နတ်နဂါး
Vol. 97 Ch. 1455
အခြားတစ်ဖက်မှာတော့…
ကောင်းကင်ဘုံလျှို့ဝှက်ချက်နှင့် ယန်ပေးချန်၏ တိုက်ပွဲသည် အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့လေပြီ။
တိုက်ခိုက်မှုတစ်ခုချင်းစီသည် သေစေနိုင်ပြီး နှစ်ယောက်စလုံးသည် တစ်ယောက်အသက်ကိုတစ်ယောက် ရန်ရှာနေကြ၏။
ယန်ပေးချန်၏ ထိခိုက်ဒဏ်ရာများက ပို၍ပင် ပြင်းထန်၏။
သို့သော်လည်း.. သူသည် မည်သည့် နာကျင်မှုကိုမှ လုံးဝ မခံစားရသည့်အလား.. သူ၏ မျက်နှာပေါ်မှာ သို့မဟုတ် သူ၏ မျက်လုံးထဲမှာ မည်သည့် စိတ်ခံစားချက်မှ မပေါ်လွင်နေပေ။
သူ၏ နှလုံးသားသည် အမုန်းတရားဖြင့် ပြည့်နှက်နေခဲ့ပြီဖြစ်၏။
သူ့တွင် ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို သတ်ဖြတ်ချင်သည့်စိတ်သာလျှင် ရှိလေသည်။
သူသည် ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို သူ၏အသက်နှင့် ပြန်ပေးဆပ်စေချင်၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ခါးသီးစွာ တိုက်ခိုက်နေရပြီး သူ့မျက်နှာပေါ်ရှိ အပြုံးက လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။
ဤကဲ့သို့ ကြီးမားသည့် တိုက်ပွဲတစ်ခုမှာ သူ၏ အကြံအစည်များ အားလုံးက အသုံးမဝင်တော့ပေ။
ယန်ပေးချန်သည် သူ၏အသက်ကို လုံးဝ ဂရုစိုက်ခြင်း မရှိဘဲ တိုက်ခိုက်မှုတစ်ခုချင်းစီသည် သူ၏ အသက်ကို စွန့်၍ တိုက်ခိုက်နေခြင်း ဖြစ်၏။
သူသည် သေရမှာကို လုံးဝ မကြောက်ရွံ့ပေ။
တကယ်ဆို.. သူ၏ နှလုံးသားထဲတွင် ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို သတ်ဖြတ်နိုင်သည်နှင့်အမျှ သေဆုံးခြင်းသည် သူ့အတွက် စိတ်သက်သာရာရသည့် ပုံစံတစ်ခု ဖြစ်၏။
သို့သော်လည်း.. ကောင်းကင်ဘုံလျှို့ဝှက်ချက်က မသေချင်ပေ။
သူတို့၏ စိတ်ပိုင်းဆိုင်ရာ ကွာခြားချက်အရ ကောင်းကင်ဘုံလျှို့ဝှက်ချက်သည် ယန်ပေးချန်၏ နောက်တစ်ဖန် ဖိနှိမ်ခြင်းကို ခံလိုက်ရ၏။
အခြားတစ်ဖက်မှာတော့… ဆူဇီမိုသည် ဓမ္မဖြိုခွင်းလေးနှင့်အတူ အခြေအနေကို လုံးဝ ထိန်းချုပ်လာနိုင်ခဲ့၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ မျက်လုံးထဲတွင် ထူးဆန်းသော သွေးရောင်အလင်းက မကြာမကြာ ဖြတ်ပြေးသွားသော်လည်း မည်သူကမှ အဲဒါကို သတိမထားမိကြပေ။
သူသည် သူ့ကိုယ်သူ ဆက်လက်၍ မထိန်းချုပ်နိုင်တော့ဘဲ မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို အသက်သွင်းချင်လာ၏။
သူသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ထုတ်ဖော်မည်ဆိုလျှင် သူ၏ တိုက်ခိုက်ရည်ခွန်အားကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းနိုင်ပြီး သူက ယန်ပေးချန်ကို ဤနေရာမှာ သေချာပေါက် သတ်ဖြတ်နိုင်ပေလိမ့်မည်။
သို့သော်လည်း… သူက မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို အသုံးပြုမည်ဆိုလျှင် သူ၏ သရုပ်မှန်ကို ဆက်လက်၍ ဖုံးကွယ်နိုင်တော့မည် မဟုတ်ပေ။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများ၏ လက်ထဲမှာပင်လျှင် အတုမရှိရတနာ ဓမ္မဖြိုခွင်းလေးသည် ဒုတိယမြားကို ပစ်ထုတ်ဖို့အတွက် အချိန်အတိုင်းအတာတစ်ခု ယူရလေသည်။
ဆူဇီမိုသည် ဓမ္မဖြိုခွင်းလေးကို အဆက်မပြတ် ဆွဲတင်ပြီး ဓမ္မစွမ်းအားမြားများကို စုဖွဲ့နိုင်ရသည့် အကြောင်းရင်းမှာ သူ၏ အသိစိတ်ထဲရှိ ဖန်တီးခြင်းကြာခုံကြောင့် ဖြစ်၏။
ဖန်တီးခြင်းကြာပဒုမ္မာသည် အဆင့် ၇ သို့ ကြီးထွားလာပြီးနောက်… ၎င်းသည် အလွန်တရာ လျှို့ဝှက်ဆန်းကြယ်သော အစွမ်းအစများကို မွေးထုတ်ပေးလာနိုင်၏။
ဖန်တီးခြင်းကြာခုံသည် သူ၏ အသိစိတ်ထဲမှာ နေရာယူပြီး ကြာစေ့ ၆၃ပေါက်မှ အလင်းရောင်ခြည်များက အဆက်မပြတ် လျှံတက်ကာ အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်ကို အားဖြည့်ပေးနေ၏။
သူ၏ အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်သည် လုံလောက်အောင် သန်မာနေသည်နှင့်အမျှ ဓမ္မပညာရပ်များကို သူက အဆက်မပြတ် ထုတ်ဖော်နိုင်၏။
ထို့ကြောင့်ပင်လျှင်.. ယခင်က ဆူဇီမိုသည် စွမ်းအားကြီးမားသော ဓမ္မအတတ် ၃၀ကျော်ကို တစ်ခါတည်း ထုတ်ဖော်နိုင်ခဲ့ခြင်း ဖြစ်၏။
ဓမ္မဖြိုခွင်းလေးသည် ရှေးဟောင်းအတုမရှိရတနာတစ်ခု ဖြစ်သော်လည်း သူ စုဖွဲ့လိုက်သော မြားသည် ဓမ္မပညာရပ်ပုံစံတစ်ခုသာ ဖြစ်၏။
အဆင့် ၇ ဖန်တီးခြင်းကြာခုံ၏ အကူအညီနှင့်အတူ ဓမ္မဖြိုခွင်းလေး၏ စွမ်းအားသည် ဆူဇီမို၏ လက်ထဲမှာ ၎င်း၏ အကန့်အသတ်ထိ မြင့်တက်လာခဲ့၏။
ပဟေဠိနန်းတော်တွင် တိုက်ခိုက်ရည်ခွန်အား ကျန်ရှိနေသည့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၅ယောက် ရှိသေးလေသည်။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်း၊ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးနှင့် အခြားသူများကလည်း သူတို့ထဲတွင် ပါဝင်၏။
သို့သော်လည်း.. တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၅ယောက်သည် မည်သည့် ဓမ္မပညာရပ်ကိုမှ ထုတ်ဖော်ရဲခြင်း မရှိကြတော့ပေ။
ဓမ္မဖြိုခွင်းလေးထံမှ မြားတစ်စင်းသည် ဓမ္မပညာရပ်များ အားလုံးကို ဖြိုခွင်းနိုင်၏။
