← Chapters

နယ်မြေသစ်ထဲမှ သူစိမ်းတစ်ယောက်

Vol. 81 Ch. 1253

နယ်မြေသစ်ထဲမှ သူစိမ်းတစ်ယောက်

Vol. 81 Ch. 1253

ရွှီချင်းသည် တောင်တန်းပင်လယ်ဒေသကြီးထဲမှ သားရဲများက မည်မျှအရသာရှိကြောင်း မသိပေ။ သို့သော်လည်း သူနှင့် ခေါင်းဆောင်က နတ်ဘုရားတောင်တန်းမှ ထွက်ခွာလာပြီး ပြိုင်ပွဲဝင်သူများအတွက် စီစဉ်ပေးထားသော နေအိမ်များဆီသို့ ရောက်ရှိသွားသည့်အခါ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ မြင့်မားသော အဆင့်အတန်းကို ရွှီချင်းက ရှင်းလင်းစွာ အာရုံခံမိသွားသည်။

မဟာအမဲလိုက်ပွဲတော်အတွင်းမှာ မြင့်မြတ်မြို့တော်သုံးခုကို တရားဝင် ဖွင့်လှစ်ခဲ့သည်။ သို့သော်လည်း ဤနေရာမှ နေထိုင်စရိတ်သည် အလွန်ဈေးကြီးသည်။ မည်သို့ဖြစ်ပါစေ ဤနေရာသည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်စုတစ်ခုလုံးအတွက် အဓိက အချက်အချာနယ်မြေ မဟုတ်ပါလော။

ထိုသို့ဈေးနှုန်းသည် သာမန်ကျင့်ကြံသူများ တတ်နိုင်သောအရာ မဟုတ်ပေ။

သို့ဖြစ်၍ မြင့်မြတ်မြို့တော်သည် မျိုးနွယ်စုအသီးသီးမှ ပြိုင်ပွဲဝင်သူများ အနားယူနိုင်ရန် နေရာတစ်နေရာ စီစဉ်ပေးထားသည်။

သို့သော်လည်း ထိုဧရိယာကို ပြိုင်ပွဲဝင်သူများ၏ အဆင့်အတန်းပေါ်မူတည်ပြီး အဆင့်မြင့်၊ အလယ်အလတ်အဆင့်နှင့် အဆင့်နိမ့်ဟူ၍ သုံးမျိုးခွဲခြားထားသည်။

မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူများနှင့် အဆင့်မြင့်မျိုးနွယ်စုများသည်သာ အဆင့်မြင့် နေအိမ်များတွင် နေထိုင်နိုင်ကြသည်။ ထိုနေရာတွင် ဝိညာဉ်စွမ်းအင်ကို သီးခြားခွဲပေးထားရုံသာမက သူတို့က နတ်ဘုရားတောင်တန်း၏ အားဖြည့်ပေးခြင်းကိုလည်း ခံရလိမ့်မည်။ ထိုနေရာတွင် နေအိမ်များသည် စံအိမ်ကြီးများသဖွယ် တည်ရှိကြသည်။

ဘေးပတ်ဝန်းကျင်သည် ရင်သပ်ရှုမောဖွယ်ကောင်းစွာ လှပပြီး ကျင့်ကြံခြင်းအတွက် သင့်လျော်သည်။ ထိုနေရာမှာရှိသော အရာအားလုံးသည် ထိပ်တန်းအဆင့် အရည်အသွေးချည်းသာ ဖြစ်သည်။

အလယ်အလတ်အဆင့် နေအိမ်များသည်တော့ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ လက်အောက်ခံမျိုးနွယ်စုများအတွက် ဖြစ်သည်။ ယင်းတို့က အများကြီး ပိုရိုးရှင်းသည်။

အဆင့်နိမ့် နေအိမ်များသည်တော့ အစုတ်ချာဆုံးဖြစ်ပြီး အဆင့်နိမ့်မျိုးနွယ်စုများအတွက် ရည်ရွယ်သည်။

