ထမနေရာအတွက် ယှဉ်ပြိုင်ခြင်း
Vol. 81 Ch. 1248
လောကကြီးသည် နှုတ်ဆိတ်သွားဟန် ရသည်။
ရွှီချင်းနှင့် မင်းသားမင်နန်ကြားမှ တိုက်ပွဲပြီးဆုံးသွားပြီးနောက် ကောင်းကင်သည် အပေါက်များဖြင့် ဇကာပေါက်ဖြစ်နေဟန် ရ၏။
အပြင်ဘက်မှ ကြယ်အလင်းရောင်သည် မပြည့်စုံသော နေရာများဆီသို့ ပြန့်ကျဲသွားသည်။ ဤသည်မှာ ကြယ်အလင်းရောင်၏ အလွှာပါးတစ်ခုက ဤဧရိယာပေါ်သို့ ပြုတ်ကျလာသည့်အလားပင်။ ယင်းက ထူးခြားဆန်းကြယ်သော ခံစားမှုကို ပေးသည်။
မြေပြင်ပေါ်မှ နက်ရှိုင်းသော တွင်းနက်ကြီးများသည် ချော်ရည်များဖြင့် ပြည့်နှက်သွားပြီး တဖြည်းဖြည်း ပြန်ကောင်းမွန်လာနေသည်။ ချော်ရည်များဖြင့် ပြည့်လျှံသွားသည့်အခါ အပူချိန်သည် စတင်မြင့်တတ်သွားသည်။
တိုက်ပွဲပြီးဆုံးသွားပြီးနောက် အရာအားလုံးသည် ငြိမ်းချမ်းသွားသည်။
ခေါင်းဆောင်၏ ရယ်သံသည်သာ ပဲ့တင်ထပ်နေသည်။
သူက ထိုသို့စကားကြီးစကားကျယ် ပြောခြင်းသည် ရှားပါးသည်။
ထို့သို့ပြောပြီးနောက် ခေါင်းဆောင်သည် လက်နှစ်ဖက်ကို အနောက်ပို့လိုက်ပြီး အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။
တိမ်တိုက်များအောက်မှာ လေက တဟူးဟူး တိုက်ခတ်နေလေရာ ခေါင်းဆောင်၏ ဆံပင်ရှည်နှင့် အင်္ကျီလက်များသည် တဖျပ်ဖျပ်လှုပ်ခါသွားကြသည်။ ဆံခြည်မျှင်တချို့သည် သူ၏ မျက်လုံးရှေ့မှာ လွင့်မျောသွားကြသည်။ ဆံခြည်မျှင်ကြားမှတဆင့် မည်သူမဆို ခေါင်းဆောင်၏ မျက်လုံးထဲမှာ ပြင်းထန်သော စိတ်ခံစားချက်နှင့် အတိတ်ကို လွမ်းဆွေးသတိရသော အရိပ်အယောင်ရှိကြောင်း မြင်နိုင်လိမ့်မည်။
ဤသည်မှာ သူက သာမန်လူများနှင့်မတူသော လောကဓံကို တွေ့ကြုံရင်ဆိုင်ခဲ့ရသည့်အလားပင်။ ထို့ကြောင့် ဤအခိုက်အတန့်မှာ သူ၏ ပုံစံသည် စစ်မြေပြင်၏ အလယ်ဗဟိုတွင် အထီးကျန်စွာ မတ်တတ်ရပ်နေသော စစ်ဗိုလ်ချုပ်တစ်ဦးနှင့် ဆင်တူသည်။
ထိုမြင်ကွင်းကို လူသားမျိုးနွယ်ဝင်အားလုံးက မြင်သွားသောအခါ တစ်စုံတစ်ခုကို ခံစားမိသွားကြသည်။
သူတို့ထဲမှ တချို့သည် အားညိုအကြောင်းကို ကြားဖူးကြသည်။
မည်သို့ဖြစ်ပါစေ နှလုံးသားအလင်းစစ်ဆေးပွဲတွင် ရွှီချင်း၏ ပေတစ်သိန်းအလင်းတန်းက စံချိန်တင်နိုင်ခဲ့သကဲ့သို့ ခေါင်းဆောင်၏ ဆယ်ပေအလင်းတန်းသည်လည်း အံ့ဖွယ်ကောင်းသည်။ အတိုင်းအတာတစ်ခုထိဆိုရလျှင် ဆယ်ပေအလင်းတန်းသည် သူ၏ အတွေ့အကြုံကို ကိုယ်စားပြုသည်။
