← Chapters

မိတ်ဆွေလေး စိတ်လိုက်မာန်ပါမလုပ်ပါနဲ့… အေးဆေးစကားပြောရအောင်

Vol. 81 Ch. 1250

မိတ်ဆွေလေး စိတ်လိုက်မာန်ပါမလုပ်ပါနဲ့… အေးဆေးစကားပြောရအောင်

Vol. 81 Ch. 1250

ဤအခိုက်အတန့်မှာ ကျင့်ကြံသူအများအပြားသည် မတူညီသော ချိပ်တံဆိပ်နှစ်ခုကို စောင့်ကြည့်နေကြသည်။

နတ်ဘုရားစိတ်အာရုံအများအပြားသည်လည်း ပြပွဲကြည့်ရန် ရောက်ရှိလာကြသည်။

ယေဘုယျအားဖြင့် သူတို့သည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ လက်အောက်ခံမျိုးနွယ်စုများ၏ ကျင့်ကြံသူများဖြစ်ကြသည်။ မီးလျှံလမျိုးနွယ်မှ ကျင့်ကြံသူတချို့သည်လည်း ရောက်ရှိလာကြသည်။

သူတို့အားလုံးသည် ဤနေရာမှ အားလှိုင်းအတတ်အကျများဖြင့် ဆွဲဆောင်ခံခဲ့ရသည်။ သူတို့ရောက်ရှိလာပြီးနောက် သဲလွန်စတချို့ကို မြင်တွေ့သွားကြသည်။ တောင်ထိပ်ပေါ်မှ လူကိုးယောက်ကြောင့် ချိပ်တံဆိပ်တစ်ခုထဲမှ လူက ထုန်ရှီရှန်းဖြစ်ကြောင်း သူတို့ခန့်မှန်းနိုင်သွားကြသည်။ ထိုသို့သိရှိသွားပြီးနောက် သူတို့သည် စိတ်အေးသွားကြသည်။

သူတို့သိထားသည်မှာ ထုန်ရှီရှန်းသည် ရွှမ်ထျန်းမိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး ငယ်စဉ်ကတည်းက ထူးချွန်ထက်မြက်သူ ဖြစ်သည်။ သူက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ကောင်းကင်အရွေးချယ်ခံများထဲမှ တစ်ယောက်လည်း ဖြစ်သည်။ ထုန်ရှီရှန်းက ရှုံးနိမ့်ရန် မည်သို့မှ မဖြစ်နိုင်ပေ။

ရွှီချင်းက အံ့ဖွယ်ကောင်းသော စွမ်းဆောင်ရည်များကို ထုတ်ဖော်ပြခဲ့ပြီး အထင်သေးနိုင်သူ မဟုတ်သော်လည်း ဤလောကကြီးထဲတွင် တစ်တောင်ထက် ပိုမြင့်သော တစ်တောင်ရှိသေးသည်။

လူသားများတွင် မွေးရာပါစွမ်းရည်မရှိပေ။ သူတို့ဆီမှာ ကောင်းကင်အရွေးချယ်ခံရှိလျှင်ပင် ထိုလူများက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ထက် အများကြီး နိမ့်ကျနေဦးလိမ့်မည်။

သို့သော်လည်း ထိုယုံကြည်မှုသည် အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ထူးဆန်းမှုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားလေသည်။ လေးနာရီကုန်ဆုံးသွားသည့်တိုင် ထုန်ရှီရှန်းသည် ချိပ်တံဆိပ်ကို မချိုးဖြတ်နိုင်သေးပေ။ ယင်းက ဤနေရာမှ ကျင့်ကြံသူအားလုံးကို ပိုပြီးထိတ်လန့်သွားစေသည်။ သူတို့က ကိုယ်ပိုင်ခန့်မှန်းမှုများကိုပင် ပြုလုပ်လိုက်ကြသည်။

“ တစ်စုံတစ်ခုက လွဲမှားနေတယ် ”

“ ရွှီချင်းရဲ့ ချိပ်တံဆိပ်က မရိုးရှင်းဘူး ”

ထုန်ရှီရှန်း၏ နောက်လိုက်ကိုးယောက်သည် ပိုပြီးစိုးရိမ်လာကြသည်။

သူတို့၏ ခန့်မှန်းမှုအရ ထိုအခြေအနေအတွက် ဖြစ်နိုင်ခြေသည် တစ်ခုတည်းသာ ရှိသည်။ ဤသည်မှာ ရွှီချင်း၏ ချိပ်တံဆိပ်ထဲတွင် သူတို့စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်သော တစ်စုံတစ်ခုရှိနေခြင်း ဖြစ်ရမည်။