ရွှီချင်းသည် မဟာအမဲလိုက်ပွဲတော်၏ ပထမပြိုင်ပွဲတွင် ရလဒ်ကောင်းရရှိခဲ့သော်လည်း အဆင့်မြင့်နေအိမ်မှာသော်လည်းကောင်း အလယ်အလတ်အဆင့် နေအိမ်မှာသော်လည်းကောင်း နေထိုင်ရန် အရည်အချင်းမပြည့်မီခဲ့ပေ။ သူက အဆင့်နိမ့်နေအိမ်ကိုသာ ရွေးချယ်နိုင်ခဲ့သည်။

မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ မျက်လုံးထဲတွင် သူတို့ထက် နိမ့်ကျပြီး သူတို့၏ လက်အောက်ခံမဟုတ်သော မျိုးနွယ်စုအားလုံးသည် အဆင့်နိမ့်မျိုးနွယ်စုများသာ ဖြစ်ကြသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ကျူးချွယ်ဇီသည် အကူအညီမဲ့သွားသည်။ သို့သော်လည်း သူက သူ၏ အဆင့်မြင့်နေအိမ်ကို ရွှီချင်းနှင့် လဲလှယ်ပေးချင်သေးသည်။ သို့ဖြစ်၍ သူက နေအိမ်များအား စီမံကြီးကြပ်သူကို ဆက်သွယ်ခဲ့သည်။

တစ်ခါတစ်ရံ မျိုးနွယ်စု၏ အားနည်းမှုသည် ထိုမျိုးနွယ်မှ ကျင့်ကြံသူများအပေါ် ကြီးမားသော သက်ရောက်မှုရှိသည်။

အကယ်၍ တစ်စုံတစ်ယောက်မှာ အရာအားလုံးကို အန်တုနိုင်သော စွမ်းရည်ရှိလျှင် မျိုးနွယ်စုထက် သာလွန်သော သရုပ်ကို ရရှိနိုင်လိမ့်ပေမည်။

သို့သော်လည်း ရွှီချင်း၏ ခွန်အားက ထိုအဆင့်သို့ မရောက်ရှိသေးသည်မှာ ထင်ရှားသည်။

နေအိမ်များအား စီမံကြီးကြပ်သော မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဝင်သည် ထုံးစံအားဖြင့် ရွှီချင်းနှင့် ခေါင်းဆောင်အပေါ်မှာ ကောင်းမွန်သော အမြင်မရှိပေ။

ကျူးချွယ်ဇီ၏ တောင်းဆိုမှုနှင့်ပတ်သက်ပြီး သူက မျက်မှောင်ကြုတ်လိုက်ကာ ပြောသည်။

“ မရဘူး ”

“ မင်းနေချင်ရင် နေနိုင်တယ်… မနေချင်ဘူးဆိုရင်တော့ ထွက်သွား… အဲ့ဒါ မြင့်မြတ်မြို့တော်ရဲ့ စည်းမျဉ်းပဲ ”

ထိုသို့ပြောပြီးနောက် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဝင်သည် နေအိမ်တုံကင်တစ်ခုကို ပစ်ပေးလိုက်သည်။ ထို့နောက် သူက မျက်လုံးမှိတ်လိုက်ပြီး ရွှီချင်းနှင့် တခြားလူများကို လျစ်လျူရှုထားလိုက်သည်။

ကျူးချွယ်ဇီသည် စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ ထို့နောက် သူက ရွှီချင်းကို ကြည့်လိုက်ပြီး တိုးညင်းစွာ ပြောသည်။

“ တာအိုရောင်းရင်းရွှီ… အချိန်က အတော်လင့်နေပြီ… နေဝင်ပြီးသွားရင် မြင့်မြတ်မြို့တော်ထဲမှာ ညမထွက်ရအမိန့် ကျလာလိမ့်မယ်… အခု နေဝင်ဖို့ သိပ်မလိုတော့ဘူး ”

ရွှီချင်းသည် နေအိမ်၏ အဆင့်သတ်မှတ်ချက်နှင့်ပတ်သက်ပြီး ဂရုမစိုက်ပေ။ သို့သော်လည်း ‘ ညမထွက်ရအမိန့် ’ကို ကြားလိုက်သောအခါ သူက နတ်ဘုရားစိတ်အာရုံကို အပြင်လောကသို့ ဖြန့်ကြက်လိုက်သည်။ နေဝင်တော့မည်ဖြစ်သော်လည်း အရပ်မျက်နှာအဘက်ဘက်တွင် သွားလာလှုပ်ရှားနေသူများဖြင့် ပြည့်နှက်နေဆဲပင်။ ဤနေရာမှာ ‘ ညမထွက်ရအမိန့် ’ရှိပုံမပေါ်ချေ။

