← Chapters

နတ်ဘုရားတွေကို ပြစ်မှားခဲ့တဲ့ စတုတ္ထမြောက်ရုပ်တု

Vol. 81 Ch. 1251

နတ်ဘုရားတွေကို ပြစ်မှားခဲ့တဲ့ စတုတ္ထမြောက်ရုပ်တု

Vol. 81 Ch. 1251

ကျယ်ပြောသော ကုန်းမြေပေါ်တွင် တိမ်တိုက်များနှင့် ထိစပ်နေသော တောင်တန်းများသာမက ရင်သပ်ရှုမောဖွယ်ကောင်းသော တံတားများလည်း ရှိသည်။ ယင်းက အဖြူရောင်စက္ကူပေါ်မှာ ပြန့်ကျဲနေသော မင်ရည်စက်များသဖွယ် အောက်မေ့ရပြီး ကြီးကျယ်ခမ်းနားသော တောင်တန်းမြစ်ပန်းချီကားနှင့် ဆင်တူသည်။

ထိုတောင်တန်းများကြားထဲတွင် တမူထူးခြားသော တောင်တစ်လုံးရှိသည်။ ယင်းက ကြီးကျယ်ခမ်းနားသော အရှိန်အဝါကို ထုတ်လွှတ်နေပြီး ဘေးပတ်ဝန်းကျင်မှ တခြားတောင်များကို သိမ်ငယ်စေသည်။

ယင်းက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဝင်များ နေထိုင်ရာ နတ်ဘုရားတောင်တန်းဖြစ်သည်။

ယင်းက ကောင်းကင်မြေပြင်ပိတ်ဖြူပေါ်မှ ပန်းချီစုတ်ချက်တစ်ခုနှင့် ဆင်တူသည်။ တောင်တန်းသည် အရွယ်အစားကြီးမားပြီး ချွန်ထက်ကာ မိုးကောင်းကင်နှင့် ထိပ်စပ်နေသည်။

မရေမတွက်နိုင်သော အဖြူရောင်တိမ်တိုက်များက တောင်အောက်ခြေမှာ လွင့်မျောနေကြလေရာ ယင်းက ဒဏ္ဍာရီထဲမှ တိမ်ပေါ်ကျွန်းတစ်ကျွန်းနှင့် ဆင်တူသည်။

နေရောင်ခြည်အောက်မှာ တောင်ပေါ်မှ သစ်ပင်များနှင့် ကျောက်တုံးများသည် ထိန်ထိန်လင်း တောက်ပနေကြသည်။ ယင်းတို့က ကြီးကျယ်မြင့်မြတ်သော ခံစားမှုကို ပေးသည်။

တောင်၏ အသွင်သဏ္ဍာန်သည် မိုးကောင်းကင်ကို အံတုလျက် အလွန်ထင်ရှားသည်။ အဝေးမှကြည့်သည်ဖြစ်စေ အနီးမှကြည့်သည်ဖြစ်စေ ယင်းက ထိတ်လန့်ဖွယ်ကောင်းသော ခံစားမှုကို ပေးသည်။

တောင်၏ အနားသို့ မရောက်ခင်မှာပင် လွှမ်းမိုးဖိနှိပ်မှုကို ခံစားရလိမ့်မည်။

ယင်းက တောင်တစ်လုံးမျှသာ ဖြစ်သည်။ သို့သော်လည်း တောင်က ထီးထီးမားမား ရပ်နေစဉ် ကောင်းကင်သည်ပင် ယင်းအရှေ့မှာ မှေးမှိန်သွားရဟန် ရ၏။ ဤသည်မှာ တောင်က ကောင်းကင်ကို ယင်း၏ အောက်ခြေမှာ ဖိနှိပ်ထားချင်သည့်အလားပင်။

ရွှီချင်းသည် ထူးခြားဆန်းကြယ်သော နေရာအများအပြားကို ယခင်က မြင်ဖူးခဲ့သော်လည်း ထိုမျှလွှမ်းမိုးဖိနှိပ်သော တောင်ကို ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

ယင်းက လွှမ်းမိုးဖိနှိပ်သော အရှိန်အဝါနှင့်အတူ ထီးထီးမားမား တည်ရှိနေသည်။

ရွှေရောင်အလင်းသည် နတ်ဘုရားတောင်တန်းထံမှ ပျံ့နှံ့ထွက်နေသည်။ ယင်းက တောင်၏ ဘေးပတ်ဝန်းကျင်နှင့် ကောင်းကင်ကို ရွှေရောင်အဖြစ် ပြောင်းလဲသွားစေသည်။ ရွှေရောင်အလင်းက တောင်တန်းထဲမှ ထွက်ပေါ်လာခြင်းလော သို့မဟုတ် နေရောင်ခြည်၏ အလင်းပြန်ခြင်းလော သေချာမသိရပေ။

