ဂရုစိုက်ပါ… အဲ့ဒါက ထောင်ချောက်တစ်ခုဖြစ်နိုင်တယ်
Vol. 81 Ch. 1249
ထုန်ရှီရှန်းသည် သူ့ဘာသာ တီးတိုးရေရွတ်လိုက်ပြီး သေရည်ကို ဆက်သောက်လိုက်သည်။
သူ့အနောက်မှ ပုံရိပ်ကိုးခုသည် ခေါင်းငုံ့ထားကြသည်။ သူတို့က လုံးဝမလှုပ်ရှားကြချေ။
သူတို့က သခင်လေးကို နက်ရှိုင်းစွာ ရိုသေလေးစားကြသည်။ သခင်လေး၏ အကျင့်စရိုက်နှင့် လုပ်ဆောင်မှုများသည် သူတို့၏ ချီးကျူးလေးစားမှုကို ရရှိရန် ထိုက်တန်သည်။
ဥပမာ ဤတစ်ကြိမ်တွင် တားမြစ်တောင်အရေအတွက်သည် သခင်လေးနှင့် ရွှီချင်းဟူသော လူသားကြားမှာ သေးငယ်သော ကိန်းဂဏန်းမျှသာ ကွာခြားခြင်း ဖြစ်သည်။ သခင်လေးမိသားစု၏ နောက်ခံအင်အားကြောင့် အကယ်၍ သူသာ နောက်ထပ် တားမြစ်တောင်များကို လိုချင်သည်ဆိုလျှင် စကားတစ်ခွန်းပြောလိုက်ရုံသာ လိုအပ်သည်။
အကယ်၍ သူက မိသားစုအင်အားကို အသုံးမပြုချင်ဘူးဆိုလျှင်ပင် သတင်းဖြန့်လိုက်ရုံဖြင့် တစ်စုံတစ်ယောက်က တားမြစ်တောင်များကို အလိုအလျောက် လာပို့ပေးလိမ့်မည်။
အမှန်မှာ သခင်လေးက သူတို့ကို ညွှန်ကြားနိုင်ပေသည်။ သူတို့က ရွှီချင်းကို အခက်တွေ့စေအောင် တခြားနည်းလမ်းများကို အသုံးပြုနိုင်သည်။
သို့သော်လည်း သခင်လေးက ထိုသို့လုပ်ရပ်များကို အထင်သေးရှုံ့ချကြောင်း သူတို့နားလည်ထားကြသည်။
သူက ရွှီချင်းဟူသော လူသားကို စိတ်ဝင်စားသောကြောင့် တစ်ဖက်လူနှင့် ပထမနေရာကို ယှဉ်ပြိုင်ရန် ဤနေရာမှာ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
အရှုံးအနိုင်ကိုတော့ သူတို့က မစိုးရိမ်ပေ။
သခင်လေးက မင်းသားမင်နန်ကို အလွယ်တကူ အနိုင်ယူနိုင်ကြောင်း သူတို့သိထားကြသည်။
ရွှမ်ထျန်းမျိုးဆက်သွေးသည် သာမညောင်ညမဟုတ်ပေ။
အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားသည်။ ထုန်ရှီရှန်းက သေရည်ကို ခုနစ်ကြိမ်မြောက် သောက်သုံးပြီးသည့်နောက် သက်တံ့တိမ်တိုက်တစ်ခုသည် အဝေးမှ ကောင်းကင်ယံမှာ ထွက်ပေါ်လာသည်။
အဝေးမှကြည့်လျှင် ထိုသက်တံ့တိမ်တိုက်ထဲမှ ရွှီချင်းနှင့် တခြားနှစ်ယောက်၏ ပုံရိပ်များကို မြင်နိုင်လိမ့်မည်။
ထုန်ရှီရှန်းသည် ခေါင်းမော့လိုက်ပြီး လေချဉ်တတ်လိုက်သည်။ သူက မိုးကုပ်စက်ဝိုင်းကို လှမ်းကြည့်လိုက်သည့်အခါ ထူးဆန်းသော အလင်းသည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ သူဒီကို ရောက်လာပြီ ”
ထုန်ရှီရှန်းက ကောင်းကင်ကို မော့ကြည့်လိုက်သည့်အခိုက် ရွှီချင်း၏ အကြည့်သည်လည်း သူ့အရှေ့မှ တောင်ကုန်းပေါ်သို့ ကျရောက်သွားလေသည်။
ရွှီချင်းက လှမ်းကြည့်လိုက်စဉ် သူ့အနောက်မှ ခေါင်းဆောင်၏ အမူအရာသည် အနည်းငယ် တည်ကြည်သွားသည်။
“ ဂျူနီယာညီလေး… ဒီလူက မရိုးရှင်းဘူး… သူဖော်ပြထားတဲ့ သွေးနဲ့ချီအရဆိုရင် သူ့ရဲ့ ရုပ်ခန္ဓာကိုယ်သက်သက်က ဗလာနတ္ထိအဆင့်ရဲ့ ပြီးပြည့်စုံတဲ့ မဟာစက်ဝန်းကို ရောက်နေပြီ… သူ့ရဲ့ ကျင့်ကြံခြင်းကလည်း အဲ့ဒီအဆင့်မှာပဲ ”
