ဆိုသလို…
သူ၏ အမူအရာက ပြောင်းလဲသွားရ၏။
လက်သီးနှစ်လုံး ထိတွေ့ရိုက်ခတ်ပြီးနောက်… ဆူဇီမို၏ လက်သီးသည် ရုတ်တရက် လက်ဖဝါးအဖြစ် ပြောင်းလဲကာ နူးညံ့သိမ်မွေ့လာခဲ့၏။ သူသည် အလွန်တရာ မာကြောမှုကနေ အလွန်တရာ နူးညံ့ပျော့ပျောင်းမှုသို့ မည်သည့်ခုခံမှုမှ မရှိဘဲ ချောမွေ့စွာ ပြောင်းလဲလိုက်နိုင်၏။
ပျော့ပြောင်းသော လက်ဖဝါးက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီ၏ လက်သီးပေါ်ကို ကျဆင်းလာပြီး ရစ်ပတ်ကာ ဆွဲခါလိုက်၏။
အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက ပေါက်ကွဲထွက်ပေါ်လာ၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီသည် တွန့်လိမ်အားတစ်ခုဖြင့် သူ၏လက်က ဆုတ်ဖြဲခံလိုက်ရသည်ဟု ရှင်းလင်းစွာ သိလိုက်ပြီး စူးစူးရှရှ နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။
“အား..”
သူက စူးစူးဝါးဝါး အော်ဟစ်လိုက်၏။
သူ့လက်ပေါ်ရှိ အသားများက ပေါက်ကွဲသွားပြီး သူ၏ လက်တစ်ဖက်လုံးက သွေးမြူတစ်ခုအဖြစ် ပေါက်ကွဲသွား၏။
ဆူဇီမိုသည် ရှေ့သို့တက်လှမ်းပြီး သူ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်၏။ လှစ်ခနဲဆို သူက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီ၏ လက်တစ်ဖက်ကို ဖမ်းဆွဲကာ ဒုန်းစိုင်းပြေးဝင်လာသော နတ်မြင်းတစ်ကောင်ကဲ့သို့ သူ၏ ဒူးနှစ်ဖက်ဖြင့် ရှေ့သို့ ရက်ရက်စက်စက် ပစ်တိုက်ချလိုက်၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် နဂါးဖီးနစ်ခန္ဓာလောက် မသန်မာသော်လည်း အန္တိမသားရဲနတ်ဆိုးကျင့်စဉ်မှ သတ်ဖြတ်ခြင်းနည်းစနစ်များကို အသုံးပြုသည့်အခါ အဲဒါက တစ်မူထူးခြားအောင် ကြောက်စရာကောင်းနေဆဲ ဖြစ်၏။
ဂျွတ်…
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီ၏ ရင်ဘတ်က နက်ရှိုင်းစွာ ချိုင့်ဝင်သွား၏။
မတူညီသော စွမ်းအားနှစ်ခု၏ ထိတွေ့ရိုက်ခတ်မှုအောက်တွင် ဆူဇီမိုကြောင့် သူ၏ လက်နှစ်ဖက်က စုတ်ပြဲသွားပြီး သွေးများက အလွန်တရာ ကြောက်စရာကောင်းသည့် ပုံစံဖြင့် ပန်းထွက်လာခဲ့၏။
“အား..”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီသည် နာကျင်မှုဖြင့် နောက်တစ်ဖန် အော်ဟစ်လိုက်ရ၏။ လက်နှစ်ဖက် ဆုံးရှုံးသွားသော သူ၏ ခန္ဓာကိုယ်က လေထဲမှာ အနည်းငယ် တုန်ခါနေ၏။
ဤရုတ်တရက်ပြောင်းလဲမှုက လက်ရှိပညာရှင်များစွာကို ကြောင်အ,မှင်တက်သွားစေ၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီ ထွက်ပေါ်လာသည့် အချိန်မှာပင်… သူက လွှမ်းမိုးခြယ်လှယ်နိုင်သော ပုံစံဖြင့် အခြေအနေကို ထိန်းချုပ်ပြီး ဆူဇီမိုကို သေလုမတတ် ဖြစ်စေခဲ့၏။