ရွှီချင်းက ယင်းကို အာရုံခံကြည့်လိုက်လေရာ သူ၏ အကြည့်က လေးနက်သွားသည်။

ထိုရွှေရောင်အလင်းထဲမှာ နတ်ဘုရားစွမ်းအားပါဝင်ကြောင်း သူအာရုံခံနိုင်သည်။

အတိုင်းအတာတစ်ခုထိဆိုရလျှင် ထိုစွမ်းအားသည် ဒြပ်နှောတစ်မျိုးဖြစ်သည်။ သို့သော်လည်း ယင်းကို ထိန်းချုပ်နိုင်ပေသည်။ ယင်းက သန့်စင်ခံထားရသည့်အလား နေရာအနှံ့သို့ ပျံ့နှံ့သွားနေသည်။ ယင်းကို အလွယ်တကူ စုပ်ယူနိုင်ပေသည်။

ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထိုအခါ ရွှေရောင်အလင်းသည် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး ကျင့်ကြံခြင်းစွမ်းအင်အဖြစ် ပြောင်းလဲသွားသည်။

ထိုအဖြစ်အပျက်က သူ့ကို အနည်းငယ် စိတ်လှုပ်ရှားစေသည်။

ရွှီချင်း၏ ဘေးမှ ခေါင်းဆောင်သည် အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။ အတိတ်ကို လွမ်းဆွတ်သတိရသော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ဒီကို နောက်တစ်ကြိမ် ငါရောက်လာပြီ… ”

သူက ရွှီချင်းတစ်ယောက်တည်းသာ ကြားနိုင်သော အသံဖြင့် နူးညံ့စွာ ပြောသည်။

“ သွားကြစို့ ဂျူနီယာညီလေး… မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ အထွတ်အမြတ်တောင်ကို သွားကြည့်ရအောင် ”

ခေါင်းဆောင်သည် ရွှီချင်းကို ပခုံးပုတ်ပေးလိုက်သည်။

ရွှီချင်းသည် သူ၏ နှလုံးသားထဲမှ လှိုင်းလုံးများကို ဖိနှိပ်လိုက်ပြီး သူ၏ ဦးခေါင်းပေါ်မှ တားမြစ်တောင်(၁၈၀၀)ကျော်ကို ကြည့်လိုက်သည်။

သူက နတ်ဘုရားတောင်တန်းဆီသို့ နီးကပ်လာသည်နှင့်အမျှ ထိုတားမြစ်တောင်များသည် မြန်ဆန်စွာ ကျုံ့သွားကြသည်။ ဤအခိုက်အတန့်မှာ ယင်းတို့က အနက်ရောင်အစက်အပြောက်များသဖွယ် သူ၏ ဦးခေါင်းပေါ်မှာ လှည့်ပတ်နေကြသည်။

ယင်းတို့က အလွန်သေးငယ်သွားသော်လည်း အရေအတွက် များပြားလွန်းသောကြောင့် ရွှီချင်းသည် အာရုံစိုက်ခံနေရဆဲပင်။

“ ဒီအရေအတွက်နဲ့ဆိုရင် ပထမနေရာကို ငါရလောက်ပါတယ် ”

ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ သူက အရှိန်မြှင့်တင်လိုက်လေရာ သက်တံ့အဖြစ်သို့ ပြောင်းလဲသွားပြီး နတ်ဘုရားတောင်တန်းဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

သူက အနားကပ်သွားသည်နှင့် နတ်ဘုရားတောင်တန်းသည် သူ၏ မျက်လုံးထဲမှာ ပိုပြီးကြီးမားလာသည်။ အဆုံးမှာတော့ သူက တောင်ထိပ်ကိုပင် မမြင်နိုင်ပေ။ အလွန်သေးနုတ်သည်ဟူသော ခံစားမှုသည် သူ၏ နှလုံးသားထဲမှာ အလိုအလျောက် ထွက်ပေါ်လာသည်။

နတ်ဘုရားတောင်တန်း၏ အောက်မှာ လွင့်မျောနေသော မြို့တော်သုံးမြို့ကို တည်ဆောက်ထားသည်။

မြို့တော်တစ်ခုစီသည် အလွန်အမင်း ကြီးမားပြီး မြို့တော်တစ်ခုနှင့်တစ်ခုကို ရွှေရောင်သံကြိုးများဖြင့် ဆက်သွယ်ထားသည်။ အသက်ဓာတ်ကြွယ်ဝသော သစ်ပင်များသည် မြို့တော်အတွင်းမှာ ရှင်သန်ကြီးထွားနေကြပြီး ရှေးဟောင်းအငွေ့အသက်ကို ပေးသည်။