သို့မဟုတ်လျှင် သူတို့၏ သခင်လေးက ချိပ်တံဆိပ်ထဲမှ မည်သို့ကြောင့် မလွတ်မြောက်နိုင်ဘဲ နေမည်နည်း။

ကျူးချွယ်ဇီသည် အနည်းငယ် တုံ့ဆိုင်းနေသည်။ သူ၏ အတွေးများသည် ထုန်ရှီရှန်း၏ နောက်လိုက်ကိုးယောက်နှင့် တူညီသည်။

ခေါင်းဆောင်သည်တော့ အများကြီး ပိုပြီးတည်ငြိမ်သည်။ သို့သော်လည်း သူက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။

‘ အဲ့ဒီထုန်ရှီရှန်းက ကလိမ်ကကျစ်ကျခဲ့တာ သေချာတယ်… သူ့ပုံစံက သူရဲကောင်းလိုလို ဘာလိုလိုနဲ့ တကယ်တမ်းတော့ သူ့ဗိုက်ထဲမှာ မစင်တွေနဲ့ ပြည့်နေတာပဲ… မဟုတ်ရင် ဘာလို့ သူ့ကို ထုန်ရှီရှန်းလို့ ခေါ်မှာလဲ ’

သို့သော်လည်း ခေါင်းဆောင်သည် စိုးရိမ်ပူပန်ခြင်းမရှိပေ။ ချင်းလေးသည် သူ့နောက်ကို နှစ်ပေါင်းများစွာ လိုက်ခဲ့ပြီး ကိစ္စအများအပြားကို တွေ့ကြုံခဲ့သည်။ ယခု ချင်းလေးက ရင့်ကျက်လာပြီဖြစ်လေရာ သူကိုယ်တိုင်ပင် တစ်ဖက်လူကို လှည့်စားရန် မလွယ်ကူတော့ပေ။

ရွှီချင်း၏ စိတ်နေသဘောထား၊ အသိပညာနှင့် တခြားအရာအားလုံးသည် ကောင်းမွန်စွာ ထုဆစ်ပုံသွင်းခံထားရသည်။ သို့ဖြစ်၍ ဤမျှသေးငယ်သော ကိစ္စက ရွှီချင်းအတွက် ဘာမှမဟုတ်ပေ။

“ ငါ့ရဲ့ သင်ကြားဆုံးမမှုအောက်မှာ ချင်းလေးက ဉာဏ်အမြော်အမြင်ရှိလာတယ်… သူက အခုဆိုရင် ပြဿနာအတော်များများကို ကိုယ်တိုင် ဖြေရှင်းနိုင်နေပြီ… သူက မပိုင်ဘဲနဲ့တော့ အလောင်းအစားလုပ်မှာမဟုတ်ဘူး… အခုချိန်လောက်ဆို ထုန်ရှီရှန်း နောင်တရနေပြီဆိုတာ ငါသေချာပေါက် ပြောရဲတယ် ”

ခေါင်းဆောင်၏ ခန့်မှန်းမှုသည် မမှားပေ။

ဤအခိုက်အတန့်မှာ (ဃ၁၃၂)၏ ချိပ်တံဆိပ်ထဲတွင် အကျဉ်းထောင်ဂိတ်တံခါး၏ အရှေ့မှာ ရပ်နေသော ထုန်ရှီရှန်းသည် အံတင်းတင်းကြိတ်လိုက်ပြီး မရပ်မနား ကျိန်ဆဲနေသည်။

“ သေစမ်း… ”

သူက အကျဉ်းထောင်ဂိတ်တံခါးကို ကြည့်လိုက်သည်။ ပြင်းထန်သော အကူအညီမဲ့မှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

သူက ဤနှစ်နာရီအတွင်းမှာ အာရုဏ်ဦးနေမင်းကို ဖြတ်ကျော်ပြီး အကျဉ်းထောင်ဂိတ်တံခါးကို ဖွင့်ရန် နည်းလမ်းအမျိုးမျိုးကို ကြိုးစားကြည့်ခဲ့သည်။ သို့သော်လည်း နည်းလမ်းအားလုံးက ကျရှုံးခဲ့သည်။