အဲဒီနောက်.. တစ်ခဏအတွင်းမှာပင် အခြေအနေက ဆန့်ကျင်ဘက် ပြန်ဖြစ်သွားလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီသည် ဆူဇီမို၏ ချဉ်းကပ်ခြင်းခံရပြီးနောက် အသတ်ခံရလုနီးပါး ဖြစ်ခဲ့၏။
ဒဏ်ရာအပြင်းအထန် ရရှိနေတာတောင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီသည် လေထဲမှာ ရပ်တည်နေနိုင်ဆဲဖြစ်ပြီး သူ၏ ဓမ္မစွမ်းအားများကို ရူးသွပ်စွာ လှည့်ပတ်နေ၏။ သူ၏ လက်နှစ်ဖက်က မြင်နိုင်သော နှုန်းထားဖြင့် ပြန်လည်ပေါက်လာခဲ့၏။
သူ့ရင်ဘတ်မှ ကျိုးသွားသော အရိုးများသည်လည်း အလျင်အမြန် သက်သာပျောက်ကင်းလာနေ၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီ၏ ခန္ဓာကိုယ်အတွင်းမှ ဆူနာမီအသံတစ်သံက ထွက်ပေါ်လာ၏။
ဆူနာမီသွေး…
တစ်စုံတစ်ယောက်အနေဖြင့် ပဟေဠိနန်းတော်ကို ကြီးကြပ်ကွပ်ကဲပြီး နန်းတော်အရှင် ဖြစ်လာဖို့အတွက် တိုက်ခိုက်ရည်ခွန်အားက အဓိက မကျပေ။
အကြောင်းမှာ… နန်းတော်အရှင်သည် ကြီးမားသော ဂိုဏ်းတစ်ဂိုဏ်းကို စီမံအုပ်ချုပ်ရပြီး ရှုပ်ထွေးပွေလီသည့် အရေးကိစ္စများစွာကိုလည်း ကိုင်တွယ်ဖြေရှင်းရလေသည်။ သူ့အနေဖြင့် တပည့်ဂိုဏ်းသားများကို ထိန်းကျောင်းပေးဖို့အတွက်လည်း စွမ်းအင်များစွာကို သေချာပေါက် အသုံးပြုရလေသည်။
ထိပ်သီးဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများအတွက်လည်း ထို့အတူပင်။
သို့သော်လည်း.. ပဟေဠိနန်းတော်၏ နန်းတော်အရှင် ဖြစ်လာနိုင်သည့် မည်သူမဆို သေချာပေါက် ကိုင်တွယ်ရ မလွယ်ကူကြပေ။
သူသည် ဒဏ်ရာ အပြင်းအထန် ရရှိထားသော်လည်း တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီသည် သူ၏ စိတ်ကို အလျင်အမြန် တည်ငြိမ်စေပြီး သူ၏ စွမ်းအားကြီးမားသော မျိုးဆက်သွေးနှင့်အတူ သူ၏ ခန္ဓာကိုယ်ကို ကုသနေ၏။ သူ၏ စိတ်စွမ်းအားက ဘယ်လောက်တောင် သန်မာသလဲ သိသာ၏။
ကံမကောင်းစွာနှင့်ပင်.. အခြေအနေက သူ၏ ထိန်းချုပ်မှုအောက်မှာ ဆက်လက်၍ ရှိမနေတော့ပေ။
အစကတော့… တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီ၏ လက်နှစ်ဖက် ကျိုးပြတ်သွားခြင်းက ဘာမှပြောပလောက်စရာ မဟုတ်ပေ။ သို့သော်လည်း သူ၏ ပြတ်တောက်သွားသော လက်တစ်ဖက်သည် ရှေးဟောင်းအတုမရှိရတနာ ဓမ္မဖြိုခွင်းလေးကို ဆုပ်ကိုင်ထားခဲ့၏။
ယခုအချိန်တွင် ဓမ္မဖြိုခွင်းလေးက ဆူဇီမို၏ လက်ထဲသို့ ရောက်ရှိသွားခဲ့လေပြီ။
“မင်း ငါ့ကို တစ်ခါပစ်ခဲ့တယ်”
ဆူဇီမိုက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီကို ကြည့်ပြီး အေးစက်စွာဖြင့် ပြောလိုက်၏။
“အခု မင်းကို ငါပြန်ပစ်ရမယ့် အလှည့်ပဲ”