မြို့တော်သုံးမြို့သည် စက်ဝိုင်းသဏ္ဍာန်ရှိသည်။ ယင်းက ရှေးဘုရင်ရွှမ်ယုံခေတ်အတွင်းမှ အသင်္ချေမျိုးနွယ်စုများ၏ ဗိသုကာလက်ရာများကို ပြန်လည်ဖော်ပြနေသည်။ ဗိသုကာလက်ရာတစ်ခုစီသည် မျက်မှောက်ခေတ်တွင် အလွန်ရှားပါးသွားပြီ ဖြစ်သည်။ ယင်းတို့ကို လူသားမျိုးနွယ်ထဲမှာပင် ရှာမတွေ့နိုင်တော့ပေ။

“ အဲ့ဒါက ငါ့မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ မြင့်မြတ်မြို့တော်ပဲ… အဲ့ဒါကို ကောင်းကင်မီးလျှံမြို့တော်လို့ ခေါ်တယ် ”

ရွှီချင်းနှင့် ခေါင်းဆောင်၏ အနောက်မှ လိုက်ပါလာသော ကျူးချွယ်ဇီသည် အနည်းငယ် စိတ်လှုပ်ရှားနေသည်။ သူက ပုံမှန်ဆိုလျှင် ဤနေရာသို့ ရောက်လာရန် အရည်အချင်းမပြည့်မီကြောင်း ထင်ရှားပေသည်။

“ မဟာအမဲလိုက်ပွဲတော်နဲ့ ထူးခြားတဲ့ ပွဲအခမ်းအနားတွေရှိမှပဲ ကောင်းကင်မီးလျှံမြို့တော်ကို တရားဝင်ဖွင့်လှစ်ပြီး မျိုးနွယ်စုအားလုံးကို ဝင်ရောက်ဖို့ ခွင့်ပြုတယ်… ငါက ကံကောင်းလို့ ဒီကို သုံးကြိမ်ရောက်ဖူးတယ်… ဒီတစ်ခေါက်က လေးကြိမ်မြောက်ပဲ ”

“ ကောင်းကင်မီးလျှံမြို့တော်မှာ ပျံသန်းတာကို တားမြစ်ထားတယ်… ပြီးတော့ ရောက်လာတဲ့လူတိုင်းက နတ်ဘုရားတွေအပေါ် ရိုသေလေးစားရမယ် ”

ကျူးချွယ်ဇီသည် လေသံတိုးတိုးဖြင့် ပြောပြီး ကောင်းကင်မီးလျှံမြို့တော်၏ စည်းမျဉ်းများကို ရွှီချင်းနှင့် ခေါင်းဆောင်အား ရှင်းပြသည်။ တစ်ချိန်တည်းမှာ သူတို့သုံးယောက်က မြို့တစ်မြို့ဆီသို့ မြန်ဆန်စွာ ရောက်ရှိသွားကြသည်။

အဝေးမှကြည့်လျှင် မြို့ထဲမှာ သွားလာလှုပ်ရှားနေသူများဖြင့် စည်ကားသက်ဝင်နေကြောင်း မြင်နိုင်လိမ့်မည်။ အားလုံးနီးပါးသည် ကျင့်ကြံသူများ ဖြစ်ကြသည်။ ကျူးချွယ်ဇီ၏ မိတ်ဆက်ပေးမှုအရ သူတို့အများစုသည် အပြင်လူများ ဖြစ်ကြသည်။ မြင့်မြတ်မြို့တော်ထဲမှာ အမြဲတမ်း နေထိုင်နိုင်သူများသည် များသောအားဖြင့် ဘုရားကျောင်းထဲမှ ကျင့်ကြံသူများသာ ဖြစ်ကြသည်။

ရွှီချင်းတို့အုပ်စု၏ ရောက်ရှိလာမှုသည် မြို့ထဲမှ ကျင့်ကြံသူအများစု၏ စိတ်ဝင်စားမှုကို ဆွဲဆောင်သွားသည်။

မည်သို့ဖြစ်ပါစေ ဤနေရာတွင် လူသားမျိုးနွယ်ဝင်သည် အလွန်ရှားပါးသည်မဟုတ်ပါလော။

ထုံးစံအားဖြင့် ထုန်ရှီရှန်းနှင့် ရွှီချင်းကြားမှ ချိပ်ပိတ်အတတ်ပညာချင်း အားပြိုင်မှုက စိတ်ဝင်စားမှုအများအပြားကို ရရှိခဲ့ပေသည်။

