ရထားလုံးကို ဆွဲဖို့ သူ့ကို စောင့်နေတာ
Vol. 81 Ch. 1241
ခုနစ်ရက်ကြာပြီးနောက်…
မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ပဉ္စမမြောက်အတွင်းပိုင်းဒေသကြီးထဲ၌ နေလုံးသည် ထိန်ထိန်ညီးစွာ ထွန်းလင်းတောက်ပနေသည်။
စူးရှသော နေရောင်ခြည်သည် အဆုံးမဲ့သော ကန္တာရပေါ်သို့ ကျဆင်းနေသည်။ သဲသောင်ပို့သည် အဆုံးမဲ့စွာ ရှည်ထွက်နေသည်။ ယင်းက အိပ်ပျော်နေသော နဂါးတစ်ကောင်၏ နောက်ကျောနှင့် ဆင်တူသည်။
မြင့်တတ်လာသော အပူလှိုင်းသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားပြီး ၎င်းတို့၏ လမ်းကြောင်းရှေ့မှာရှိသော အရာအားလုံးကို ပူပြင်းစေသည်။ လေထဲတွင် ပြင်းထန်သော အပူဓာတ်ဖြင့် ပြည့်နှက်နေသည်။
အဝေးတွင် သဲမုန်တိုင်းသည် မိုးကုပ်စက်ဝိုင်းထဲမှာ လှည့်ပတ်နေသည်။ ကြမ်းတမ်းသော လေပြင်းသည် စူးရှသော အော်မြည်သံနှင့်အတူ တိုက်ခတ်နေသည်။ သဲမုန်တိုင်း၏ အဆုံးသတ်တွင် ထာဝရပုံရိပ်ယောင်တစ်ခုရှိနေပြီး နားလည်ရခက်ခဲသော မျှော်လင့်ချက်ကို ဖုံးကွယ်ထားသည်။ သို့သော်လည်း ယင်းက တိတ်ဆိတ်ခြင်းနှင့် သေခြင်းအငွေ့အသက်ကို ဖြစ်ပေါ်စေသည်။
သို့ဖြစ်၍ ဤအခိုက်အတန့်မှာ မိုးကုပ်စက်ဝိုင်းထဲမှ မုန်တိုင်းထဲတွင် သုဿန်မြေအလား တိတ်ဆိတ်နေသည်။
ပေတစ်သောင်းရှည်လျားသော သွေးနီရောင်ဧရာမရထားလုံးတစ်စီးသည် သဲမုန်တိုင်းထဲမှ ထွက်ပေါ်လာသည်။
ထိုရထားလုံးသည် ဧရာမနဂါးတစ်ကောင်၏ ဦးခေါင်းမှ အမြှီးအထိ ဆန့်တန်းနေသော ကျောရိုးမကြီးသဖွယ် အောက်မေ့ရသည်။
အမှန်တကယ်ပင် ထိုရထားလုံးကို နဂါးအရိုးများဖြင့် လက်မှုပြုထားခြင်း ဖြစ်သည်။ ထိုအရိုးများပေါ်တွင် ရှုပ်ထွေးနက်နဲသော အစီအရင်သင်္ကေတများကို ပြွတ်သိပ်စွာ ရေးထွင်းထားလေရာ ယင်းတို့က ကြောက်စရာကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
နဂါးရထားလုံး၏ အပေါ်တွင် တားမြစ်တောင်သုံးရာကျော်သည် အံ့ဖွယ်ကောင်းစွာ လွင့်မျောနေကြသည်။
ရထားလုံး၏ ဦးခေါင်းခွံအပိုင်းထဲတွင် လူငယ်တစ်ယောက်က လဲလျောင်းနေသည်။
သူက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ လူငယ်တစ်ယောက်ဖြစ်သည်။
သူက ရွှေရောင်ချည်မျှင်များဖြင့် ဇာပန်းထိုးထားသော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူက အဆုံးမဲ့သော တော်ဝင်အရှိန်အဝါကို ထုတ်လွှတ်နေလေရာ လူတိုင်းထက် သာလွန်မြင့်မြတ်သော ခံစားမှုကို ပေးသည်။