မည်သည့် ဓမ္မပညာရပ်ဆို… ဓမ္မဖြိုခွင်းလေးထံမှ မြားချက်တစ်ချက်ကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ဘဲ သူတို့ ထုတ်ဖော်လိုက်သော ဓမ္မပညာရပ်များသည် သူတို့ကို ထိခိုက်စေဖို့အတွက် လေး၏ စွမ်းအားအဖြစ်ပင် ပြောင်းလဲသွားဦးမည် ဖြစ်၏။
“သူ့ကို အနီးကပ် ဝင်လုံး တိုက်ခိုက်လိုက်ကြရအောင်”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်းက ဟိန်းဟောက်၍ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးနှင့် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ လှစ်ခနဲဆို သူက အလွန်တရာ ထူးဆန်းသော လှုပ်ရှားမှုတစ်ခုကို ထုတ်ဖော်ပြီး သူ၏ ပုံရိပ်က ဝေဝါးသွား၏။
သူသည် အနားသို့ ချဉ်းကပ်နိုင်သည်နှင့်အမျှ ဓမ္မဖြိုခွင်းလေးက ခြိမ်းခြောက်မှုတစ်ရပ် မဖြစ်နိုင်တော့ပေ။
လူတစ်ယောက်သည် မြားတစ်စင်းကို ပစ်ထုတ်ချင်သည်ဆိုလျှင် သူ၏ လက်နှစ်ဖက်ကို အသုံးပြုရပေလိမ့်မည်။
သူတို့သည် အနီးကပ်တိုက်ခိုက်နိုင်သည်နှင့် ဓမ္မဖြိုခွင်းလေးသည် ဝန်ထုပ်ဝန်ပိုးတစ်ခု သေချာပေါက် ဖြစ်လာပေလိမ့်မည်။
ယခုအချိန်မှာ သူတို့ ထုတ်ဖော်နေသော လှုပ်ရှားမှု နည်းစနစ်သည် အလွန်တရာ ထူးခြားသော သီးသန့်မူပိုင် နည်းစနစ်တစ်ခုလည်း ဖြစ်၏။ ၎င်းသည် ပဟေဠိနန်းတော်၏ အမွေအနှစ် လျှို့ဝှက်အတတ် ဂမ္ဘီရမိုးကောင်းကင်ခြေလှမ်းများ ဖြစ်၏။ ၎င်း၏ စွမ်းအားကြီးမားမှုနှင့် လျှို့ဝှက်ဆန်းကြယ်မှုသည် လှပသိမ်မွေ့ ခြေလှမ်းများ ပြီးလျှင် ဒုတိယ လိုက်လေသည်။
တာအိုအမွေအနှစ်ကုန်းမြေမှာတုန်းက သီယင်းသည် လင်းရွှမ်ကျီကို အချိန်ကြာမြင့်စွာ အမဲလိုက်ခဲ့သော်လည်း သူက ထိုသူကို ဘာမှ ပြုလုပ်နိုင်ခြင်း မရှိခဲ့ပေ။ အကြောင်းရင်းမှာ ဂမ္ဘီရမိုးကောင်းကင်ခြေလှမ်းများကြောင့်ပင်။
ဂမ္ဘီရမိုးကောင်းကင်ခြေလှမ်းများသည် ကြုံရာကျပန်းနိုင်ပြီး အဲဒီမှာ တိကျသော ခြေလှမ်းအတိုင်းအတာများ မရှိပေ။ သူတို့၏ ပြိုင်ဘက်အနေဖြင့် ခြေလှမ်းများ၏ ဦးတည်ချက်ကို ဆုံးဖြတ်ဖို့ မဖြစ်နိုင်ဘဲ သူတို့၏ လှုပ်ရှားမှု နည်းစနစ်များက ကြိုတင်ခန့်မှန်း၍ မရနိုင်ပေ။
ပဟေဠိနန်းတော်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၅ယောက်က ဂမ္ဘီရမိုးကောင်းကင်ခြေလှမ်းများကို အသုံးပြုပြီး ဆူဇီမိုထံသို့ ချဉ်းကပ်လာကြ၏။
ဆူဇီမိုသည် ဓမ္မဖြိုခွင်းလေးကို သိမ်းဆည်းလိုက်ခြင်း မရှိပေ။ ထိုအစား.. သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်လိုက်ပြီး သူ၏ အံ့မခန်း အာရုံခံသတိစိတ်နှင့်အတူ ပဟေဠိနန်းတော်မှ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၅ယောက်၏ တည်နေရာကို ထောက်လှမ်းအကဲခတ်နေ၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၅ယောက်၏ ခြေလှမ်းများသည် ကြိုတင်ခန့်မှန်း၍ မရနိုင်သော်လည်း သူတို့ထံမှ ဖြာထွက်နေသည့် သတ်ဖြတ်လိုစိတ်က ပြောင်းလဲသွားခြင်း မရှိပေ။