ထို့ပြင် သူ၏ ဦးခေါင်းပေါ်မှ တားမြစ်တောင်တစ်ထောင်ကျော်သည် လူအများ၏ အာရုံစိုက်ခြင်းခံရပေသည်။

ရွှီချင်းသည် ယင်းကို ကျင့်သားရနေပြီဖြစ်သည်။ သူ၏ ပုံရိပ်က မြို့ဂိတ်တံခါးအရှေ့သို့ ဆင်းသက်သွားသည့်အခါ သူ၏ မျက်လုံးက ဝင်းလက်တောက်ပသွားသည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ့အရှေ့မှ ဂိတ်တံခါးဆီသို့ လျှောက်သွားသည်။

မြို့ဂိတ်တံခါးသည် လူသားများအတွက် မဟုတ်သည်မှာ ထင်ရှားသည်။ ယင်းက ပေတစ်ထောင်ခန့် မြင့်မားသည်။ မြို့ထဲမှ အရာအားလုံးသည် ပေတစ်ထောင်နီးပါး ရှည်လျားကြသည်။ သို့ဖြစ်၍ မြို့တော်ထဲသို့ ဝင်ရောက်သွားသည့်အခါ သူက လူ့ဘီလူးတိုင်းပြည်ထဲသို့ ရောက်ရှိသွားသည့်အလား ခံစားမိသွားသည်။

ရွှီချင်းသည် အကြည့်တစ်ချက်ဖြင့် ဤနေရာမှ မျိုးနွယ်ခြားရာပေါင်းများစွာကို မြင်သွားသည်။ ထူးဆန်းသော အသွင်သဏ္ဍာန်ဖြင့် မျိုးနွယ်ခြားများလည်း ရှိသည်။

မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူများသည် အပြင်ဘက်တွင် နည်းပါးသော်လည်း ဤနေရာတွင် နေရာတိုင်းမှာ မြင်တွေ့နိုင်ပေသည်။

သူတို့အများစုသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားကြသည်။ သူတို့ထွက်ပေါ်လာသည့်အခါတိုင်း ဘေးပတ်ဝန်းကျင်မှ လူများ၏ ရိုသေလေးစားခြင်းခံရလိမ့်မည်။

ထိုသို့စိတ်သဘောထားကို တမင်ထုတ်ဖော်ပြရန် မလိုအပ်ပေ။ မီးလျှံလမျိုးနွယ်အပေါ် သူတို့၏ ကြောက်ရွံ့ရိုသေစိတ်သည် သဘာဝအလျောက် တည်ရှိနေခြင်း ဖြစ်သည်။

“ သူတို့ရဲ့ အဲ့ဒီစိတ်သဘောထားကို အတိတ်မှာ ငါအရမ်းမုန်းခဲ့တာ ”

ခေါင်းဆောင်က တီးတိုးပြောသည်။

ရွှီချင်းက စကားမပြောပေ။ သူက ဘေးပတ်ဝန်းကျင်မှ လူများ၏ အကဲဖြတ်သော အကြည့်နှင့် ရန်လိုသော အကြည့်များကို လျစ်လျူရှုထားသည်။ သူ့မှာ မဖြစ်မနေ လုပ်ဆောင်ရမည့် ပိုပြီးအရေးကြီးသော ကိစ္စတစ်ခု ရှိသည်။

ယင်းက တားမြစ်တောင်များကို လွှဲပြောင်းပေးရန် ဖြစ်သည်။

သူက နတ်ဘုရားတောင်တန်းဆီသို့ သွားရောက်ပြီး သူ၏ အဆင့်ကို သတ်မှတ်ရန် ထိုနေရာမှာ သူ၏ တားမြစ်တောင်များဖြင့် ပေါင်းစပ်ရလိမ့်မည်။

ထို့ကြောင့် သူက ကျူးချွယ်ဇီကို ကြည့်လိုက်သည်။

ကျူးချွယ်ဇီသည် လမ်းတစ်လျှောက်လုံး ရွှီချင်း၏ အနောက်သို့ လိုက်ပါခဲ့ပြီး တစ်ဖက်လူကို အကြိမ်ပေါင်းများစွာ စစ်ဆေးလေ့လာခဲ့သည်။ သို့ဖြစ်၍ ဤအခိုက်အတန့်မှာ သူက ရွှီချင်း၏ အကြည့်မှ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားသည်။ ထို့ကြောင့် သူက အရှေ့သို့ မြန်ဆန်စွာ လျှောက်သွားပြီး လမ်းကို ဦးဆောင်လိုက်သည်။