“ ဒီလူက ဝိညာဉ်စုစည်းခြင်းအဆင့်ကိုရောက်ဖို့ ခြေလှမ်းဝက်ပဲ လိုတော့တယ် ”
“ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ ကျင့်ကြံခြင်းအတတ်ပညာအပေါ် ငါ့ရဲ့ နားလည်မှုအရဆိုရင် အဲ့ဒီအဆင့်ကို ရောက်သွားတဲ့ ကျင့်ကြံသူတွေက နတ်ဘုရားအစွမ်းကို နိုးထဖို့အတွက် အဆင့်မြင့်နတ်ဘုရားသက်ရှိတွေရဲ့ သွေးမျိုးစက်ကို ရွေးချယ်ကြလေ့ရှိတယ် ”
ခေါင်းဆောင်၏ နက်ရှိုင်းသော အသံသည် ရွှီချင်း၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။
တောင်ကုန်းပေါ်မှာ သေရည်သောက်နေသော မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူက မည်မျှသန်မာကြောင်း ရွှီချင်းသည်လည်း ပြောနိုင်သည်။ ထိုအကြည့်သည် အလွန်စူးရှပြီး သူက ပေါက်ကွဲထွက်တော့မည့် မီးတောင်တစ်ခုဖြင့် ရင်ဆိုင်နေရသည့်အလား ခံစားရသည်။ ယင်းက သူ့အား ထိုမီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူ၏ တိုက်ပွဲစွမ်းအားကို အကြမ်းဖျဉ်း ခန့်မှန်းနိုင်စေသည်။
တစ်ဖက်လူ၏ တည်နေရာသည် သူဖြတ်သန်းသွားရမည့် လမ်းကြောင်းပေါ်မှာ ရှိနေသည်။ ထို့ပြင် ပုံစံကြည့်ရသည်မှာ တစ်ဖက်လူက သူ့ကို တမင်စောင့်ဆိုင်းနေကြောင်း ထင်ရှားသည်။ ထို့ပြင် သူ၏ ဦးခေါင်းပေါ်မှာ သူ့နည်းတူ တားမြစ်တောင်(၉၀၀)ကျော် ရှိသည်။
သို့ဖြစ်၍ တစ်ဖက်လူ၏ ရည်ရွယ်ချက်သည် ထင်ရှားပေသည်။
“ သူက ထုန်ရှီရှန်း ”
ကျူးချွယ်ဇီသည် အသက်ရှူမြန်လာပြီး အမြန်သတိပေးလိုက်သည်။
မင်းသားမင်နန်နှင့် တိုက်ပွဲမတိုင်ခင် ရွှီချင်းပေးအပ်ခဲ့သော တာဝန်ကို သူက ပြီးမြောက်အောင် ဆောင်ရွက်ခဲ့သည်။ ထို့နောက် သူတို့ပြန်ဆုံသွားကြပြီး သူက ရွှီချင်းနောက်သို့ ဆက်လိုက်သွားခဲ့သည်။ လမ်းတစ်လျှောက်တွင် သူ့အရှေ့မှ လူသားကျင့်ကြံသူက မည်မျှသန်မာကြောင်း သူမြင်တွေ့ခဲ့သည်။
မင်းသားမင်နန်က အသတ်ခံခဲ့ရကြောင်းကိုလည်း သူသိခဲ့သည်။ ဤအတောအတွင်းမှာ သူက ထိတ်လန့်သွားခဲ့ပြီး စိုးရိမ်ကြောက်လန့်သွားခဲ့သည်။ သို့သော်လည်း ယခု သူက ထိုအရာအားလုံးကို သာမန်မျှသာ သဘောထားတော့သည်။
သို့သော်လည်း ထုန်ရှီရှန်းက သူ့ကို နှလုံးတုန်သွားစေသည်။
“ သူက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ ထိပ်ဆုံးငါးယောက် ကောင်းကင်အရွေးချယ်ခံထဲမှာ အဆင့်လေးချိတ်တယ် ”
“ သူက ရွှမ်ထျန်းမိသားစုရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပြီး ကြီးမားတဲ့ ပင်ကိုယ်ပါရမီရှိတယ်… သူ့မှာ မွေးရာပါနတ်ဘုရားခွန်အားလည်း ရှိတယ်… သူက မီးလျှံလဘုရားကျောင်းရဲ့ ကောင်းချီးပေးမှုကို ငါးကြိမ်ထိ ရရှိထားတယ်… သူက ဝိညာဉ်စုစည်းခြင်းအဆင့်ကို တတ်လှမ်းနိုင်မယ်ဆိုရင် ဘုရားကျောင်းရဲ့ အစောင့်အကြပ်အဖြစ် အဆင့်မြင့်နတ်ဘုရားမီးလျှံလရဲ့ ရာထူးချီးမြှောက်ခြင်းခံရလိမ့်မယ် ”