သူ့စကား မဆုံးသေးခင်မှာပင် ဆူဇီမိုက ဓမ္မစွမ်းအားလေးကို ဆွဲတင်ပြီး လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်တစ်ခုက ဖြစ်ပေါ်လာ၏။ ဓမ္မစွမ်းအားများသည် သူ၏ လက်ချောင်းထိပ်များမှာ ရူးသွပ်စွာ စုစည်းလာ၏။
တစ်ခဏအတွင်းမှာပင်.. ဓမ္မစွမ်းအားမြားတစ်စင်းက ဖြစ်ပေါ်လာ၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီ၏ အမူအရာက ရုတ်ချည်း ပြောင်းလဲသွား၏။
ရွှစ်…
သူ၏ လေးသည် လပြည့်ဝန်းတစ်ခုကဲ့သို့ဖြစ်ပြီး မြားများက ကြွေကျလာသော ကြယ်များကဲ့သို့ဖြစ်၏။
ဓမ္မစွမ်းအားမြားသည် ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် လေထုကို ဆုတ်ဖြဲပြီး ဘေးပတ်ဝန်းကျင်ရှိ ဓမ္မစွမ်းအားများ အားလုံးကို ဆုပ်ယူလိုက်၏။
မြား၏ အမြန်နှုန်းက ဆပွားတိုးလာပြီး သူ့ထံသို့ ရောက်ရှိလုနီးပါး ဖြစ်လာ၏။
သူသည် ဓမ္မဖြိုခွင်းလေး၏ မြားကို ခုခံဖို့အတွက် ဓမ္မပညာရပ်များကို အသုံးမပြုနိုင်ပေ။
မဟုတ်ပါက… ဓမ္မဖြိုခွင်းလေး၏ စွမ်းအားက များစွာ ပိုတိုးလာဖို့သာ ရှိလေသည်။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီ၏ တုံ့ပြန်မှုက အလွန်တရာ မြန်ဆန်၏။ သူ၏ နှာရောင်ကနေ ဧရာမ ရှေးဟောင်းကြေးမုံတစ်ချပ်က လွင့်ပျံထွက်လာပြီး လျင်မြန်စွာ ကြီးထွားကာ သူ၏ ရှေ့ကနေ ပိတ်ကာလိုက်၏။
ဘုန်း…
ဓမ္မစွမ်းအားမြားက ရှေးဟောင်းကြေးမုံနှင့် ထိတွေ့ရိုက်ခတ်ပြီး ကျယ်လောင်သော မြည်သံကို ထွက်ပေါ်လာစေ၏။
ဖျောက်.. ဖျောက်.. ဖျောက်…
ရှေးဟောင်းကြေးမုံက ချက်ချင်းပင် ကြေမွပျက်စီးသွား၏။
မရေမတွက်နိုင်သော အကျိုးအပဲ့ အပိုင်းအစများသည် နောက်ပြန်လွင့်စင်လာပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ သူ၏ ခန္ဓာကိုယ်ကို ဇကာပေါက်နီးပါး ဖြစ်စေ၍ သွေးများက ပန်းထွက်လာ၏။
ဤတစ်ကြိမ်မှာတော့ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီသည် ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ လေထဲကနေ ပြုတ်ကျလာခဲ့၏။ သူ၏မျက်နှာက ဖြူဖပ်ဖြူလျော်ဖြစ်သွားပြီး သူ၏မျက်လုံးများက အရောင်မှိန်ကျသွား၏။
ကျင့်ကြံသူများက တုန်လှုပ်သွားကြ၏။
ထိုသည်ကို မြင်သောအခါ.. ပဟေဠိနန်းတော်၏ ကျင့်ကြံသူများသည် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။
ပဟေဠိနန်းတော်မှ အဆင့်နိမ့်ကျင့်ကြံသူအချို့သည် သူတို့၏ ကျင့်ကြံမှုအဆင့်ကြောင့် နန်းတော်ကနေ မထွက်ခွာနိုင်ဘဲ နန်းတော်အတွင်းကနေ တိုက်ပွဲကို စောင့်ကြည့်နေကြ၏။
သို့သော်လည်း… သူတို့၏ နန်းတော်အရှင်ကို အထီးကျန်သိုင်းသခင်က မြားတစ်စင်းဖြင့် ပစ်ချလိုက်သည့် မြင်ကွင်းသည် သူတို့အပေါ် အလွန်ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့၏။