“ ညမထွက်ရအမိန့်ကို မျိုးနွယ်ခြားတွေအတွက်ပဲ ထုတ်ထားတာ ”

ခေါင်းဆောင်သည် မျက်ခုံးပင့်တင်လိုက်ပြီး နေအိမ်တုံကင်ကို ကောက်ယူလိုက်သည်။

“ ဘာပဲဖြစ်ဖြစ် အလကား ရလာမှတော့ အဲ့ဒါကို မသုံးဘဲထားရမှာ နှမြောစရာကြီး ”

ရွှီချင်းသည် မည်သည့်စကားမှ မပြောပေ။ သူက နတ်ဘုရားစိတ်အာရုံကို ပြန်ရုပ်သိမ်းလိုက်သည်။ သူက ခေါင်းဆောင်နှင့်အတူ မထွက်သွားခင် ကျူးချွယ်ဇီကို ခေါင်းညိတ်ပြလိုက်သည်။ သူတို့နှစ်ယောက်သည် နေအိမ်တုံကင်၏ လမ်းညွှန်မှုနောက်သို့ လိုက်သွားကြသည်။

ကျူးချွယ်ဇီသည် လက်သီးဆုပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။ ထို့နောက် သူက စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။

သူက လမ်းတစ်လျှောက်တွင် ရွှီချင်း၏ အနောက်သို့ လိုက်ခဲ့သောကြောင့် တစ်ဖက်လူ၏ တိုက်ပွဲစွမ်းအားက မည်မျှသန်မာကြောင်း ရှင်းလင်းစွာ သိထားသည်။

တစ်ဖက်လူက ဝိညာဉ်သိုက်အဆင့်၏ စတုတ္ထလျှို့ဝှက်ရတနာသိုက်မှာသာ ရှိသေးသော်လည်း ဗလာနတ္ထိစတုတ္ထအဆင့်နှင့် နှိုင်းယှဉ်နိုင်သော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားသည်။ အကယ်၍ သူသာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှာ မွေးဖွားလာမည်ဆိုလျှင် သေချာပေါက် မျိုးနွယ်စု၏ ကောင်းကင်အရွေးချယ်ခံတစ်ယောက် ဖြစ်လာလိမ့်မည်။

“ စိတ်မကောင်းစရာပဲ… စိတ်မကောင်းစရာပဲ ”

ကျူးချွယ်ဇီသည် သက်ပြင်းချလိုက်ပြီး ရွှီချင်းနှင့် ခေါင်းဆောင်၏ ပျောက်ကွယ်သွားသော နေရာကို ကြည့်လိုက်သည်။ ထို့နောက် သူက ထွက်သွားသည်။

အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားပြီး နေဝင်သွားသည်။ တောက်ပသော ဖိုးလမင်းက ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည့်အခါ ရွှီချင်းနှင့် ခေါင်းဆောင်သည် သူတို့ပိုင်ဆိုင်သော နေအိမ်ကို ရှာတွေ့သွားကြသည်။

အတိအကျဆိုရလျှင် ယင်းကို နေအိမ်ဟုပင် မသတ်မှတ်နိုင်ပေ။ ယင်းက အတွင်းပိုင်းရော အပြင်ပိုင်းရော အလွန်ရိုးရှင်းသော အိမ်တစ်လုံးမျှသာ ဖြစ်သည်။ ထို့ပြင် သူတို့၏ အိမ်သည် ချောင်ကျသော နေရာမှာ တည်ရှိသည်။

သို့သော်လည်း ရွှီချင်းသည် သူနေထိုင်ရမည့် အိမ်ကို ဂရုမစိုက်ပေ။ ဤအိမ်က မည်မျှစုတ်ပြတ်ပါစေ ငယ်ငယ်တုန်းက သူနေထိုင်ခဲ့ရသော အိမ်ထက် မဆိုးဝါးပေ။