သူ၏ မျက်နှာသည် ချောမောခန့်ညားပြီး သူ၏ မျက်လုံးသည် ကြယ်ကလေးများသဖွယ် လင်းလက်တောက်ပသည်။ သူ၏ နှာတံသည် တံတားတစ်စင်းပမာ ဖြောင့်စင်းသည်။ သူနှင့်ပတ်သက်သော အရာအားလုံးက တော်ဝင်အရှိန်အဝါဖြင့် ပြည့်နှက်နေသည်ဟုဆိုလျှင်ပင် လွန်ကဲရာမရောက်ပေ။
သူက မည်သို့နေရာသို့ သွားရောက်ပါစေ လက်အောက်ခံမျိုးနွယ်စုများသာ ဒူးထောက်ရခြင်းမဟုတ်ဘဲ မီးလျှံလကျင့်ကြံသူအများစုသည်ပင် ခေါင်းငုံ့ထားကြရသည်။ သို့ဖြစ်၍ မီးလျှံလမျိုးနွယ်မဟုတ်သည့် တခြားမျိုးနွယ်စုများကိုတော့ ထည့်ပြောနေရန် မလိုပေ။
သူ၏ သရုပ်ကြောင့် သူ့ပါးစပ်မှ ထွက်ပေါ်လာသော စကားတစ်ခွန်းသည် မျိုးနွယ်စုတစ်ခုကို အမြစ်ဖြတ်သုတ်သင်ပစ်နိုင်သည်။
ထို့ပြင် ဤအခိုက်အတန်မှာ သူက စိတ်ကျေနပ်နေပုံပေါ်သည်။ သူ၏ လက်တစ်ဖက်က နဖူးကို ထောက်ထားပြီး တခြားလက်တစ်ဖက်က ကျောက်စိမ်းပြားကို ဆော့ကစားနေသည်။ သူ၏ ပါးစပ်ထောင့်က အပေါ်သို့ တွန့်ကွေးသွားပြီး သူ၏ မျက်လုံးထဲမှာ စိတ်ဝင်စားသော အရိပ်အယောင် ထွက်ပေါ်လာသည်။
တစ်ခဏကြာပြီးနောက် လူငယ်သည် ခေါင်းမော့လိုက်ပြီး သူ့အရှေ့သို့ ကြည့်လိုက်ကာ တည်ငြိမ်စွာ ပြောသည်။
“ ရထားလုံးက နှေးတယ် ”
နဂါးရထားလုံး၏ အရှေ့တွင် အနက်ရောင်သံချိန်းကြိုးရာပေါင်းများစွာရှိပြီး သံချိန်းကြိုးအားလုံးသည် မီးတောက်များဖြင့် လောင်ကျွမ်းနေသည်။ တိုမီးတောက်သည် ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို လောင်ကျွမ်းပစ်နိုင်စွမ်း ရှိဟန် ရသည်။ သံချိန်းကြိုးအားလုံးသည် တန်းမတ်စွာ အဆွဲခံနေရသည်။
သံချိန်းကြိုးများ၏ အဆုံးသတ်တွင် လူသားကျင့်ကြံသူရာပေါင်းများစွာ ရှိသည်။
ထိုကျင့်ကြံသူများသည် စုတ်ပြတ်နေကြပြီး ပိန်ချုံးနေကြသည်။ သူတို့အားလုံးသည် ကြီးစွာသော ပင်ပန်းဆင်းရဲဒဏ်ကို တွေ့ကြုံခံစားနေကြရသည်။ သို့သော်လည်း သူတို့က ယင်းကို တောင့်ခံပြီး နဂါးရထားလုံးကို ဆွဲနေကြသည်။
သူတို့ထဲတွင် အရှေ့ဆုံးမှ တစ်ယောက်သည် တခြားလူများထက် ပိုပြီးအရပ်ရှည်သည်။ သူက ဆုတ်ပြဲနေသော အဝါရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ ပါးစပ်ထောင့်နားမှာ ခြောက်သွေ့နေသော သွေးစီးကြောင်းတစ်ခု ရှိသည်။ သို့တိုင်အောင် သူ၏ အကြည့်ထဲမှာ စိတ်ဓာတ်ပြတ်သားမှုဖြင့် ပြည့်နှက်နေသည်။ သူက အံတင်းတင်းကြိတ်လျက် သူ့ကို ချည်နှောင်ထားသော သံချိန်းကြိုးကို ဆွဲပြီး အရှေ့သို့ ဒယိမ်းဒယိုင် ရွေ့လျားနေသည်။