“ သူက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ အတောက်ပဆုံး ကြယ်တွေထဲက တစ်လုံးအဖြစ် သတ်မှတ်ခံထားရတယ် ”
ကျူးချွယ်ဇီ၏ စကားသည် ထုန်ရှီရှန်း၏ သရုပ်ကို ထုတ်ဖော်လိုက်သည်။
ရွှီချင်း၏ နှလုံးသည် လေးနက်သွားသည်။ သို့သော်လည်း သူ၏ အမူအရာသည် ပြောင်းလဲသွားခြင်း မရှိပေ။ သူ၏ အလျင်သည်လည်း နှေးကွေးသွားခြင်း မရှိပေ။ သူက တစ်ဖက်လူရှိနေသော တောင်ကုန်းဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။
အကယ်၍ သူသာ အလျင်ကုန်သုံးမည်ဆိုလျှင် ထုန်ရှီရှန်းကို ဖြတ်သန်းသွားနိုင်ပြီး အဝေးမှ နတ်ဘုရားတောင်တန်းဆီသို့ ရောက်ရှိနိုင်လိမ့်မည်။
သို့သော်လည်း ယင်းက အဓိပ္ပာယ်မရှိပေ။
နောက်အခိုက်အတန့်မှာ တောင်ကုန်းသည် တုန်ယင်သွားသည်။
ရွှီချင်းသည် ထုန်ရှီရှန်းရှိနေသော တောင်ကုန်းရှေ့မှာ ထွက်ပေါ်လာသည်။
ခေါင်းဆောင်နှင့် ကျူးချွယ်ဇီသည်လည်း တောင်ကုန်းပေါ်မှာ ထွက်ပေါ်လာကြသည်။
ခေါင်းဆောင်သည် အထူးနည်းလမ်းတစ်ခုကို အသုံးပြု၍ ရွှီချင်းဆီသို့ အသံပို့လွှတ်လိုက်သည်။
“ သူ့နောက်က လူကိုးယောက်ကလည်း မရိုးရှင်းဘူး… မင်းက အရင်တိုက်ခိုက်ပြီး ငါ့အတွက် အချိန်နည်းနည်း ဆွဲပေးပါ… ငါသူတို့ကို ထောင်ချောက်ဆင်လိုက်မယ်… ပြီးသွားရင် မင်းက တားမြစ်တောင်တွေကို လုယက်ပြီး နတ်ဘုရားတောင်တန်းဆီ အမြန်ပျံသန်းသွားပါ ”
ရွှီချင်းသည် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ နောက်ဆုံးမှာတော့ သူ့အကြည့်က တောင်ကုန်းပေါ်မှာ ထိုင်နေသော ထုန်ရှီရှန်းပေါ်သို့ ကျရောက်သွားသည်။
ထုန်ရှီရှန်းသည် ပြုံးလိုက်ပြီး သူ့လက်ထဲမှ သေရည်အိုးကို ပစ်လွှတ်လိုက်သည်။
ရွှီချင်းသည် အနည်းငယ် အံ့ဩသွားသည်။ ဝိညာဉ်ချည်မျှင်များသည် သူ၏ ဘေးပတ်ဝန်းကျင်မှာ ပေါ်လျှိုးထွက်လာကြပြီး သေရည်အိုးကို ဖမ်းဆုပ်လိုက်သည်။
အရက်နံ့သည် ပျံ့လွင့်ထွက်လာသည်။ ဆေးပင်တာအိုအပေါ် ရွှီချင်း၏ နားလည်သဘောပေါက်မှုကြောင့် ထိုသေရည်အိုးထဲမှာ မည်သည့်အရာပါဝင်ကြောင်း ချက်ချင်း သူပြောနိုင်သည်။
ယင်းက သွေးဖြင့် အရက်ချက်ထားသော သေရည်ဖြစ်ပြီး သွေးနှင့်ချီကို အားဖြည့်ပေးနိုင်သည်။ ယင်းကို သောက်သုံးလျှင် တစ်စုံတစ်ယောက်သည် မြန်ဆန်စွာ အားပြန်ပြည့်လာပြီး ခန္ဓာကိုယ်သန်စွမ်းလာလိမ့်မည်။
“ မင်းသားမင်နန်ကို ငါလည်းပဲ ကြည့်မရဘူး… မင်းက သူ့ကို သတ်ခဲ့မှတော့ သတ္တိရှိပြီး အရည်အချင်းရှိတယ်လို့ ဆိုနိုင်တယ်… ဒီသေရည်အိုးက မင်းအတွက်ပဲ ”
ထုန်ရှီရှန်းသည် စကားပြောပြီးနောက် သေရည်အိုးနောက်တစ်လုံးကို ထုတ်လိုက်သည်။ သူက အဝေးမှ ရွှီချင်းကို ကြည့်ပြီးနောက် သေရည်အိုးကို အပေါ်သို့ မြှောက်တင်လိုက်ကာ အကြီးကြီးတစ်ကျိုက် မော့ချလိုက်လေသည်။