ထို့ကြောင့် ရွှီချင်းသည် အိမ်ထဲမှာ တင်ပျဉ်ခွေထိုင်လိုက်ပြီး တရားထိုင်ရန် မျက်လုံးမှိတ်လိုက်သည်။

ခေါင်းဆောင်သည်လည်း အေးဆေးတည်ငြိမ်သည်။ သူက ရွှီချင်း၏ ဘေးမှာ ထိုင်လိုက်ပြီး ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်ကာ အသံပို့လွှတ်လိုက်သည်။ သူက မည်သူနှင့် ဆက်သွယ်နေကြောင်း မသိရပေ။

ထိုသို့ဖြင့် တစ်ညကုန်ဆုံးသွားသည်။

နောက်နေ့မနက်တွင် ခေါင်းဆောင်သည် ရွှီချင်းကို မျက်စိမှိတ်ပြကာ နှုတ်ဆက်လိုက်သည်။

“ ချင်းလေး… ငါသတင်းသွားစုဆောင်းလိုက်ဦးမယ်… ဒုတိယပြိုင်ပွဲစတင်ဖို့ တစ်လလိုသေးတော့ ငါတို့မှာ အချိန်အများကြီး ရတယ်… မင်း ကောင်းကောင်း အနားယူနေပါ ”

“ ပြီးတော့ ငါ့မှာ ကိုယ်ရေးကိုယ်တာကိစ္စတချို့ ဆောင်ရွက်စရာ ရှိသေးတယ် ”

ခေါင်းဆောင်သည် နှုတ်ခမ်းသပ်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ မျှော်လင့်ခြင်းနှင့် စိတ်လှုပ်ရှားခြင်းဖြင့် ပြည့်နှက်နေသည်။ ခေါင်းဆောင်၏ ယခုပုံစံက ရတနာအမဲလိုက်မုဆိုးစခန်းထဲတွင် ငှက်မွှေးရွက်ဖျင်တဲဆီသို့ ဦးတည်သွားနေကြသော လူများ၏ အမူအရာနှင့် အလွန်တူညီကြောင်း ရွှီချင်း သတိထားမိသည်။

“ ဂရုစိုက်ပါ ”

ရွှီချင်းက သတိပေးလိုက်သည်။

“ ဘာမှစိတ်မပူပါနဲ့… စကားလုံးမဲ့ ကျောက်တုံးကျမ်းစာရှိနေသရွေ့ ငါ့အရှိန်အဝါကို အာရုံခံနိုင်မှာ မဟုတ်ဘူး ”

ခေါင်းဆောင်သည် ရင်ဘက်ကို ပုတ်လိုက်ပြီး မထွက်သွားခင် သူ၏ လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။

ရွှီချင်းသည် ခေါင်းခါလိုက်ပြီး မျက်လုံးမှိတ်လျက် ဆက်လက် တရားထိုင်လိုက်သည်။

ခုနစ်ရက်ကုန်ဆုံးသွားသည်။

ထိုအတောအတွင်းမှာ ရွှီချင်းသည် အိမ်ထဲမှ အပြင်မထွက်ခဲ့ပေ။ ခေါင်းဆောင်သည်လည်း ပြန်ရောက်မလာပေ။

ယခု ခုနစ်ရက်ကြာ တရားထိုင်ပြီးနောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းမှ နောက်ဆက်တွဲအကျိုးဆက်ဖြစ်သော ရွှီချင်း၏ စိတ်ပင်ပန်းမှုသည် ပြန်လည်သက်သာသွားသည်။

“ တောင်တန်းပင်လယ်ဒေသကြီးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ရှာဖွေနိုင်မလား ငါအပြင်ထွက်ကြည့်သင့်တယ် ”

ရွှီချင်းသည် မျက်လုံးဖွင့်လိုက်ပြီး အိမ်အပြင်သို့ မထွက်ခင် တစ်ခဏကြာ တွေးတောလိုက်သည်။

ထိုခုနစ်ရက်အတွင်းမှာ အလံတိုင်များသည် နတ်ဘုရားတောင်တန်းပေါ်မှာ မကြာခဏ ထွက်ပေါ်လာခဲ့သော်လည်း မည်သူမှ ရွှီချင်း၏ အမြင့်ကို မကျော်ဖြတ်နိုင်ပေ။ နတ်ဘုရားတောင်တန်းပေါ်မှ မကြာခဏ ထွက်ပေါ်လာနေသော လူသားမျိုးနွယ်၏ အနီရောင်တောင်တန်းမြစ်အလံတိုင်သည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဝင်များကို စိတ်မသက်မသာ ခံစားရစေသည်။