သူတို့၏ ပူးပေါင်းအားထုတ်မှုကြောင့် နဂါးရထားလုံးသည် သဲမုန်တိုင်းထဲမှ ထွက်လာနိုင်ပြီး ပူပြင်းသော သဲကန္တာရထဲမှာ ဆက်လက် ရွေ့လျားသွားသည်။
အကယ်၍ ဤနေရာမှာ လူသားဧကရာဇ်၏ လက်အောက်မှ အရာရှိတစ်ဦးဦးသာရှိလျှင် ရထားလုံးကို ဆွဲနေသူများက လူသားမျိုးနွယ်၏ ကပ်ဘေးအတွက် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်နှင့် ညှိနှိုင်းဆွေးနွေးရန် ရောက်ရှိလာကြသော လူသားမျိုးနွယ်၏ သံတမန်အဖွဲ့ဖြစ်ကြောင်း ပြောနိုင်လိမ့်မည်။
အရှေ့ဆုံးမှ အရပ်ရှည်သော လူငယ်သည် လူသားမျိုးနွယ်၏ မင်းသားကြီးသာ ဖြစ်သည်။
“ ကူယွဲ့ကျုံးဟိုင်… မင်းရဲ့ အလျင်က နည်းနည်း နှေးနေတယ် ”
နဂါးရထားလုံးထဲမှ လူငယ်၏ အသံက ပဲ့တင်ထပ်လာသည်။ သူ၏ အသံသည် မနှေးလွန်း မမြန်လွန်းပေ။ သို့သော်လည်း ထိုအသံထဲမှာ အေးစက်မှုတစ်စွန်းတစ်စ ပါရှိသည်။
“ ဒီအမြန်နှုန်းနဲ့ဆိုရင် ငါ့ရထားလုံးက နတ်ဘုရားတောင်တန်းဆီ ဘယ်အချိန်မှ ရောက်မှာလဲ ”
“ မင်းတို့တွေသာ ငါ့ရထားလုံးကို နတ်ဘုရားတောင်တန်းဆီရောက်အောင် ဆွဲပေးမယ်ဆိုရင် ငါ့ခမည်းတော်အပေါ် မင်းတို့လူသားမျိုးနွယ်ကိုယ်စား စကားကောင်းပြောပေးမယ်လို့ ငါကတိပေးတယ် ”
“ ဒါပေမဲ့ ဒီအမြန်နှုန်းကို ငါစိတ်တိုင်းမကျဘူး ”
ရထားလုံး၏ အရှေ့မှ လူသားရာပေါင်းများစွာသည် ခေါင်းငုံ့လိုက်ကြသည်။ အနိုင်ကျင့်ခံရခြင်းနှင့် အကူအညီမဲ့ခြင်းသည် သူတို့၏ နှလုံးသားထဲမှာ ပိုပြီးတိုးပွားလာသည်။ အရှေ့ဆုံးမှ မင်းသားကြီးသည်တော့ မည်သည့်စကားမှ မပြောပေ။
အသက်ရှူချိန်အနည်းငယ်ကြာ တိတ်ဆိတ်နေပြီးနောက် မင်းသားကြီးသည် အရှိန်မြှင့်တင်လိုက်သည်။ ထိုအခါ သံချိန်းကြိုးများနှင့် ဆက်သွယ်ထားသော သူ၏ ခန္ဓာကိုယ်ပေါ်မှ အရေပြားသည် ပိုပြီးဆုတ်ပြဲသွားသည်။
တခြားလူများသည်လည်း အံတင်းတင်းကြိတ်လိုက်ပြီး သူတို့၏ အရှိန်ကို မြှင့်တင်လိုက်ကြသည်။ သို့ဖြစ်၍ နဂါးရထားလုံး၏ အရှိန်သည် အနည်းငယ် တိုးမြှင့်သွားသည်။
သို့သော်လည်း သံချိန်းကြိုးများထံမှ ညှဉ်းပန်းနှိပ်စက်မှုနှင့် နဂါးရထားလုံး၏ အလေးချိန်ကြောင့် သူတို့သည် ပိုပြီးဒဏ်ရာဆိုးဝါးလာကြသည်။ သို့သော်လည်း ရထားလုံးကို ဆွဲနေကြသော လူသားကျင့်ကြံသူများမှာ တခြားရွေးချယ်စရာ မရှိပေ။
နဂါးရထားလုံးသည် သဲကန္တာရထဲမှာ မြန်ဆန်စွာ ရွေ့လျားနေသည်။