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူ့အရှေ့မှ မီးလျှံလမျိုးနွယ်၏ ကောင်းကင်အရွေးချယ်ခံသည် လမ်းတစ်လျှောက်မှာ သူတွေ့ခဲ့ဖူးသော တခြားလူများနှင့် ခြားနားပုံပေါ်သည်။ သို့သော်လည်း သူက ထိုအကြောင်းကြောင့်ဖြင့် သေရည်ကို အလွယ်တကူ သောက်သုံးလိမ့်မည် မဟုတ်ပေ။
ထုန်ရှီရှန်းသည် ယင်းကို ဂရုမစိုက်သည်မှာ ရှင်းလင်းသည်။ သူက သေရည်သောက်ပြီးနောက် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်သည်။ သူ၏ မျက်လုံးသည် စူးရှတောက်ပလာပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည် ပျံ့နှံ့သွားသည်။ ချက်ချင်းဆိုသလို ဘေးပတ်ဝန်းကျင်တွင် မုန်တိုင်းတစ်ခု အစပျိုးလာသည်။
ဤသည်မှာ မုန်တိုင်းတစ်ခုက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည့်အလားပင်။ အဝေးမှကြည့်လျှင် ကောင်းကင်နှင့် ထိစပ်နေသော မုန်တိုင်းတစ်ခုက သူ့အား စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်နေဟန် ရ၏။
ကောင်းကင်သည် တုန်လှုပ်သွားပြီး ကြီးမားသော ဝဲကတော့တစ်ခု ထွက်ပေါ်လာသည်။ မိုးကြိုးသွားများသည် မုန်တိုင်းထဲမှာ ကူးခတ်ရွေ့လျားနေကြသည်။
ဤနေရာက နတ်ဘုရားတောင်တန်းနှင့် အလွန်နီးကပ်သောကြောင့် မုန်တိုင်းသည် နတ်ဘုရားတောင်တန်းအောက်ခြေမှ နတ်ဘုရားမြို့တော်ထဲရှိ ကျင့်ကြံသူများ၏ စိတ်အာရုံကို ဆွဲဆောင်သွားလေသည်။
မကြာမီ ပုံရိပ်တစ်ခုပြီးတစ်ခုသည် နတ်ဘုရားမြို့တော်ထဲမှ ပျံသန်းထွက်လာကြသည်။ နတ်ဘုရားစိတ်အာရုံအမျှင်တန်းများသည်လည်း ဤနေရာသို့ မြန်ဆန်စွာ ချဉ်းကပ်လာကြသည်။ ၎င်းတို့က ဘေးပတ်ဝန်းကျင်တွင် ရပ်တန့်လိုက်ပြီး အခြေအနေကို စူးစမ်းလိုက်ကြသည်။
အနက်ရောင်အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ဝိညာဉ်ချည်မျှင်များကို ထုတ်လွှတ်လိုက်သည်။ နတ်ဘုရားအသွင်သဏ္ဍာန်သည် ချက်ချင်း ဖွဲ့စည်းသွားပြီး သူ၏ အရှိန်အဝါသည် ဘေးပတ်ဝန်းကျင်ကို လှုပ်ခါသွားစေသည်။
စိတ်လှုပ်ရှားသော အရိပ်အယောင်သည် ထုန်ရှီရှန်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ရွှီချင်း၏ နတ်ဘုရားအသွင်သဏ္ဍာန်ကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။ သူက တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် တည်ငြိမ်စွာ ပြောသည်။
“ ငါတို့တွေ အရင်ဆုံး စည်းမျဉ်းသတ်မှတ်ရအောင် ”
“ ငါတို့တိုက်ပွဲမှာ ရှုံးတဲ့လူက တားမြစ်တောင်တစ်လုံးကို ထိန်းသိမ်းနိုင်မယ်… ကျန်တဲ့တားမြစ်တောင်အားလုံးကတော့ နိုင်တဲ့လူအတွက် ဆုလာဘ်ပဲ ”
ရွှီချင်းသည် ထပ်မံ အံ့ဩသွားသည်။ သူ့အရှေ့မှ မီးလျှံလကျင့်ကြံသူသည် တခြားလူများနှင့် အမှန်တကယ် ခြားနားသည်။
“ ပြီးတော့ အခုလို ထိပ်တိုက် တိုက်ခိုက်ဖို့ မလိုဘူး… မင်းရဲ့ ချိပ်ပိတ်ခြင်းအတတ်ပညာက အတော်လေး ထူးခြားတယ်လို့ ငါကြားထားတယ် ”
“ ပြီးတော့ ငါ့မှာလည်း ချိပ်ပိတ်ခြင်းအတတ်ပညာတစ်ခု ရှိတယ် ”