ယခု အားညို၏ စကားသံက ပဲ့တင်ထပ်လာသည့်အခါ အားညိုအပေါ် သူတို့၏ အမြင်သည် သိသိသာသာ ပြောင်းလဲသွားကြသည်။
မင်းသားကြီးသည်ပင် အားညိုကို အကြိမ်ရေအနည်းငယ် ကြည့်လိုက်သည်။ ထို့နောက် သူက လက်သီးဆုပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။
ခေါင်းဆောင်သည် အနည်းငယ် မျက်ခုံးပင့်တင်လိုက်သည်။ သို့သော်လည်း သူ၏ အမူအရာသည် မပြောင်းလဲသွားပေ။
တခြားလူများက ယင်းကို သတိမထားမိနိုင်သော်လည်း ခေါင်းဆောင်က တမင်ဟိတ်ဟန်ထုတ်နေကြောင်း တစ်ချက်ကြည့်ရုံဖြင့် ရွှီချင်းက ပြောနိုင်သည်။
သို့သော်လည်း သူက ခေါင်းဆောင်ကို ထုတ်ဖော်လိမ့်မည် မဟုတ်ချေ။ သူက လက်ဝှေ့ယမ်းလိုက်သည့်အခါ သူ၏ ဦးခေါင်းပေါ်မှ တားမြစ်တောင်တစ်လုံးသည် မင်းသားကြီးဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။
ဤသည်မှာ တားမြစ်ဇုန်ထဲတွင် မင်းသားကြီးအတွက် ကြိုတင်သတ်မှတ်ထားသော တားမြစ်တောင်ဖြစ်သည်။ ယခု တားမြစ်တောင်သည် ပိုင်ရှင်မှန်ဆီသို့ ပြန်ရောက်သွားသည်။
“ နတ်ဘုရားတောင်တန်းမှာ တွေ့ကြမယ် ”
ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။
ရွှီချင်းသည် မင်းသားကြီးနှင့် စကားအများကြီး မပြောဖူးပေ။ သို့သော်လည်း မင်းသားကြီးက မဟာအမဲလိုက်ပွဲတော်၏ ပြိုင်ပွဲဝင်သူတစ်ယောက်ဖြစ်ကြောင်း သူသိထားသည်။
မဟာအမဲလိုက်ပွဲတော်၏ စည်းမျဉ်းများအရ အကယ်၍ တစ်စုံတစ်ယောက်က ပထမနေရာကို မမျှော်လင့်ထားဘူးဆိုလျှင် တားမြစ်တောင်တစ်လုံးရှိရုံဖြင့် အခြေခံလိုအပ်ချက်ကို ပြည့်စုံသွားလိမ့်မည်။
မင်းသားကြီးက ယင်းကို အဆုံးထိ ထိန်းသိမ်းထားနိုင်မလားဆိုသည်တော့ ရွှီချင်းက စိတ်မဝင်စားပေ။
တားမြစ်တောင်ကို လွှဲပြောင်းပေးပြီးနောက် ရွှီချင်းသည် မိုးကုပ်စက်ဝိုင်းဆီသို့ လျှောက်သွားသည်။ ခေါင်းဆောင်သည် စိတ်ခံစားချက် ပြင်းထန်သော သူ၏ အမူအရာကို ဆက်လက် ထိန်းသိမ်းထားပြီး ရွှီချင်း၏ ဘေးမှ လျှောက်သွားသည်။
သူတို့နှစ်ယောက်က ကောင်းကင်ပေါ်မှာ ပျံသန်းနေကြသည်။
မြေပြင်ပေါ်မှ လူသားအားလုံးသည် ကောင်းကင်ကို စိုက်ကြည့်နေကြသည်။ ရွှီချင်းနှင့် ခေါင်းဆောင်က ပျောက်ကွယ်သွားတော့မည့်အခိုက် မင်းသားကြီးသည် ရုတ်တရက် ပြောသည်။
“ အရှင်သခင်ရွှီ ”
မင်းသားကြီးသည် လက်သီးဆုပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။