မည်သို့သူတွေးပါစေ အာရုဏ်ဦးနေမင်းကို မပေါက်ကွဲစေဘဲ ဂိတ်တံခါးကို ဖွင့်လှစ်ရန် တခြားနည်းလမ်းကို ရှာမတွေ့ပေ။

သူက လှုပ်ရှားလိုက်သည့်အခါတိုင်း အာရုဏ်ဦးနေမင်းသည် ပေါက်ကွဲတော့မည့် လက္ခဏာများပြလာသည်။ ယင်းက ခြိမ်းခြောက်ခြင်းလော သို့မဟုတ် အမှန်တကယ်လော သူမသေချာသော်လည်း ထုန်ရှီရှန်းသည် အလောင်းအစားမလုပ်ဝံ့ချေ။

ယင်းက သူ့ကို ရူးသွပ်စေသည်။

“ သောက်ရှက်မရှိဘူး… ဒေသစစ်လက်နက်ကို ဒီမှာ တကယ်ကြီး ချထားတယ်… ဘယ်သူက အပြင်ထွက်တဲ့အခါ ဒေသစစ်လက်နက်ကို ယူသွားလို့လဲ… ဒါကြီးရှိနေမှတော့ ငါက ဘယ်လိုလုပ် အပြင်ထွက်နိုင်တော့မှာလဲ ”

ထုန်ရှီရှန်းသည် ကျိန်ဆဲလိုက်သည်။

“ ရွှီချင်း… ရွှီချင်း… ငါမင်းကို တကယ်ပဲ လျော့တွက်မိခဲ့တယ်… မင်းက ဒီလောက် ဉာဏ်များလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး ”

“ မင်းက ဉာဏ်များပေမဲ့ ငါကလည်း ငတုံးမဟုတ်ပါဘူး… ငါ့ချိပ်တံဆိပ်ထဲက ဝိညာဉ်စုစည်းခြင်းအဆင့် ဝိညာဉ်က မင်းအတွက် ကျော်လွှားဖို့မဖြစ်နိုင်တဲ့ အဟန့်အတားပဲ… ဒီကနေ ငါမထွက်နိုင်သလို မင်းလည်းပဲ ချိပ်တံဆိပ်ထဲကနေ ထွက်နိုင်မှာမဟုတ်ဘူး ”

“ အဆိုးဆုံး သရေကျတာပေါ့ ”

ထုန်ရှီရှန်းသည် နှာခေါင်းရှုံ့လိုက်သည်။

ဤအခိုက်အတန့်မှာ သုံးရောင်ခြယ်ချိပ်တံဆိပ်ထဲတွင် ရွှီချင်းက မျက်မှောင်ကြုတ်လိုက်ပြီး သူ့အရှေ့မှာ မျောလွင့်နေသော သုံးရောင်ခြယ်အလင်းစက်လုံးကို ကြည့်လိုက်သည်။

အလင်းစက်လုံးထဲ၌ ရောယှက်နေသော သုံးရောင်ခြယ်အလင်းထဲတွင် မီးခိုးရောင်ဆံပင်နှင့် အဖိုးအိုတစ်ယောက်၏ ပုံရိပ်ရှိသည်။

သူက အလင်းစက်လုံးထဲမှာ မထူးမခြားနား အမူအရာဖြင့် ထိုင်နေသည်။ သူက ရွှီချင်းကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး ပြောသည်။

“ လူသားကောင်လေး… အားကုန်ခံမနေနဲ့… ဒီအဖိုးကြီးရှိနေသရွေ့ ဒီကနေ မင်းထွက်သွားနိုင်မှာ မဟုတ်ဘူး ”

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူက နည်းလမ်းများစွာကို အသုံးပြုခဲ့ပြီးပြီ ဖြစ်သည်။ သို့သော်လည်း ယင်းတို့က ပင်လယ်ထဲသို့ ပြုတ်ကျသွားသော ကျောက်ခဲတုံးပမာ အရာမထင်ခဲ့ပေ။ ဝီညာဉ်စုစည်းခြင်းအဆင့် ပုဂ္ဂိုလ်တစ်ယောက်၏ ဝိညာဉ်ဖြင့် ရင်ဆိုင်ရသောအခါ သူက အကူအညီမဲ့သွားသည်။