အပူသည် ပိုပြီးပြင်းထန်လာသည်။ မြင့်မားသော အပူဒဏ်က မင်းသားကြီးနှင့် တခြားလူများပေါ်သို့ ကျရောက်လာသည့်အခါ ယင်းက သူတို့၏ အသွေးအသားများကို လောင်ကျွမ်းပစ်ရုံသာမက သူတို့၏ ဂုဏ်သိက္ခာကိုလည်း လောင်ကျွမ်းပစ်နေသည်။
“ ဒီလိုမှပေါ့ကွ ”
လူငယ်သည် ရယ်မောလိုက်သည်။
“ ကူယွဲ့ကျုံးဟိုင်… မင်းက လူသားမျိုးနွယ်ဆိုတဲ့ သရုပ်ကို စွန့်ပစ်ဖို့ ငြင်းဆန်လိုက်တဲ့အချိန်ကတည်းက မင်းမယ်တော်ရဲ့ မိသားစုက မင်းအပေါ်ကို လက်လျော့လိုက်ပြီဆိုတာ သိထားရမယ်… မီးလျှံလမျိုးနွယ်တစ်ခုလုံးမှာ ငါက မင်းအပေါ်ကို နည်းနည်း စိတ်ဝင်စားတာကြောင့် မင်းကို ဒီအခွင့်အရေးပေးခဲ့တာ ”
“ ဒီတော့ ကူယွဲ့ကျုံးဟိုင်… မင်း ဒီအခွင့်အရေးကို ကောင်းကောင်း ဖမ်းဆုပ်နိုင်ရမယ် ”
မင်းသားကြီးနှင့် တခြားလူများသည် နှုတ်ဆိတ်နေကြသည်။
လူငယ်သည် သူ၏ လက်ထဲမှ ကျောက်စိမ်းပြားကို ဆော့ကစားရင်း ဆက်ပြောသည်။
“ ပြီးတော့ လူသားမျိုးနွယ်တစ်ယောက်က မဟာအမဲလိုက်ပွဲတော်မှာ ဝင်ပြိုင်နေတယ်လို့ ငါကြားတယ်… အဌမမြောက်အတွင်းပိုင်းဒေသကြီးထဲက တားမြစ်ဇုန်တစ်ခုမှာ သူက ပြိုင်ပွဲဝင်သူအများအပြားကို အကြင်နာမဲ့စွာ သတ်ဖြတ်ခဲ့တယ် ”
“ အသတ်ခံရတဲ့ လူတွေထဲမှာ ငါ့လူတချို့လည်း ပါတယ် ”
မင်းသားကြီးသည် အံ့ဩသွားသည်။ တခြားလူများသည်လည်း ထို့အတူပင်။ ထိုအကြောင်းကို သူတို့မသိထားကြပေ။
အပြုံးသည် လူငယ်၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည့်အခါ နဂါးရထားလုံး၏ အရှေ့မှ သံချိန်းကြိုးရာပေါင်းများစွာသည် ကြာပွတ်များအဖြစ်သို့ ပြောင်းလဲသွားကြပြီး ရိုက်ချလိုက်ကြသည်။
ကျယ်လောင်သော မြည်သံနှင့်အတူ သံချိန်းကြိုးများသည် ရထားလုံးကို ဆွဲနေကြသော လူသားများပေါ်သို့ ကျရောက်သွားကြသည်။ လူအများစုသည် သွေးအန်လိုက်ကြရပြီး မင်းသားကြီးသည် ပိုပြီးဒဏ်ရာရရှိသွားသည်။
“ ဘာမှမစိုးရိမ်နဲ့… အဲ့ဒီလူသတ်ခဲ့တဲ့ လူတစ်ယောက်စီအတွက် မင်းတို့ကောင်တွေက ကြာပွတ်ဒဏ်အချက်တစ်ထောင် အရိုက်ခံရမယ် ”
“ ဒါမှ ပိုပြီးစိတ်ဝင်စားဖို့ကောင်းလိမ့်မယ် ”
နဂါးရထားလုံးက အရှေ့သို့ ရွေ့လျားသွားနေစဉ် ကြာပွတ်ရိုက်သံက ထွက်ပေါ်လာသည်။ ထိုသို့ဖြင့် ရထားလုံးသည် သဲကန္တာရကို ဖြတ်သန်းသွားသည်။ ၎င်းက သဲကန္တာရထဲမှ ထွက်ခွာသွားပြီးနောက် အိုအေစစ်တစ်နေရာဆီသို့ ဝင်ရောက်သွားသည်။ တစ်ချိန်တည်းမှာ ကျင့်ကြံသူများ၏ ပုံရိပ်တချို့သည် မိုးကုပ်စက်ဝိုင်းထဲမှာ ထွက်ပေါ်လာကြသည်။