“ မင်းအောင်မြင်ပါစေလို့ ငါဆုတောင်းပေးတယ် ”
ထုံးစံအားဖြင့် ရွှီချင်း၏ ရည်ရွယ်ချက်က ရွှမ်ထျန်းစစ်သူကြီးဖြစ်ကြောင်း သူပြောနိုင်သည်။
သို့မဟုတ်လျှင် ရွှီချင်းက တားမြစ်တောင်အများအပြားကို လိုက်လံစုဆောင်းနေလိမ့်မည် မဟုတ်ချေ။
မင်းသားကြီး၏ ဘေးမှ လူသားအားလုံးသည် ကောင်းကင်ပေါ်သို့ ရိုသေလေးစားစွာ ဦးညွတ်လိုက်ကြသည်။
ကောင်းကင်ပေါ်တွင် ရွှီချင်းသည် ရပ်တန့်လိုက်သည်။ သူက ခေါင်းလှည့်လိုက်ပြီး မြေပြင်ကို ကြည့်လိုက်သည်။ တစ်ခဏကြာပြီးနောက် သူက ပြန်လည်နှုတ်ဆက်လိုက်သည်။
ထို့နောက် သူက အဝေးသို့ ခြေတစ်လှမ်းဖြင့် ရောက်ရှိသွားပြီး ခေါင်းဆောင်နှင့်အတူ ပျောက်ကွယ်သွားသည်။
အရိုးနဂါးရထားလုံးကိုတော့ ရွှီချင်းက သိမ်းဆည်းသွားခဲ့သည်။
အချိန်အတော်ကြာပြီးနောက် မင်းသားကြီးနှင့် လူသားကျင့်ကြံသူများသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ကြသည်။ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် သူတို့အားလုံး၏ အကြည့်က မင်းသားကြီးပေါ်သို့ ကျရောက်သွားကြသည်။
မင်းသားကြီးသည် ရွှီချင်းပျောက်ကွယ်သွားသော နေရာကို ကြည့်လိုက်ပြီး တိုးညင်းစွာ ပြောသည်။
“ ငါတို့ရဲ့ နောက်ဆက်လုပ်ရမယ့် ရည်ရွယ်ချက်က ငြိမ်းချမ်းရေးကို လဲလှယ်ဖို့မဟုတ်ဘူး… အဲ့ဒီအစား အရှင်သခင်ရွှီအတွက် သတင်းအချက်အလက်တွေကို စုဆောင်းပေးရမယ်… အရှင်သခင်ရွှီ ရွှမ်ထျန်းစစ်သူကြီးဖြစ်လာဖို့ ငါတို့တွေ အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးရမယ် ”
ထိုသို့ပြောပြီးနောက် မင်းသားကြီးသည် စီစဉ်စရာရှိသည်ကို စီမံဆောင်ရွက်သည်။ သူ၏ စီမံခန့်ခွဲမှုအောက်မှာ လူအုပ်စုများသည် သတင်းအချက်အလက်များ စုဆောင်းရန် နေရာအသီးသီးဆီသို့ ထွက်ခွာသွားကြသည်။
ထိုသို့ဖြင့် သုံးရက်ကုန်ဆုံးသွားသည်။
ထိုသုံးရက်အတွင်းမှာ မင်းသားမင်နန်၏ သေဆုံးမှုသတင်းသည် တဖြည်းဖြည်း ပျံ့နှံ့သွားသည်။
အစတွင် ယင်းက ကောလဟာလ သတင်းတစ်ခုသာ ဖြစ်သည်။ လူအများစုသည် ယင်းကို မယုံကြည်ကြချေ။ ယင်းက ပေါက်ကရသတင်းဖြစ်သည်ဟု သရော်လှောင်ပြောင်ကြသည့် လူတချို့ပင် ရှိသည်။
သူတို့၏ အမြင်မှာ မင်းသားမင်နန်၏ တိုက်ပွဲစွမ်းအားနှင့် နောက်ခံအင်အားကြောင့် သူ့ကို သတ်ဖြတ်နိုင်သူသည် လူအနည်းစုသာ ရှိကြသည်။
သူက ဘုရင်မင်းနန်၏ တစ်ဦးတည်းသော သားဖြစ်သည်။