“ ဘာလို့ ငါတို့တွေ သီးခြားမယှဉ်ပြိုင်ကြတာလဲ… ငါက မင်းရဲ့ ချိပ်ပိတ်မှုထဲ ဝင်ရောက်ပြီး မင်းက ငါ့ရဲ့ ချိပ်ပိတ်မှုထဲ ဝင်ရောက်မယ်… ဘယ်သူက တစ်ဖက်လူရဲ့ ချိပ်ပိတ်မှုကို အရင်ဆုံး ချိုးဖြတ်နိုင်မလဲ ယှဉ်ပြိုင်ကြတာပေါ့ ”
“ အရင်ဆုံး ထွက်လာနိုင်မယ့်လူက အနိုင်ပဲ ”
ထုန်ရှီရှန်းက ရွှီချင်းကို ကြည်လင်သော မျက်လုံးဖြင့် ကြည့်လိုက်ပြီး ပြုံးလိုက်သည်။ ရွှီချင်း၏ အံ့ဖွယ်ကောင်းသော အရှိန်အဝါကို သူအာရုံခံနိုင်သည်။ အကယ်၍ သူတို့တိုက်ခိုက်ကြမည်ဆိုလျှင် အနိုင်အရှုံးသည် အချိန်တိုလေးအတွင်း ထွက်ပေါ်လာလိမ့်မည် မဟုတ်ကြောင်း သူပြောနိုင်ပေသည်။
အရေးကြီးဆုံးမှာ သူက ဒဏ်ရာမရချင်ပေ။
မည်သို့ဖြစ်ပါစေ ယင်းက မဟာအမဲလိုက်ပွဲတော်၏ ပထမပြိုင်ပွဲသာ ရှိသေးသည်။ တတိယပြိုင်ပွဲဖြစ်သော နတ်ဘုရားနယ်မြေထဲတွင် အစွမ်းထက်နတ်ဘုရားသွေးမျိုးစက်ကို ပိုင်ဆိုင်နိုင်ရန် သူ၏ အထွတ်အထိပ် တိုက်ပွဲစွမ်းအားကို ထိန်းသိမ်းထားချင်သည်။
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ ခေါင်းဆောင်သည် မေးစေ့ကို ပွတ်သပ်လိုက်ပြီး သူ၏ အသံကို ချက်ချင်း ပို့လွှတ်လိုက်သည်။
“ ဂရုစိုက်… အဲ့ဒါက ထောင်ချောက်ဖြစ်နိုင်တယ် ”
ရွှီချင်းသည် တစ်ခဏကြာ တွေးတောလိုက်သည်။ ခေါင်းဆောင်၏ အစောနက အကြံပေးမှုက အနည်းငယ် ယုတ္တိမရှိကြောင်း သူခံစားမိသည်။ အကယ်၍ သူတို့က ချိပ်ပိတ်ခြင်းအတတ်ပညာကို ယှဉ်ပြိုင်မည်ဆိုလျှင်…
“ ကောင်းပြီ ”
ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ကောင်းကင်ဆီသို့ လက်ညှိုးညွှန်လိုက်သည်။ ချက်ချင်းဆိုသလို ကောင်းကင်သည် တုန်ယင်သွားပြီး ကျယ်ပြောသော အရှိန်အဝါသည် ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။ ယင်းက ဘေးပတ်ဝန်းကျင်ကို ချက်ချင်း ဖိနှိပ်လိုက်သည်။ တစ်ချိန်တည်းမှာ ကြီးမားသော အကျဉ်းထောင်ပုံရိပ်သည် ကောင်းကင်ပေါ်မှာ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
ပထမတွင် အကျဉ်းထောင်ပုံရိပ်သည် ဝေဝါးနေသည်။ သို့သော်လည်း ယင်းက မြန်ဆန်စွာ ကြည်လင်လာနေသည်။ ယင်း၏ အရှိန်အဝါသည် ဘေးပတ်ဝန်းကျင်သို့ ရေတံခွန်ပမာ စီးဆင်းသွားပြီး နတ်ဘုရားစွမ်းအင်လှိုင်းများကို ထုတ်လွှတ်လိုက်သည်။
ယင်းက (ဃ၁၃၂)ဖြစ်သည်။
(ဃ၁၃၂)ထွက်ပေါ်လာသည့်အခိုက် အကျဉ်းထောင်ဂိတ်တံခါးသည် ဖြည်းညင်းစွာ ပွင့်သွားသည်။ ထူးဆန်းသော ငိုကြွေးသံများသည် ပွင့်သွားသော ဂိတ်တံခါးထဲမှ ပျံ့လွင့်ထွက်လာသည်။
အကျဉ်းထောင်၏ ထွက်ပေါ်လာမှုသည် ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများနှင့် နတ်ဘုရားစိတ်အာရုံများကို ချက်ချင်း ဆွဲဆောင်သွားသည်။ ထုန်ရှီရှန်းသည် အကျဉ်းထောင်ကို အကြိမ်ရေအနည်းငယ် ထပ်ကြည့်လိုက်ပြီးနောက် သုံးရောင်ခြယ်ပုတီးစေ့တစ်လုံးကို ထုတ်ယူလိုက်သည်။