နဂါးရထားလုံးကို မြင်သွားပြီးနောက် လက်အောက်ခံမျိုးနွယ်စုများမှ ကျင့်ကြံသူများဖြစ်စေ သို့မဟုတ် မီးလျှံလမျိုးနွယ်မှ ကျင့်ကြံသူများဖြစ်စေ သူတို့သည် ချက်ချင်း ဒူးထောက်လိုက်ကြပြီး အရိုအသေပေးလိုက်ကြသည်။
နဂါးရထားလုံးက ထိုလူများကို ဖြတ်သန်းသွားစဉ် လူငယ်သည် သူ့အား နှုတ်ဆက်နေသူများကို ပြုံးလျက် ကြည့်လိုက်သည်။
“ ကူယွဲ့ကျုံးဟိုင်… မင်းတို့လူသားမျိုးနွယ်က အဲ့ဒီကောင်လေးက ငါ့ရထားလုံးကို မင်းတို့ဆွဲပေးနေတာ သိသွားရင် မင်းကို လာရှာလိမ့်မယ်လို့ ထင်လား ”
“ တကယ်လို့ သူပါ ပူးပေါင်းပါဝင်လာမယ်ဆိုရင် ငါ့ရထားလုံးက နတ်ဘုရားတောင်တန်းဆီ မြန်မြန် ရောက်နိုင်မယ်လို့ ငါထင်တယ် ”
မင်းသားကြီး၏ အမူအရာသည် ပြောင်းလဲသွားပြီး တခြားလူသားများ၏ အသက်ရှူသံသည် မြန်ဆန်လာသည်။
သတင်းအချက်အလက် နည်းပါးမှုကြောင့် ထိုလူသားက မည်သူဖြစ်ကြောင်း သူတို့မခန့်မှန်းနိုင်ပေ။ သို့သော်လည်း သူတို့နောက်မှ မင်းသား၏ စကားထဲမှာ ကောင်းမွန်သော ရည်ရွယ်ချက်မရှိကြောင်း သူတို့အာရုံခံနိုင်ကြသည်။
သူက စကားပြောလိုက်စဉ် လူငယ်၏ လက်ထဲမှ ကျောက်စိမ်းပြားသည် တဖျပ်ဖျပ်လင်းလက်သွားသည်။ ထို့နောက် သူက သူ၏ တည်နေရာကို ဖြန့်ဝေလိုက်သည်။
ထိုသို့လုပ်ဆောင်ပြီးနောက် သူက ကျောဆန့်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်ကာ ကြာပွတ်ဖြင့် ဆက်လက် ရိုက်လိုက်သည်။
ထိုမြင်ကွင်းကို လမ်းတစ်လျှောက်ရှိ မီးလျှံလမျိုးနွယ်မှ ကျင့်ကြံသူများက မြင်တွေ့သွားကြသည်။ ထို့ပြင် မင်းသားကိုယ်တိုင် သတင်းဖြန့်မှုကြောင့် လူအများအပြားက ထိုအကြောင်းကို သိရှိသွားကြသည်။
ရက်အနည်းငယ်ကြာပြီးနောက် ဆဌမမြောက်ဒေသကြီးထဲတွင် အနက်ရောင်လှံကို ကိုင်ဆောင်ထားသော ရွှီချင်း၏ ပုံရိပ်သည် တောင်တန်းဒေသတစ်ခုထဲမှ ထွက်လျှောက်လာသည်။ အနက်ရောင်လှံပေါ်တွင် မကျေမချမ်းဝိညာဉ်များက ယခင်ကထက် ပိုပြီးများပြားလာကြောင်း ထင်ရှားသည်။
ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ သွေးနံ့သည် ပိုပြီးအားကောင်းလာသည်။
သူ့ဘေးမှ ခေါင်းဆောင်သည် ပြုံးထားသည်။ ရံဖန်ရံခါ သူက သိုလှောင်အိတ်ကို စစ်ဆေးကြည့်လေ့ ရှိသည်။ ရှင်းလင်းစွာပင် ခေါင်းဆောင်သည် သူ၏ ရိတ်သိမ်းမှုကို အတော်လေး စိတ်ကျေနပ်နေဟန် ရသည်။