ထိုသို့ဖြင့် ဘေးပတ်ဝန်းကျင်မှ လမ်းသွားလမ်းလာများ၏ အကြည့်အောက်မှာ ရွှီချင်းနှင့် တခြားနှစ်ယောက်သည် မြင့်မြတ်မြို့တော်ထဲမှာ အရှေ့သို့ ဆက်လျှောက်သွားကြသည်။ ထိုအတောအတွင်းမှာ မတော်တဆမှုတချို့က မရှောင်လွှဲနိုင်ဘဲ ထွက်ပေါ်လာသည်။ သူတို့က မြို့ထဲမှာ လမ်းလျှောက်နေစဉ် မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူတချို့သည် အပြင်သို့ ထွက်လာကြပြီး ရွှီချင်းကို တိုက်ရိုက် စိန်ခေါ်ကြသည်။

ရှင်းလင်းစွာပင် လူသားတစ်ယောက်က မဟာအမဲလိုက်ပွဲတော်၏ ပထမပြိုင်ပွဲမှာ တားမြစ်တောင်အများအပြားရရှိထားခြင်းကို သူတို့က မကျေမနပ်ဖြစ်နေကြခြင်း ဖြစ်သည်။

ရွှီချင်းက သူတို့ကို တစ်ချက်သာ ကြည့်လိုက်သည်။ သူတို့၏ ဦးခေါင်းပေါ်မှာ မည်သည့်တားမြစ်တောင်မှမရှိကြောင်း အတည်ပြုပြီးနောက် သူက လျစ်လျူရှုထားလိုက်သည်။

နာရီများစွာကြာပြီးနောက် နေဝင်ဆည်းဆာ၏ အလင်းရောင်သည် မိုးကုပ်စက်ဝိုင်းမှ ဖြာဆင်းကျလာသည်။ တစ်ချိန်တည်းမှာ နတ်ဘုရားတောင်တန်းသည် ရွှီချင်းနှင့် တခြားနှစ်ယောက်၏ အရှေ့မှာ ထွက်ပေါ်လာသည်။

သူတို့ရှိနေသော မြို့တော်နှင့် နတ်ဘုရားတောင်တန်းကို ဧရာမသံကြိုးကိုးချောင်းဖြင့် ချိတ်ဆက်ထားသည်။

သံကြိုးများနောက်သို့လိုက်၍ တစ်စုံတစ်ယောက်သည် နတ်ဘုရားတောင်တန်း၏ အဆုံးသတ်ကို မြင်နိုင်လိမ့်မည်။ ထိုနေရာတွင် ကျယ်ပြောသော နယ်မြေတစ်ခုရှိသည်။ ယင်းကို အစိမ်းရောင်ဧရာမကျောက်တုံးများဖြင့် တည်ဆောက်ထားသည်။ ဧရာမရုပ်တုသုံးခုသည် ထိုနယ်မြေပေါ်မှာ ထီးထီးမားမား တည်ရှိနေကြသည်။

ဧရာမရုပ်တုသုံးခုသည် နေ၊ လနှင့် ကြယ်ကို ကိုယ်စားပြုသည်။

ထိုရုပ်တုသုံးခု၏ အနောက်တွင် နတ်ဘုရားတောင်တန်း၏ အပေါ်သို့ ဆန့်တန်းနေသော လှေကားထစ်တစ်ခုရှိသည်။

“ နတ်ဘုရားတောင်တန်းဆီ သွားနိုင်တဲ့ လမ်းကြောင်းသုံးခုရှိတယ်… လမ်းကြောင်းတစ်ခုစီက မြို့တော်တစ်ခုနှင့် ဆက်သွယ်နေတယ်… ဒါကြောင့် နတ်ဘုရားတောင်တန်းပေါ်မှာ အထွတ်အမြတ်ရုပ်တုနယ်မြေသုံးခုရှိတယ်… အခု ငါတို့အရှေ့က ဟာက အဲ့ဒီသုံးခုထဲက တစ်ခုပဲ ”

ကျူးချွယ်ဇီက ဖြည်းညင်းစွာ မိတ်ဆက်ပေးသည်။

ရွှီချင်းက ခေါင်းညိတ်လိုက်သည်။ သူက နတ်ဘုရားတောင်တန်းထံမှ အကြည့်ပြန်ရုပ်လိုက်ပြီး သံကြိုးများအောက်မှ အောက်ခြေမဲ့သော ချောက်နက်ကို လှမ်းကြည့်လိုက်သည်။