ရုတ်တရက်ဆိုသလို…
ဆူဇီမိုသည် သူ၏မျက်လုံးကိုပင် ဖွင့်မကြည့်ဘဲ ဓမ္မဖြိုခွင်းလေးကို ဆွဲတင်ပြီး တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ ပဉ္စမမြောက် ဓမ္မစွမ်းအားမြားကို ထုတ်လွှတ်လိုက်၏။
ရွှစ်…
ဓမ္မစွမ်းအားမြားက လေထုကို ဆုတ်ဖြဲလာခဲ့၏။
ထိုမြားသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးထံသို့ ပျံသန်းလာလေသည်။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးက တုန်လှုပ်သွားရ၏။
မြားသည် သူ၏ ခြေလှမ်းများနှင့်အတူ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာ၏။ သူက ဦးတည်ဘက် ပြောင်းလဲချင်သည့် အချိန်မှာ အဲဒါက နောက်ကျသွားခဲ့လေပြီ။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးသည် သူ့လက်ထဲရှိ မြင်းမြီးကျာပွတ်ကို အလောတကြီး ဝှေ့ယမ်းပြီး ဓမ္မစွမ်းအားမြားကို ရိုက်ချလိုက်၏။
ဘန်း…
အဲဒီမှာ ကျယ်လောင်သော မြည်သံတစ်သံ ထွက်ပေါ်လာ၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုး၏ မြင်းမြီးကျာပွတ်ပေါ်ရှိ ငွေရောင်အမျှင်များသည် ချက်ချင်းပင် ပေါက်ကွဲထွက်သွား၏။
မြား၏ စွမ်းအားက လျော့ကျသွားခြင်း မရှိဘဲ မြင်းမြီးကျာပွတ်ပေါ်ရှိ ငွေရောင်အမျှင်များကို ထိုးဖောက်ကာ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုး၏ ရင်ဘတ်ဆီသို့ တိုးဝင်လာ၏။
ထိတ်ထိတ်ပျာပျာနှင့်ပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးက သူ၏ လက်နှစ်ဖက်ကို ပင့်မြှောက်လိုက်၏။
ဖြောင်း…
လက်နှစ်ဖက်စလုံးသည် နေရာမှာပင် စုတ်ပြဲသွားပြီး အသားစများက အဘက်ဘက်သို့ ပြန့်ကျဲသွား၏။
“အား…”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဂမ္ဘီရလိပ်ချိုးက နာကျင်စွာဖြင့် အော်ဟစ်ပြီး နောက်ဆုတ်လိုက်ရ၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်းနှင့် အခြားသုံးယောက်က ဆူဇီမိုအနားသို့ ချဉ်းကပ်မလာခင်မှာပင် သူတို့၏ အမူအရာများက အလွန်တရာ ပျက်ယွင်းသွားပြီး နေရာမှာပင် အေးခဲရပ်တန့်သွားကြ၏။
ဆူဇီမိုက တစ်ဘက်သို့လှည့်ပြီး နောက်ထပ် မြားတစ်စင်းကို ပစ်ထုတ်လိုက်၏။
ဆဋ္ဌမမြောက်မြား…