သူ၏ နတ်ဘုရားအတတ်ပညာများကို တစ်ဖက်လူက လက်ဝှေ့ယမ်းလိုက်ရုံဖြင့် ဖျက်ဆီးပစ်လိုက်သည်။ ဤတားမြစ်နယ်မြေထဲမှ ဖိအားသည်လည်း အချိန်ကုန်ဆုံးသွားသည်နှင့်အမျှ ပိုပြီးသန်မာလာသည်။ ဤသည်မှာ ယင်းက တစ်ဖက်လူနှင့် အပြည့်အဝ ပေါင်းစပ်နေသည့်အလားပင်။

အကယ်၍ သူက ထိုဝိညာဉ်ကို မကျော်ဖြတ်နိုင်ဘူးဆိုလျှင် ချိပ်တံဆိပ်ကို ချိုးဖြတ်နိုင်လိမ့်မည် မဟုတ်ချေ။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ရွှီချင်းက ခန့်မှန်းမှုတစ်ခုကို ပြုလုပ်လိုက်သည်။ တစ်ဖက်လူသည် သာမန်ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ ဝိညာဉ်မဖြစ်နိုင်ပေ။ အထူးသဖြင့် သူက ဤချိပ်တံဆိပ်နယ်မြေဖြင့် နီးစပ်သော ဆက်သွယ်မှုတစ်ခု ရှိနေသည်။

“ ဒီနေရာက အတိတ်တုန်းက ခင်ဗျားရဲ့ မဟာလောကတွေထဲကတစ်ခု ဖြစ်ရမယ် ”

ရွှီချင်းသည် နက်နဲစွာ တွေးတောလိုက်သည်။ အဖိုးအိုသည် ပြုံးလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ မင်းခန့်မှန်းတာ မှန်တယ်… ဒီဟာက ငါ့ရဲ့ မဟာလောကတွေထဲက တစ်ခုပဲ ”

“ အပြင်လောကမှာဆိုရင် ငါက ဝိညာဉ်စုစည်းခြင်းအဆင့်ပဲ… ဒါပေမဲ့ ငါ့ရဲ့ မဟာလောကထဲမှာဆိုရင်တော့ ငါက နတ်ဘုရားတစ်ပါးပဲ ”

“ ဒါပေမဲ့ ငါမင်းကို အခက်တွေ့အောင် မလုပ်ပါဘူး… မင်းက ဒီမှာ ငြိမ်ငြိမ်လေး နေပေးရင် ရပြီ ”

“ တကယ်လို့ မင်းက ဆူဆူညံညံ ဆက်လုပ်နေမယ်ဆိုရင်တော့… ”

အဖိုးအိုသည် နှုတ်ခမ်းသပ်လိုက်ပြီး ရက်စက်ကြမ်းကြုတ်သော အမူအရာကို ထုတ်ဖော်လိုက်သည်။

“ အဲ့ဒါဆို ငါမင်းကို စားပစ်မယ် ”

ဤသည်ကို ရွှီချင်းကြားသောအခါ သူက ခေါင်းမော့လိုက်ပြီး ဝိညာဉ်စုစည်းခြင်းအဆင့် ဝိညာဉ်ကို အကြိမ်ရေအနည်းငယ် စုန်ချည်ဆန်ချည် စစ်ဆေးကြည့်လိုက်သည်။ စူးရှသော အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ထုန်ရှီရှန်းက (ဃ၁၃၂)ထဲမှ လွတ်မြောက်ရန် လုံးဝမဖြစ်နိုင်ကြောင်း သူက ယုံကြည်ထားသည်။ သို့သော်လည်း အကယ်၍ ထိုအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် သရေကျသွားလိမ့်မည်။ ယင်းက ရွှီချင်းလိုချင်သော ရလဒ်မဟုတ်ပေ။

ထို့ပြင် ခြိမ်းခြောက်ခံရသော ခံစားမှုကို သူက သဘောမကျပေ။

ထို့ကြောင့် ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။ ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

သူ့မှာ အသုံးမပြုရသေးသော နည်းလမ်းတစ်ခု ရှိသည်။ ယင်းကို ဤနေရာမှာ အသုံးပြုလျှင် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာရှိနိုင်မည်ဟု ရွှီချင်း ခံစားမိသည်။

ထိုသို့တွေးမိသောအခါ ရွှီချင်းသည် သိုလှောင်အိတ်ကို ပုတ်လိုက်ပြီး ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။