သို့သော်လည်း ထိုသတင်းက ဆက်လက် ပျံ့နှံ့သွားသည့်အခါ သံသယသည် တဖြည်းဖြည်း တိုးပွားလာပြီး ထိတ်လန့်မှုသည် ပိုပြီးမြင့်တတ်လာသည်။ ထို့ပြင် မင်းသားမင်နန်သည် ဤအတောအတွင်းမှာ ထွက်ပေါ်မလာခဲ့ပေ။ နောက်ဆုံးမှာတော့ မင်းသားမင်နန်၏ သေဆုံးမှုသတင်းသည် ခေါင်းကြီးပိုင်းသတင်းဖြစ်လာပြီး မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူများ၏ အာရုံစိုက်မှုကို ရရှိသွားသည်။
မည်သို့ဖြစ်ပါစေ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ နာမည်ကျော်ပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် မင်းသားမင်နန်၏ လှုပ်ရှားမှုတိုင်းသည် အာရုံစိုက်ခြင်းခံရသည်။ သူ၏ ရုတ်တရက် ပျောက်ကွယ်သွားမှုက လူတိုင်း၏ နှလုံးသားကို လှိုင်းထသွားစေခဲ့သည်။
ထို့ကြောင့် ကျင့်ကြံသူအများအပြားသည် မင်းသားမင်နန်နှင့် ရွှီချင်းတိုက်ခိုက်ခဲ့သော နေရာဆီသို့ ရောက်ရှိလာကြသည်။ သူတို့က စုံစမ်းစစ်ဆေးလိုက်သည့်အခါ သဲလွန်စများမှတဆင့် အမှန်တရားကို ခန့်မှန်းနိုင်သွားကြသည်။
ထိုအမှန်တရားသည် မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်တစ်ခုလုံးကို ဖြတ်သန်းရိုက်ခတ်သွားသည်။
“ မင်းသားမင်နန်က အသတ်ခံခဲ့ရတယ်လို့ သံသယရှိတယ် ”
“ သူ့ကို သတ်ခဲ့တဲ့လူက လူသားတစ်ယောက်ပဲ ”
“ တစ်စုံတစ်ယောက်က အဲ့ဒီလူသားရဲ့ သရုပ်ကို မှတ်မိသွားတယ်… အဲ့ဒီလူသားကို… ရွှီချင်းလို့ ခေါ်တယ် ”
မရေမတွက်နိုင်သော သတင်းအချက်အလက်များသည် အချိန်တိုလေးအတွင်းမှာ စုဝေးသွားသည်။ သူတို့က ရွှီချင်း၏ အတိတ်အကြောင်းကိုပင် ရှာတွေ့သွားကြသည်။
သူတို့က ရွှီချင်း၏ အကြောင်းကို ပိုပြီးသိလာလေ ထိုမုန်တိုင်းက ပိုပြီးကြီးမားလာလေ ဖြစ်သည်။
ရွှီချင်း၏ အတိတ်သည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ ကျင့်ကြံသူများကိုပင် ထိတ်လန့်သွားစေခဲ့သည်။
“ ဖုန်းဟိုင်ဒေသငယ်ရဲ့ ဒေသအရှင်သခင် ”
“ လပူဇော်ဒေသကြီးထဲမှာ နတ်ဘုရားတစ်ပါးကို သုတ်သင်ဖို့ ပါဝင်ခဲ့တယ် ”
“ ဝိညာဉ်နက်ဒေသကြီးထဲမှာ ဂုဏ်သရေရှိ နတ်ဘုရားတစ်ပါးအဖြစ် ကိုးကွယ်ပူဇော်ခံရတယ် ”
“ နန်းမြို့တော်ထဲမှာ မင်းသားတစ်ပါးကို သတ်ဖြတ်ခဲ့တယ်… မဟာဧကရာဇ်ရဲ့ ဓားသယ်ဆောင်သူ ဖြစ်တယ် ”
“ သူ့ရဲ့ စကားတစ်ခွန်းက ဒေသကြီးတစ်ခုရဲ့ အကျိုးစီးပွားနဲ့ ဖွင့်ဖြိုးတိုးတတ်မှုကို အဆုံးအဖြတ်ပေးနိုင်တယ် ”