တောင်တန်းမြစ်အလံတိုင်က သူတို့၏ ဦးခေါင်းထက်မှာ တဖျပ်ဖျပ်လွင့်မျောနေသည်ကို မြင်လိုက်ရသည့်အခါတိုင်း မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဝင်များသည် ရွှီချင်းကို ပိုပြီးစက်ဆုပ်ရွံရှာလာကြသည်။

ရွှီချင်းက သူတို့အနားမှ ဖြတ်သွားသည့်အခါတိုင်း သူတို့က အထင်အမြင်သေးစွာ နှာခေါင်းရှုံ့လိုက်ကြသည်။

ရွှီချင်းသည် ယင်းကို စိတ်ထဲမထားပေ။

သူက တခြားလူများ၏ အတွေးအမြင်များနှင့် သဘောထားများကို လျစ်လျူရှုထားသည်။

ပထမပြိုင်ပွဲသည် အဆုံးသတ်တော့မည် ဖြစ်သည်။ အကျိုးအမြတ်မရှိဘဲ တိုက်ခိုက်ခြင်းသည် အဓိပ္ပာယ်မဲ့သည်ဟု သူခံစားမိသည်။ ထို့ပြင် စက်ဆုပ်ရွံရှာသော အငွေ့အသက်က မြို့တော်တစ်ခုလုံးမှာ ပြည့်နှက်နေခြင်း ဖြစ်သည်။ သို့ဖြစ်၍ သူက စတင်သတ်ဖြတ်မည်ဆိုလျှင်ပင် လူတိုင်းကို သတ်နိုင်လိမ့်မည် မဟုတ်ချေ။

လမ်းတစ်လျှောက်တွင် သူက စိန်ခေါ်မှုအများအပြားကို တွေ့ကြုံခဲ့သည်။ သို့သော်လည်း မည်သူမှ သူနှင့်တိုက်ခိုက်ရန် မထိုက်တန်ကြောင်း သူခံစားမိသည်။

“ လူသားရွှီချင်း ”

သူက လမ်းလျှောက်နေစဉ် ကျောက်စိမ်းပြားတစ်ခုသည် တဝီဝီမြည်သံနှင့်အတူ လူအုပ်ကြားထဲမှ ပျံသန်းထွက်လာပြီး ရွှီချင်း၏ အရှေ့မှာ မျောလွင့်သွားသည်။

ထိုကျောက်စိမ်းပြားနှင့်အတူ မီးလျှံလ၏ လက်အောက်ခံမျိုးနွယ်စုတစ်ခုမှ ကျင့်ကြံသူတစ်ယောက်သည် အရှေ့ထွက်လာပြီး ရွှီချင်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“ မင်း မြင့်မြတ်မြို့တော်ထဲကနေ ထွက်ခွာပြီး ငါနဲ့ သူသေကိုယ်သေ တိုက်ခိုက်ရဲလား ”

ရွှီချင်း၏ အကြည့်သည် ထိုမျိုးနွယ်ခြားကျင့်ကြံသူပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် သူက တစ်ဖက်လူကို လျစ်လျူရှုလိုက်ပြီး အရှေ့သို့ ဆက်လျှောက်သွားသည်။

တစ်ဖက်လူသည် သူ၏ အာရုံစိုက်မှုကိုရရန် မထိုက်တန်ချေ။

ထို့ပြင် ထိုမျိုးနွယ်ခြားက ရွှီချင်းကို အမှန်တကယ် စိန်ခေါ်နေခြင်းမဟုတ်သည်မှာ ထင်ရှားသည်။ သူက နာမည်ကျော်ကြားရန် အခွင့်အရေးကို ရှာဖွေနေခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ရွှီချင်းက အဝေးသို့ လျှောက်သွားသည့်အခါ ထိုလူက ဂုဏ်သတင်းကျော်ကြားရန် အကြိမ်ရေအနည်းငယ် ဟားတိုက်ရယ်လိုက်သည်။