သူတို့၏ အနောက်မှ လိုက်ပါလာသော ကျူးချွယ်ဇီသည်တော့ လုံးဝဆွံ့အနေသည်။
ဤနေရာသို့ လမ်းတစ်လျှောက်တွင် သူက သူ့အရှေ့မှ လူသားနှစ်ယောက်ကို ပိုပြီးနက်ရှိုင်းစွာ နားလည်လာသည်။ ခေါင်းဆောင်ဟု အမည်ရသော လူသားသည် ထူးခြားဆန်းကြယ်သော မန္တန်များကို အသုံးပြုသည့် လူထူးဆန်းတစ်ယောက် ဖြစ်သည်။ သူက တခြားလူများကို သစ်သီးအဖြစ် ပြောင်းလဲပြီး စားပစ်ရသည်ကို အလွန်သဘောကျသည်။
လက်အောက်ခံမျိုးနွယ်စုများမှ အသွင်ပြောင်းလဲသွားသော သစ်သီးများကိုပင် သူစားဖူးသည်။ အရသာသည် မဆိုးဝါးပေ။
မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူများမှ အသွင်ပြောင်းလဲသွားသော သစ်သီးများကိုတော့ သူက ငြင်းဆန်ခဲ့သည်။
နတ်ဘုရားများတည်ရှိသော ဤလောကကြီးထဲတွင် သူက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှဖြစ်သော်လည်း ထိုသို့တူညီသော အရာများကို ယခင်က မြင်ဖူးသည်။ သူ့ကို တကယ်ထိတ်လန့်စေသည်မှာ ရွှီချင်းဖြစ်သည်။
သတ်ဖြတ်ခြင်းကို နှစ်သက်သူများကို ယခင်က သူမြင်ဖူးသည်။ သူသည်ပင် ထိုလူများထဲမှ တစ်ယောက်ဖြစ်သည်။ သို့သော်လည်း ရွှီချင်း၏ သတ်ဖြတ်သည့် နည်းလမ်းများသည် သူ့ကို အံ့ဩထိတ်လန့်စေခဲ့သည်။
ပိုင်ဇီမျိုးနွယ်မှ ကျင့်ကြံသူများမဟုတ်လျှင် ရွှီချင်းသည် တခြားလူများကို အရင်ဦးအောင် စတင်တိုက်ခိုက်ခြင်းမရှိပေ။ တစ်ဖက်လူမှာ တားမြစ်တောင်များရှိလျှင်ပင် သူက တိုက်ခိုက်လိမ့်မည်မဟုတ်ပေ။
ထိုသို့လုပ်ဆောင်ရန် မလိုအပ်သောကြောင့် ဖြစ်သည်။
သူ၏ ဦးခေါင်းပေါ်တွင် လှည့်ပတ်နေသော တားမြစ်တောင်သုံးရာကျော်သည် ကျင့်ကြံသူအများအပြားကို ထိတ်လန့်ချောက်ချားစေရန် လုံလောက်သည်။ သို့သော်လည်း ကြမ်းကြုတ်သော ကျင့်ကြံသူတချို့သည် နည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ ရွှီချင်းကို သတ်ဖြတ်ရန် ကြိုးစားခဲ့ကြသည်။
ရွှီချင်းကို တိုက်ခိုက်ရန် ကြိုးစားလာသော ကျင့်ကြံသူများ၏ အဆုံးသတ်သည် အလောင်းဖြစ်သည်။ သူတို့၏ ဝိညာဉ်သည် မရေမတွက်နိုင်သော အနီရောင်ချည်မျှင်များဖြင့် ဝါးမျိုခံလိုက်ရပြီး သူတို့၏ တားမြစ်တောင်များသည် ပိုင်ရှင်မဲ့ဖြစ်လာသည်။
ဥပမာ အစောနက တောင်တန်းဒေသထဲတွင် တူညီသော အဖြစ်အပျက်မျိုး ဖြစ်ပျက်ခဲ့သည်။