သုံးရောင်ခြယ်ပုတီးစေ့သည် လေထဲမှာ မျောလွင့်သွားပြီး ထွန်းလင်းတောက်ပလာသည်။ ယင်းက လေထဲမှာ တဖြည်းဖြည်း ပိုပြီးကြီးမားလာသည်။ နောက်ဆုံးမှာတော့ ယင်းက ပေတစ်ထောင်အရွယ်အစားသို့ ရောက်ရှိသွားပြီး အလွန်သိပ်သည်းသော ချိပ်ပိတ်ခြင်းစွမ်းအားကို ထုတ်လွှတ်လိုက်သည်။ နတ်ဘုရားသင်္ကေတများသည် ယင်းပေါ်မှာ တလက်လက် တောက်ပနေကြသည်။
နတ်ဘုရားသင်္ကေတများက တစ်ခုနှင့်တစ်ခု ယှက်ထွေသွားသည့်အခါ ယင်းတို့က အစီအစဉ်တကျ ပေါင်းစည်းသွားဟန် ရ၏။ နောက်ဆုံးမှာတော့ ယင်းတို့က အရှေ့သို့ ကျယ်ပြန့်လာကြပြီး ရွှေရောင်အလင်းအကာအကွယ်တစ်ခုကို ဖွဲ့စည်းသွားသည်။ အလင်းအကာအကွယ်၏ ထိပ်ဖျားပေါ်တွင် အက်ကွဲကြောင်းတစ်ခု ပွင့်ဟသွားပြီး ယင်းက ဂိတ်တံခါးတစ်ခုသဖွယ် ကျယ်ပြန့်သွားသည်။
“ ဒါဆို… စရအောင် ”
ထုန်ရှီရှန်းသည် စကားဆုံးသည်နှင့် (ဃ၁၃၂)၏ အကျဉ်းထောင်ဂိတ်တံခါးဆီသို့ တိုက်ရိုက် ပျံသန်းသွားသည်။
ရွှီချင်းသည်လည်း လှုပ်ရှားလိုက်သည်။ သူက သုံးရောင်ခြယ်ပုတီးစေ့၏ အက်ကွဲကြောင်းဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
ထုန်ရှီရှန်းသည် လူ့ဘီလူးတစ်ကောင်ပမာ အရွယ်အစား ကြီးမားသော်လည်း သူ၏ အလျင်သည် ရွှီချင်းအောက် မလျော့ချေ။ သို့ဖြစ်၍ နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်စလုံးသည် တစ်ချိန်တည်းမှာ တစ်ဖက်လူ၏ ချိပ်ပိတ်မှုထဲသို့ ဝင်ရောက်သွားကြသည်။
နောက်အခိုက်အတန့်မှာ (ဃ၁၃၂)၏ ဂိတ်တံခါးသည် ပိတ်သွားပြီး သုံးရောင်ခြယ်ပုတီးစေ့၏ အက်ကွဲကြောင်းသည် ပျောက်ကွယ်သွားသည်။
သူတို့နှစ်ယောက်သည် တစ်ဖက်လူ၏ ချိပ်ပိတ်ခြင်းအတတ်ပညာဖြင့် ချိပ်ပိတ်ခံလိုက်ရသည်။
သုံးရောင်ခြည်ပုတီးစေ့ထဲ၌ အက်ကွဲကြောင်းက ပြန်ပိတ်သွားသည့်အခိုက် ရွှီချင်းက ထူးဆန်းသော နယ်မြေတစ်ခုဆီသို့ ဝင်ရောက်သွားဟန် ရ၏။ ပထမဆုံး သူမြင်လိုက်ရသည့်အရာမှာ အလွန်ကျယ်ပြောသော အမှောင်ထု ဖြစ်သည်။ ယင်းက ညအချိန်နှင့်ဆင်တူပြီး အဆုံးမဲ့ကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေသည်။
ယင်းကို ချိုးဖြတ်ပြီးနောက် ဒုတိယအရောင်က ထွက်ပေါ်လာသည်။
အနက်ရောင်၊ အဖြူရောင်နှင့် အနီရောင်ဖြစ်သည်။ အရောင်တစ်ခုစီသည် ချိပ်တံဆိပ်တစ်မျိုးကို ကိုယ်စားပြုသည်။
အကယ်၍ အရောင်သုံးရောင်စလုံးက ချိုးဖြတ်ခံရမည်ဆိုလျှင် ယင်းတို့က အတူတကွ ပေါင်းစပ်သွားပြီး သုံးရောင်ခြယ်အဟန့်အတားတစ်ခုကို ဖြစ်ပေါ်စေလိမ့်မည်။ ယင်းက အစောနက ချိပ်တံဆိပ်သုံးခုထက် ပိုပြီးကြောက်စရာကောင်းသည်။ ထို့ပြင် အရောင်သုံးရောင်က ထပ်ဆင့်လွှမ်းခြုံသွားသည့်အခါတိုင်း ချိပ်တံဆိပ်သည် ယခင်တစ်ကြိမ်ထက် ပိုပြီးအားကောင်းလာလိမ့်မည်။
အရောင်က ဆက်တိုက် ထပ်တိုးလာသည်နှင့်အမျှ ချိပ်ပိတ်စွမ်းအားသည်လည်း ပိုပြီးအားကောင်းလာလိမ့်မည်။
ထုန်ရှီရှန်းသည်တော့ ယခုအချိန်မှာ ကံကြမ္မာဆိုးနှင့် မေ့လျော့ခြင်းကို တစ်ပြိုင်နက် ရင်ဆိုင်နေရသည်။ သူက အကျဉ်းသားအားလုံးနှင့် နတ်ဘုရားလက်ချောင်းကိုလည်း ရင်ဆိုင်နေရသည်။ သူ့အတွက်တော့ ထိုအတွေ့အကြုံသည် တမူထူးခြားသည်။
ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ဆယ့်ငါးမိနစ်ကြာပြီးသော်လည်း သူတို့နှစ်ယောက်စလုံးက ချိပ်ပိတ်ခံနေရဆဲပင်။
ပေါက်ကွဲသံများသည် ချိပ်တံဆိပ်နှစ်ခုလုံးထံမှ ပဲ့တင်ထပ်လာသည်။
တစ်နာရီ… နှစ်နာရီ…
ထုန်ရှီရှန်း၏ လက်အောက်ငယ်သားများသည် အံ့အားသင့်သော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။ ခေါင်းဆောင်သည်လည်း ထို့အတူပင်။ ရွှီချင်း၏ စွမ်းရည်ကို ကောင်းမွန်စွာ သူနားလည်သည်။ ထို့ကြောင့် ရွှီချင်းကို ယခုအချိန်ထိ ချိပ်ပိတ်ထားနိုင်သည့် ထိုသုံးရောင်ခြည်ချိပ်တံဆိပ်ကို သူက ခန့်မှန်းကြည့်လိုက်သည်။
နောက်ဆုံးမှာတော့ ခြောက်နာရီပြည့်သွားသည်။ ထိုအခါ ခေါင်းဆောင်၏ အမူအရာသည် ပြောင်းလဲသွားသည်။ ထုန်ရှီရှန်း၏ လက်အောက်ငယ်သားများသည်လည်း တည်ကြည်လေးနက်သွားကြသည်။
အပြင်လူများသည် ချိပ်တံဆိပ်များ၏ ဖုံးကွယ်မှုကြောင့် အထဲမှ အဖြစ်အပျက်များကို မမြင်နိုင်ကြချေ။ သို့သော်လည်း အချိန်ကုန်ဆုံးမှုကို အကဲဖြတ်ခြင်းဖြင့် ထိုချိပ်တံဆိပ်များကို ချိုးဖြတ်ရန် မည်မျှခက်ခဲကြောင်း သူတို့စိတ်ကူးကြည့်နိုင်ပေသည်။
အမှန်တကယ်ပင် ထိုအတိုင်းဖြစ်သည်။
(ဃ၁၃၂)ထဲတွင် ထုန်ရှီရှန်းသည် သူ၏ ကြီးမြတ်သော အသွင်ပုံစံကို ဆက်ပြီး မထိန်းထားနိုင်ခဲ့ပေ။ သူ၏ ဆံပင်သည် ဖရိုဖရဲဖြစ်နေပြီး သူက ဆိုးဝါးသော အခြေအနေသို့ ကျရောက်နေသည်။
သို့သော်လည်း အမှန်တကယ် ဆိုးဝါးနေသည်မှာ သူ၏ ခန္ဓာကိုယ်မဟုတ်ပေ။ သူ၏ စိတ်သာ ဖြစ်သည်။
သူက ကံကြမ္မာဆိုးဖြင့် တွေ့ကြုံခဲ့ရပြီး အကြိမ်တိုင်း အန္တရာယ်ဖြင့် ရင်ဆိုင်ခဲ့ရသည်။ ထို့ပြင် မေ့လျော့ခြင်းက ရောက်ရှိလာသည့်အခါ အကျဉ်းထောင်ထဲသို့ ရောက်ရှိနေသည့် သူ၏ ရည်ရွယ်ချက်ကို မကြာခဏ မေ့လျော့သွားသည်။ ထို့ကြောင့် သူ၏ စက်ဆုပ်ရွံရှာသော ခံစားမှုက တဖြည်းဖြည်း တိုးပွားလာသည်။
သူက အကျဉ်းသားများကို ဂရုမစိုက်ပေ။
သူက အကျဉ်းသားအားလုံးကို ဖိနှိပ်ခဲ့ပြီး သူတို့ကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ဖျက်ဆီးပစ်ခဲ့သည်။ သူက နတ်ဘုရားလက်ချောင်းကိုလည်း ဂရုမစိုက်ပေ။ ထိုမျှအားနည်းသော နတ်ဘုရားတစ်ပါးကို ပထမဆုံးအကြိမ် သူမြင်ဖူးခြင်း ဖြစ်သည်။ ယင်းက သူ၏ အမြင်ကို ကျယ်ပြောသွားစေခဲ့သည်။
“ ငါက ဒီမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်နိုင်တယ်… ဒါပေမဲ့ ရွှီချင်းက အဲ့ဒီဘက်မှာ ပိုပြီးခက်ခဲလိမ့်မယ်… ဒါ့အပြင် သူက ငါ့ရဲ့ ချိပ်တံဆိပ်ကို ဖျက်ဆီးဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး… အရောင်သုံးရောင်က အတိုင်းအတာတစ်ခုထိ လှည့်ပတ်ပြီးသွားရင် သူက နောက်ဆုံးအဟန့်အတားကို ရှာတွေ့သွားလိမ့်မယ်… နောက်ဆုံးအဟန့်အတားကို ဝိညာဉ်စုစည်းခြင်းအဆင့်အောက်က ဘယ်သူမှ ချိုးဖြတ်နိုင်မှာ မဟုတ်ဘူး… အဲ့ဒါက မင်းအတွက် ငါပြင်ဆင်ထားတဲ့ လက်ဆောင်ပဲ ”