ပဟေဠိနန်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က အလောတကြီး ရှေ့တက်ပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီကို လေထဲကနေ ကူညီဖေးမလိုက်၏။
“တိုက်ခိုက်ကြ”
ထိုစဉ်မှာပင်.. အဆူရာနှင့် တိုက်ခိုက်နေသော ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ရုတ်တရက် အော်ပြောလိုက်၏။
“ဓမ္မဖြိုခွင်းလေးက အချိန်ကြန့်ကြာမှုတစ်ခု လိုအပ်တယ်… သူက အဲဒါကို ဆက်တိုက် ပစ်မထုတ်နိုင်ဘူး”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်းနှင့် အခြားသူများကလည်း အလျင်အမြန် တုံ့ပြန်ပြီး တိုက်ခိုက်လာကြ၏။
ဘန်း… ဘန်း… ဘန်း…
စွမ်းအားကြီးသော ဓမ္မပညာရပ်များက တစ်ခုပြီးတစ်ခု ဆင်းသက်လာ၏။
“အဲ့လိုဆိုလည်း ကောင်းတာပေါ့… ငါက ဒီဓမ္မဖြိုခွင်းလေးရဲ့ စွမ်းအားကို မင်းတို့တွေကို မြည်းကြည့်ခိုင်းရမယ်”
ဆူဇီမိုက အေးစက်စွာ ပြောလိုက်၏။
အားလုံး၏ အကြည့်အောက်မှာပင်… သူက လေးကြိုးကို နောက်တစ်ဖန် ဆွဲတင်ပြီး ဓမ္မစွမ်းအားများကို အလျင်အမြန် စုစည်းကာ နောက်ထပ် ဓမ္မစွမ်းအားမြားတစ်စင်းကို ဖြစ်ပေါ်လာစေ၏။
“မဖြစ်နိုင်တာ…”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီပင်လျှင် ထိုသည်ကို မြင်သောအခါ ထိတ်လန့်တကြား ရေရွတ်လိုက်၏။
ဓမ္မဖြိုခွင်းလေးက ယခုတင် မြားတစ်စင်းကို ပစ်ထုတ်ထား၏။ သို့သော်လည်း ဒုတိယမြားက တစ်ခဏချင်းမှာပင် စုဖွဲ့လာခဲ့လေပြီ။
ရွှစ်…
ဓမ္မစွမ်းအားမြားသည် လေထုကို ဆုတ်ဖြဲ၍ ပဟေဠိနန်းတော်မှ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ ဓမ္မပညာရပ်ကို ချက်ချင်းပင် ထိုးဖောက်သွား၏။
ဓမ္မပညာရပ်သည် နေရာမှာတင် ပျက်ပြယ်သွားပြီး ဓမ္မစွမ်းအား အားလုံးက ဓမ္မစွမ်းအားမြား၏ စုပ်ယူခြင်းကို ခံလိုက်ရ၏။ ထိုမြားက ပို၍ပင် မြန်ဆန်လာပြီး ပို၍ပင် ကြမ်းကြုတ်ခက်ထန်လာ၏။
ဖောက်…
ဓမ္မစွမ်းအားမြားသည် ပဟေဠိနန်းတော်မှ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ ရင်ဘတ်ကို ထုတ်ချင်းပေါက် ထိုးဖောက်သွားလေသည်။
ကြောက်စရာကောင်းသော စွမ်းအားက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး၏ ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်အားကို ဖျက်ဆီးပစ်လိုက်ရုံသာမက… ၎င်းသည် သူ၏ အသိစိတ်ဆီသို့ပါ တိုးဝင်လာခဲ့လေသည်။
ပဟေဠိနန်းတော်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသည် အလွန်တရာ လျင်မြန်စွာ တုံ့ပြန်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်နှင့်အတူ ချက်ချင်းပင် ထွက်ပြေးလိုက်၏။