ထိုသို့စိန်ခေါ်မှုများသည် ရွှီချင်းက လမ်းလျှောက်နေစဉ်မှာ မကြာခဏ ထွက်ပေါ်လာသည်။

သို့ဖြစ်၍ ရွှီချင်းသည် အနည်းငယ် စိတ်ကသိကအောက် ဖြစ်လာသည်။ အထူးသဖြင့် မြင့်မြတ်မြို့တော်ထဲတွင် အဆင့်အတန်းခွဲခြားထားသော ဈေးဆိုင်တချို့ကို သူမြင်လိုက်ရသောအခါ ဖြစ်သည်။ တချို့ဆိုင်များသည် သူ့ကို အထဲဝင်ခွင့်ပင် မပေးကြချေ။

ဘေးပတ်ဝန်းကျင်၏ စက်ဆုပ်ရွံရှာမှု၊ မနာလိုမှုနှင့် ရန်လိုမှုများသည် ရွှီချင်း၏ အကြည့်ကို အေးစက်သွားစေသည်။

သူက ရွှံ့မြေခွေး၏ တုံကင်ကို ထုတ်လိုက်ရုံဖြင့် အရာအားလုံး အဆင်ပြေသွားလိမ့်မည်ဖြစ်ကြောင်း သိသည်။ သူက မည်သည့်ဈေးဆိုင်ကိုမဆို စိတ်ကြိုက်ဝင်ထွက်နိုင်ပြီး ဝယ်ယူနိုင်လိမ့်မည်။

သို့သော်လည်း သူက နတ်ဘုရားတောင်တန်းကို မော့ကြည့်လိုက်သည်။ အဆုံးမှာတော့ သူက ရွှံ့မြေခွေး၏ တုံကင်ကို ထုတ်မသုံးခဲ့ပေ။ ယင်းအစား သူက ကျူးချွယ်ဇီကို အသံပို့လွှတ်လိုက်သည်။

ထို့နောက် သူက အနောက်လှည့်လိုက်ပြီး သူ၏ နေအိမ်ဆီသို့ ပြန်သွားသည်။

သူက အိမ်ထဲမှာ အနားယူနေစဉ် ကျူးချွယ်ဇီသည် တောင်တန်းပင်လယ်ဒေသကြီးနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ဝယ်ယူစုဆောင်းပြီး ရွှီချင်းဆီသို့ လာပို့သည်။

ရက်အနည်းငယ်ကြာ မတွေ့ရသည့်နောက် ကျူးချွယ်ဇီသည် အနည်းငယ် စိတ်ရှုပ်ထွေးနေပုံပေါ်သည်။ သူက သတင်းအချက်အလက်များကို ပို့ဆောင်ပြီးနောက် ဦးညွတ်လိုက်ပြီး ချက်ချင်း ပြန်သွားသည်။

ရွှီချင်းသည် ကျူးချွယ်ဇီကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ အတွေ့အကြုံအရ အကယ်၍ သူ့ကိုယ်သူ ကျူးချွယ်ဇီ၏ နေရာမှာ သဘောထားမည်ဆိုလျှင် တစ်ဖက်လူ စိတ်ရှုပ်ထွေးနေရသည့် အကြောင်းအရင်းကို မြင်နိုင်လိမ့်မည်။

မည်သို့ဖြစ်ပါစေ သူက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဝင်ဖြစ်သော်လည်း သူ့မျိုးနွယ်တစ်ခုလုံးက စက်ဆုပ်မုန်းတီးနေသော လူသားနှစ်ယောက်၏ နောက်လိုက်အဖြစ် လုပ်နေခဲ့ခြင်း မဟုတ်ပါလော။ ဤရက်များတွင် သူက သရော်လှောင်ပြောင်သော စကားများကို ကြားခဲ့ရခြင်း ဖြစ်နိုင်ပေသည်။

ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး မြင့်မြတ်မြို့တော်သို့ သူရောက်ရှိလာပြီးနောက် တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များကို ပြန်တွေးတောလိုက်သည်။ မကျေနပ်သော စိတ်ခံစားမှုသည် သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။ တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် သူက ကျူးချွယ်ဇီ လာပို့ပေးသွားသော သတင်းအချက်အလက်ကျောက်စိမ်းပြားကို ကောက်ယူလိုက်ပြီး အမဲလိုက်ပွဲတော်၏ ဒုတိယပြိုင်ပွဲအကြောင်းကို စစ်ဆေးလိုက်သည်။