ထိုအတွေးများနှင့်အတူ ထုန်ရှီရှန်းသည် ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို ဆက်လက် တောင့်ခံလိုက်သည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်လေရာ သူ၏ မျက်လုံးက နီရဲလာသည်။ သူက အကျဉ်းသားများကို ဆက်လက် သတ်ဖြတ်လိုက်သည်။ သူက နတ်ဘုရားလက်ချောင်းကိုပင် ဖိနှိပ်လိုက်သည်။ နောက်ဆုံးမှာတော့ သူက အသက်ရှူသွင်းလိုက်ပြီး အကျဉ်းထောင်ဂိတ်တံခါးဆီသို့ တန်းမတ်စွာ လျှောက်သွားသည်။
“ ဒီဂိတ်တံခါးကနေ ငါထွက်သွားနိုင်ရင် ချိပ်တံဆိပ်ကနေ ချိုးဖြတ်နိုင်ပြီ… ဟား ဟား ”
ထုန်ရှီရှန်းက ရယ်မောလိုက်သည်။
တစ်ချိန်တည်းမှာ ရွှီချင်းရှိနေသော သုံးရောင်ခြယ်နယ်မြေထဲတွင် တူညီသော စိန်ခေါ်မှုကို ရင်ဆိုင်နေရသည်။ ချိပ်တံဆိပ်များကို ချိုးဖြတ်ရန် သူ၏ နည်းလမ်းအားလုံးနီးပါးကိုပင် ထုတ်သုံးခဲ့ရသည်။ သို့တိုင် အရောင်သုံးရောင်သည် အဆုံးမဲ့ပုံပေါ်သည်။ အထူးသဖြင့် အရောင်များက ပေါင်းစပ်သွားသည့်အခါ ချိပ်တံဆိပ်သည် ပိုပြီးအားကောင်းလာသည်။
သူက ချိပ်တံဆိပ်များကို ဆက်လက် ချိုးဖြတ်နေဆဲပင်။ ဤအခိုက်အတန့်မှာ အရောင်သုံးရောင်က သုံးရာကြိမ်မြောက် ပေါင်းစပ်သွားသည့်အခါ တင်ပျဉ်ခွေထိုင်နေသော ပုံရိပ်တစ်ခုသည် ထိုအရောင်များကြားထဲမှာ ထွက်ပေါ်လာသည်။
ထိုပုံရိပ်ကို ကြည့်နေရင်း ရွှီချင်း၏ ခြေလှမ်းသည် ရပ်တန့်သွားသည်။
“ ဝိညာဉ်စုစည်းခြင်းအဆင့် ”
ထိုသုံးရောင်ခြယ်နယ်မြေထဲတွင် နောက်ဆုံးအဟန့်အတားသည် ဝိညာဉ်စုစည်းခြင်းအဆင့်၏ ဝိညာဉ်ဖြစ်သည်။
သူက ဤသုံးရောင်ခြယ်နယ်မြေကို စောင့်ကြပ်နေသူဖြစ်သည်။ သူက ခွင့်မပြုလျှင် ဝိညာဉ်စုစည်းခြင်းအဆင့်အောက်မှ မည်သူမှ ဤနေရာမှ ထွက်သွားနိုင်လိမ့်မည် မဟုတ်ချေ။
“ မင်းငါ့ကိုကျော်ပြီး ထွက်သွားနိုင်မှာမဟုတ်ဘူး ”
ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူသည် အဖိုးအိုတစ်ယောက်ဖြစ်သည်။ ဤအခိုက်အတန့်မှာ သူက မျက်လုံးဖွင့်လိုက်ပြီး ရွှီချင်းကို တည်ငြိမ်စွာ ပြောသည်။
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။
တစ်ချိန်တည်းမှာ (ဃ၁၃၂)ထဲတွင် ထုန်ရှီရှန်းသည် အကျဉ်းထောင်ဂိတ်တံခါး၏ အရှေ့မှာ တိတ်ဆိတ်စွာ မတ်တတ်ရပ်နေသည်။
စက်လုံးတစ်လုံးသည် သူ့အရှေ့မှ ဂိတ်တံခါးထဲတွင် နစ်မြုပ်နေသည်။
ယင်းက ရှေးဟောင်းနေလုံးဖြစ်ပြီး အာရုဏ်ဦးနေမင်း၏ အဆင့်မြှင့်ထားသော ပုံစံလည်း ဖြစ်သည်။
အကယ်၍ ဂိတ်တံခါးကိုသာ ဖွင့်လိုက်မည်ဆိုလျှင် အာရုဏ်ဦးနေမင်းသည် သူ့ဘာသာ ပေါက်ကွဲသွားလိမ့်မည်။
“ ယီးပဲ… ဘာကြီးလဲ ”
ထိုစက်လုံးကို မှတ်မိသွားသောအခါ ထုန်ရှီရှန်းသည် အချိန်အတော်ကြာအောင် ဆွံ့အသွားသည်။ ထို့နောက် သူက အံတင်းတင်းကြိတ်လိုက်ပြီး ကျိန်ဆဲလိုက်သည်။