ရွှီချင်းက လက်မလျော့သေးကြောင်း မြင်သွားသောအခါ ဝိညာဉ်စုစည်းခြင်းအဆင့် အဖိုးအိုသည် စိတ်မရှည်ဖြစ်လာသည်။ အေးစက်စက်အလင်းသည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ထိုလူသားက လက်ရှိအခြေအနေကို နားမလည်သေးဘူးဟု သူခံစားမိသည်။ ထို့ကြောင့် သူက တစ်ဖက်လူကို ဖိနှိပ်ရန် ပြင်လိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူက ရွှီချင်းထုတ်ယူလိုက်သော ပစ္စည်းကို အာရုံခံမိသွားလေရာ ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။ တစ်ဆက်တည်းမှာ သူ၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားသည်။

သူ၏ အကြည့်နှင့် နတ်ဘုရားစိတ်အာရုံသည် ရွှီချင်း၏ လက်ထဲမှ ပစ္စည်းပေါ်သို့ ကျရောက်သွားသည်။

ယင်းက တုံကင်တစ်ခုဖြစ်သည်။

“ အဲ့ဒါက… ”

အဖိုးအိုသည် နှလုံးတုန်သွားသည်။

“ ရှေးဟောင်းဝိညာဉ်အင်ပါယာရဲ့ ဝိညာဉ်ချောက်နက်တုံကင် ”

အဖိုးအို၏ အသံသည် တိုးညင်းသွားသည်။ မုန်တိုင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှာ ထွက်ပေါ်လာသည်။ သူရှိနေသော အလင်းစက်လုံးသည်ပင် မုန်တိုင်း၏ သက်ရောက်ခံလိုက်ရပြီး အပြင်းအထန် ပုံပျက်သွားသည်။

ဤသည်ကိုမြင်သောအခါ ရွှီချင်းသည် အနည်းငယ် အံ့ဩသွားသည်။ ထိုအဖိုးအိုက ဤတုံကင်ကို သိနေလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။

သူထုတ်ယူလိုက်သော တုံကင်သည် စားတော်ဆက်သပေးရန် ရှေးဟောင်းဝိညာဉ်အင်ပါယာက သူ့ကို ပေးထားခဲ့သော တည်နေရာပြောင်းရွှေ့ခြင်းတုံကင် ဖြစ်သည်။

တစ်ဖက်လူက ထိုတုံကင်ကို သိနေမှတော့ သူ့အတွက် ဖြေရှင်းရသည်မှာ ပိုပြီးလွယ်ကူသွားသည်။

ထို့နောက် ရွှီချင်းသည် သူ၏ လက်ထဲမှ တုံကင်ကို မြှောက်လိုက်ပြီး သူ့အရှေ့မှ ဝိညာဉ်စုစည်းခြင်းအဆင့် အဖိုးအိုကို ကြည့်လိုက်သည်။

“ မှန်တယ်… ဒီတုံကင်က ရှေးဟောင်းဝိညာဉ်အင်ပါယာရဲ့ တည်နေရာပြောင်းရွှေ့ခြင်းတုံကင်ပဲ ”

“ ရှေးဟောင်းဝိညာဉ်အင်ပါယာက နှစ်တွေအကြာကြီး ဆာလောင်နေတာ… ဒီနှစ်တွေမှာ ကျုပ်က သူ့ကို စားတော်ဆက်သဖို့ တာဝန်ယူထားတယ် ”

“ စီနီယာရဲ့ နေရာက ရှေးဟောင်းဝိညာဉ်အင်ပါယာရဲ့ အစာဖြစ်ဖို့ အရည်အချင်းပြည့်မီပါတယ်… ခင်ဗျားမှာ ရုပ်ခန္ဓာကိုယ်မရှိမှတော့ သွားကြားညှပ်မှာကို စိုးရိမ်စရာမလိုတော့ဘူး… ပြီးတော့ ခင်ဗျားရဲ့ ဝိညာဉ်က အာဟာရပြည့်ဝနေမှတော့ အရသာရှိမှာ သေချာတယ် ”

“ ဒါပေမဲ့ ခင်ဗျားကို အခက်တွေ့အောင် ကျုပ်မလုပ်ချင်ဘူး… ဒါကြောင့် ကျုပ်ရဲ့ စကားကို နားထောင်ပြီး လမ်းဖယ်ပေးပါ ”