ဤအခိုက်အတန့်မှာ လေသည် ချောက်နက်ထဲမှ ပင့်တတ်လာပြီး ကြမ်းတမ်းစွာ တိုက်ခတ်နေသည်။ ကြမ်းတမ်းသော လေတိုက်ခတ်မှုကြောင့် သံကြိုးများသည် လှုပ်ခါသွားကြသည်။ ရွှီချင်းသည် အရှေ့မှ ဦးဆောင်လိုက်ပြီး နတ်ဘုရားတောင်တန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။

ခေါင်းဆောင်သည် တစ်ခဏ တွေးတောပြီးနောက် ရွှီချင်းနှင့်တူညီသော သံကြိုးကိုသာ ရွေးချယ်လိုက်သည်။

ကျူးချွယ်ဇီသည် တစ်ခဏ အံ့ဩသွားပြီးနောက် တူညီသော သံကြိုးကိုသာ ရွေးချယ်လိုက်သည်။ မကြာမီ သူတို့သုံးယောက်သည် သံကြိုးတစ်ခုတည်းပေါ်မှာ အရှေ့သို့ ဆက်လျှောက်သွားကြသည်။ လေသည် ချောက်နက်ထဲမှ ဆက်တိုက် ပင့်တတ်နေပြီး စူးရှသော အော်ညည်းသံကို ထုတ်လွှတ်နေသည်။

သူတို့သည် လမ်းတစ်လျှောက်တွင် မည်သည့်အတားအဆီးကိုမှ မတွေ့ကြုံခဲ့ရပေ။

သူတို့က သံကြိုး၏ အခြားတစ်ဖက်သို့ ရောက်ရှိသွားပြီး နတ်ဘုရားတောင်တန်းပေါ်မှ အထွတ်အမြတ်ရုပ်တုနယ်မြေဆီသို့ ခြေချလိုက်သည့်အခါ ဧရာမနတ်ဘုရားရုပ်တုသုံးခုသည် ရွှီချင်း၏ မျက်စိရှေ့မှာ ရှင်းလင်းထင်ရှားလာသည်။

ပထမရုပ်တုသည် မီးလျှံနေနတ်ဘုရား၏ ရုပ်တုဖြစ်သည်။ ၎င်း၏ အသွင်သဏ္ဍာန်သည် ယောင်္ကျားလော မိန်းမလော ခွဲခြားရန် ခက်ခဲပေသည်။ ၎င်း၏ ခန္ဓာကိုယ်က မိန်းမနှင့်ဆင်တူသော်လည်း ၎င်း၏ တစ်ကိုယ်လုံးတွင် ကြွက်သားများဖြင့် ပြည့်နှက်နေသည်။ ၎င်း၏ အနောက်တွင် နေလုံးတစ်လုံး တည်ရှိပြီး ၎င်း၏ ခြေဖဝါးအောက်တွင် မရေမတွက်နိုင်သော မျိုးနွယ်စုများနှင့် မိစ္ဆာများက အော်ဟစ်ညည်းတွားနေကြသည်။

၎င်းက မျက်လုံးမှိတ်ထားသည်။

ရွှီချင်းသည် ဒုတိယနတ်ဘုရားရုပ်တုကို ရင်းနှီးပေသည်။ ၎င်းက အဆင့်မြင့်နတ်ဘုရားမီးလျှံလဖြစ်သည်။ သို့သော်လည်း ၎င်း၏ ရုပ်တုသည် အံ့ဖွယ်ကောင်းသော ခံစားမှုကို ပေးစွမ်းပြီး ၎င်း၏ အမူအရာသည် ရေခဲတုံးပမာ အေးစက်နေသည်။ ၎င်း၏ အသွင်သဏ္ဍာန်သည် လပူဇော်ဒေသကြီးထဲမှာ ထွက်ပေါ်လာခဲ့သော ရွှီချင်း၏ မှတ်ဉာဏ်ထဲမှ ပုံရိပ်နှင့် အတော်လေး ကွဲပြားခြားနားသည်။

၎င်း၏ အနောက်တွင် လတစ်စင်းတည်ရှိပြီး ယင်းက အေးစက်သော အငွေ့အသက်နှင့် လရောင်ခြည်ကို နတ်ဘုရားရုပ်တုဆီသို့ ထုတ်လွှတ်ပေးနေသည်။