“ သူက ခြေလှမ်းဝက် နတ်ဘုရားတစ်ပါးရဲ့ အတတ်ပညာကို ပိုင်ဆိုင်ထားတယ်လို့ ပြောကြတယ်… သူ့ရဲ့ အဆိပ်က အံ့ဖွယ်ကောင်းပြီး သူ့မှာ ခရမ်းလရဲ့ အခွင့်အာဏာတောင် ရှိတယ် ”
“ သူ့အနောက်မှာ ဝိညာဉ်စုစည်းခြင်းအဆင့် တာအိုအစောင့်အရှောက်တွေ ရှိရုံတင်မကဘူး သူက နတ်ဘုရားတစ်ပါးရဲ့ ကောင်းချီးပေးမှုကိုလည်း ရရှိထားတယ် ”
“ ပြီးတော့… ရွှီချင်းက မီးလျှံကြယ်ဘုရားကျောင်းရဲ့ နတ်တမန်တော်ဖြစ်တဲ့ပုံပဲ ”
ရွှီချင်း၏ သတင်းအချက်အလက်တိုင်းသည် တခြားလူများထက် အများကြီး ထူးခြားအံ့ဖွယ်ကောင်းသည်။ ထိုသတင်းက ပျံ့နှံ့သွားသည့်အခါ ရွှီချင်း၏ ဂုဏ်သတင်းသည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ထဲမှာ တစ်ဟုန်ထိုး မြင့်တတ်သွားသည်။
ထို့ပြင် သူက မဟာအမဲလိုက်ပွဲတော်ထဲမှာ လူအများအပြားကို သတ်ဖြတ်ခဲ့လေရာ မဟာအမဲလိုက်ပွဲတော်ထဲမှ ပြိုင်ပွဲဝင်သူတိုင်းသည် ရွှီချင်း၏ တည်ရှိမှုကို သိထားကြသည်။
နတ်ဘုရားတောင်တန်းဆီသို့ မရောက်ခင်မှာပင် ရွှီချင်း၏ နာမည်ကို လူတိုင်းက သိရှိထားကြပြီးပြီ ဖြစ်သည်။
နောက်ထပ်အရေးကြီးသော အချက်တစ်ချက်လည်း ရှိသေးသည်။ ယင်းက ရွှီချင်း၏ တားမြစ်တောင်အရေအတွက်ဖြစ်သည်။ သူက နတ်ဘုရားတောင်တန်းဆီသို့ ဦးတည်သွားနေစဉ် ဖြတ်သန်းသွားလာသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားသည်။
မည်သို့ဖြစ်ပါစေ သူ့မှာရှိသော တားမြစ်တောင်သည် အလွန်များပြားသည်။
ယင်းက ရွှီချင်း၏ ဂုဏ်သတင်းကျော်ကြားမှုနှင့် ပေါင်းစပ်သွားသည့်အခါ မည်သည့်နေရာသို့ သူသွားရောက်ပါစေ မင်းသားမင်နန်ကဲ့သို့ လူတိုင်း၏ အာရုံစိုက်ခြင်းခံရပေသည်။
သူတို့ထဲမှာ တချို့သည် မထူးမခြားနား အမူအရာဖြင့် ရှိကြပြီး တချို့သည် ရန်လိုကြသည်။ တချို့သည် အံ့ဩနေကြပြီး တချို့သည် ခံပြင်းဒေါသထွက်နေကြသည်။
မည်သို့ဖြစ်ပါစေ လူသားတစ်ယောက်က သူတို့၏ မဟာအမဲလိုက်ပွဲတော်မှာ တားမြစ်တောင်အများအပြားကို ပိုင်ဆိုင်ထားပြီး သူတို့၏ ပြိုင်ပွဲဝင်သူအများအပြားကို ဖိနှိပ်ထားခဲ့ခြင်းမဟုတ်ပါလော။ ယင်းက သူတို့အား လူသားမျိုးနွယ်ထက် နိမ့်ကျသည်ဟု ခံစားမိစေသည်။
အကယ်၍ လူသားမျိုးနွယ်က သန်မာသည်ဆိုလျှင် ယင်းက ကိစ္စမရှိပေ။ သို့သော်လည်း လက်ရှိ လူသားမျိုးနွယ်သည် အလွန်အမင်း အားနည်းသည်။