လမ်းတစ်လျှောက်တွင် ထိုသို့အဖြစ်အပျက်မျိုးသည် မကြာခဏ ဖြစ်ပေါ်ခဲ့သည်။ တစ်ချိန်တည်းမှာ ရွှီချင်း၏ ဦးခေါင်းပေါ်မှ တားမြစ်တောင်များသည် တဖြည်းဖြည်း တိုးပွားလာသည်။
တားမြစ်တောင်များသည် ရွှီချင်းကို ဗဟိုထား၍ ဝဲကတော့တစ်ခုပမာ လှည့်ပတ်နေသည်။
ဝဲကတော့ဖြစ်ပေါ်လာရသည့် အကြောင်းအရင်းကိုတော့ ကျူးချွယ်ဇီလည်း ရှာတွေ့သွားသည်။ သူက ရွှီချင်းနှင့် ခေါင်းဆောင်ကို ပိုင်ဇီမျိုးနွယ်၏ မကျေနပ်မှုအကြောင်း ပြောပြခဲ့သည်။ ထို့အတူ တားမြစ်ဇုန်ထဲမှာ သူတို့၏ လုပ်ရပ်က တခြားလူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ကြောင်းကိုလည်း ပြောပြခဲ့သည်။
သို့သော်လည်း ခေါင်းဆောင်သည် လုံးဝဂရုမစိုက်ပေ။ ရွှီချင်းသည်လည်း အေးဆေးတည်ငြိမ်သည်။
အစတွင် ကျူးချွယ်ဇီသည် နားမလည်ပေ။ နောက်ပိုင်းတွင် လူသားမျိုးနွယ်၏ လက်ရှိအခြေအနေကို သူတွေးတောပြီးနောက် အဖြေတစ်ခုကို ရှာတွေ့သွားသည်။
‘ ဒီလူက ရွှမ်ထျန်းစစ်သူကြီးဖြစ်လာဖို့အတွက် ကြိုးစားနေတာပဲ… သူက ဒီနည်းလမ်းကို အသုံးပြုပြီး လက်ရှိလူသားမျိုးနွယ်ရဲ့ အန္တရာယ်ကို ဖြေရှင်းပေးချင်တာပဲ ’
‘ သူက ပိုင်ဇီမျိုးနွယ်ဝင်အများအပြားကို သတ်ဖြတ်နေတာ မထူးဆန်းတော့ဘူး… တကယ်လို့ စီအဲမျိုးနွယ်စုက သူ့အရှေ့မှာ ထွက်ပေါ်လာမယ်ဆိုရင် သူက မတုံ့ဆိုင်းဘဲ ချက်ချင်း သတ်ဖြတ်လိမ့်မယ် ’
ထိုသို့တွေးမိသောအခါ အနာဂတ်တွင် နားလွဲမှုလွဲနိုင်သည့် အခြေအနေကို ရှောင်ရှားရန်အတွက် ကျးချွယ်ဇီသည် အစောနက သူရရှိထားသော သတင်းအချက်အလက်ကို ရွှီချင်းအား ပြောပြရန် ဆုံးဖြတ်လိုက်သည်။
“ တာအိုရောင်းရင်းတို့… ငါ စောစောတုန်းက လူသားမျိုးနွယ်ရဲ့ မင်းသားကြီးနဲ့ပတ်သက်တဲ့ သတင်းတစ်ခုကို ရရှိခဲ့တယ် ”
ကျူးချွယ်ဇီသည် ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်းသည် သူ၏ အနက်ရောင်လှံကို သိမ်းဆည်းလိုက်ပြီး သူ့ဦးခေါင်းပေါ်မှ တားမြစ်တောင်ရာပေါင်းများစွာကို ကြည့်လိုက်သည်။ ထို့နောက် သူက အရှေ့သို့ ဆက်လျှောက်သွားသည်။
“ ပြောပါ ”
“ မင်းသားကြီးနဲ့ သူ့ရဲ့ နောက်လိုက်တွေက မင်းသားမင်နန်ရဲ့ ဖမ်းဆီးခံခဲ့ရတယ်… သူတို့ကြားမှာ သဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့ပုံရတယ်… ဒါကြောင့် မင်းသားကြီးနဲ့ တခြားလူတွေက သူ့အတွက် နဂါးရထားလုံးကို ဆွဲပေးနေရတယ်… အဲ့ဒီကိစ္စက မီးလျှံလရဲ့ ပိုင်နက်အားလုံးထဲမှာ ပျံ့နှံ့နေပြီ ”
ကျူးချွယ်ဇီသည် တိုးညင်းစွာ ပြောသည်။