တတိယနတ်ဘုရားရုပ်တုသည်တော့ ရွှီချင်းနှင့် အရင်းနှီးဆုံးဖြစ်သည်။ ၎င်းက ရွှံ့မြေခွေး၏ ရုပ်တုဖြစ်သည်။ ကြယ်များသည် ၎င်း၏ အနောက်မှာ ထွန်းလင်းတောက်ပနေကြသည်။ ရွှံ့မြေခွေး၏ တစ်ကိုယ်လုံးသည် အဆုံးမဲ့သော ညှို့ဓာတ်ကို ထုတ်လွှတ်နေလေရာ တစ်စုံတစ်ယောက်သည် ၎င်းထံမှ အကြည့်လွှဲရန် အလွန်ခက်ခဲသည်။

ရွှီချင်း၏ စိတ်အာရုံကို ဖမ်းစားသွားသည်မှာ နတ်ဘုရားရုပ်တုသုံးခုမဟုတ်ပေ။ ယင်းအစား စတုတ္ထမြောက်ရုပ်တုဖြစ်သည်။

၎င်းက အဆင့်မြင့်နတ်ဘုရားမီးလျှံလ၏ အရှေ့တွင် ဒူးထောက်နေသော မျက်နှာမဲ့ရုပ်တုတစ်ခု ဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိုင်သော ကြာပွတ်ရာများ၊ ဓားဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။

ပုံစံကြည့်ရသည်မှာ အဆင့်မြင့်နတ်ဘုရားမီးလျှံလက ထိုလူကို အရိုးထဲမှ မုန်းတီးသောကြောင့် သူ့အရှေ့မှာ ထာဝရ ဒူးထောက်စေပြီး ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို ခံစားခိုင်းစေခြင်း ဖြစ်နိုင်သည်။

ထိုရုပ်တုကို မြင်သောအခါ ခေါင်းဆောင်သည် မသိမသာ မျက်တောင်ခတ်လိုက်သည်။

ဘေးမှ ကျူးချွယ်ဇီသည် ရွှီချင်း၏ အကြည့်က စတုတ္ထမြောက်ရုပ်တုပေါ်သို့ ကျရောက်နေကြောင်း သတိထားမိသွားသည်။ ထို့ကြောင့် သူက တိုးညင်းသော အသံဖြင့် မြန်ဆန်စွာ ပြောသည်။

“ အဲ့ဒီရုပ်တုရဲ့ ဇစ်မြစ်က အရမ်းလျှို့ဝှက်ဆန်းကြယ်ပြီး ဒီမှာ တည်ရှိနေခဲ့တာ နှစ်ပေါင်းအတော်ကြာပြီ… ငါ့မျိုးနွယ်စုက သူ့ကို နတ်ဘုရားပြစ်မှားသူလို့ ခေါ်တယ်… ဒဏ္ဍာရီအရတော့ အဲ့ဒီနတ်ဘုရားပြစ်မှားသူက အဆင့်မြင့်နတ်ဘုရားမီးလျှံလအပေါ် ကြီးမားတဲ့ ရာဇဝတ်မှုကို ကျူးလွန်ခဲ့တယ်… သူက ခွင့်မလွှတ်နိုင်တဲ့ အပြစ်သားအဖြစ် သတ်မှတ်ခံခဲ့ရပြီး အဆင့်မြင့်နတ်ဘုရားမီးလျှံနေကိုယ်တိုင် သူ့ကို သုတ်သင်ပစ်ခဲ့တယ်… အဲ့ဒီနောက် သူ့ရဲ့ ခန္ဓာကိုယ်ကို သုံးကိုယ်ခွဲလိုက်ပြီး အဆင့်မြင့်နတ်ဘုရားမီးလျှံလရုပ်တုတစ်ခုစီရဲ့ အရှေ့မှာ ထာဝရ ဒူးထောက်စေခဲ့တယ် ”

“ အဲ့ဒါကို တခြားလူတွေကို သတိပေးဖို့အတွက် အသုံးပြုခဲ့တယ် ”

“ မီးလျှံလဘုရားကျောင်းက အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး အသေးစိတ် မှတ်တမ်းတင်ထားတယ်လို့ ငါကြားဖူးတယ်… တကယ်တော့ သူတို့က နတ်ဘုရားပြစ်မှားသူအပေါ် ကဲ့ရဲ့ရှုတ်ချတဲ့ အထူးပွဲအခမ်းအနားတစ်ခုကိုတောင် ကျင်းပလေ့ရှိတယ် ”

ရွှီချင်းသည် ခေါင်းဆောင်ကို တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။