ထို့ကြောင့် ထိုခံစားချက်က မီးလျှံလမျိုးနွယ်ဝင်များ၏ နှလုံးသားထဲမှာ စော်ကားမှုအဖြစ် ပြောင်းလဲသွားသည်။
ထို့အတူ ရန်လိုမုန်းတီးမှုသည် ပိုပြီးတိုးပွားလာသည်။
လူအတော်များများသည် ဤကိစ္စကို အာရုံစိုက်လာကြသည်။
ထို့ကြောင့် ရွှီချင်းနှင့်ပတ်သက်သော သတင်းအချက်အလက်များနှင့် ရိတ်သိမ်းမှုသည် အချိန်ကုန်ဆုံးသွားသည်နှင့်အမျှ ဆက်လက် ပျံ့နှံ့သွားသည်။
“ ရွှီချင်းတို့အုပ်စုက တတိယမြောက်အတွင်းပိုင်းဒေသကြီးကို ဖြတ်သန်းသွားပြီ ”
“ အဲ့ဒီအတောအတွင်းမှာ ပိုင်ဇီမျိုးနွယ်က သူ့ကို တားဆီးခဲ့ပေမဲ့ အသတ်ခံခဲ့ရတယ်… အခု သူ့မှာ တားမြစ်တောင်(၈၀၀)နီးပါး ရှိနေပြီ ”
“ ရွှီချင်းက ဒုတိယမြောက်အတွင်းပိုင်းဒေသကြီးဆီ ခြေချလိုက်ပြီ ”
“ သူက ပြိုင်ပွဲဝင်သူအများအပြားကို သတ်ဖြတ်ခဲ့တယ်… သူ့ရဲ့ တားမြစ်တောင်က (၈၀၀)ကျော်သွားပြီ ”
“ သူက ပထမမြောက်အတွင်းပိုင်းဒေသကြီးဆီ နီးကပ်လာနေပြီ ”
“ တားမြစ်တောင်က (၉၀၀)ရှိသွားပြီ ”
“ သူက ပထမမြောက်အတွင်းပိုင်းဒေသကြီးထဲမှာ လမ်းတစ်လျှောက်မှာရှိတဲ့ ပြိုင်ပွဲဝင်သူတွေကို သတ်ဖြတ်ခဲ့တယ်… သူက နတ်ဘုရားတောင်တန်းဆီ ရောက်ဖို့ ငါးရက်ပဲလိုတော့တယ် ”
“ ရွှီချင်းရဲ့ ခန္ဓာကိုယ်ပေါ်က သတ်ဖြတ်ခြင်းအရှိန်အဝါက အရမ်းကြောက်စရာကောင်းတယ်လို့ တစ်စုံတစ်ယောက်က သတိထားမိသွားတယ် ”
ရွှီချင်း၏ လုပ်ဆောင်မှုတိုင်းသည် အနီးကပ် စောင့်ကြည့်ခံနေရသည်။
အမှန်မှာ မီးလျှံလကျင့်ကြံသူများသည် ရွှီချင်း၏ အရှိန်အဝါက သက်တံ့တစ်စင်းနှယ် ဆက်လက် မြင့်တတ်နေကြောင်း မြင်နိုင်ကြသည်။ ထို့ကြောင့် သူတို့၏ အာရုံစိုက်မှုသည် ဘုရင်မင်နန်ဆီသို့ ရွှေ့ပြောင်းသွားသည်။
မည်သို့ဖြစ်ပါစေ သူ၏ သားက အသတ်ခံခဲ့ရခြင်းမဟုတ်ပါလော။
သို့သော်လည်း ထူးဆန်းသည့်ကိစ္စမှာ အစမှအဆုံးထိ ဘုရင်မင်နန်က ဘာမှမလုပ်ဆောင်ခဲ့ပေ။
ရွှီချင်းက နတ်ဘုရားတောင်တန်းဆီသို့ ချဉ်းကပ်ရောက်ရှိလာနေသည်ဟု သတင်းပျံ့နှံ့သွားသည့်အခါ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ကောင်းကင်အရွေးခံတချို့သည် နောက်ဆုံးမှာတော့ ရွှီချင်းကို စိတ်ဝင်စားလာကြသည်။
မင်းသားမင်နန်က သန်မာသော်လည်း သူက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ နံပါတ်တစ်မဟုတ်သေးပေ။ သူ့ထက် သာလွန်သူများသည် အနည်းဆုံး ဆယ်ယောက်ထက်မနည်း ရှိကြသည်။
မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ စစ်မှန်သော ကောင်းကင်အရွေးချယ်ခံများမှာ အကျင့်စရိုက်အမျိုးမျိုး ရှိကြသည်။ တချို့သည် ကျော်ကြားမှုကို စိတ်မဝင်စားကြချေ။ တချို့သည် မောက်မာထောင်လွှားကြပြီး တချို့သည် သိုသိုသိပ်သိပ် နေထိုင်ရသည်ကို သဘောကျကြသည်။
တချို့က ကျော်ကြားမှုနောက်သို့ လိုက်ကြပြီး တချို့က ကျော်ကြားမှုကို ရှုံ့ချကာ ပိုပြီးသန်မာလာရေးကိုသာ စိတ်ဝင်စားကြသည်။
ရွှီချင်းအပေါ် သူတို့၏ သဘောထားသည် သူတို့၏ အကျင့်စရိုက်ပေါ်မူတည်၍ ကွဲပြားခြားနားသည်။
ဤအခိုက်အတန့်မှာ မီးလျှံလ၏ ပထမမြောက်အတွင်းပိုင်းဒေသကြီးထဲ၌ နတ်ဘုရားတောင်တန်းဆီသို့ ရောက်ရန် နေ့တစ်ဝက်မျှသာ လိုအပ်တော့သော နေရာတွင် မီးလျှံလကျင့်ကြံသူတစ်ယောက်သည် ကြမ်းတမ်းသော ပိတ်ဖြူအင်္ကျီကို ဝတ်ဆင်ထားလျက် လမ်းလျှောက်နေသည်။
သူ၏ ခန္ဓာကိုယ်သည် ပုံမှန်မီးလျှံလကျင့်ကြံသူများထက် အများကြီး ပိုရှည်လျားသည်။ သူ၏ အရပ်သည် ပေငါးဆယ်နီးပါး ရှိသည်။ ယင်းက သူ့အား လူ့ဘီလူးငယ်တစ်ကောင်ကဲ့သို့ ထင်မြင်ရစေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ကြွက်သားများသည် အံ့ဖွယ်ကောင်းစွာ ကြီးမားပြီး သူ၏ အသက်ဓာတ်သည် တစ်ဟုန်ထိုး စီးဆင်းနေသည်။ သူက အလွန်အမင်း သန်မာသည်။
သူက လမ်းလျှောက်နေစဉ် တောင်ငယ်တစ်လုံးနှင့် ဆင်တူပြီး မတားဆီးနိုင်သော ခံစားမှုကို ပေးစွမ်းသည်။
သူ၏ ခြေလှမ်းတိုင်းက မြေပြင်ကို တုန်ယင်သွားစေသည်။ တစ်ချိန်တည်းမှာ သူ၏ ခြေလှမ်းက မြေပြင်အကွာအဝေးကို ကျုံ့သွားစေသည့်အလား သူ၏ အလျင်သည် အလွန်အံ့ဖွယ်ကောင်းသည်။
ပိုပြီးထိတ်လန့်ဖွယ်ကောင်းသည်မှာ သူ၏ ဦးခေါင်းပေါ်မှ တားမြစ်တောင်(၉၀၀)ကျော် ဖြစ်သည်။
ယင်းက သူ့အား မြင်လိုက်ရသူတိုင်းကို ချက်ချင်း ထိတ်လန့်သွားစေပြီး ခေါင်းငုံ့သွားစေသည်။
အကြောင်းအရင်းမှာ သူ၏ သရုပ်နှင့် ဂုဏ်သတင်းကြောင့် ဖြစ်သည်။
ထိုလူသည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ထိပ်ဆုံးငါးယောက် ကောင်းကင်အရွေးချယ်ခံထဲမှ ထုန်ရှီရှန်းဖြစ်သည်။
တခြားကောင်းကင်အရွေးချယ်ခံများက ပထမပြိုင်ပွဲတွင် ပထမနေရာကို ရယူရန် စိတ်မဝင်စားကြသော်လည်း ထုန်ရှီရှန်း၏ ရည်ရွယ်ချက်သည်တော့ ပထမနေရာကို ရယူပြီး ရွှမ်ထျန်းစစ်သူကြီးဖြစ်လာရန် ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် သူ၏ မိသားစုသည် ရွှမ်ထျန်းမိသားစုဖြစ်သောကြောင့် ဖြစ်သည်။