“ တကယ်လို့ ခင်ဗျားက ဆက်ပြီး ဆူညံနေမယ်ဆိုရင်တော့… ”

ရွှီချင်းက သူ့အရှေ့မှ ဝိညာဉ်စုစည်းခြင်းအဆင့် အဖိုးအိုကို စိုက်ကြည့်လိုက်လေရာ အေးစက်စက် အလင်းသည် သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

“ ခင်ဗျားကို ရှေးဟောင်းဝိညာဉ်အင်ပါယာဆီ စားတော်ပွဲအဖြစ် ပို့ပစ်လိုက်မယ် ”

ဝိညာဉ်စုစည်းခြင်းအဆင့် အဖိုးအိုသည် နှလုံးတုန်သွားသည်။ ဤသည်မှာ အစောနက ရွှီချင်းကို သူပြောခဲ့သော စကားများနှင့် တူညီနေသည်။

ဤအခိုက်အတန့်မှာ သူက တူညီသော အဓိပ္ပာယ်ကို တစ်ဖက်လူထံမှ ပြန်ကြားလိုက်ရသည်။ သူက ရွှီချင်းနှင့် သူ့လက်ထဲမှ ဝိညာဉ်ချောက်နက်တုံကင်ကို တစ်လှည့်စီ ကြည့်လိုက်သည်။ တုံ့ဆိုင်းသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

ရွှီချင်းသည် တည်ငြိမ်သည်။ သူက ဝိညာဉ်စုစည်းခြင်းအဆင့် အဖိုးအိုကို စဉ်းစားရန် အချိန်အများကြီး မပေးပေ။ သူက ညာလက်ကို ဖျစ်ညှစ်လိုက်လေရာ တုံကင်သည် ချက်ချင်း တောက်ပလာသည်။

မြေအောက်လောကစွမ်းအင်သည် တုံကင်ထဲမှ ထွက်ပေါ်လာပြီး အပြင်ဘက်တွင် အနက်ရောင်ဝဲကတော့တစ်ခုကို ဖွဲ့စည်းလိုက်သည်။

ဝဲကတော့က ဝုန်းခနဲ မြည်ဟိန်းသွားပြီး လှည့်ပတ်သွားသည့်အခါ ဆာလောင်မွတ်သိပ်သော စိတ်ဆန္ဒသည် ဝဲကတော့ထဲမှ ထွက်ပေါ်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ ထိုထဲမှာ အလွန်သိပ်သည်းသော အပုပ်နံ့လည်း ပါရှိသည်။

ယင်းက သေခြင်းအရှိန်အဝါဖြစ်သည်။

ဆာလောင်ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းဖြင့် ပြည့်နှက်နေသော အသံသည် အမောတကော အသက်ရှူသံနှင့်အတူ ဝဲကတော့ထဲမှ ပျံ့လွင့်လာသည်။

“ ဗိုက်ဆာတယ်… ”

ထိုစကားကို ကြားလိုက်ရသည့်အခိုက် ဝိညာဉ်စုစည်းခြင်းအဆင့် အဖိုးအိုသည် တုန်ယင်သွားသည်။

အနက်ရောင်အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက တည်နေရာပြောင်းရွှေ့ခြင်းကို အသက်သွင်းရန် ဟန်ပြင်လိုက်သည်။

ဝိညာဉ်စုစည်းခြင်းအဆင့် အဖိုးအိုသည် ဆက်ပြီး မတုံ့ဆိုင်းတော့ပေ။ သူက မတ်တတ်ရပ်လိုက်ပြီး အမြန်ပြောသည်။

“ မိတ်ဆွေလေး… ဘာမဆို ဆွေးနွေးနိုင်ပါတယ်… ငါတို့ မိတ်ဆွေဖွဲ့ရအောင် ”

ရွှီချင်းက အေးစက်စွာ စိုက်ကြည့်လိုက်သည်။

ရင်းနှီးဖော်ရွေစွာ စကားပြောပြီးနောက် အဖိုးအိုသည် ပြုံးထားလျက် အနောက်ဆုတ်သွားပြီး ရွှီချင်းအတွက် လမ်းဖယ်ပေးလိုက်သည်။

“ ကျေးဇူးတင်ပါတယ် စီနီယာ ”