ခေါင်းဆောင်၏ မျက်နှာပေါ်မှာ မည်သည့်အမူအရာမှ ထွက်ပေါ်မလာပေ။ အမှန်မှာ သူက အလေးအနက်ထားသော အမူအရာကို ထုတ်ဖော်ထားပြီး ကျူးချွယ်ဇီ၏ စကားကို တစ်ခါမှမကြားဖူးသည့်အလား ဂရုတနားထောင်နေသည်။ ရွှီချင်း၏ အကြည့်ကို သတိထားမိသောအခါ သူက စူးစမ်းလိုသော အမူအရာဖြင့် စတုတ္ထမြောက်ရုပ်တုကို လှမ်းကြည့်လိုက်သည်။

ထုံးစံအားဖြင့် ကျူးချွယ်ဇီသည် ရွှီချင်းနှင့် ခေါင်းဆောင်၏ အတွေးများကို သိနိုင်လိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် သူက ဆက်ပြီး ပြောသည်။

“ ဒါနဲ့ မင်းတို့ကို ပြောရဦးမယ်… နတ်ဘုရားတောင်တန်းနဲ့ မြင့်မြတ်မြို့တော်သုံးမြို့ထဲမှာ ထူးဆန်းတဲ့ စည်းမျဉ်းတစ်ခု ရှိသေးတယ် ”

“ အဲ့ဒါက ဒီနေရာမှာ နွားတွေ လုံးဝထွက်ပေါ်လာလို့ မရတာပဲ… ဘာကြောင့် အဲ့ဒီစည်းမျဉ်းကို သတ်မှတ်ထားလဲဆိုတာ ငါမသိဘူး… ဒါပေမဲ့ နွားထွက်ပေါ်လာတာနဲ့ သူတို့က ရက်ရက်စက်စက် အသတ်ခံရတယ်… တကယ်တော့ နွားနဲ့ ဆက်စပ်နေတဲ့ မျိုးနွယ်စုတချို့က ဒီနှစ်တွေမှာ မီးလျှံလဘုရားကျောင်းရဲ့ အမြစ်ဖြတ်သုတ်သင်ခြင်းခံခဲ့ရတယ် ”

ရွှီချင်းသည် ခေါင်းဆောင်ကို ထပ်မံ ကြည့်လိုက်သည်။

ခေါင်းဆောင်သည် အတော်လေး အရေထူသည်။ သူက စတုတ္ထမြောက်ရုပ်တုကို အလေးအနက်ထား၍ စိုက်ကြည့်နေဆဲပင်။

ကျူးချွယ်ဇီက ထပ်မံပြောသည်။

“ ပြီးတော့ ‘ ညို ’ဆိုတဲ့ နာမည်က ဒီနေရာမှာ တားမြစ်ချက်အဖြစ် သတ်မှတ်ခံထားရတယ်… ‘ ညို ’ပါတဲ့ လူတွေက ဒီထဲကို ဝင်လာခွင့်မရှိဘူး… ဒါနဲ့ တာအိုရောင်းရင်းတွေ… မင်းတို့နာမည်မှာ ‘ ညို ’မပါဘူးမဟုတ်လား ”

လမ်းတစ်လျှောက်တွင် သူက ရွှီချင်း၏ နာမည်ကို သိခဲ့သော်လည်း ခေါင်းဆောင်၏ နာမည်ကိုတော့ မသိခဲ့ပေ။ တစ်ဖက်လူက ရွှီချင်း၏ စီနီယာအကိုကြီးဖြစ်သည်ကိုသာ သူသိထားသည်။

ရွှီချင်းသည် ခေါင်းခါလိုက်ပြီး ခေါင်းဆောင်ကို ထပ်မံ ကြည့်လိုက်သည်။

ခေါင်းဆောင်သည် ချောင်းဟန့်လိုက်ပြီး အမြန်ခေါင်းခါလိုက်သည်။ ကျူးချွယ်ဇီသည် ယင်းကို အများကြီး မတွေးပေ။ သူက ဆက်ပြီး စကားပြောရန် ပြင်လိုက်သည်။

“ ပြီးတော့…”

ဤသည်ကို မြင်သောအခါ ခေါင်းဆောင်သည် နောက်ဆုံးမှာတော့ ဆက်ပြီး ဟန်မဆောင်နိုင်တော့ဘဲ ကျူးချွယ်ဇီကို စူးစိုက်ကြည့်လိုက်သည်။

“ မင်းမိတ်ဆက်ပေးတာ လုံလောက်ပြီ… ငါတို့ကို မြန်မြန် လမ်းပြစမ်း… ဘာလို့ မင်းက အဲ့လောက်တောင် စကားများရတာလဲ ”

All Chapters