ဒုတိယပြိုင်ပွဲကို တောင်တန်းပင်လယ်ဒေသကြီးထဲမှာ ကျင်းပလိမ့်မည်။

ထိုဒေသကြီးသည် အတော်လေး ထူးဆန်းသည်။ ထိုဒေသကြီးထဲတွင် ကျင့်ကြံသူများမရှိပေ။ ယင်းအစား မရေမတွက်နိုင်သော သန္ဓေပြောင်းသားရဲများသာ အုပ်စုဖွဲ့၍ နေထိုင်ကြသည်။ ယင်းက သားရဲများအတွက် ကုန်းမြေတစ်ခုဖြစ်သည်။

နှစ်ပေါင်းမြောက်များစွာကြာပြီးနောက် ထိုဒေသကြီးထဲမှာ မွေးဖွားလာသော သားရဲများဖြစ်စေ သို့မဟုတ် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်က အပြင်မှ သယ်ဆောင်လာသော သားရဲများဖြစ်စေ စုပုံခြင်းနှင့် မျိုးပွားခြင်းအောက်မှာ ထူးဆန်းသော သန္ဓေပြောင်းသားရဲအသစ်များက မွေးဖွားလာကြသည်။ ထိုဒေသကြီးထဲတွင် အပြင်လောကမှာ မမြင်တွေ့နိုင်သော သားရဲများလည်း ရှိသည်။

ဥပမာ ဤသို့လာရာ ခရီးစဉ်တွင် ရွှီချင်းနှင့် ခေါင်းဆောင်မြင်တွေ့ခဲ့သော တစ္ဆေရထားလုံးဖြစ်သည်။

တောင်တန်းပင်လယ်ဒေသကြီး၏ ရှေးခေတ်သမိုင်းကြောင်းသည်တော့ ကျူးချွယ်ဇီပေးပို့လာသော ကျောက်စိမ်းပြားထဲမှာ အကျယ်တဝင့် မပါပေ။ ယင်းထဲမှာ စာကြောင်းတစ်ကြောင်းသာ ပါရှိသည်။

တောင်တန်းပင်လယ်ဒေသကြီးက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ရှေးခေတ်ဒဏ္ဍာရီနှင့် ဆက်စပ်နေသည်။

ထိုဒဏ္ဍာရီကိုတော့ ကျောက်စိမ်းပြားထဲမှာ မဖော်ပြထားပေ။

ယင်းကို ရွှီချင်းက အများကြီး စိတ်မဝင်စားပေ။ သူက နာမည်ကျော်သားရဲများ၏ မှတ်တမ်းများနှင့် ၎င်းတို့၏ တည်နေရာများကိုသာ အာရုံစိုက်လိုက်သည်။

အသေးစိတ် စစ်ဆေးကြည့်ပြီးနောက် ရွှီချင်း၏ အကြည့်သည် အဆင့်တစ်သားရဲပေါ်သို့ ကျရောက်သွားသည်။

၎င်း၏ နာမည်သည် ကျူးလီဖြစ်သည်။

ထိုသားရဲ၏ အဆင့်အတန်းသည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ထဲမှာ အလွန်ထူးခြားသည်။

အဘယ့်ကြောင့်ဆိုသော် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ သမိုင်းတစ်လျှောက်တွင် ကျူးလီသားရဲကို ထိန်းကျောင်းနိုင်ခဲ့သူသည် တစ်ယောက်တည်းသာ ရှိသည်။

ယင်းက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ပထမဆုံးမျိုးနွယ်ခေါင်းဆောင်ဖြစ်သည်။

သူက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်စုကို မြင့်တတ်လာအောင် ဦးဆောင်ခဲ့သူဖြစ်ပြီး သူတော်စင်နတ်ဆရာများကို စည်းလုံးညီညွတ်စေခဲ့သူ ဖြစ်သည်။

သူ၏ စီးတော်သားရဲသည် ကျူးလီဖြစ်သည်။

ပထမမျိုးနွယ်စုခေါင်းဆောင်ပြီးနောက် မည်သူမှ ကျူးလီသားရဲကို မထိန်းကျောင်းနိုင်ခဲ့ပေ။