ရွှီချင်းသည် လိမ္မာယဉ်ကျေးသူ ဖြစ်သည်။ ထို့ကြောင့် သူက မထွက်သွားခင် အဖိုးအိုကို ကျေးဇူးတင်လိုက်သည်။

ဝိညာဉ်စုစည်းခြင်းအဆင့် အဖိုးအို၏ အပြုံးသည် တောင့်တင်းသွားသည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် ဆက်လက် ပြုံးလိုက်သည်။

နောက်အခိုက်အတန့်မှာ ရွှီချင်း၏ အရှေ့မှ သုံးရောင်ခြယ်ချိပ်တံဆိပ်သည် ဝေဝါးသွားသည်။ ယင်းက မြန်ဆန်စွာ ပျောက်ကွယ်သွားသည့်အခါ သူက အပြင်လောကမှ လေထဲမှာ ပြန်ထွက်ပေါ်လာသည်။

သူက အပြင်သို့ ထွက်လျှောက်လာသည်နှင့်ချက်ချင်း မရေမတွက်နိုင်သော အကြည့်များနှင့် နတ်ဘုရားစိတ်အာရုံများသည် သူ့အပေါ်မှာ စုဝေးသွားကြသည်။ ဆွံ့အသံများနှင့် မယုံကြည်နိုင်သော အာမေဋိတ်သံများသည် အရပ်မျက်နှာအဘက်ဘက်မှ ပျံ့နှံ့ထွက်လာသည်။

ထုန်ရှီရှန်း၏ နောက်လိုက်ကိုးယောက်၏ အမူအရာသည်လည်း သိသာစွာ ပျက်ယွင်းသွားကြသည်။

ကျူးချွယ်ဇီသည် စိတ်လှုပ်ရှားသွားပြီး ခေါင်းဆောင်သည် ပြုံးလိုက်သည်။

ဤအခိုက်အတန့်မှာ ရွှီချင်းသည် လေထဲမှာ ရပ်လိုက်ပြီး အဝေးမှ (ဃ၁၃၂)ကို ကြည့်လိုက်သည်။ သူက (ဃ၁၃၂)၏ အစောင့်အကြပ်အနေဖြင့် အထဲမှ အခြေအနေကို သူ၏ နတ်ဘုရားစိတ်အာရုံဖြင့် စစ်ဆေးကြည့်နိုင်ပေသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။

(ဃ၁၃၂)သည် တုန်ယင်သွားသည်။ နောက်အခိုက်အတန့်မှာ အကျဉ်းထောင်က ဝေဝါးသွားသည်။ ထိုအခါ အကျဉ်းထောင်ထဲမှာ ချိပ်ပိတ်ခံထားရသော ထုန်ရှီရှန်းက ပြန်ထွက်ပေါ်လာသည်။

“ မင်းရှုံးသွားပြီ ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

ထုန်ရှီရှန်းသည် ရွှီချင်းကို စိုက်ကြည့်လိုက်သည်။ သူက ကျိန်ဆဲချင်သော်လည်း အံ့ဩမင်သက်သွားခဲ့သည်။ ရွှီချင်းက မည်သို့မည်ပုံ အပြင်ရောက်လာကြောင်း သူမသိပေ။

သူသိထားသည်မှာ ရွှီချင်းက သုံးရောင်ခြယ်ချိပ်တံဆိပ်၏ အပြင်ကို ထွက်လာရန် မည်သို့မှ မဖြစ်နိုင်ပေ။

“ အဖိုးက သူ့ကို တကယ်ကြီး ထွက်သွားခွင့်ပေးလိုက်တာလား ”

ထုန်ရှီရှန်းသည် စိတ်ရှုပ်ထွေးသွားသည်။ သို့သော်လည်း သူက လူအများရှေ့မှာ အလောင်းအစားပြုလုပ်ခဲ့လေရာ ယခု သူ၏ စကားကို ပြန်ရုပ်သိမ်းရန် မည်သို့မှ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူ၏ မျက်နှာက မည်းမှောင်သွားသည်။ သူက လက်မြှောက်လိုက်လေရာ သူ၏ ဦးခေါင်းပေါ်မှ တားမြစ်တောင်(၉၀၀)ကျော်ထဲတွင် တားမြစ်တောင်တစ်လုံးသာ ကျန်နေခဲ့ပြီး ကျန်အားလုံးက အဝေးသို့ လွင့်မျောသွားကြသည်။