သို့သော်လည်း ရွှီချင်းသည် မထူးမခြားနား အမူအရာဖြင့် ရှိနေဆဲပင်။ ခေါင်းဆောင်သည်လည်း အများကြီး မအံ့ဩပေ။ ကျူးချွယ်ဇီသည် ထိုအကြောင်းကို ယခင်က ပြောဖူးသည်။ ထို့ပြင် သူတို့ကြားမှ သဘောတူညီမှုသည် သူတို့နှင့် ဘာမှမသက်ဆိုင်ပေ။ သို့ဖြစ်၍ သူတို့က ဝင်စွက်ဖက်လိမ့်မည် မဟုတ်ချေ။
“ တားမြစ်ဇုန်ထဲမှာ မင်းသတ်ခဲ့တဲ့ လူတွေထဲမှာ မင်းသားမင်နန်ရဲ့ လက်အောက်ငယ်သားတချို့လည်း ပါဝင်ကြတယ်… ဒါကြောင့် မင်းသတ်ခဲ့တဲ့ လူတစ်ယောက်စီအတွက် ရထားလုံးဆွဲနေတဲ့ လူသားတွေကို ကြာပွတ်နဲ့ အကြိမ်တစ်ထောင် ရိုက်နှက်မယ်လို့ သူက ကြေညာခဲ့တယ်… ဒါ့အပြင် သူ့တည်နေရာကို သူကိုယ်တိုင် ဖော်ထုတ်ခဲ့တယ် ”
ကျူးချွယ်ဇီသည် တုံ့ဆိုင်းနေသော်လည်း အမှန်ကို ပြောပြခဲ့သည်။
ရွှီချင်း၏ ခြေလှမ်းသည် ရပ်တန့်သွားသည်။ ခေါင်းဆောင်၏ မျက်ခုံးသည် ပင့်တတ်သွားသည်။
ထိုအတိုင်းဆိုလျှင် ဤကိစ္စသည် သူတို့နှင့် သက်ဆိုင်သွားပြီဖြစ်သည်။
“ သူက တည်နေရာကို တမင်ဖော်ပြခဲ့တာလား ”
ရွှီချင်းသည် ခေါင်းလှည့်လိုက်ပြီး ကျူးချွယ်ဇီကို ကြည့်လိုက်သည်။
ရွှီချင်း၏ အကြည့်ဖြင့် ရင်ဆိုင်ရသောအခါ ကျူးချွယ်ဇီသည် ကြီးမားသော ဖိအားကို ခံစားမိသွားသည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ သူက တမင်လုပ်ဆောင်ခဲ့တာပါ… အခု သူက စတုတ္ထမြောက်အတွင်းပိုင်းဒေသကြီးထဲမှာပါ… သူက မင်းကို တမင်မျှားခေါ်နေတဲ့ပုံပါပဲ… သူ့အဖေက မီးလျှံနေနတ်ဘုရားရဲ့ လက်အောက်က ထျန်းယွင်သူတော်စင်နတ်ဆရာရွက်ဖျင်တဲရဲ့ ဘုရင်မင်နန်ပါ… သူရဲ့ ကျင့်ကြံခြင်းနဲ့ အခွင့်အာဏာက အရမ်းအံ့ဖွယ်ကောင်းပါတယ်… ”
“ သူ့မှာ တောင်ဘယ်နှလုံးရှိလဲ ”
ရွှီချင်းက မေးသည်။
“ တောင်(၄၀၀)ကျော်ရှိတယ်လို့ ငါကြားပါတယ် ”
ကျူးချွယ်ဇီသည် ရွှီချင်းကို ကြည့်လိုက်သည်။
“ လမ်းပြစမ်း ”
အေးစက်စက် အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ဖြတ်သန်းသွားသည်။ သူက တည်ငြိမ်စွာ ပြောသည်။
ဘေးမှ ခေါင်းဆောင်သည် ပြုံးလိုက်သည်။
ကျူးချွယ်ဇီသည် နှလုံးတုန်သွားပြီး သူ့ကို သွေးဆောင်ရန် ကြိုးစားချင်သည်။ သို့သော်လည်း သူက ရွှီချင်း၏ မျက်လုံးထဲမှ အေးစက်မှုကို သတိထားမိသွားသောအခါ ခေါင်းညိတ်လိုက်သည်။
ထိုသို့ဖြင့် သက်တံ့သုံးခုသည် စတုတ္ထမြောက်အတွင်းပိုင်းဒေသကြီးဆီသို့ တစ်ဟုန်ထိုး ပျံသန်းသွားကြသည်။