ဆူဇီမိုသည် ထိုသူကို လျစ်လျူရှုပြီး အခြားတစ်ဖက်သို့ လှည့်လိုက်၏။ မိုးကြိုးလျှပ်စီးလို အကြည့်နှင့်အတူ သူသည် နောက်ထပ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ကို မျက်နှာမူပြီး ဓမ္မဖြိုခွင်းလေးကို နောက်တစ်ဖန် ဆွဲတင်လိုက်၏။
တစ်ခဏအတွင်းမှာပင်.. တတိယမြောက် ဓမ္မစွမ်းအားမြားက ဖြစ်ပေါ်လာ၏။
“အဲဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ”
“အဲဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး”
“ဟင်း…”
ပဟေဠိနန်းတော်မှ လူတိုင်းသည် တုန်လှုပ်စွာဖြင့် ပင့်သက်ကိုရှိုက်ပြီး နောက်ဆုံး သူတို့၏ မျက်နှာပေါ်တွင် ထိတ်လန့်တကြား အရိပ်အယောင်များက ပေါ်ထွက်လာကြ၏။
ဆူဇီမို၏ လက်ထဲတွင် ထိုရှေးဟောင်းအတုမရှိ ရတနာသည် ဓမ္မစွမ်းအားမြားများကို စုဖွဲ့ဖို့အတွက် ထပ်တလဲလဲ ဆွဲတင်နိုင်နေ၏။
ဆိုလိုသည်မှာ.. သူတို့၏ ဓမ္မပညာရပ်များသည် ဆူဇီမို၏ ရှေ့မှာ မည်သို့မှ မခုခံနိုင်တော့ပေ။
ရွှစ်…
တတိယမြောက်မြားသည် လေထုကို ဆုတ်ဖြဲ၍ ဓမ္မပညာရပ်နှစ်ခုကို နေရာမှာတင် ပျက်ပြယ်သွားစေ၏။
မြားတစ်စင်းက ဓမ္မပညာရပ်အားလုံးကို ဖြိုခွင်းနိုင်၏။
ဖောက်….
ပဟေဠိနန်းတော်မှ နောက်ထပ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်သည် ဓမ္မစွမ်းအားမြား၏ ထိုးဖောက်ခြင်းကို ခံလိုက်ရ၏။ သုန်မှုန်နေသော အမူအရာနှင့်ပင် သူသည် လေထဲကနေ ပြုတ်ကျလာပြီး သူ၏ ဦးခေါင်းထိပ်ကနေ အမြုတေစိတ်ဝိညာဉ်တစ်ခုက ထွက်ပြေးလာခဲ့၏။
ဘုန်း…
သူ၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ မရောက်ခင်မှာပင်… ထိုခန္ဓာသည် ဓမ္မစွမ်းအားမြားတွင် ပါဝင်သည့် စွမ်းအားများကို ခံနိုင်ရည်မရှိတော့ဘဲ လတ်ဆတ်သော အသားစများနှင့်အတူ ပေါက်ကွဲထွက်သွားလေသည်။
ကံကောင်းထောက်မစွာဖြင့် ဤလူသည် အခြေအနေမကောင်းတော့သည်ကို သတိထားမိသွားပြီး အရင်ဆုံး အမြုတေစိတ်ဝိညာဉ်ဖြင့် ထွက်ပြေးလာခဲ့၏။ မဟုတ်ပါက… သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်သည် အတူတကွ ဖျက်ဆီးခြင်း ခံရပေလိမ့်မည်။
“တခြား ဘယ်သူရှိသေးလဲ”
ဆူဇီမိုသည် လေထဲမှာ မတ်တတ်ရပ်၍ အော်ဟစ်လိုက်၏။ ပဟေဠိနန်းတော်မှ လူတိုင်း၏ ထိတ်လန့်တကြား အကြည့်များအောက်တွင် သူက ဓမ္မဖြိုခွင်းလေးကို နောက်တစ်ဖန် ဆွဲတင်ပြီး စတုတ္ထမြောက် ဓမ္မစွမ်းအားမြားကို စုဖွဲ့လိုက်၏။
ရွှစ်…
သူ၏ လက်ကို လွှတ်ပေးလိုက်ပြီး မြားတစ်စင်းက လေထုကို ဖြိုခွင်းသွား၏။
ပဟေဠိနန်းတော်မှ နောက်ထပ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်က ပစ်ချခံလိုက်ရလေသည်။
သူက ပြိုင်ဘက်ကင်းနေလေပြီ။
အဲဒါသည် ပဟေဠိနန်းတော်မှ လူတိုင်း၏ စိတ်ထဲသို့ ဝင်ရောက်လာသည့် တစ်ခုတည်းသော အတွေးဖြစ်လေသည်။