သူ၏ ဓမ္မလက်နက်ကို ထိန်းချုပ်ခြင်းဖြင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချန်ထျန်းသည် မြားကို ပိတ်ဆို့တားဆီးလိုက်နိုင်၏။ ထိုသို့ဆိုလျှင်တောင် သူသည် စိတအားညိုးငယ်သော အမူအရာနှင့်အတူ ပါးစပ်အပြည့် သွေးများကို ထွေးထုတ်လိုက်ရ၏။
“နောက်ဆုတ်ကြ”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး လီဟန်နှင့် ကျန်ရှိနေသော တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်သည် ရှေ့သို့ တက်လှမ်းရဲခြင်း မရှိတော့ဘဲ နောက်သို့ တစ်ယောက်ပြီးတစ်ယောက် ဆုတ်လိုက်ကြ၏။
“ငါတို့ သူ့ကို မနိုင်တော့ဘူး… ငါတို့ သူ့ကို ဘယ်လိုမှ မနိုင်တော့ဘူး”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး လီဟန်က နောက်ဆုတ်ရင်း အော်ဟစ်လိုက်၏။
ပဟေဠိနန်းတော်၏ နန်းတော်အရှင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီသည် ဆေးလုံးများစွာကို စားသုံးထား၏။ ပဟေဠိနန်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ ဖေးမမှုနှင့်အတူ သူသည် ခဏမျှ အနားယူပြီးနောက် အင်အားတချို့ကို ပြန်လည်ရရှိလာခဲ့ပြီဖြစ်၏။
သူသည် တိုက်ပွဲနယ်မြေရှိ မြင်ကွင်းကို တွေ့မြင်သောအခါ ပဟေဠိနန်းတော်၏ နန်းတော်အရှင်သည် ဒေါသထွက်လာသော်လည်း သူက ကူကယ်ရာမဲ့၍ စိတ်ပျက်လက်ပျက်ပုံပေါက်နေ၏။
ဤတိုက်ပွဲ၏ ရလဒ်က မည်သို့ပင် ဖြစ်ပါစေ… ပဟေဠိနန်းတော်၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းသည် ယခင်ကနှင့်စာလျှင် များစွာ နိမ့်ကျသွားပေတော့မည်။
ပဟေဠိနန်းတော်သည် ရှည်လျားသော သမိုင်းကြောင်းရှိပြီး ရှေးဟောင်းခေတ်မှ စတင်၍ မည်သည့်ဂိုဏ်း သို့မဟုတ် မည်သည့် အဖွဲ့အစည်း၏ စိန်ခေါ်မှုကိုမှ မတွေ့ကြုံခဲ့ရဖူးပေ။
ယနေ့… ပေါင်းစည်းခန္ဓာ ၄ယောက် ရောက်ရှိလာပြီးနောက်… သူတို့သည် ဤမျှအတိုင်းအတာထိ ချောင်ပိတ်ရိုက်ခံလာရလိမ့်မည်ဟု မည်သူက တွေးထင်ထားမည်နည်း။
တကယ်တော့ အဲဒါက ပဟေဠိနန်းတော်၏ အမှား မဟုတ်ပေ။
ယခုဆိုလျှင်.. သူတို့ ၄ယောက်ကို ပေါင်းစည်းခန္ဓာအဆင့်၏ အသန်မာဆုံး ပြန်ဝင်စား မွန်းစတား ၄ယောက်အဖြစ် သတ်မှတ်နိုင်လေသည်။
မင်းကျန်ဖြစ်စေ… နတ်ဆိုးမ ကျိ ဖြစ်စေ… အဆူရာ ယန်ပေးချန်ဖြစ်စေ… သူတို့အားလုံးသည် အဆင့်တူချင်းမှာ မည်သူ့ကိုမဆို စီးပိုးခြယ်လှယ်နိုင်သော တည်ရှိမှုများ ဖြစ်ကြ၏။
ဒါ့အပြင်… ပဟေဠိနန်းတော်၏ အပြင်ဘက်မှာ မျိုးနွယ်စုခေါင်းဆောင်များကိုပင် သတ်ဖြတ်နိုင်သော လှပသိမ်မွေ့ သတ်ဖြတ်ခြင်း ဝင်္ကပါသည် နတ်ဆိုးမ ကျိ၏ ချိုးဖျက်ခြင်းကို ခံခဲ့ရပြီး… ထို့ကြောင့်ပင်လျှင် ပဟေဠိနန်းတော်က အသည်းအသန် အခြေအနေတစ်ခုကို ရောက်ရှိလာခြင်း ဖြစ်၏။