ရွှီချင်းသည် လက်မြှောက်လိုက်ပြီး လေထဲမှ တားမြစ်တောင်အားလုံးကို သိမ်းဆည်းလိုက်သည်။ ယခု သူ၏ ဦးခေါင်းပေါ်တွင် တားမြစ်တောင်အရေအတွက်သည် (၁၈၀၀)ကျော်သွားပြီ ဖြစ်သည်။ ယင်းတို့က ကမ္ဘာဖျက်ဆီးမည့် အရှိန်အဝါကို ထုတ်လွှတ်နေသည်။

ထုန်ရှီရှန်းက ကတိတည်သည်ကို မြင်သောအခါ ရွှီချင်းက မည်သည့်စကားမှ မပြောတော့ပေ။ သူက အနောက်လှည့်လိုက်ပြီး အဝေးမှ နတ်ဘုရားတောင်တန်းဆီသို့ ပျံသန်းသွားသည်။

ခေါင်းဆောင်သည် ပြုံးလိုက်ပြီး ရွှီချင်း၏ ဘေးမှ လိုက်သွားသည်။

ကျူးချွယ်ဇီသည် သူတို့နှစ်ယောက်၏ အနောက်မှ စိတ်လှုပ်ရှားစွာ လိုက်သွားသည်။

သူတို့သုံးယောက်သည် ဤနေရာမှ ထွက်ခွာသွားကြသည်။ လမ်းတစ်လျှောက်တွင် သူတို့၏ အရှေ့မှ တခြားကျင့်ကြံသူများသည် ချက်ချင်း ဘေးဖယ်ပေးလိုက်ကြသည်။

ရွှီချင်းထွက်သွားပြီးနောက် ထုန်ရှီရှန်းသည် ခံပြင်းဒေါသထွက်သွားပြီး စိတ်ရှုပ်ထွေးသွားသည်။ သူက လေထဲမှ သုံးရောင်ခြယ်ချိပ်တံဆိပ်ကို ပြန်ရုပ်သိမ်းလိုက်သည်။ ယင်းက သူ၏ လက်ထဲသို့ ကျရောက်လာသည့်အခါ သူက ချိပ်တံဆိပ်ထဲသို့ အသံပို့လွှတ်လိုက်သည်။

“ အဖိုး… ဘာလို့ သူ့ကို ထွက်သွားခွင့်ပေးလိုက်တာလဲ ”

သူ့ကို ပြန်တုံ့ပြန်လာသည်မှာ ဝိညာဉ်စုစည်းခြင်းအဆင့် အဖိုးအို၏ ဒေါသတကြီး အော်ငေါက်သံဖြစ်သည်။

“ မင်းအမေလင်မှာ ရှေးဟောင်းဝိညာဉ်အင်ပါယာရဲ့ တုံကင်ရှိတယ်ဟ… အဲ့ဒီကောင်က တုံကင်နဲ့ ငါ့ကို ခြိမ်းခြောက်တယ်လေ… အဲ့ဒီတော့ ငါက ဘာတတ်နိုင်မှာလဲ ”

“ ရှေးဟောင်းဝိညာဉ်အင်ပါယာက နှစ်ပေါင်းများစွာကြာအောင် ဗိုက်ဆာနေခဲ့တာ… တကယ်လို့ သူက ငါ့ကို ရှေးဟောင်းဝိညာဉ်အင်ပါယာဆီ ပို့လိုက်မယ်ဆိုရင် ငါက သရေစာဖြစ်သွားလိမ့်မယ် ”

“ ဘာလို့ မင်းက ငါ့ကို လာမေးနေတာလဲ… မင်းကရော ဘာလို့ စောစောစီးစီး မထွက်လာတာလဲ ”

အဖိုးအို၏ အော်ငေါက်သံကို ကြားသောအခါ ထုန်ရှီရှန်းသည် ပိုပြီးစိတ်ပျက်သွားသည်။ သူက အားမရှိစွာ အသံပို့လွှတ်လိုက်သည်။

“ သူက အာရုဏ်ဦးနေမင်းကို တံခါးရှေ့မှာ ချိတ်ဆွဲထားတယ်လေ… ငါဘာတတ်နိုင်မှာလဲ ”

အဖိုးအိုသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး နှုတ်ဆိတ်သွားသည်။

ထုန်ရှီရှန်းသည်လည်း နှုတ်ဆိတ်သွားသည်။

All Chapters