ထို့ကြောင့် ကျူးလီသားရဲသည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဝင်များ၏ နှလုံးသားထဲမှာ အလွန်မြင့်မားသော အဆင့်အတန်းရှိသည်။

အမှန်မှာ တစ်စုံတစ်ယောက်က ကျူးလီသားရဲကို ထိန်းကျောင်းနိုင်မည်ဆိုလျှင် မီးလျှံလမျိုးနွယ်ဝင်အားလုံး၏ အရိုအသေပေးခြင်းခံရမည်ဟုပင် ပြောကြသည်။

ကျူးလီသားရဲနှင့်ပတ်သက်သော ကောလဟာလအများအပြား ရှိသည်။ သို့သော်လည်း ကျူးလီသားရဲအကြောင်းကို အသေးစိတ် ဖော်ပြထားခြင်း မရှိပေ။ ထို့ပြင် ၎င်းက တစ်ကောင်တည်းရှိခြင်းလော သို့မဟုတ် အုပ်စုလိုက်ရှိခြင်းလောပင် ဖော်ပြမထားပေ။

ထို့ပြင် ကျောက်စိမ်းပြားထဲမှ ဖော်ပြချက်အရ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ယခင်မျိုးဆက်များမှ ပညာရှင်ကျင့်ကြံသူများသည် ကျူးလီကို ထိန်းကျောင်းရန် အရည်အချင်းပြည့်မီကြသည်။ သို့သော်လည်း နတ်ဘုရားသုံးပါးသည် တောင်တန်းပင်လယ်ဒေသကြီးနှင့်ပတ်သက်ပြီး တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများကို ချမှတ်ခဲ့သည်။

ထိုနေရာကို ပုံမှန်အားဖြင့် မဖွင့်လှစ်ပေ။ ယင်းကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်ထားသည်။

မဟာအမဲလိုက်ပွဲတော်ကို ကျင်းပနေစဉ်အတွင်းမှာသာ နတ်ဘုရားများက ထိုနေရာကို ဖွင့်လှစ်ပေးလိမ့်မည်။ တစ်ချိန်တည်းမှာ ပြိုင်ပွဲဝင်သူများသည် ထိုအချိန်အတွင်းမှာသာ တောင်တန်းပင်လယ်ဒေသကြီးထဲသို့ ဝင်ရောက်နိုင်ပြီး သန္ဓေပြောင်းသားရဲများကို သူတို့၏ စီးတော်သားရဲအဖြစ် ထိန်းကျောင်းနိုင်လိမ့်မည်။

ထိုသို့စည်းမျဉ်းတင်းကျပ်မှုကြောင့် ကျူးလီသားရဲသည် နှစ်ပေါင်းများစွာကြာအောင် နောက်တစ်ကြိမ် ထွက်ပေါ်မလာခဲ့ပေ။

ကျူးလီသားရဲတည်ရှိနေသော နေရာကို ကျူးလီတားမြစ်နယ်မြေဟု ခေါ်ဆိုသည်။ ကျောက်စိမ်းပြားထဲတွင် ထိုနေရာသည် အလွန်အမင်း အန္တရာယ်များသော နေရာဟု ဖော်ပြထားသည်။ ထိုထဲသို့ ဝင်ရောက်သူများသည် သေချာပေါက် သေရလိမ့်မည်။

“ ကျူးလီလား ”

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူက အတွေးလွန်နေခြင်းလော မပြောတတ်ပေ။ သို့သော်လည်း ကျူးလီသားရဲနှင့်ပတ်သက်သော သတင်းများကို ဖတ်ရှုပြီးနောက် ထိုထဲမှာ အကျိုးအကြောင်းမဆီလျော်သော သတင်းအချက်အလက် အများကြီး ပါဝင်နေကြောင်း သူရှာတွေ့သွားသည်။

“ အဲ့ဒီမှာ လျှို့ဝှက်ချက်တစ်ခုခု ရှိရမယ်… ”

ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး နက်နဲစွာ တွေးတောလိုက်သည်။

“ ကျူးလီက ဘယ်လိုသားရဲမျိုးလဲ ”

All Chapters