အဲဒါက ပဟေဠိနန်းတော်သာလျှင် မဟုတ်ပေ။ အခြားသော ထိပ်သီးဂိုဏ်းကြီးများ ဆိုလျှင်လည်း မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် လှုပ်ရှားမှု မပြုလုပ်သရွေ့… သူတို့ ၄ယောက်သည် သူတို့၏ တိုက်ခိုက်ရည်ခွန်အားအရ မည်သူ့ကိုမဆို ထိုးဖောက်ဖြတ်ကျော်နိုင်လေသည်။
“နန်းတော်အရှင်… အမိန့်ပေးပါတော့”
ပဟေဠိနန်းတော်၏ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ဒီတိုင်းဆက်သွားနေရင်… ဂိုဏ်းက ဆိုးဆိုးဝါးဝါး ထိခိုက်ဆုံးရှုံးရတော့မယ်”
“အဲဒါ အမှန်ပဲ”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီကလည်း ခေါင်းညိတ်လိုက်ပြီး ညည်းတွားရေရွတ်လိုက်၏။
“အထီးကျန်သိုင်းသခင်က အရှိန်အဟုန် ရနေပြီ… မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ပေါ်ထွက်မလာရင် ဘယ်သူကမှ သူ့ကို ဆက်ပြီး ဖိနှိမ်နိုင်မှာ မဟုတ်တော့ဘူး”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ချင်ဇီသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး တစ်ဘက်သို့ လှည့်ကြည့်လိုက်၏။ သူက ပဟေဠိနန်းတော်ဘက်သို့ အလေးအနက် ဦးညွှတ်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။
“နတ်နဂါး… ကျေးဇူးပြုပြီး ရန်သူတွေကို တိုက်ခိုက်ဖိနှိမ်ပေးပါ”
အဲဒီမှာ တိတ်ဆိတ်ငြိမ်သက်သွားကြ၏။
ရုတ်တရက်ဆိုသလို…
ပဟေဠိနန်းတော်အနားကနေ ကျယ်လောင်သော မြည်သံတစ်သံ ထွက်ပေါ်လာ၏။
ချက်ချင်းပင်… တောင်တန်းများက ပြိုကျသွားပြီး ကမ္ဘာမြေက လှုပ်ခါသွား၏။
အားလုံး၏ အကြည့်အောက်မှာပင်… ပဟေဠိနန်းတော်အနားရှိ မြေပြင်က တဖြည်းဖြည်း ကြွတက်လာပြီး ကြောက်စရာကောင်းသော အော်ရာတစ်ခု ဖြန့်ကြက်ထွက်ပေါ်လာ၏။
ပေပေါင်းထောင်ချီ ရှည်လျားသော နတ်နဂါးတစ်ကောင်က ၎င်း၏ အစစ်အမှန်ပုံစံကို ထုတ်ဖော်ပြသလာပြီး ပဟေဠိနန်းတော်ကို ရစ်ခွေကာ အပေါ်သို့ နွယ်တက်လာ၏။ ၎င်း၏ ဧရာမ နဂါးမျက်လုံးများက ရှေးဟောင်း ကြယ်နှစ်စင်းနှင့် ဆင်တူနေ၏။
၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ ကြေးခွံများသည် မြို့ဂိတ်တံခါးများထက်ပင် ပို၍ကြီးမားပြီး အေးစက်စက် အလင်းတစ်ခုဖြင့် တောက်ပနေ၏။
၎င်း၏ ငွားငွားစွင့်စွင့် မြင့်မားသော နဂါးဦးခေါင်းကို အနည်းငယ် ယိမ်းနွဲ့ပြီး ဖုန်မှုန့်များကို အဆက်မပြတ် ကျဆင်းသွားစေ၏။ ၎င်း၏ ပါးစပ်ကို အနည်းငယ် ဖွင့်ဟပြီး နဂါးထွက်သက်တစ်ခုကို ရှူထုတ်ကာ ၎င်း၏ ကြောက်စရာကောင်းသော သွားစွယ်များကို လှစ်ဟပြလိုက်၏။