သူတို့မိသားစုသည် ရွှမ်ထျန်းစစ်သူကြီးခြောက်ယောက်ကို မွေးထုတ်ပေးခဲ့သည်။
ဤအခိုက်အတန့်မှာ သူ၏ ဧရာမခန္ဓာကိုယ်က အရှေ့သို့ ဆက်လျှောက်သွားနေလေရာ သူ့ခြေဖဝါးအောက်မှ မြေကြီးက အော်မြည်နေဟန် ရသည်။ လောကကြီးက အရောင်ပြောင်းလဲသွားသည့်အခါ သူက တောင်တန်းဒေသတစ်ခုပေါ်တွင် ထွက်ပေါ်လာသည်။
ဤနေရာမှကြည့်လျှင် အဝေးတစ်နေရာ၌ ရွှေရောင်အလင်းတန်းက မိုးကုပ်စက်ဝိုင်းထဲမှာ တလက်လက် တောက်ပနေကြောင်း မြင်နိုင်လိမ့်မည်။
အဆုံးမဲ့သော ရွှေရောင်အလင်းတန်းသည် ဘေးပတ်ဝန်းကျင်ကို ဝေဝါးသွားစေသည်။
ဤသည်မှာ မဟာအမဲလိုက်ပွဲတော်မှ ပထမပြိုင်ပွဲ၏ အဆုံးသတ်ဖြစ်သော နတ်ဘုရားတောင်တန်းဖြစ်သည်။
“ နောက်ဆုံးတော့ ဒီကို ငါရောက်လာပြီ ”
ထုန်ရှီရှန်းသည် ပြုံးလိုက်ပြီး တောင်ကုန်းတစ်ခုပေါ်မှာ ထိုင်လိုက်သည်။ သူက နတ်ဘုရားတောင်တန်းတည်ရှိရာ အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။ သူ၏ ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်သည် ဖရိုဖရဲဖြစ်သွားပြီး ပုံရိပ်ကိုးခုသည် ရုတ်တရက် ထွက်ပေါ်လာကြသည်။ သူတို့အားလုံးက ထုန်ရှီရှန်းကို အရိုအသေပေးလိုက်ကြသည်။
“ သခင်လေးကို နှုတ်ဆက်ပါတယ် ”
ထုန်ရှီရှန်းသည် ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး အကြည့်ပြန်ရုပ်လိုက်သည်။
“ ရွှီချင်းက ဒီကို ဘယ်အချိန်ရောက်မှာလဲ… သူ့မှာ တားမြစ်တောင် ဘယ်လောက်ရှိထားလဲ ”
ပုံရိပ်ကိုးခုထဲမှ တစ်ခုသည် တိုးညင်းစွာ ပြန်ပြောသည်။
“ ရွှီချင်းက ဒီကို နောက်ခြောက်နာရီနေရင် ရောက်လာပါလိမ့်မယ်… သူ့ရဲ့ တားမြစ်တောင်အရေအတွက်က သခင်လေးထက် နည်းနည်း ပိုများပါတယ် ”
ထုန်ရှီရှန်းသည် နှုတ်ခမ်းသပ်လိုက်သည်။ စိတ်ဝင်စားသော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက အရှေ့သို့ ခရီးမဆက်တော့ပေ။ သူက ညာလက်ကို မြှောက်လိုက်ပြီး သေရည်တစ်အိုးကို ထုတ်ယူလိုက်ကာ အကြီးကြီးတစ်ကျိုက် မော့ချလိုက်သည်။
“ ကောင်းတယ် ”
“ မင်းသားမင်နန်ကို သတ်နိုင်တယ်ဆိုတော့ သူက ထူးခြားတဲ့လူဖြစ်ရမယ်… အဲ့ဒီကောင်ကို ဘယ်တုန်းကမှ ငါကြည့်မရခဲ့ဘူး… အခုလို အသတ်ခံရတာ ကောင်းတယ် ”
“ ဒါပေမဲ့ ပထမပြိုင်ပွဲရဲ့ ပထမနေရာကတော့ ငါ့အတွက်ပဲဖြစ်ရမယ်… ”